၁။
တစ်နေ့က အိမ်ပြန်ရောက်တော့ ဖိတ်စာလေး တစ်စောင်က မိမိကို ဆီးကြိုနှင့်သည်။
၂။
တကယ်တော့ “ဖိတ်စာ”သည် မေတ္တာ နယ်ပယ် အတွင်း၌ အကျုံး ၀င်သည်ဟု ဆိုကြသည်။ ယူဆချက် တချို့က ပုဂံ ခေတ်ကတည်းက ရှိနေပြီဟု ဆိုပြန်သည်။ ထင်ရှားသည်က အင်းဝခေတ်၊ ဟံသာဝတီ ဘုရင် ရာဇာဓိရာဇ်ထံ ဆက်သွင်းသည့် စကြိုသူမြတ်၏ မေတ္တာစာပင် ဖြစ်သည်။ ထို့နောက် စလေ ဦးပုညခေတ် အရောက်တွင် ရှင်ပြုဖိတ်စာ၊ တရားနာ ဖိတ်စာ၊ ဘုန်းကြီးပင့်စာ၊ အလှူခံစာ၊ ကြော်ငြာစာ။ အထူးသဖြင့် စလေ ဦးပုည၏ မေတ္တာစာများသည် အကြောင်းအရာအားဖြင့် စုံလင်ကြသည်။ ဥပမာ-လက်ဖက် မေတ္တာစာ ဆိုလျှင် ကြော်ငြာသဘောဘက် ကဲသည်။ ပဒုမ္မာ ပွင့်ချပ်မှ၊ ဥပပတ်ကြာဝတ်သူ ဟန်ယူ၍ ထွက်သကဲ့သို့၊ သန္တာခက် သန္တာညွန့်၊ တွန့်ရရွန့် စီရရီ၊ တညီတညွတ် တစ်သမတ်တည်း ထွက်သောလက်ဖက် ဟူ၍။
သို့ဖြင့် အောက်မေ့ လွမ်းဆွတ်၍ ပေးခဲ့ကြသည့် မေတ္တာစာ၊ ဆွေမျိုး အချင်းချင်း ချစ်ခင် ရင်းနှီးလို၍ ပေးခဲ့ကြသည့်မေတ္တာစာ၊ အမွေတောင်း မေတ္တာစာ၊ ကိုယ်ရေး မေတ္တာစာ၊ အကြောင်းကြားစာ၊ ဖိတ်စာ၊ ပင့်စာ။ ပုဂံခေတ်ကတည်းက ရှိခဲ့ပြီဟု ယူဆရမည့် “ဖိတ်စာ”။ ထိုအခါမှ ဘ၀တွင် အစောဆုံး ရင်းနှီးခွင့် ရခဲ့သည့် “ဖိတ်စာ” ကို ပြန်စဉ်းစားမိသည်။ ပြန်တွေးတော့ ခပ်ရေးရေးပင်။ ၂၆ ဘီလမ်း၊ ဆိုင်းတန်းရပ်တွင် နေခဲ့ရစဉ်က အဘိုးဖြစ်သူ နေ့စဉ် နားထောင်သော နေရှင်နယ် ရေဒီယို ဘေးတွင် “ဖိတ်စာ”တွေ ထိုးထည့် ထားတတ်တာ ပြန်အမှတ် ရမိသည်။ ဖိတ်စာတိုင်းမှာ အဘိုး၊ အဘွားအမည်၊ ပြီးတော့ ထုံးစံအတိုင်း ဂုဏ်ဒြပ်။ အဘိုးက ရဲမှူး(အငြိမ်းစား)၊ အဘွားက ရေချိုကုန်သည်။ လက်က သုံးတောင်ဝှေး ဖြစ်သည့် မိမိက အဘိုး၊ အဘွားတို့ ဖိတ်စာရတိုင်း လိုက်ရသည်။
အလှူ ရှင်ပြုနားသ၊ မင်္ဂလာ ဆောင်၊ ဘုရားကိုးဆူ၊ ကထိန်၊ ၀ါဆို သင်္ကန်းကပ်၊ နောက်ဆုံး နာရေးအထိ။ မန္တလေး အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင်။ တစ်ခါတစ်ရံ ကျောက်ဆည်၊ အမရပူရ၊ စစ်ကိုင်းဘက်ထိ သွားခဲ့ရသေးတာ မှတ်မိသည်။ ငယ်ငယ်ကတည်းက သွားလိုက်ရသည့် အလှူတွေ၊ မင်္ဂလာဆောင်တွေ။ ဖိတ်စာလေး တစ်စောင်က အတော်ကို တန်ခိုး ထွားတာပဲဟု နောင်မှ ပြန်တွေးမိသည်။
ဖိတ်စာလေး တစ်စောင်ကြောင့် ကိုယ်မရင်းနှီးရသေးသည့် လူများ၊ ကိုယ် မရောက်ဖူးဘူး သေးသည့် အရပ်များ နှင့် အကျွမ်းဝင်ရသည်။ မြင်ဖူးရသည်။ ကြုံဖူးရသည်။ ကြားဖူးရသည်။ သည် ကြားထဲအဘွားက နတ်ကိုးကွယ်မှု ရှိသဖြင့် နတ်ကနားပွဲ ဖိတ်စာက ရောက် လာတတ်ပြန်သည်။ လက်ကသုံးလေး မိမိက အဘွားထဘီစ ဆွဲရင်း လိုက်ရ သည်ပဲ။ နတ်ပူးတာ၊ နတ်ဝင်တာတွေကို လည်း မြင်ရ၊ တွေ့ရပြန်သည်။ ကြုံရ ကြားရပြန်သည်။ အရက်က တစ်ဖက်၊ ကြက်ကတစ်ဖက် မြင်ကွင်းများကလည်း တသီကြီး။ ပိုက်ဆံတွေ သီကုံးထား သော “ပိုက်ဆံကုံး”တွေ ဆွဲထားသည့် နတ်ကတော်များကို ကြည့်ပြီး ကလေးပီပီ ထိုပိုက်ဆံများကို ဖြုတ်ယူချင် စိတ်ပေါ်ခဲ့ ဖူးသည်။ ဒါလည်း “ဖိတ်စာ”လေးတစ် စောင်ကြောင့်ပဲ မဟုတ်လား။
