>
A man will be imprisoned in a room with a door that's unlocked and opens inwards; as long as it does not occur to him to pull rather than to push it.
~Ludwig Wittgenstein
တတိယနေ့၌ ကျွန်တော်တို့ ပြုံးတတ်လာကြပါသည်။ သို့ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါသည်။ စိတ်ထဲကမပါပေတဲ့ စိတ်ထဲကပါသလို ပြုံးရမယ်ဟူသော အပိုင်းဖြစ်သည်။ သင်တန်းဆရာကမူ အတော်ပင် စိတ်ပျက်နေပုံရသည်။ ဒီအပိုင်းမှာတင် တစ်နေကြပြီထင်တယ်၊ ဆရာတို့ ကြည့်လုပ်ကြပါဦးဟု ဆိုသည်။ ကျွန်တော်တို့သည် တည်ကြည်ခြင်း၏ ပရ၀ုဏ်အတွင်း၌ နှစ်ကာလအတော်ကြာအောင် လှည့်ပတ်သွားလာနေထိုင်ခဲ့သည်ဖြစ်ရာ ပြုံးခြင်းများမှာ လုံးလုံးချည်း ပပျောက်သွားခဲ့သည်မဟုတ်။ ရုပ်ကိုသိသော်လည်း နာမည်ဖမ်းရသည့်သူနှင့် တူနေခြင်းသာ ဖြစ်ပါသည်။ အရှေ့ဘက်နားဆီက လူတစ်ယောက်ကမူ အားလုံးပျော်စရာကောင်းတာတွေဖြစ်လာရင် ကျွန်တော်တို့ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ပြုံးတတ်လာကြမှာပါဗျာဟု ဆိုသည်။ သင်တန်းဆရာကမူ လက်ပိုက်ရင်း ကျွန်တော်တို့အားလုံးကို ကြည့်နေသည်။ ကျွန်တော်တို့ကို မြင်ပုံမရ။ သူ့မျက်စိရှေ့တွင် ရှိရှိသမျှတို့ ပျောက်ကွယ်နေပုံရသည်။ သို့ရာတွင် မျှော်လင့်ချက်များစွာမှာ သူ့မျက်နှာပေါ်တွင် လမ်းလျှောက်နေကြသည်။ သို့သော်...။ ဤနေရာတွင် "သို့သော်" ကို တန်ဖိုးထားကြစေချင်သည်။ သို့သော်၊ မျှော်လင့်ချက်များစွာမှာ မျှော်လင့်စရာမရှိတော့သည်ကို မျှော်လင့်ရင်း၊ မျှော်လင့်ချက်မရှိသည်တို့၏ ရှိနေနေခြင်းကို သိနေကြပုံရနေလေသည်။ ကနေ့အတွက်တော့ တော်လောက်ပြီထင်တယ်၊ လူကြီးမင်းတို့ဟု သင်တန်းဆရာကပြောပြီး စားပွဲတွင်တင်ထားသော သူ၏ စာရွက်စာတမ်းများကို သိမ်းနေသည်။ ရှေ့အလယ်ပိုင်းနားဆီက သင်တန်းသားတစ်ယောက်က မတ်တတ်ရပ်လိုက်ပြီး ခွင့်ပြုပါခင်ဗျာဟုပြောရင်း စကားပြောခွင့်တောင်းလိုက်သည်။
သင်တန်းဆရာက အသာမော့ကြည့်လိုက်ရင်း ခေါင်းညိတ်ပြလိုက်ရာ ထိုသင်တန်းသားက သင်တန်းကို မနက်ဖြန်ကျွန်တော်မလာနိုင်ဘူးဟု ပြောလေသည်။ သင်တန်းဆရာက ခဏကြာအောင် စိုက်ကြည့်နေပြီးမှ ဘာဖြစ်လို့လဲခင်ဗျာဟု အလွန်ပင်အားမရှိသောလေသံဖြင့် မေးသည်။ ကျွန်တော့်မှာ ပြုံးတာကို အလေ့အကျင့်လုပ်ဖို့ထက် ပိုပြီးအရေးကြီးတဲ့ကိစ္စရှိနေလို့ပါဟု သင်တန်းသားက တည်ကြည်သောအသံဖြင့် ဖြေသည်။ သင်တန်းဆရာမှာ အံ့အားသင့်သွားပုံရသည်။ ဘယ်လိုကိစ္စမျိုးပါလဲခင်ဗျာဟု သင်တန်းဆရာထံမှ မေးခွန်းတစ်ခု ထွက်လာသည်။ ရှေ့အလယ်ပိုင်းနားက သင်တန်းသားက ၀မ်းနည်းပါတယ်ခင်ဗျာဟု ယဉ်ယဉ်ကျေးကျေးတုံ့ပြန်လိုက်ပြီး ဘာဆိုတာ ကျွန်တော် အသေးစိတ်ရှင်းမပြနိုင်တာကို ခွင့်လွှတ်ပါ။ နေ့စဉ်ဘ၀ထဲမှာ ပြုံးတာထက်အရေးကြီးတဲ့ကိစ္စတွေ ရှိနေသေးတယ်ဆိုတာ ခင်ဗျားလည်းသိပြီးဖြစ်ပါလိမ့်မယ်ဟု ပြန်ပြောရင်း သင်တန်းဆရာကို မကြည့်တော့ဘဲ သူ၏လက်ဆွဲအိတ်အတွင်းသို့ စာရွက်စာတမ်းများ ထည့်နေလေသည်။ သင်တန်းဆရာကကလည်း ဘာမျှထပ်မပြောတော့ဘဲ အားလုံးကိုကြည့်ကာ တစ်ချက်ပြုံးပြလိုက်သည်။ ထိုအပြုံးမှာ စိတ်ထဲကမပါသော်လည်း စိတ်ထဲကပါသလို ပြုံးရမည်ဟူသော အပြုံးမျိုးဖြစ်လေမည်လားဟု ကျွန်တော်က တွေးကြည့်မိသည်။ ကျွန်တော့်ဘေးနားက သင်တန်းသားကို လှည့်ကြည့်လိုက်ရင်း ဘယ်လိုသဘောရသလဲဟု မေးလိုက်မိသည်။ ကျွန်တော့အမေးကို သူက မည်သို့နားလည်သည်မသိ၊ သစ်ပင်ရိပ်တွေအောက်က အဘွားကြီးဆိုင်သွားရင် မကောင်းဘူးလား။ အဘွားကြီးရဲ့ ကြက်ကြော်က အတော်ကောင်းတာ။ သူ့ဆိုင်မှာ ဈေးပေါပေါနဲ့ ရှမ်ပိန်လည်းရတယ်ဟု ဖြေသည်။ ကျွန်တော်သည် ရွေးချယ်ခြင်းဆိုသည်များကို ယာယီစွန့်ပစ်ကာ ဤသင်တန်းဆီသို့ လာခဲ့သူဖြစ်သဖြင့် သူ့ကို လွယ်လွယ်ကူကူ ခေါင်းညိတ်ပြလိုက်မိသည်။ အခန်းတံခါးကို တွန်းဖွင့်ကာထွက်သွားသော သင်တန်းဆရာ၏ကျောကို မြင်လိုက်ရသည်။ ကောင်ကလေးကိုတော့ နည်းနည်းသနားကြရင်ကောင်းမယ်ထင်တယ်ဟု ကျွန်တော်က ကျွန်တော့်ဘေးမှ သင်တန်းသားကိုပြောလိုက်ရာ ပညာတတ်ကလေးကိုလားဟု သူက ပြန်မေးသည်။ ကျွန်တော်က ပြန်မဖြေရသေးခင် ကျွန်တော့်ဘေးနားဆီမှ အခြားသင်တန်းသားတစ်ယောက်က ၀င်ပြောသည်။ ခင်ဗျားတို့ပြောနေတာ ကြားလိုက်မိလို့ပါ။ ခုလိုဝင်ပြောတာ ရိုင်းများသွားရင် ခွင့်လွှတ်ပါ။ ကောင်ကလေးက ပညာတတ်ကလေးဆိုတာကတော့ အမှန်ပဲ။ ဒီတော့လည်း ပညာတတ်တို့ရဲ့ထုံးစံအတိုင်း ပညာတတ်တာကလွဲလို့ သူ့ခေါင်းထဲမှာ ဘာမှမရှိဘူး။ ပညာတတ်တာကလွဲလို့ ဘာမှမတတ်ဘူးဘဲ ဆိုပါတော့။ ငယ်လည်းငယ်သေးတာကိုး။ ကတ်စတီဗင်(စ)သီချင်းထဲကလိုပေါ့။ You are young, that's your fault ဆိုတဲ့ အတိုင်းပဲဟု ပြောသည်။ ကျွန်တော်က ခေါင်းညိတ်ပြလိုက်ရင်း စာကြောင်းတစ်ကြောင်း ဖြည့်ပေးလိုက်မိသည်။ I am old but I am happy သူတို့က လက်ခုပ်တီးကြသည်။ ကျွန်တော့်နံဘေးမှသင်တန်းသားက သူ့နံဘေးမှသင်တန်းသားကိုကြည့်လိုက်ရင်း လိုက်မလားဟုမေးသည်။ ဘယ်ကိုလဲလို့ ကျွန်တော် မမေးတော့ဘူး။ ဒီသင်တန်းကလွဲရင် ဘယ်နေရာဖြစ်ဖြစ်ကောင်းမှာဟု သူက ပြန်ပြောသည်။ သင်တန်းအပေါ် ကောက်ချက်လည်းချလိုက်သည်။ နောက်တော့ ကျွန်တော်တို့သုံးယောက်သား သင်တန်းခန်းမထဲမှ ထွက်လာခဲ့ကြတော့သည်။ အတော်ကြာအောင် တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြ။ သစ်ပင်အုပ်ကလေးကို စမြင်လာသည့်အခါတွင် သင်တန်းတက်ရသည်ကို ဘ၀င်ကျပုံမပေါ်သည့်သူထံမှ အသံကို စပြီးကြားလာရသည်။ ကျုပ်ဟာ သမ္မတအဆက်ဆက် အကြံပေးလာတဲ့ကောင်ပါ။ အလကားအကောင် မဟုတ်ပါဘူး။ ခုခါမှ.. ပြောပြီး စကားရပ်သွားသည်။ ခုခါမှ ဘာဖြစ်လို့တုံးဟု ကျွန်တော့်နံဘေးမှလူက မေးလိုက်သည်။ ခုခါမှ..ဟု ပြောပြီး ထိုလူက စကားဆက်ပြန်သည်။ ခုခါမှ.. ကျုပ်က အကြံမပေးရတော့ဘူး။ မပေးရဘူးဆိုတာက ခုတက်တဲ့ သမ္မတကို အကြံပေးတာ သမ္မတကြီးရဲ့ မိန်းမနဲ့ အဆက်အသွယ်ရှိတဲ့လူတွေချည်းပဲ။ မိန်းမတွေက သူတို့ယောက်ျားတွေကို သမ္မတအကြံပေးအရာရှိဖြစ်အောင် ၀ိုင်းလုပ်ပေးကြတာ။
သူ့စကားဆုံးသွားသည်နှင့် ကျွန်တော်က မစောင့်နိုင်တော့ဘဲ ချက်ချင်းမေးလိုက်မိသည်။ ခင်ဗျားမိန်းမကကော အဲဒီလိုလုပ်မပေးနိုင်ဘူးလား။ စမ်းကြည့်ခိုင်းပါလားဟု ကျွန်တော်က မေးရင်း ပြောလိုက်သည်။ သူက ပြန်ပြောသည်။ ကျုပ်မိန်းမနဲ့ကတော့ မဖြစ်ပါဘူးဗျာ။ ကျုပ်တို့သင်တန်းဆရာမျိုး။ ပညာတတ်၊ တက္ကသိုလ်က ပါမောက္ခ။ အားတဲ့အချိန်မှာ ကဗျာဖတ်တယ်။ ကဗျာအကြောင်း ဖတ်တယ်။ ကဗျာဖတ်တယ်ဆိုတော့လည်း ဘယ်မှာအသုံးတည့်မှာလဲ။ သူ့လောကကြီးထဲမှာ သူနေတာ၊ သိတယ်မဟုတ်လား။ ကဗျာရယ်၊ ကဗျာရေးတဲ့လူရယ်ဆိုတာက သူတို့လောကကြီးထဲ သူတို့နေတာ။ သူက ဘာမျှ ဆက်မပြောတော့။ ကျွန်တော်ကလည်း ဆက်မမေး။ ကဗျာအကြောင်း စာအကြောင်းဆိုသည်မှာ ကျွန်တော်နှင့် သိပ်မရင်းနှီးလှသည့် ဘာသာရပ်များဖြစ်သည်။ ကျွန်တော့်နံဘေးမှ လူကမူ ကျွန်တော့်ကဲ့သို့မဟုတ်။ ကဗျာဖတ်တာပဲဗျာ ဘယ်သူ့ကိုမှ အန္တရာယ်လုပ်တာမှ မဟုတ်ဘဲ။ ခင်ဗျားရဲ့ သမ္မတအဆက်ဆက်ကို အကြံပေးလာတယ်ဆိုတာမျိုးကသာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တာဟု ပြောလိုက်သည်။ ကျွန်တော်ကတော့ ပြုံးလိုက်မိသည်။ တကယ်ပြုံးချင်လို့လား၊ အပျင်းပြေပုံးမိသည်လား။ စိတ်ကူးထည်တစ်ခုခု၏ စေ့ဆော်မှုလားဆိုသည်ကို မပြောနိုင်။ ပြုံးခြင်းအတွက် ဆင်ခြေတစ်စုံတရာလိုမည်ဟု ကျွန်တော်မထင်။ သမ္မတအဆက်ဆက် အကြံပေးလာခဲ့သူဟု ဆိုသူက ပြောပြန်သည်။ ဟုတ်တယ်၊ ခင်ဗျားပြောသလိုပဲ၊ ကဗျာဖတ်တာ အန္တရာယ်မရှိဘူး။ ကျုပ်ပေးတဲ့အကြံလွဲသွားရင် အန္တရာယ်ရှိတယ်ဆိုတာ အမှန်ပဲ။ တကယ့်ဘ၀ကြီးဟာ အန္တရာယ်ကို ရှိနေတာ။ ပြေးမလွတ်ဘူး။ ဒီတော့ တကယ့်ဘ၀ကြီးထဲမှာ နေရင် အန္တရာယ်ရှိတယ်ဆိုတာကို ရှောင်လို့မရဘူး။ အန္တရာယ်မရှိအောင်နေရမယ်၊ ရန်မရှိအောင်နေရမယ်ဆိုတာက အဲဒီ ကဗျာဆိုတာကိုရေးတဲ့လူတွေရဲ့ လက်တွေ့မကျတဲ့အမြင်ပဲ။ ကျုပ်မိန်းမက အဲသလိုမျိုး။ ကျုပ်ကလည်း ကျုပ်မိန်းမကို အားကိုးချင်လို့ပြောတာ မဟုတ်ပါဘူး။ ခက်နေတာက သမ္မတကိုယ်တိုင်က မိန်းမကို ကြောက်နေရတာပဲ။ ခု သမ္မတက အိမ်က မိန်းမလည်းကြောက်၊ ယောက္ခမလည်းကြောက်။ ယုတ်စအဆုံး သူတို့နေတဲ့လမ်းထိပ်နားဆီက သူ့ကို လက်ညှိုးထိုးထိုးပြီးဆဲနေတဲ့ အရူးမကိုတောင် ကြောက်ရလို့။ အဲဒီအရူးမကို ငြိမ်အောင် အိမ်နဲ့ ရာနဲ့၊ အစောင့်အရှောက်နဲ့၊ ထမင်းချက်၊ ကားနဲ့ ကားမောင်းသမား ပေးထားလိုက်သတဲ့။ တောက်... မိန်းမတွေဟာဟု ပြောပြီး စကားဖြတ်လိုက်တော့သည်။ ဤနေရာတွင် ကျွန်တော့်အနေဖြင့် မှန်ခြင်း၊ မှားခြင်းကို တစ်စုံတရာ ထောက်ခံပြောဆိုခြင်း မပြုနိုင်ပါ။ ကျွန်တော်ကိုယ်တိုင် ဤသင်တန်းသို့ လာတက်ရခြင်းမှာ အိမ်မှ ငယ်ကပေါင်း ကျောင်းအမကြီး၏ အစီအစဉ်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ရှင် အချိန်စေ့တော့မယ်။ သင်တန်းသွားတက်ထားချေဟုဆိုကာ သက်ဆိုင်ရာအာဏာပိုင်နှင့် အချိတ်အဆက်ပြုပြီး စေလွှတ်လိုက်ခြင်းဖြစ်သည်။ ဤသင်တန်းမျိုးမှာ တက်ချင်တိုင်းတက်၍ မရသည်မှာ မှန်သော်လည်း လာတက်နေရသူများမှာ အာဏာတစ်စုံတရာအခြေခံပြီး တွန်းပို့စနစ်အရ စေလွှတ်ခြင်းခံရသူများသာ ဖြစ်နေသည်။ သမ္မတအဆက်ဆက် အကြံပေးလာခဲ့သူ၏ ပြောပုံအရသော် ဤနေရာတွင် မိန်းမနှင့်အာဏာကို ခွဲခြားထား၍ ရနိုင်မည့်ပုံမပေါ်။ မိန်းမတို့အနေဖြင့် အာဏာဆိုသည်မှာ မွေးရာပါအခွင့်အရေးတစ်ရပ်ဟု မြင်ကောင်းမြင်ထားကြသည်လားဟု တွေးကြည့်လိုက်မိသည်။ တွေးနေတုန်းမှာပင် သစ်ပင်ရိပ်အောက်မှ အဘွားကြီးဆိုင်သို့ ရောက်လာတော့သည်။ ကျွန်တော်က သင်တန်းမစမီ သုံးရက်ကြိုပြီး ရောက်လာခဲ့သူဖြစ်ပြီး ထိုနေ့မှစ၍ နေ့စဉ်လိုပင် အဘွားကြီးဆိုင်သို့ ရောက်ဖြစ်သည်။ ကျွန်တော့်နံဘေးမှလူကလည်း ရောက်ဖူးသည်။ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသူကမူ မရောက်သေး။ ကျွန်တော့်ကိုတွေ့လိုက်သည်နှင့် အဘွားကြီးက မာကြောင်းသာကြောင်းမေးပြီး ကြက်ကြော်နှင့် ရှမ်ပိန်ပဲလားဟု မေးသည်။ ကျွန်တော်က သူ့ကို နောက်သည့်အနေဖြင့် ခင်ဗျားဆိုင်မှာ ကြက်ကြော်နှင့်ရှမ်ပိန်ကလွဲလို့ ဘာရှိလို့တုံးဟု မေးလိုက်ရာ သူက ဒါပဲရှိတယ်ဟု ပြန်ဖြေရင်း ရယ်သည်။ ကျွန်တော့်နံဘေးမှလူက ခင်ဗျားဆိုင်ကို ကျွန်တော်သဘောကျတာ အဲဒီအချက်ပဲ။ ဘာမှ ရွေးချယ်စရာမရှိဘူး။ ရွေးစရာရှိတာတွေများရင် ရွေးရတာအချိန်ကုန်တယ်ဟု ပြောသည်။ သမ္မတအဆက်ဆက်ကို အကြံပေးလာခဲ့သူဟု ဆိုသူကမူ တုန်လှုပ်သွားသည်။ လန့်သွားပုံရသည်။ ဘာဖြစ်လို့ ရွေးစရာမရှိရတာလဲ။ ရွေးချယ်စရာမရှိရင် ကျွန်တော့်ရဲ့အခွင့်အရေး ဆုံးရှုံးသွားတဲ့သဘောပဲ။ ရွေးချယ်စရာတစ်ခုခုတော့ ရှိရမျာပေါ့ဟု ၀င်ပြောသည်။ ကျွန်တော်တို့ကတော့ သူပြောတာကိုနားထောင်ရင်း ကုလားထိုင်မှာ ၀င်ထိုင်လိုက်ကြသည်။ ဖင်ကိုအသားကျအောင် နေရာပြင်ထိုင်လိုက်ပြီးမှ ရွေးချယ်စရာမရှိဘူးဆိုတာကိုက ရွေးချယ်လိုက်ရခြင်းတစ်ခုပဲပေါ့ဟု သူ့ကို ပြောလိုက်မိသည်။ သူလည်း ထိုင်ခုံအလွတ်တစ်ခုတွင် ၀င်ထိုင်လိုက်ရင်း အံ့အားသင့်သွားသည့်မျက်နှာထားဖြင့် ကျွန်တော်တို့နှစ်ယောက်ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ အဘွားကြီးကမူ ဆိုင်၏နောက်ဘက်အခန်းထဲ ၀င်သွားတော့သည်။ အသက်ငယ်ငယ်အမျိုးသမီးကလေးတစ်ယောက်က ကျွန်တော်တို့အတွက် ပန်းကန်ပြား၊ ခက်ရင်းနှင့် ဓားများယူလာကာ စားပွဲပေါ်တွင် ချပေးလေသည်။ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသူက ကျွန်တော့်အဖြေစကားအပေါ် ဘ၀င်ကျပုံမရ။ သူသည် ဘာကိုမျှ သိပ်ဘ၀င်ကျပုံမရသည့်လူ။ ဖင်ကြားထဲ ခဲခုနေပုံရသည်။ အမျိုးသမီးကလေးကို ကြည့်လိုက်ရင်း မင်းတို့ဆိုင်မှာ ဘာမှရွေးချယ်စရာမရှိဘူးဆိုတာ ဟုတ်သလားဟုမေးလိုက်ရာ အမျိုးသမီးကလေးက ပြုံးပြုံးကလေးဖြင့် သူ့ကိုကြည့်လိုက်ရင်း ရှင် နားလည်မှုလွဲလို့နေမှာပါ။ ကျွန်မတို့ဆိုင်မှာ ကြက်ကြော်နဲ့ ရှမ်ပိန်ရပါတယ်။ ရှင်ဆိုလိုချင်တာက ကျွန်မတို့ဆိုင်မှာ ကြက်ကြော်နဲ့ရှမ်ပိန်ရပါတယ်။ ရှင်ဆိုလိုတာက ကျွန်မတို့ဆိုင်မှာ သစ်သားတို့၊ သေနတ်တို့၊ ညှပ်ဖိနပ်တို့ ရောင်းသေးသလားလို့ မေးချင်တာလားဟု ပြန်မေးလေသည်။ ကျွန်တော်နှင့် ကျွန်တော့်နံဘေးကလူကမူ ပြုံးလိုက်မိသည်။ ထိုအပြုံးထဲတွင် ကျေနပ်နှစ်လိုခြင်းပါသွားကြောင်း အသေအချာ သိလိုက်မိသည်။ သမ္မတအဆက်ဆက်အကြံပေးခဲ့ရသောလူက ကြိုးစားကာပြုံးလိုက်ရင်း အမျိုးသမီးကလေးကို မေးပြန်သည်။ ငါဆိုလိုတာက မင်းတို့ဆိုင်မှာ ကြက်သားကြော်အပြင် ပုဇွန်တို့၊ ငါးတို့၊ ဒိန်ခဲတို့တွေများ ရနိုင်သလား၊ ရောင်းသလားလို့ပါဟု ပြောသည်။ အမျိုးသမီးကလေးက အသေအချာစဉ်းစားကြည့်လိုက်ပုံရသည်။ ပြီးမှ ဒါတွေက ကြက်ကြော်လို စားစရာပဲမဟုတ်ဘူးလားဟု ပြန်မေးလေသည်။ မှန်ပါတယ်။ စားစရာတွေပါပဲဟု သူက ပြန်ဖြေသည်။ ဒီလိုဖြင့် ရွေးချယ်စရာရှိနေလည်း ဘာထူးမှာလဲ။ စားစရာတွေချည်းပဲမို့ ရွေးချယ်ခြင်းဟာ ရွေးချယ်ခြင်းအတွက်သက်သက်ပဲ နေမှာပေါ့။ ကျွန်မတို့ဆိုင်မှာ ကြက်ကြော်ရော၊ သစ်သားရော၊ သေနတ်ရော ရောင်းတယ်ဆိုလို့ရှိရင် ရှင့်အနေနဲ့ ကြက်ကြော်အစား သစ်သားဖြစ်ဖြစ်၊ သေနတ်ဖြစ်ဖြစ်ကို ရွေးချယ်နိုင်ရင်တော့ တစ်မျိုးပေါ့။ မဟုတ်ဘူးလားဟု ပြန်ပြီးမေးတော့သည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့ရသောလူက တစ်ခုခုပြန်ပြောမည်ဟုလုပ်နေစဉ် အမျိုးသမီးကလေးက ဆက်ပြီး ပြောပြန်သည်။ ခု ကျွန်မတို့ဆိုင်မှာ ကြက်ကြော်ပဲရတယ်ဆိုပေတဲ့ ရှင့်ကို ရွေးချယ်ခွင့်ပေးထားတာပဲ။ ရှင်ရွေးချယ်ဖို့က ကြက်နဲ့ပုစွန်အကြား၊ ကြက်နဲ့ ဒိန်ခဲအကြားမဟုတ်ဘူး။ စားမလားနဲ့ မစားဘူးလားအကြားက ရွေးချယ်မှုပဲဟု ပြောပြီး ယဉ်ယဉ်ကျေးကျေးပြုံးပြလိုက်သည်။ ထိုထိုသော ယဉ်ကျေးသည့်အပြုံးမျိုးများသည် အနိုင်ရသူတို့ ပြုံးလေ့ရှိသော အပြုံးမျိုးဖြစ်၏။ ထို့နောက် အမျိုးသမီးကလေးက လှည့်ထွက်သွားတော့သည်။ ကျွန်တော်နှင့် ကျွန်တော့်နံဘေးမှလူတွင် အပြုံးများ မျက်နှာသို့တက်မလာ။ သို့ရာတွင် ကျွန်တော်တို့၏ ကိုယ်ခန္ဓာအတွင်း အပြုံးများကခုန်နေကြောင်း ကျွန်တော်တို့ဘာသာ သိနေမိကြသည်။ ကြက်ကြော်နှင့်ရှမ်ပိန်ရောက်လာသောအခါ ကျွန်တော်တို့ ကျေနပ်သာယာစွာဖြင့် စားသောက်ကြရင်း ရောက်တတ်ရာရာ ပြောဆိုနေမိကြသည်။ ကျွန်တော့်နံဘေးမှလူက မဆီမဆိုင် အကြောင်းတစ်ခုကို ပြောလိုက်သည်။ မနက်ဖြန်ကျရင် ပြုံးရယ်ခြင်းသင်တန်းကို မလာနိုင်ဘူးဆိုတဲ့ငတိကို သိသလားဟု မေးသည်။ ရေးတေးတေးပဲဟု ကျွန်တော်က ဖြေသည်။ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသောလူကမူ လွယ်လွယ်ပင် ခေါင်းခါသည်။ ရှိတ်မိုဟာမက်ကြီးရဲ့တူ။ အရင်က သူတို့နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး။ ခုတော့ အနားပေးထားတယ်။ မကြာခင် ရာထူးကောင်းကောင်းရမှာ။ မရလည်း သူ့ဦးလေးက ၀ယ်ပေးမှာ။ သူတို့အတွက် ပိုက်ဆံက အရေးမကြီးဘူး။ ဂုဏ်ကအရေးကြီးတယ်။ ကမ္ဘာ့ဘဏ်တို့၊ အိုပက်တို့မှာ နေရာရမှာဟု သူက အရှည်ကြီးရှင်းပြသည်။ ဒီလိုဖြင့် သူက ဘာဖြစ်လို့ ဒီသင်တန်းကိုလာရတာလဲဟု ကျွန်တော်က မေးကြည့်လိုက်မိသည်။ ဟုတ်သားပဲဟု သမ္မတအဆက်ဆက် အကြံပေးလာခဲ့ရသူက ၀င်ပြီးထောက်ခံသည်။ သူကပဲ ဆက်ပြီး ပြောပြန်သည်။ ဒီသင်တန်းက အနာဂတ်အတွက် အသုံးမတည့်တော့တဲ့လူတွေအတွက် လုပ်တဲ့သင်တန်းမဟုတ်ဘူးလားဟု