(ရှန်ဟိုင်း၊ ဒီဇင်ဘာလ ၂၉-ရက်)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ပူတောင်းဒေသ၌ တရုတ်နိုင်ငံ၏ အကြီးဆုံး ပြည်တွင်းလေယာဉ်ထုတ်လုပ်ရေးစက်ရုံတည်ဆောက်ရေးစီမံကိန်းကို စတင်နေပြီဖြစ်ကြောင်း တရုတ်စီးပွားဖြစ် လေယာဉ်ပူးပေါင်းထုတ်လုပ်ရေးကုမ္ပဏီ (စီအိုအမ်အေစီ)၏ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် ပြောကြားသည်။ ယင်းစီမံကိန်းသည် ရှန်ဟိုင်းပူတောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ တောင်ဘက်တွင် တည်ရှိကာ အကျယ်အ၀န်းစတုရန်းမီတာ ၂ ဒသမ ၆၇-သန်းရှိကြောင်း စိအိုအမ်အေစီ၏ အထွေထွေမန်နေဂျာ ကျင်ကျန်လောင်းက ပြောကြားသည်။ ယင်းစက်ရုံမှနေ၍ အေအာရ်ဂျေ- ၂၁ ဂျက်လေယာဉ်များနှင့် ခရီးသည် ၁၅၀ စီးနင်းလိုက်ပါနိုင်သည့် လေယာဉ်များကို ထုတ်လုပ်မည့်အပြင်
လေယာဉ်ပြုပြင်ရေးလုပ်ငန်းကိုလည်း ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားသည်။ စက်ရုံတည်ဆောက်မှု၏ ပထမအဆင့်လုပ်ငန်းများကို ၂၀၁၂-ခုနှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။ (ဆင်ဟွာ)
*** ယီမင်ကုန်တင်သင်္ဘော ပြန်ပေးဆွဲခံရ***
(ဆားနား၊ ဒီဇင်ဘာလ ၂၉-ရက်)
အိန္ဒိယသမုဒ္ဒရာသို့ ဦးတည်မောင်းနှင်လာသည့် ယီမင်ကုန်တင်သင်္ဘောမှာ ဆိုမာလီပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲမှုကိုခံခဲ့ရကြောင်း ယီမင်စစ်ဘက်က ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ ဂရိနိုင်ငံ အေဒင်ဆိပ်ကမ်းမှ သင်္ဘောသား ၁၆-ဦးနှင့်အတူ ဒီဇင်ဘာလ ၁၈-ရက်နေ့က ထွက်ခွာလာခဲ့ပြီး ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်ဟု သင်္ဘောပိုင်ရှင် အယ်မာမွတ် ၂-က အတည်ပြုပြောကြားသည်။ (အင်တာနက်)
*** အင်ဒိုနီးရှားနိုင်ငံ လာဝူတောင်၌ တောင်တက်စဉ် နှစ်ဦးသေဆုံး***
(ဂျကာတာ၊ ဒီဇင်ဘာလ ၂၉-ရက်)
အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဂျာဗားပြည်နယ်ရှိ လာဝူတောင်၌ အားလပ်ရက်တောင်တက်လေ့ကျင့်မှု ပြုလုပ်နေစဉ် နှစ်ဦးသေဆုံးပြီး အခြားခြောက်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဂျကာတာသတင်းဌာနက ဒီဇင်ဘာလ ၂၈-ရက်နေ့တွင် ကြေညာသည်။ အဆိုပါ ဘိုရာကွန်ဒရိုမိုတို တောင်တက်အဖွဲ့တွင် အဖွဲ့ဝင် ၁၂၅-ဦးပါဝင်ပြီး ဒီဇင်ဘာလ ၂၆-ရက်နေ့က နံနက်ပိုင်း နေသာချိန်၌ လာဝူတောင်ပေါ်သို့ တက်ခဲ့ကြခြင်း ဖြစ်သည်။ သို့ရာတွင် မွန်းလွဲပိုင်း၌ မိုးအနည်းငယ်ရွာခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ (အင်တာနက်)
*** မကာအို၌ A(H1N1) ရောဂါကာကွယ်ဆေးထိုးမည်***
မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ (ဆား)အစိုးရသည် A(H1N1) တုပ်ကွေးရောဂါနောက်ထပ်ဖြစ်ပွားလျှင် တိုက်ဖျက်ရန် ကြိုးပမ်းသည့် အနေဖြင့် လာမည့် ဇန်န၀ါရီ ၁-ရက်မှစ၍ မကာအို၌ နေထိုင်သူအားလုံးကို ကာကွယ်ဆေးထိုးပေးသွားရန် ဆုံးဖြတ်ကြောင်း မကာအိုအမှုဆောင်အရာရှိချုပ် ချွီဆိုအွန်က ဒီဇင်ဘာလ ၂၉-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
*** အမေရိကန် ဆက်သွယ်ရေး ဂြိုဟ်တုအား ရုရှားက လွှတ်တင်ပေး***
ရုရှားနိုင်ငံသည် ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနောအာကာသစခန်းမှနေ၍ အမေရိကန်ဆက်သွယ်ရေးဂြိုဟ်တု တင်ဆောင်သွားသော `ပရိုတွန်-အမ်´ ကုန်တင်အာကာသဒုံးပျံကို ဒီဇင်ဘာလ ၂၉-ရက်နေ့က လွှတ်တင်လိုက်သည်။ (အင်တာနက်)
***စုစည်းဘာသာပြန်-မောင်မောင်ဆွေ***
*** တရုတ်နိုင်ငံ၏ အကြီးဆုံး လေယာဉ်ထုတ်လုပ်ရေးစက်ရုံ ရှန်ဟိုင်း၌ စတင်တည်ဆောက်***

No comments:
Post a Comment