တစ်ရက် ကျောင်းကအပြန် အိမ်ဝင်ပေါက် နားမှာ အရပ်ထဲမှ လူတစ်ဦးက ဆေးပေါ့လိပ်ကြီး တစ်လိပ် လက်ထဲ ထည့်ပြီး ခပ်တိုးတိုး ပြောသွားသည်။ မင်္ဂလာဆောင်က နေရှင်နယ် ၀င်းထဲမှာ မနက်ဖြန်နော်တဲ့။ ဒါလည်း “ဖိတ်စာ” တစ်လိပ်ဟု ဆိုရမလား။ တချို့အရပ် တွေမှာ လက်ဖက် ကမ်းတာမျိုးပေါ့။ သူ့ အရပ်နှင့်သူ့ဇာတ်။
၂။
တစ်ခါတော့ “နာရေး”ဖိတ်စာ ရောက်လာသည်။ အဘွားက ထိုဖိတ်စာကို အိမ်ထဲ မသွင်းဘဲ အိမ်ပေါက်တံခါး နားမှာ ညှပ်ပစ်ခဲ့သည်။ နာရေးက မနက်ဖြန်။ အဘွားက အဘိုးကို အသိပေးပြီး ထိုဖိတ်စာကို ဖျောက်ဖျက် ပစ်လိုက်သည်။ ဖိတ်စာချင်း အတူတူ နာရေး ဖိတ်စာကျမှ မျက်နှာ ငယ်ရရှာသည်။
ဘ၀မှာ ဖိတ်စာများနှင့် ရင်းနှီး ခဲ့ရပါသည်။ အမှတ် မထားမိတာ များသည်။ အဘိုး၊ အဘွားတွေ ကွယ်လွန်ပြီးတော့ အဖေ၊ အမေတို့ခေတ်။ ထို့နောက် မိမိတို့ခေတ်။ လာပါပြီ။ ထုံးစံ အတိုင်း သာရေး၊ နာရေး၊ ဖိတ်စာတွေ။ မိုးလေ ကင်းစင်လျှင် အလှူဖိတ်စာ၊ ၀ါ ကျွတ်ပြီးလျှင် မင်္ဂလာဆောင် ဖိတ်စာ။ ဟိုကဖိတ်၊ ဒီကဖိတ်နှင့်။ ဘာရယ် မဟုတ် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က စပြီး “ဖိတ်စာ”တချို့ကို မှတ်မှတ်ရရ စုဖြစ်ခဲ့သည်။ တစ်နေ့ကမှ ဖိတ်စာ ထုပ်လေး ဖြေကြည့်လိုက်တော့ စုဖြစ်ခဲ့သည့် ဖိတ်စာ တစ်စောင်ချင်းဆီက အသံတွေ ကြားလာရသည်။ ရုပ်ပုံလွှာတွေ မြင်လာရသည်။ ပြီးတော့ သူတို့မှာ သမိုင်းတွေ ရှိနေခဲ့ပြန်သည်။
၃။
ဖိတ်စာ(က)
၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလတွင် ထိုဖိတ်စာကို လက်ခံ ရရှိခဲ့သည်။ လူထု ဦးလှ၊ လူထုဒေါ်အမာ မိသားစုပိုင် ပန်းချီကားများ ပြပွဲ (Ludu Family Collection Show) ဖိတ်စာက ပန်းချီ ကားများနှင့် ခံ့လှသည်။ ပေါ်ဦးသက်၏ သခင် ကိုယ်တော်မှိုင်းပုံ ဆီဆေးကားကို ရှေ့ဆုံးမှ တင်ထားသည်။ ဖိတ်စာ အတွင်းမှာတော့ ဦးဘသက်ရဲ့ လှေဆိပ် ဆီဆေးကား၊ ဦးငွေကိုင်ရဲ့ နဂါးဒေါ်ဦး အသက် ၄၀ အရွယ်က ရေးဆွဲခဲ့သည့် ဆီဆေးကား၊ ဦးဘရင်လေးရဲ့ လူထုဦး လှပုံတူနှင့် လူထုဒေါ်အမာ ပုံတူဆီဆေး နှစ်ကား၊ ဦးခင်မောင်(ဘဏ်)ရဲ့ ဓမ္မရံ ကြီး ဆီဆေးကားတို့ ပါဝင်သော “ဖိတ်စာ”လေးကို ထုတ်ထုတ် ကြည့်မိသည်။ ထိုပြပွဲနေ့က နန်းဝေ၊ မောင်အေးမြင့်၊ ၀သုန်၊ တင်မောင်ဦး (မန္တလေး)၊ ဘိုစော၊ ကေထွန်း စသည့် ပန်းချီ ဆရာတို့၏ လက်ရာများလည်း ခင်းကျင်းပြသပေးခဲ့တာ ပြန်အမှတ်ရ နေမိသည်။