မေးပြောပြောသည်။ ကျွန်တော့်နံဘေးမှလူကမူ ထိုအမေးကို ဖြေချင်ပုံမပေါ်။ ရှိတ်ကြီး၏ တူအကြောင်းကိုသာ ဆက်ပြောပြသည်။ ဒါကလည်း ဂုဏ်အတွက်ပဲနေမှာ။ ဒီသင်တန်းက ကမ္ဘာပေါ်မှာ ပထမဦးဆုံးလုပ်တဲ့သင်တန်းဆိုတော့ ပထမတန်းကနေချင်တဲ့ သူတို့အတွက် အကွက်ပဲလို့ ထင်ချင်ထင်မှာဟုဆိုသည်။ ထိုနေ့က အတော်လေးမိုးချုပ်မှ ကျွန်တော်တို့အခန်းသို့ ပြန်ကြသည်။ ကျွန်တော်နှင့် ကျွန်တော့်နံဘေးမှလူကမူ နေ့စဉ်လိုလိုပင် ထိုဆိုင်ကလေးသို့သွားကာ အချိန်ဖြုန်းလေ့ရှိသည်။ ရံဖန်ရံခါ သမ္မတအဆက်ဆက်ကို အကြံပေးခဲ့ရသူလည်း ပါသည်။ ကျွန်တော်တို့နှစ်ယောက်တည်း ရှိနေကြသောအခါ ကျွန်တော်တို့ အိမ်၏အကြောင်း၊ မိသားစုအကြောင်း၊ အိမ်တွင်မွေးထားသောခွေးများ၊ ကြောင်များအကြောင်းသာ ပြောဖြစ်ကြသည်။ သူနှင့်ကျွန်တော်မှာ သဘာဝချင်းဆင်သောအလုပ်မျိုးတွင် ပတ်သက်နေသည်ကို သူရောကျွန်တော်ပါ သိလေသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ဘ၀တစ်လျှောက်လုံး ပတ်သက်နေခဲ့သောအလုပ်များမှ ရှောင်ပြေးပုန်း၍ မရနိုင်သူများဖြစ်လေသည်။ ကျွန်တော်တို့ကိုလိုအပ်လျှင် ကျွန်တော်တို့၏တာဝန်ကို ထမ်းဆောင်ပါမည်ဟု ကျမ်းသစ္စာကျန်ဆိုထားမိကြသူများ ဖြစ်လေသည်။ ဆယ်ရက်ပြည့်သောအခါ သင်တန်းပြီးဆုံးသွားပါတော့သည်။ ထိုနေ့ညနေဘက်က ကျွန်တော်တို့သုံးယောက်သား အဘွားကြီးဆိုင်သို့သွားကာ ကြက်ကြော်နှင့်ရှမ်ပိန် စားကြသောက်ကြသည်။ အဘွားကြီးကိုလည်း နှုတ်ဆက်ရင်း လက်ဆောင်ပေးကြသည်။ သမ္မတအဆက်ဆက်အကြံပေးခဲ့ရသူကမူ ဆိုင်မှ အမျိုးသမီးကလေးကို ငွေတစ်ရာ တစ်(ပ)ပေးရင်း ရွေးချယ်မှုမှာ ကာလနဲ့ဒေသတို့ရဲ့ ဆက်စပ်မှုဟာ လိုအပ်တယ်ဆိုတာ မင်း သတိပေးလိုက်ပေလို့ပဲဟုပြောရင်း ကျေးဇူးတင်စကားဆိုသည်။ အဘွားကြီးနှင့် စကားပြောနေရင်း အဘွားကြီးမှာ မျက်လုံးတစ်လုံးသာမြင်ကြောင်း သိလိုက်ရသည်။ သူသည် သူ့ဘ၀တစ်လျှောက်လုံး မျက်လုံးတစ်လုံးမှအမြင်ဖြင့်သာ ကြီးပြင်းလာခဲ့ရသည်ဟု ဆိုသည်။ သို့ရာတွင် စိတ်ဓာတ်ကျခဲ့ပုံမရ။ သမ္မတအဆက်ဆက် အကြံပေးခဲ့ရသူက ကျွန်တော်တစ်ခုပြောပါရစေ။ စော်ကားတယ်တော့ မထင်ပါနဲ့ဟု စကားခံပြီး မျက်လုံးတစ်လုံးတည်းမှ မြင်ရတဲ့အတွက် ကောင်းတဲ့အလားအလာကို ပြောပါရစေဟု ပြောလေသည်။
