“ရည်းစားထားတယ်ဆိုတာ ကိုယ့်ကြိုးကွင်းကိုယ်စွပ်တာကွ” “ဒါဆိုအိမ်ထောင်ပြုတာကရော” “အိမ်ထောင်ပြုတယ်ဆိုတာ အဲဒီကြိုးကွင်းကိုဆွဲချလိုက်တာပဲပေါ့ကွ” ကျွန်တော်၏စကားအဆုံးတွင် သူငယ်ချင်းအားလုံး ရှုံ့မဲ့သွားကြသည်။ ယူဆရသည်မှာ ကျွန်တော်၏စကားလုံးများသည် ယင်းတို့အားလုံးကို ယာယီအသက်ရှုကြပ်သွားစေခဲ့ပုံရပါသည်။တစ်ချို့က ကိုယ့်လည်ပင်းကိုယ်ယောင်၍ စမ်းနေခဲ့သည်။
********************************** “ကမ္ဘာကြီးကကျယ်ပါတယ်ကွာ၊ သွားစရာနေရာတွေမှပြည့်လို့၊ ဘာကြောင့်ကိုယ့်ဘဝကို မိန်းမတစ်ယောက်ထံမှာ မြှုပ်နှံချင်ရ တာလဲ” ဤသို့ကျွန်တော်ပြောသည့်အခါတိုင်း ညီလေးသည်ပြုံးစိစိဖြင့် ပြန်ဖြေတတ်သည်။
“ကျွန်တော်တို့အတွက်တော့ မိန်းမတစ် ယောက်ဟာ ကမ္ဘာတစ်ခုပဲ အကိုရေ့”
**********************************
“လူတွေဟာကိုယ်ပိုင်ဆိုင်တဲ့အရာတွေကိုတော့ တွန့်တိုလိုက်ကြတာ၊ ကိုယ့်ဘဝတစ်ခုလုံးကိုတော့ တခြားသူလက်ထဲရက် ရက်ရောရောပေးတတ်ကြတယ်၊ ရယ်စရာကြီးပဲကွာ” သူငယ်ချင်းကတော့လိုက်၍မရယ်ခဲ့။ “ဘဝဆိုတာကရော ပေးဆပ်နေရတာပဲ မဟုတ်လားကွ”
**********************************
ထိုနေ့က နေသာသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်၏လက်ထပ်ပွဲက အုံ့မှိုင်းနေခဲ့သည်။ ကျွန်တော်၏ ကြိုးကွင်းစွပ်ပွဲသို့ မည်သူ့ကိုမျှမဖိတ်ကြားချင်တော့ပါ။ ဘဝမှာ တခါတရံလှလှပပ သတ်သေတတ်ဖို့သည်လည်း လိုအပ်ချက်တစ်ခု ဖြစ်နေခဲ့ပါသည်။
**ဒီနိုဗို**
-ပန်းကုံးစွပ်ပွဲ -

No comments:
Post a Comment