မှတ်မှတ်ရရ မိမိက အမေလူထု ဒေါ်အမာကိုသာ မီခဲ့သူ။ လူထု ဦးလှကို မမြင်ဖူးဘူးခဲ့။ လူထုဦးလှ ကွယ်လွန် တော့ ၁၉၈၂၊ မိမိအသက်မှ ၁၂ နှစ် သား အရွယ်မျှသာ ရှိသေးသည်။ နောင် စာကြမ်းပိုးဘ၀ ရောက်မှ လူထုဦးလှ၏ ထောင်စာအုပ် ၉ အုပ်၊ ကျွန်တော်စီးရီး တွေကို စုခွင့်ရခဲ့သည်။ လူထု ဒေါ်အမာ၏ စာများကို “ပြည်သူချစ်သော အနု ပညာသည်များ”ထဲမှ“မြို့မငြိမ်း”ဖြင့် စတင် ရင်းနှီးခဲ့ရပြီး လူထု ဒေါ်အမာ၏ စာအုပ်များကို လက်လှမ်းမီ သရွေ့ စုဖြစ်ခဲ့သည်။ မမျှော်မလင့် အမေလူထု ဒေါ်အမာနှင့် နီးနီးကပ်ကပ် တွေ့ဆုံ လိုက်ရတော့မှ စာဖတ်သူ မည်သူ့မဆို အကျွမ်း တ၀င် နွေးနွေးထွေးထွေး ညင်ညင်သာသာ ဆက်ဆံ ပြောဆိုတတ်သော အမေ့ စကားသံတို့ကို ကြားခွင့် ရလိုက်သည်။ဦးဘရင်လေး ရေးဆွဲသည့် လူထုဦးလှ ပုံတူ ဆီဆေးကားကြီးကိုလည်း လူထု တိုက်ထဲတွင် ဘွားခနဲ မြင်တွေ့ခွင့် ရလိုက်သည်။
ဖိတ်စာ(ခ)
ထိုဖိတ်စာလေး ဘယ်လိုက ဘယ်လို မိမိထံ ရောက်လာခဲ့သည်ကို မမှတ်မိတော့။ မိုးမိုး(အင်းလျား) ကွယ်လွန်ခြင်း ၁၀နှစ်ပြည့် ဖိတ်စာ။ ၁၉၉၀ ပြည့် နှစ်၊ မတ် ၁၃ရက်၊ အင်္ဂါနေ့တွင် ဆရာမ မိုးမိုး(အင်းလျား) ကွယ်လွန်ခဲ့သည်။ ၁၃ မတ် ၂၀၀၀ ပြည့်နှစ်တွင် ကွယ်လွန်ခြင်း ၁၀ နှစ်တင်းတင်း ပြည့်ခဲ့ခြင်းပင်။ ဒီ ဖိတ်စာလေးကို သတိရတိုင်း ကြည့်မိ သည်။ “မသုဓမ္မစာရီ” ၀တ္ထုဖြင့် ကျော် ကြားခဲ့သော ဆရာမ(သီလရှင်ဝတ်) ပုံတူကို ပန်းချီစံတိုးက ရေးဆွဲ ပေးထားခြင်းပင်။ ဖိတ်စာ အတွင်းဘက်က အစီအစဉ် အရ နံနက် ၉း၄၅ မှ မွန်းလွဲ ၁း၃၀ ထိ အခမ်းအနားကို ရွှေကျင်နိကာယ သာသနာ လင်္ကာရ ဓမ္မ ဗိမာန်တော်ကြီး (ရန်ကုန်)တွင် ကျင်းပခဲ့သည်။ သတိရ စကားကို ချစ်ဦးညို၊ ဂျူး၊ မစန္ဒာတို့က ပြောခဲ့ပြီး သံဃာတော် ၁၆ပါးနှင့် သီလရှင် အပါး ၁၀၀အား ဆွမ်းကွမ်း အချိုပွဲများ ကပ်လှူခဲ့သည်။ လွမ်းစရာ လေးက ဖိတ်စာနောက် ကျောဖုံးတွင် ဆရာမ မိုးမိုး(အင်းလျား) သီလရှင် ၀တ်စဉ် ဆရာကြီးတစ်ပါးက ဆရာမကို သင်တုန်းဓား အနက်လေးဖြင့် ဆံရိတ် ပေးနေသည့် ပုံလေးပင်။
ဆရာမမိုးမိုး(အင်းလျား)နှင့် တစ်ခါမျှ မဆုံလိုက်ရ။ သို့သော် ဆရာမရဲ့ “ပျောက်သောလမ်းမှာ စမ်းတ၀ါး”နှင့် ပုဂံ စာအုပ်တိုက် ပိုင်ရှင် ကိုချောအကြောင်း ရေးဖွဲ့ထားသည့် အမေ ဆုတောင်းလိုက် ပါသည် ၀တ္ထုရှည်ကို တစွဲတလမ်း ဖတ်ခဲ့ဖူးသည်ကိုတော့ အမှတ် ရနေမိသည်။ ဆရာမ၏ ရွှေတိဂုံကိုမြင်လျှင်၊ ညီမလေးက အချစ်ကို ကိုးကွယ်သတဲ့လား၊ ငပလီဇာတ်လမ်း၊ ပွင့်တချို့ ကြွေတချို့၊ အချစ်ဆိုသော အရာ၊ ရွက်လှပန်း တို့မှာ မြန်မာ ၀တ္ထုရှည် သမိုင်းပြန်ကောက်လျှင် ထင်းခနဲ လှမ်းတွေ့ ရပေမည်။ ထိုမျှထိ ဆရာမ ရေးဖွဲ့ခဲ့သည်။ လက်ကြော တင်းခဲ့သည်။
