-ဘ၀အမောပြေ-
**မဆိုင်ရင် အသာနေ**
တစ်ခါက ထမင်းဆိုင်တစ်ဆိုင်မှာ ပုံမှန် ၀က်သားဟင်းနဲ့ပဲ လာစားနေကျသူတစ်ယောက်ရှိသည်။ ထိုသူက အနည်းငယ်ထူးဆန်းသည်။စားပွဲထိုးအား ၀က်သားနှင့်တပွဲဟု မှာပြီးလျှင် `ဟေ့ သူငယ်၊ ဒီမှာ ငါးကျပ် ၊ ထမင်းဟင်းတွေ လာချပြီးရင် မင်းတို့လဲ အနားမလာကြနဲ့၊ ဘာယူဦးမလဲလို့လဲ လာမမေးနဲ့ ၊ ဘာမှ မယူဘူး´ဟု ပြောလေတော့၏ ထိုဆိုင်တွင် ဗေဒင်ဆရာတစ်ယောက်လည်း ပုံမှန်ထမင်းလာစားလေ့ရှိလေ၏။ တနေ့ ဗေဒင်ဆရာက ၀က်သားဟင်းနဲ့ပုံမှန်စားနေသူကို `ထုံးစံအတိုင်း ၀က်သားနဲ့ပဲလား မိတ်ဆွေ´ဟု မေးလိုက်လေ၏။ ထိုသူသည် ဗေဒင်ဆရာအား အံသြသောမျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ ထို့နောက်.... `ခင်ဗျား ဒီဆိုင်က စားပွဲထိုးလား´ဟုမေးလိုက်လေရာ ဗေဒင်ဆရာက `မဟုတ်ပါဘူး ၊ကျုပ်က ဗေဒင်ဆရာပါ´ ဟု ပြန်ပြောလေ၏။ `ဗေဒင်ဆရာက ဘာဖြစ်လို့ ထမင်းဆိုင်ကိစ္စမှာ ၀င်ပြီး ပြောရတာတုန်း၊ စာပွဲထိုးလုပ်ချင်လို့ လေ့ကျင့်နေတာလား၊ စားပွဲထိုး လုပ်ချင်ရင် ကျုပ်ထိုင်မယ့်စားပွဲကို သွားပြီး အ၀တ်နဲ့သုတ်လိုက်၊ ဟိုမှာ ဟင်းစက်တွေ ကျနေတယ်´ဟု ပြောလိုက်ရာ.ဗေဒင်ဆရာလည်း ရှက်ခြင်း ဒေါသဖြစ်ခြင်းတို့ကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားလေတော့၏။ `ကျုပ်က ဘာဖြစ်လို့စားပွဲထိုးလုပ်ချင်ရမှာလဲ´ဟု ဒေါနှင့်မောနှင့် ပြန်ပြောလိုက်လေသည်။ `ခင်ဗျားက ဘာဖြစ်လို့ ၀က်သားနှင့်စားမလားလို့မေးရတာလဲ၊ ဒါကစားပွဲထိုးမေးရမယ့်စကားဗျ၊ ဒီမှာကိုယ့်လူ အူကြောင်ကြောင် မလုပ်နဲ့ နာသွားမယ်´ဟု ဆိုကာ ထိုသူလည်း ထမင်းပန်းကန်ထဲသို့ ဟင်းများသွန်ချကာစားသောက်နေလေတော့၏။ ထိုသူထွက်သွားသောအခါ ဗေဒင်ဆရာက အနီးအနားမှ သူများအား အရှက်ပြေစိမ့်သောငှာ... `ကျုပ်ကလဲ သတိမထားမိဘူး၊ဒီအချိန်မျိုးမှာ ခိုက်ရန်ဒေါသ ဖြစ်တတ်တယ်၊ ကျုပ်လဂ်ပေါ်မှာ အင်္ဂါနင်းပြီး စန်းပေါ်မှာ စေတန်ရောက်နေတယ်´ဟု ပြောလိုက်ရာ.. အနီးမှသူတစ်ဦးမှ.. `ဒီမှာ ဗေဒင်ဆရာကြီး လဂ်ပေါ်ကို အင်္ဂါနင်းလို့လည်းမဟုတ်ဘူး။ ခေါင်းပေါ်ကို ရာဟုနင်းလို့လည်း မဟုတ်ဘူး၊ ခင်ဗျားပါစပ်ကြီးက အငြိမ်မနေလို့ ဖြစ်တာ..၊ ဟိုလူ့မှာ ဘာအပြစ်မှ မရှိဘူး၊သူ့ဘာသူ ကြက်သားနဲ့ပဲစားစား၊ ၀က်သားနဲ့ပဲ စားစား ၊ခင်ဗျားအလုပ်မှ မဟုတ်တာ...´ဟု ပြောခံလိုက်ရလေသတည်း။
Posted by အောင်မင်းဦး

No comments:
Post a Comment