ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းစိုးစံစဉ်၊ ဗာရာဏသီမင်းသည် ကောသလမင်းကို တိုက်ခိုက်၍ သတ်ဖြတ်ပြီး ကိုယ်ဝန်ရှိသော မိဖုရားကိုပါ သိမ်းပိုက်၏။ ကိုယ်ဝန်ရှိကြောင်းသိသော်လည်း မိဖုရားအရာတင်မြှောက်လေ၏။ ကိုယ်ဝန်ရင့်သော် ရွှေရုပ်နှင့်တူသော သားကိုဖွား၏။
မိဖုရားသည် ငါ့သားကို ရန်သူသားဟု သတ်၍ပစ်လိမ့်မည်။ သူတစ်ပါးလက်မှာ အသက်မဆုံးရှုံးပါစေနှင့်ဟု အထိန်းတော်ကိုခေါ်၍ သားရတနာကို အနှီးနှင့်ပတ်ကာ သုသာန်မှာ ပစ်ချေဟု စေခိုင်းလိုက်၏။

ထိုသူငယ်၏ ဖခင်အရင်း ကောသလမင်းသည် သားကိုတမ်းတစွဲလမ်းပြီး သေသဖြင့် သားစောင့်နတ် ဖြစ်လာ၏။
ဖခင်နတ်၏ အာနုဘော်ကြောင့် ဆိတ်မကြီးတစ်ကောင်သည် မင်းသားငယ်ကိုမြင်လျှင် သားကဲ့သို့ချစ်ခင်၍ နို့ချိုအေးကို တိုက်ကျွေးလေ၏။ ဆိတ်မကြီးနို့တိုက်နေသောကလေးကို ဆိတ်ကျောင်းသားမြင်ပြန်လျှင် ကလေးကိုချစ်ခင်၍ အိမ်သို့ယူသွားပြီး မယားအားအပ်လေသည်။
မိန်းမကလည်း သားသမီးမရှိသည်နှင့် ဆိတ်နို့ကိုပင်တိုက်ကျွေးရလေရာ အခြားဆိတ်များ သေဆုံးရသဖြင့် ထိုကလေးကို အိုးထဲထည့်၍ မြစ်ဆိပ်မှာ မျှောလိုက်လေ၏။
မင်း၏ နန်းတော်ဝယ် ခြယ်လှယ်ပြုပြင်လုပ်ကိုင်သော ဒွန်းစဏ္ဍားလင်မယားက တွေ့ရှိသော် ကောင်းစွာဆယ်တင်ပြီး သားသမီးအရာ မွေးစား၍ ထားလေ၏။
အရွယ်ရောက်သော် ထိုသူငယ်သည် ဖခင်နှင့်အတူ လိုက်သွား၍ နန်းတော်အတွင်းမှာ အလှအပ ပြင်ဆင်စရာရှိသမျှပြင်ဆင်၍ ပေးရ၏။
မင်း၏ မိဖုရားကြီးတွင် ကုရုင်္ဂဒေ၀ီ အမည်ရသည့် အလွန်လှပသော သမီးရတနာက ထိုသက်တူရွယ်တူ သတိုးသားကိုမြင်သည့်နေ့မှစ၍ မေတ္တာပွားမိသဖြင့် အလုပ်လုပ်ရာဌာနသို့ မကြာခဏသွားကြည့်ရင် :နှစ်ဦးသား မေတ္တာမျှကာ လုံခြုံရာဌာန၌ နှစ်ယောက်သား အချစ်ပလူး ပျော်မြူး၍နေကြလေတော့သည်။
ကာလရှည်လျားသော် မင်းကြီးနားပေါက်ကြား၍ `ဒွန်းစဏ္ဍားသားက ရမ်းကားရလေသလား´ဟု သတ်စေ အမိန့်မှတ်လေ၏။
ထိုခဏ၌ မယ်တော်သည် မိမိသားအား အမှတ်အသားပြုထားသည်ကြောင့် မိမိသားမှန်းသ၍ `ဒွန်းစဏ္ဍားသားမဟုတ်ပါ၊ ကျွန်မ၀မ်းမှဖွားသော ကောသလမင်း၏ သားတော်ပါ´ဟု ငယ်ငယ်ဘ၀က မျက်ခြည်ပြတ်မခံဘဲ သိသမျှအစုံကို မင်းကြီးအားလျှောက်ထားလေလျှင် မင်းကြီးက စုံစမ်း၍ မင်းသွေးမှန်း အမှန်သိသောအခါ သမီးနှင့်ပေးစား၍ ဖခင်အမွေ ကောသလမင်း တိုင်းပြည်ကို မင်းပြုရန် စေလွှတ်၏။ ကုရုင်္ဂဒေ၀ီနှင့်အတူ ကောသလတိုင်းကို အုပ်ချုပ်၍ မင်းလုပ်တော်မူလေသည်။
မကြာမီပင် ဗာရာဏသီ မင်းမြတ်က အတတ်အမျိုးမျိုးကို သင်ကြားပြသရန် `ဆဠင်္ဂကုမာရ´အမည်ရှိသော ဆရာကို စေလွှတ်တော်မူ၏။ မင်းသားသည် စစ်သူကြီးအရာထား၍ မြောက်စားထားရာမှ နောင်သောအခါ ကုရုင်္ဂဒေ၀ီမိဖုရားနှင့်ယဉ်ပါးလျက် မှောက်မှားကြတော့သည်။
စစ်သူကြီးသည် `ဓနန္တေ၀ါသီ´အမည်ရှိ တပည့်တစ်ဦးကို ကုရုင်္ဂဒေ၀ီထံ ၀တ်စားတန်ဆာ လက်ဆောင်ပဏ္ဏာများ မကြာခဏစေလွှတ်ပေးပို့စေရာမှ ကုရုင်္ဂဒေ၀ီသည် စစ်သူကြီး၏ တပည့်နှင့် မှောက်မှားကြပြန်လေသည်။
ဆဠင်္ဂကုမာရဆရာ သေနာပတိသည် နောင်အခါ ကုဏာလငှက်မင်းဖြစ်၍ မိမိတွေ့ကြုံမိခဲ့သမျှကို ပြောပြလေသတည်း။
ထိုကြောင့် မဃဒေ၀လင်္ကာ၌ နန်းတက်ပျော်ကြီး၊ မင်းသမီးလျက်၊ မနီးမျိုးနွယ်၊ ညှိုးငယ်ယောင်္ကျား၊ ဒွန်းစဏ္ဍားနှင့်၊ ယဉ်ပါးရောယှက်၊ ကျင့်ကန်းတတ်၏ ဟူ၍ စပ်ဆိုတော်မူ၏။
***ဦးလှခင်- ဆန်းညွန့်ဦး***
(အသီတိနိပါတ် ၅၃၆၊ မဟာကုဏာလဇာတ်မှ ကုရုင်္ဂဒေ၀ီဇာတ်)

No comments:
Post a Comment