ဖိတ်စာ(ဂ)
ဖိတ်စာစောင်ရေ ဘယ်လောက် ရိုက်သည်တော့ မသိ။ မိမိ လက်ခံ ရရှိသည့် ဖိတ်စာက အမှတ်(၁၀၀)တဲ့။
သို့......... ဆိုပြီး
၁၁ ကြိမ်မြောက် ဖုကုအိုက အာရှဓလေ့ဆု ပညာရေး ကဏ္ဍဆုရှင်
ဒေါက်တာသန်းထွန်း၊ မန္တလေး တက္ကသိုလ် အငြိမ်းစားပါမောက္ခ
ဂုဏ်ပြုပွဲ ဖိတ်ကြားလွှာ
၃၀ ဇူလိုင် ၂၀၀၀ နံနက် ၁၀း၀၀ နာရီ တောင်လေးလုံးကျောင်းတိုက် အမရပူရမြို့တဲ့။ “ဖုကုအိုက”မြို့သည် ဂျပန် ကျွန်းလေးကျွန်း၏ တောင်ဘက် အကျဆုံး ဖြစ်ပြီး ကျူရှူးကျွန်းရဲ့ အနောက်မြောက်မှာ ရှိသည့် ပင်လယ် ဆိပ်ကမ်းမြို့ကြီး ဖြစ်သည်။ ၁၉၉၀ ပြည့်မှစပြီး ဖုကုအိုက စည်ပင်သာယာနှင့် ယိုကတိုးပီးယား ဖောင်ဒေးရှင်းတို့ ပေါင်းပြီး “ဖုကုအိုက အာရှဓလေ့” ဆု ကြီးတွေကို ဆိုင်ရာဆိုင်ရာ ပညာရပ်တွေမှာ ထိပ်ဆုံး ရောက်အောင် ထင်ရှား ကျော်စောသည့် ပညာရှင်နှင့် သဘင်သည်ကြီး များကို ရွေးပြီး ဆုငွေချီးမြှင့် ခြင်းဖြစ်သည်။ အာရှကို ကမ္ဘာက သိ အောင် လုပ်ပေးနိုင်သည့် (အာရှတိုက် သား)ကို တစ်ဦးလျှင် ဆုငွေ ယန်းသုံး သန်း ချီးမြှင့်ပေးခြင်းပင်။
ယခု ဒေါက်တာသန်းထွန်း “ဖုကု အိုက” ဆုချီးမြှင့်ခြင်း ခံရပြီ။ ဆရာက ဆုရပြီးနောက် အမရပူရ တောင်သမန်သို့ အရောက်လာခဲ့သည်။ တောင်လေးလုံး ကျောင်းဝင်းထဲက စက္ကူပန်းရုံ အောက်တွင် “ဆရာ့ဂုဏ်ပြုပွဲ”လေး။ သမိုင်းကို “မအအောင်လို့” သင်ရတယ် ဟု တိုတိုတုတ်တုတ် ဖြေပေးခဲ့သော ဆရာတစ်ယောက် ၀မ်းမြောက်ကြည်နူး ဖြစ်နေသည့် မြင်ကွင်းကို ဒီဖိတ်စာလေး ကိုင်ရင်း ပြန်မြင်ယောင် နေမိသေးသည်။
ဖိတ်စာ(ဃ)
၁၉၉၃ တွင် ဆရာပေါ်ဦးသက် ကွယ်လွန်သွားခဲ့သည်။ ဆရာ ကွယ် လွန်စဉ်က မိမိမှာ မန္တလေးတက္ကသိုလ် တွင်ကျောင်းတက်နေဆဲ။ မန္တလေးမှာ နေပြီး ဆရာနှင့် မဆုံလိုက်ရ။ ဆရာ့ လက်ရာများကို ကွယ်လွန်ပြီးနောက် မန္တလေး ဆရာဝန်များ အသင်းတွင် တစ်စု တစ်ဝေးတည်း ပြသရာမှ မြင်ဖူးခဲ့ရသည်။ အရင်ကတော့ လူထုတိုက်ထုတ် စာအုပ် မျက်နှာဖုံး တချို့မှာ ပေါ်ဦးသက် လက်ရာတွေကို မြင်ဖူးပေမယ့် အခု မြင်ရသည်က ပန်းချီကား အစစ်တွေ မြင်နေရခြင်းပင်။ စာပေ၊ ပန်းချီ၊ ဂီတနယ် အစုံမှ ပုဂ်္ဂိုလ်များ လာရောက် သွေးကူးကြသည်ကို ပြန်မှတ်မိသည်။
လူထု ဒေါ်အမာ၊ ရေနံမြေ ဒေါ်ခင် စု၊ ရွှေဘို မိမိကြီးတို့ အပါအ၀င် ဆရာ နန္ဒာသိန်းဇံ၊ ငြိမ်းမင်းနှင့် တေးသံရှင် တချို့ တက်ရောက်လာတာ ပြန်သတိရသည်။ မှတ်မှတ်ရရ ဆရာ့ရဲ့ “မိသားစု” ပန်းချီကား ရှေ့တွင် ကြည့်သူများ အုံခဲနေသည်။ မည်သည့်အ၀တ် တန်ဆာမျှ ဆင်ပေးမထားသော အမိ၊ အဖ၊ သား ငယ်ရုပ်သွင် သုံးဦးသည် ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းကို ကိုယ်စား ပြုထားခြင်းက ပေါ်လွင်စေခဲ့သည်။ “လူ” ဆိုတာကိုပဲ ပြသည်။ ဘာသာ၊ လူမျိုး၊ အသွေး အရောင်တွေ ဘေးဖယ်ထား။
