မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးစဉ် သီတင်းသည်တစ်ဦးကို အကြောင်းပြု၍ ဟောတော်မူ၏။
ကျောင်းတော်သို့ နေ့စဉ်လာနေကျ သီတင်းသည် တစ်ဦး ခုနစ်ရက်၊ ရှစ်ရက်ကြာမှ ရောက်လာ၍ မြတ်စွာဘုရားမေးတော်မူရာ `တပည့်တော် မိန်းမသည် တစ်ခါတစ်ရံ ငွေဝယ်ကျွန်ကဲ့သို့ တပည့်တော်ကို ရိုသေကျိုးနွံပြီး တစ်ခါတစ်ရံ သခင်မကဲ့သို့ နိုင်ထက်ကလူကြမ်းတမ်းတတ်ပါသည်။ သို့ဖြစ်၍ စိတ်မရှင်းပါသဖြင့် ကျောင်းတော်သို့ မရောက်ခြင်းဖြစ်ပါသည်´ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားက `သီတင်းသည်အား ရှေးပညာရှိတစ်ဦးက ဤအကြောင်းကို ပြောကြားခဲ့ဖူးသည်ဖြစ်သော်လည်း သင်သည် ဘ၀များစွာခြားခဲ့၍ သတိမေ့လျော့နေလေပြီ´ ဟု အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
***အတိတ်ဇာတ်***
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ် ဘုရားလောင်းသည် ဒိသာပါမောက္ခ ဆရာကြီးဖြစ်၍ တပည့်ငါးရာကို သင်ကြားပေးနေ။ တစ်ယောက်သော တပည့်သည် ဗာရာဏသီမြို့၌ အိမ်ထောင်ကျ၍ ဆရာထံ တစ်နေ့ နှစ်ကြိမ် သုံးကြိမ် ခစား၏။
ထိုတပည့်၏ မယားသည် ဖောက်ပြားလေ့ရှိ၏။ ဖောက်ပြားသော နေ့၌ လင်ကိုချော့၏။ ငွေဝယ်ကျွန်မကဲ့သို့ ရိုသေစွာပြုစု၏။ မဖောက်ပြားရသောနေ့၌ လင်အပေါ် ငြူစူမောင်းမဲ၏။ သခင်မကဲ့သို့ပြု၏။ ထိုအခါ ခုနစ်ရက် ရှစ်ရက်ကြာမှ ဆရာထံ အခစား ရောက်တတ်၏။ ယခင်ရက်များက မလာသည်ကို မေး၏။ တပည့်က မိမိမယား စိတ်အနှောင့်အယှက်ပြု၍ မရောက်နိုင်ခဲ့ကြောင်းကို စုံအောင်ပြောပြ၏။
***၀မ်းနည်း ၀မ်းသာ မရှိရာ***…
ထိုအခါ ဘုရားလောင် ဒိသာပါမောက္ခ ဆရာကြီးက… `လုလင် သင်ပြောသလိုပင် မိန်းမတို့သည် ယုတ်မာသော အကျင့်ကိုပြုတတ်၏။ မိန်းမတို့စိတ်ကို သိနိုင်ခဲ၏။ ထိုမိန်းမတို့ချစ်သည်ကိုလည်းကောင်း၊ မချစ်သည်ကိုလည်းကောင်း၊ လျစ်လျူရှု၍သာ ထားပေတော့´ဟု တပည်အား ဆုံးမ၍…
`လုလင် ငါ့ကိုလိုချင်ရှာသည်ဟု မနှစ်သက် (၀မ်းမသာနှင့်)၊ ငါ့ကိုအလိုမရှိ၍ မစိုးရိမ်(၀မ်းမနည်း)နှင့်၊ ရေထဲ၌ ငါး၏ သွားရာလမ်းခရီးကို သိနိုင်ခဲသကဲ့သို့ မိန်းမတို့၏အလိုကို သိနိုင်ခဲ့၏။
(မိန်းမအလို။ သဘောကိုလျှင်။ ရင်ထဲပိုက်ထား။ ရေ၌ငါးသို့ ။ထင်ရှားဘယ်ခါ။ မသိရဘူး၊ မဃဒေ၀ ၂၉၈- ၂၁၃)
ဤသို့ ဆရာ၏ အဆုံးအမကို ရသည်မှစ၍ တပည့်သည် မိမိမယား ဆိုးသည်ဖြစ်စေ၊ နွဲ့သည်ဖြစ်စေ၊ ဂရုမပြု လျစ်လျူရှုလေ၏။ မယားသည် ထိုအဖြစ်ကိုမြင်လျှင် ဆရာသည် ငါ၏ ဖောက်ပြန်မှုကို သိလေပြီဟု ထိတ်လန့်၍ ထိုအခါမှစ၍ ယုတ်မာမှုကို မကျင့်တော့ပေဟူ၍ အတိတ်ဇာတ်ကို ဟောတော်မူ၏။
ထိုအခါမှစ၍ သီတင်းသည်လည်း မိမိမယား၏ ကောင်းမကောင်းအမှုကို ဂရုမပြု လျစ်လျူရှုလေသဖြင့် မယားသည် မြတ်စွာဘုရားသည် ငါယုတ်မာသော အမှုကို သိတော်မှုသည်ဟု ထိုနေ့မှစ၍ ယုတ်မာသောအမှုကို မပြုတော့ချေ။
**ဇာတ်ပေါင်းသော်**
ထိုလင်မယားသည် - ယခုသီတင်းသည်လင်မယား
ဒိသာပါမောက္ခဆရာကြီးသည်- ငါဘုရားဖြစ်သည်ဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင် - ဆန်းညွန့်ဦး***
***(ဧကနိပါတ် ၉၄-ဒုရာဇာနဇာတ်) ပစ္စုပ္ပန်ဝတ္ထု***

No comments:
Post a Comment