အထက်က ပေါ်ဦးသက် (POT) ပြပွဲ ပြန်စဉ်းစား နေမိခြင်းက ဆွမ်းကပ် တရားနာ ဖိတ်ကြားလွှာ လေးကြောင့် ပင်။ ၁၀.၅.၂၀၀၅ ရက်နေ့က ၆၂ လမ်း၊ ဣနြေ္ဒယာရာမ ရွှေဂူတိုက်တွင် ပန်းချီ(ဦး)ပေါ်ဦးသက်(၁၉၃၆-၁၉၉၃) ၏ ၁၂နှစ်ပြည့် ရည်စူးပြီး ဆွမ်းကပ် ပြုလုပ်ခဲ့သည်။ အေးအေးချမ်းချမ်း တိတ်တိတ်ဆိတ်ဆိတ်ဖြင့် ဆွမ်းကပ် ပွဲလေးပြီးမြောက်ခဲ့ရသည်။
ဖိတ်စာ(င)
ဂါရ၀ပြု ဖိတ်စာလေး။ အမှန်ဆို ရလျှင် မေတ္တဓာတ်ဖြင့် ထုံမွှမ်းထားသော လက်ကမ်း စာစောင်လေးပင် ဖြစ်သည်။ဆရာကြီး ဒဂုန်တာရာ ၉၀ ပြည့် မွေးနေ့က ဝေငှခဲ့ခြင်းပင်။ ၁၀ မေ ၂၀၀၉။ ဆရာထက်မြက်၊ မောင်စိမ်းနီ၊ သားကြီး မောင်ဇေယျ၊ စန္ဒရားသိမ်းမောင်၊ ကိုဝိ၀ိတို့က အမှတ်တရစကားတချို့ ဖွဲ့ထားကြသည်။ ဆရာကြီးပုံကို အဖြူ အမည်း ဒီဇိုင်း ပြုလုပ်၍ ဆရာ့ကဗျာ တစ်စ ကမ္ပည်း ထိုးထားသည်။
သမိုင်းတစ်ခေတ် ဆုံးပြီ
ပြောသူကပြော၊သမိုင်း မဆုံးသေး
ဘယ်မှာဆုံးသလဲ၊
ပြောင်းလဲခြင်းမျှသာ
အနီအပြာ၊ အ၀ါရှိသမျှ သက်တံရောင်က
ပြိုးပြက်လှလိမ့်
ခံစားမှုသစ်ပွင့်ပေလိမ့်
မျိုးဆက်နှင်းဆီပွင့် ကဗျာမှ ကောက်နုတ်ချက် တစ်ရပ်။ နွေရက်များ တွင် ဆရာက တောင်တန်းများနှင့် ပွေ့ ဖက်တတ်ပြီး ဆောင်းရက် အစတွင် ရန်ကုန်၊ မြင်သာ၌ ဆောင်းခိုတတ်သည်။
ညဈေးတန်း စာအုပ် အဟောင်းတန်းမှ ဒဂုန်တာရာ၏ စံပယ်ဦး ၀တ္ထုတို စုရတော့ မျက်နှာဖုံးက ဦးအုန်းလွင် ပန်းချီလေးနှင့် ရင်ခုန်ရသည်။ မိန်းကလေး တစ်ဦး စံပယ်ပန်းလေးကို တရှိုက် မက်မက် မွှေးကြူနေဟန်။ ထိုစာအုပ်ထဲမှ သေနတ်သံ ဆိုသည့် ၀တ္ထု တိုလေးကိုလည်း အမှတ်ရနေမိသည်။ ထိုမှဆက်ပြီး “ကြာပန်းရေစင်၊ ရုပ်ပုံလွှာ၊ သဇင်သင်း ပြန်တော့” စသည့် စာအုပ်များ ထပ်စုခဲ့ ရသည်။
၁၉၉၀ တစ်ဝိုက်မှာ စာပေဂျာနယ် ထွက်တော့ ဆရာ့ ဓာတ်ပုံကို မြင်ရသည်။ ဆရာ့ စာဖတ်ပြီး ဆရာ့ကို အပြင်မှာ မြင်ဖူးချင်လာသည်။ ထို့ကြောင့် ဆရာ နေထိုင်ရာ မှော်ဘီသို့ တကူးတက သွားရောက် တွေ့ဆုံခဲ့သည်။ ၁၉၈၉ သင်္ကြန်တွင်း။ အမြင်အာရုံချို့တဲ့ နေခဲ့ပေမယ့် မိမိကို ကိုယ့်တူကိုယ့်သား လို တရင်းတနှီး ဆက်ဆံခဲ့သည်။ “အောင်ဆန်း(သို့) အရိုင်း”ဆိုသည့် ဆရာ့တို့ ထိချက်က မိမိတို့ လူငယ်တွေကြားတွင် ပြင်းထန်လှသည်။ “ဗဟိန်း၊သို့၊ ကဗျာ”တွင် အနုပညာရဲ့ အဓိပ္ပာယ်ကို စေ့ငုမိကြသည်။ ဤသို့ဖြင့် ဆရာလည်း အသက် ကြီးရင့်ခဲ့ပြီ။ မိမိတို့ တစ်တွေလည်း လေးဆယ်သီသီ စွန်းခဲ့ကြပြီ။ ရာသီကတော့ မျှော်လေတိုင်း မှိုင်းရီပါ ပဲ။ ကနေ့ အိုကြီးအိုမ အရွယ်ရောက်ခါမှ ဆရာ့ရဲ့ဒဿန တစ်ရပ်ဖြစ်သည့်...
ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိ
နိုင်ငံရေးဆိုတာ ရန်သူကို
မိတ်ဆွေဖြစ်အောင် လုပ်တာ
ဆိုသည်ကို စိတ်ကူးယဉ် ဆန်ပြီး လက်တွေ့ မကျဟု အပြောအဆို ခံနေရပြန်ပြီ။
ဖိတ်စာ(စ)
ဖိတ်စာဟု ဆိုရမည်ထက် စာကြည့်တိုက် အညွှန်း စာစောင်လေးဟုသာ ဆိုပါရစေ။ ဖေဖော်ဝါရီ ၂၀၁၀ က ထိုစာကြည့်တိုက်ကြီးသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ခဲ့ရစဉ်က ရခဲ့ခြင်းပင်။ ပါရဂူ ရှန်တိနိကေတန် စာကြည့်တိုက်၊ အမှတ် ၉၈၈၊ ၉၉၀၊ ၁၆ ရပ်ကွက်၊ ဦးပုညလမ်း၊ ရွှေပေါက္ကံ မြို့သစ်၊ ရန်ကုန်မြို့။
၂၀၀၅ ဒီဇင်ဘာ ၂၄ရက်နေ့က စတင်ဖွင့်လှစ်နိုင်ခဲ့သည်။ ဆရာပါရဂူ၏ ချွေးနှဲစာ၊ ကိုယ်ပိုင် စာအုပ်များနှင့် အလှူရှင်များက ၀ိုင်းဝန်း ပံ့ပိုးကူညီ ပေးခဲ့ခြင်းကြောင့် ပေါ်ထွန်း လာခဲ့ရခြင်း ဖြစ်သည်။ စာအုပ် အရေအတွက် ၂ သောင်းကျော် ရှိသွားပြီ။ စာအုပ်များမှာ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ်၊ ဟိနီ်္ဒ၊ ဆန်ဆ ကရစ်၊ ဂျပန်ဘာသာတို့ဖြင့် ပုံနှိပ် ထုတ်ဝေထားသော စာအုပ်များ။
မိမိတို့သည် ဆရာကြီး ပါရဂူနှင့် တွေ့ဆုံ စကားပြော မှတ်တမ်း တင်ဖြစ်ခဲ့ သည်။ အသက် ၈၉ နှစ်ရှိပြီဖြစ်သော ဆရာကြီးက သူ့လက်ကိုင်တုတ်လေး ကိုင်ရင်း “ရှန်တိနိကေတန်” တည်ဖြစ်ခဲ့ ရခြင်း အစကို တစ်စချင်း ဆွဲထုတ်ပြခဲ့သည်။ အမျိုးသား ပညာဝန် ဦးဖိုးကျား စစ်အတွင်းမှာ ကွယ်လွန်တော့ သူ့ကိုယ်ပိုင် စာအုပ်တွေ အမြောက်အမြား ကျန်ရစ်ခဲ့သည်။
မိသားစုဝင်တွေက မထိန်းသိမ်း နိုင်တော့ဘဲ ဘော်တယ် ကုလားလက်ထဲ အကုန်ချ ရောင်းနေသည့် မြင်ကွင်းကို ဆရာကိုယ်တိုင် မြင်ခဲ့ရဖူးသည်။ စာရေး ဆရာ တစ်ယောက် ကွယ်လွန်သွားတော့ သူ့ဘ၀မှာ ချမ်းသာတာ ဆို၍ စာအုပ်တွေသာ ကျန်ရစ်ခဲ့ ရစမြဲ မဟုတ်လား။ အရှည်သဖြင့် တည်တံ့နိုင်ဖို့ ကျန်ရစ်သူ မိသားစု ဆွေမျိုးသားချင်းများမှာ တာဝန် ရှိသည်။
ဦးဖိုးကျား မြင်ကွင်းက ဆရာ့ကို ယခုလို “ပါရဂူ ရှန်တိနိကေတန်” စာကြည့်တိုက်ကြီး တည်ဖြစ်သွားစေခဲ့ သည်ဟု ဆိုသည်။ ထိုစာကြည့်တိုက် အညွှန်းလေး မြင်တိုင်း ဆရာပါရဂူတစ် ယောက် သူ့စာကြည့်တိုက် အောက်မှာ တုတ်ကောက်လေး အားပြု သွားလာရင်း မိမိတို့ကို ရှင်းပြနေသည့် ဆရာ့ အသံကိုသာ ပြန်လည်ကြားယောင်နေမိသည်။
ဖိတ်စာ(ဆ)
စာပေမိတ်ဆွေ တစ်ဦးထံမှ မြတ်နိုး နှစ်သက်စိတ်နှင့် မိတ္တူကူးယူ ထားလိုက်ရခြင်း ဖြစ်သည်။ ၁၉၉၄ မှာ သူကွယ်လွန်စဉ်က ဝေခဲ့သော “ပင်းဖလက်” လေး ဖြစ်မည်။ ဦးစိန်မောင်ဝင်း (စာရေး ဆရာ ၀င်းစည်သူ) ၁၉၄၇-၁၉၉၄တဲ့။ ဆရာ့ Sketch လေးက တည်တည်ငြိမ်ငြိမ်။ မန္တလေးမှာ မွေး၊ မန္တလေးမှာ ကြီးခဲ့ပြီး မန္တလေးမြို့မှာပင် အနုပညာ မျိုးစေ့ချခဲ့သူ။
၁၉၈၆ မေလမှ စပြီး ရုပ်ရှင် အောင်လံ မဂ္ဂဇင်းတွင် “သန်းပေါင်း သုံးဆယ်ကျော်ထဲက ကျွန်တော်” ၀တ္ထု စတင် မွေးဖွားခဲ့သည်။ “၉၀ ၀န်းကျင် ၀တ္ထုတိုများ”က ထင်ရှားသည်။ ၀တ္ထု ရှည်အဖြစ် “လမင်းသို့ ပေးစာ” ထုတ်ဝေခဲ့သည်။ ပြဇာတ်တစ်ခေတ် ဖြစ်စဉ်က “၀င်းစည်သူ”အမည်ဖြင့် ပြဇာတ်များစွာ ရေးသား တင်ဆက်ခဲ့သေးသည်။ ထင်ရှားသည့် ပြဇာတ်များက “ရွှေတံခါး ကြီးဖွင့်ပါဆို”၊ “ပန်းသလား မေပျို”။
တစ်ခါသား ဆရာ့ကို ၈၄ လမ်း မပေါ်ရှိ ဥတ္တရ လွင်ပြင် စာပေ အ၀င်အထွက်တွင် ဖျတ်ခနဲ ဆုံလိုက်ရသည်။ တေ့တေ့ဆိုင်ဆိုင် မဆုံလိုက်ရ။ မိမိက ဆရာ့ရဲ့ “အ,ကာလမရဏ”၀တ္ထုတို လေး ဖတ်ပြီးထားခါစ။ စာရေးဆရာနှင့် စကား ဆိုချင်သည်။ လက်ဆုံ ကျချင်သည်။ ထိုအခွင့်အရေး မရလိုက်။ ထပ်ဆုံဦးမှာပါဟု တွေးလိုက်မိသည်။ထိုနေ့က ဆရာ့ဟန်ပန် အမူအရာ အကွက် ကလေးကို ပြန်စဉ်းစားမိတိုင်း ပေါ်သည်။ အရပ်အမောင်း အသင့်အတင့်၊ အသား ခပ်ညိုညို၊ ရယ်သံက ခပ်သွေ့သွေ့။
သူ့ရဲ့“အ,ကာလမရဏ”၀တ္ထု လေးထဲမှ အရှက်ကြောင့် လူသတ်မှု ဖြစ်ပြီး ကြိုးစင် တက်သွားရသည့် အစ်ကိုသဖွယ် ခင်မင်ရင်းနှီးခဲ့ရသော လူတစ်ယောက် အကြောင်းကို မန္တလေး ကျုံးအနောက်ဘက်ရှိ ရပ်ကွက်လေး အပေါ် အခြေပြု၍ ဖွဲ့နွဲ့ တင်ပြသွား ဟန်ကို မှတ်မိ နေခဲ့ရသည်။ ထို့ထက် မန္တလေး နန်းတွင်း ထောင်ကြီးထဲ၌ ကြိုးပေးမည့် နေ့မျိုး၌ အရပ်ထဲ ကြွလာတတ်သော ဆုတောင်းကျပ် ဆရာတော့် ရုပ်သွင်၊ စီခနဲ ထိုးဟောင်လိုက်သော ခွေးဟောင်သံများ။
ဖိတ်စာ(ဇ)
ရက် (၁၀၀) ပြည့် သမီးလေး တစ်ယောက်ရဲ့ မွေးနေ့ မင်္ဂလာ ဖိတ်စာလေးကို ထပ်တွေ့လိုက်ရပြန်သည်။ ၆ နိုဝင်ဘာ ၂၀၀၄။ ကန်တော်ကြီး အနောက်ခြမ်း အိမ်ရာ၊ ကမ်းနားလမ်း၊ တိုက် ၁၂၊ အခန်း ဒီ-၆,၇။ ဖိတ်စာ ပေးသူနှင့် မိမိက အမှန် ဆိုရလျှင် တိုက်ချင်းကပ်လျက်။ မိမိက တိုက် ၁၃။ ဆရာတို့ မိသားစုက တိုက် ၁၂။ လက်ပံပင် မိုးမိုးမတ်မတ်ကြီးက ဆရာတို့ တိုက်ရှေ့တွင် ရှိသည်။
ကန်တော်ကြီး အနောက်ခြမ်းအိမ် ရာတွင် နေထိုင်ခဲ့ရစဉ်က မိမိ ခင်မင် လေးစားရသည့် စာရေးဆရာနှင့် လာဆုံ နေရခြင်း။ တခြားသူမဟုတ်။ ဆရာ နေ၀င်းမြင့်ပင်။ ၁၉၉၃ က မန္တလေး တက္ကသိုလ် ကျောင်းသား ဘ၀တွင် နေ၀င်းမြင့်၊ ဆူးငှက်၊ သာထက်အောင်၊ ယဉ်မင်းပိုက်၊ အော်ပီကျယ်၊ စိုးဝင်းငြိမ်းတို့ တစ်တွေနှင့် မိမိတို့ ဆုံခဲ့ကြဖူးသည်။ မိမိတို့ရင်ထဲတွင် ဆရာရဲ့ “ဆယ့်နှစ် ကြိုး”အခံက ရှိနှင့်သည်။ မာန်မြင့်ရဲ့ “မြန်မာပြည်မှာ လုပ်သည်” ၀တ္ထုတိုစု နောက်ပိုင်းတွင် ထင်ထင်ရှားရှား ပေါ်လွင်လာရသည်က နေ၀င်းမြင့်၏ “ဆယ့်နှစ်ကြိုး”။ ဖတ်ပြီး ကြိုက်သည်။
ထို့ကြောင့် တက္ကသိုလ်ထဲမှ ဆရာ တချို့ကို လက်တို့ရသည်။ ထိုအခါမှ သူတို့လည်း စိတ်ဝင်တစား ဖတ်ကြ၊ ဆွေးနွေးကြ။ “နက်စ်ကော်ဖီ”တွင် နေ၀င်းမြင့်မှ နေ၀င်းမြင့် ဖြစ်သွားရတော့သည်။
ကွယ်လွန်သွားပြီ ဖြစ်သည့် ဆရာ စိန်သီးဦး အိမ်အပေါ်ထပ်တွင် (အလွတ် သဘော) စာတမ်းငယ် ဖတ်ပွဲလေး ကျင်းပဖြစ်စဉ်က ဆရာ နေ၀င်းမြင့်၏ ၀တ္ထု တစ်ပုဒ်နှင့် အားနက်စ်ဟဲမင်းဝေး၏ ၀တ္ထု တစ်ပုဒ်ကို Compare လုပ်ပြီး စာတမ်းငယ် တစ်စောင် ဖတ်ဖြစ်ခဲ့သည်။ ဒါလည်း မှတ်မှတ်ရရပင်။ ဒါတွေ ပြန်တွေး နေမိရခြင်းက နေ၀င်းမြင့်၊ ခင်ခင်ထူးတို့ရဲ့ သမီးလေး ဖွေးဖွေး နေ၀င်းမြင့်၏ ရက်(၁၀၀)ပြည့် မွေးနေ့ ဖိတ်စာလေး ပြန်တွေ့ လိုက်မိခြင်းက စသည်။
ဖိတ္စာ(စ်)
တေးရေးဆရာ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ကြွေလွင့်သွားခဲ့တာ ချယ်ရီ ဆယ်ကြိမ်ပွင့်ချိန် မြောက်ခဲ့ပြီမို့ သူ့ကို လွမ်းဆွတ် အောက်မေ့သည့် ပွဲလေး ကျင်းပမည့် ဖိတ်စာလေး တစ်စောင် မိမိထံ ရောက်လာခဲ့သည်။ ၂၂ မတ် ၂၀၀၅။ မဟာသမယချောင်၊ စစ်ကိုင်းတောင်ရိုးတွင် ဖြစ်သည်။
အဉ္ဇလီ မောင်မောင်၏ သီချင်းများကို အဆိုတော် ခင်မောင်တိုး သီဆိုမှ စတင်ကြိုက်ခဲ့ရခြင်းပင်။ မိမိတို့ လူပျိုပေါက် အရွယ်တွင် ၀ိုင်းရဲ့ဆည်းဆာ၊ ကြိုးကြာသံ၊ မျက်သွယ်၊ နှင်းဆီပန်သူ၊ ရောင်စဉ်ခုနစ်သွယ် တေးစီးရီးများ နားထောင်ခိုက် လှိုက်ခနဲ ဖြစ်ခဲ့ရသည်။ တေးဆိုက ခင်မောင်တိုး၊ တေးရေးက ဘယ်သူလဲ။ “ဒဏ္ဍာရီ”ဇာတ်ကားတွင် ကိုမောင်မောင့်ကို ပိုသိလာရသည်။
ဘ၀မှာ ဗိသုကာပညာရှင် ဖြစ်ချင် ခဲ့သော်လည်း မမျှော်မလင့် တေးရေးဆရာ ဖြစ်လာခဲ့သူ။ မြန်မာကဗျာတွင် မင်းသုဝဏ်၊ ဒဂုန်တာရာနှင့် တင်မိုးတို့ကို အနှစ်သက်ဆုံးတဲ့။ ဥရောပ ဂန္ထ၀င် ဂီတတွင် ဗီသိုဗင်၊ ချက်ကော့(ဗ)စကီး တို့ကိုအကြိုက်ဆုံးတဲ့။ မြန်မာ့ ဂီတတွင် သူအနှစ်သက်ဆုံးမှာ စိန်ဗေဒါနှင့် မြို့မငြိမ်းတဲ့။ ကိုယ်ပိုင်သံစဉ် အပုဒ်ရေပေါင်း ၂၀၀ကျော် ရေးဖွဲ့ခဲ့သည်။ အတာကူးသည့် တန်ခူးလတွင် နှစ်စဉ်နှစ်တိုင်း မြန်မာ့ ရုပ်မြင်သံကြားမှ မပျက်မကွက် လွှင့်တတ်သည့် ရုပ်ရှင် ဇာတ်ကားမှာ “သင်္ကြန်မိုး”။ ထို “သင်္ကြန်မိုး”သီချင်းကို ကိုမောင်မောင် ရေးစပ်ပေးခဲ့ခြင်းပင်။
“မြူးကြွတဲ့တေးသံxxxပျံ့လွင့် လို့နေxxxကူးပြောင်းစ တန်ခူးလေမှာ xxတစ်ယောက် တစ်လက်မို့ လှမ်းကာ xxဖျန်းပက်ကြစဉ်xxပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေxxခေါင်းက လေးမော့လို့xxပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေxx”
“ပျော်ပျော်ရွှင်ရွှင်xxတီးမှုတ်ကြ တဲ့ပွဲမှာxxငုံနေရှာတဲ့ ပန်းပိတောက် ဖူးတွေထဲxxရာသီအချိန်မီ လန်းပွင့်ခဲ့တဲ့ ပိတောက်ကိုxxပန်ဆင်ပါရင် လှသ ထက်တင့်မှာမို့xx”
မဟာသမယချောင် ကမ်းပါးစွန်း ထိပ်တွင်ရပ်ပြီး အရှေ့ဘက် မြစ်ဧရာ ထဲမှာ ထွန်းနေသော သဲသောင်ပြင်ပေါ် သို့လှမ်းကြည့်ရင်း “သင်္ကြန်မိုး”သီချင်း တစ်ပိုင်းတစ်စကို ဆိုညည်းမိလျက် ရှိလေသည်။ အနားမှာ တရုတ်စံကား ပင် စိမ်းစိမ်းလေးက လေသိမ်းတိုင်း စည်းလိုက်လျက်ရှိ၏။
၎။
အိမ်ပြန်ရောက်တော့ “ဖိတ်စာ” လေး တစ်စောင်က ဆီးကြိုနှင့်သည်။
**ဇော်ခိုင်ဦး**
(ရွှေအမြုတေ မဂ္ဂဇင်း၊မတ်လ ၂၀၁၁)

No comments:
Post a Comment