ပြောစမ်းပါရှင်၊ ရယ်စရာဆိုရင်လည်း အတူရယ်ကြရတာပေါ့ဟု ပြောရင်း ခွင့်ပေးသည်။ ကျုပ်က သမ္မတအဆက်ဆက် အကြံပေးလာခဲ့ရတော့ သမ္မတတွေအကြောင်း သိတယ်ဟုပြောပြီး စကားစလိုက်သည်။ ရှမ်ပိန်ကို တစ်ငုံငုံလိုက်ပြီးမှ သူ့စကားကို ဆက်သည်။ ဒီလို။ သမ္မတဖြစ်ဖို့ အကောင်းဆုံးလူတွေဟာ မျက်လုံးတစ်လုံးတည်းက မြင်ရတဲ့လူတွေပဲ။ မျက်လုံးနှစ်လုံးနဲ့လူတွေဟာ သမ္မတဖြစ်ချင်ရင် မျက်လုံးတစ်လုံးတစ်လုံးကို မှိတ်ပြီး မှန်ထဲကြည့်ရင်း ငါသမ္မတဖြစ်ရမယ်လို့ နေ့စဉ်ပြောရသတဲ့။ အလေ့အကျင့်လုပ်ပြီး သတိပေးတဲ့သဘော၊ အားပေးတဲ့သဘောတဲ့ဟု ပြောသည်။ ကျွန်တော်နှင့် ကျွန်တော့်ဘေးကလူတို့ တိုင်ပင်မထားဘဲ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်မိကြသည်။ အဘွားကြီးကိုယ်တိုင်လည်း နားလည်ပုံမပေါ်။ ဘာဖြစ်လို့ မျက်စိနှစ်လုံးစလုံးနဲ့ မှန်ကြည့်ပြီး ပြောလို့မဖြစ်ရတာလဲဟု အဘွားကြီးက မေးသည်။ သမ္မတအဆက်ဆက် အကြံပေးလာခဲ့သူက အဘွားကြီးကိုကြည့်ကာ သမ္မတတို့၊ နိုင်ငံခေါင်းဆောင်တို့ဆိုတာတွေရဲ့ မျက်လုံးနှစ်လုံးမှာ တစ်လုံးက တိုင်းသူပြည်သားတွေကိုကြည့်ဖို့၊ တစ်လုံးက ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့လို့ အဆိုရှိတာကို ခင်ဗျားကြားဖူးပုံမပေါ်ဘူးဟု ပြောသည်။ အဘွားကြီးက ခေါင်းခါပြလိုက်သည်။ ဒါကြောင့်မို့ပဲ သမ္မတမဖြစ်ခင်မှာ ကိုယ့်ကိုယ်ကိုယ်ကြည့်ဖို့ထားတဲ့ မျက်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်ရင်း ငါ သမ္မတဖြစ်ရမယ်လို့ မှန်ထဲကြည့်ပြီး နေ့စဉ်ပြောရတာဟု သမ္မတအဆက်ဆက် အကြံပေးလာရသူက ဖြေလေသည်။ ဒီတော့ သမ္မတဖြစ်သွားတဲ့အခါကျတော့ကောဟု အဘွားကြီးက မေးပြန်သည်။ သမ္မတအဆက်ဆက်ကို အကြံပေးလာခဲ့ရသူက ချက်ချင်းမဖြေ။ ရှမ်ပိန်ခွက်တစ်ဝက်ခန့်ကို အသာမြုံပြီးမှ သမ္မတဖြစ်လာတော့ မျက်လုံးနှစ်လုံးနဲ့ ကြည့်ပါတယ်။ ဒါပေတဲ့ ကိုယ့်ပုံကိုယ် မှန်ထဲကြည့်လာခဲ့တာက အတော်အသားကျနေပြီဖြစ်လို့ မျက်လုံးနှစ်လုံးနဲ့ မှန်ထဲက ကိုယ့်ပုံကိုယ် ကြည့်တော့တယ်။ တိုင်းသူပြည်သားကို လှည့်ကြည့်ဖို့ မေ့ကုန်ကြတယ်ဟု ဖြေလေသည်။ ကျွန်တော်တို့ လက်ခုပ်မတီးဘဲ မနေနိုင်ကြတော့ပါ။ ကျွန်မသာ သမ္မတဖြစ်ခဲ့ရင် ရှင်အကြံပေးမလားဟု အဘွားကြီးက မေးသည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့သူက ထိုင်ရာကထပြီး ဦးညွှတ်ကာ အချိန်မရွေး၊ အဆင်သင့်ပါ။ တစ်ရေးနိုးလှမ်းခေါ်တောင် ရောက်အောင်လာခဲ့ပါ့မယ်ဟု ပြန်ပြီး ပြောလေသည်။ ထိုနေ့ညနေကမူ ကျွန်တော်တို့အတွက် နောက်ဆုံးညနေဖြစ်၍ အဘွားကြီးဆိုင်တွင် မိုးအတော်ချုပ်သည်အထိ အချိန်ဖြုန်းခဲ့ကြသည်။ နောက်နေ့မနက်မှာမူ စိတ်ဝင်စားစရာကောင်းသည်။ သင်တန်းပြီးဆုံးသွားသဖြင့် မနက်ဘက်တွင် အမှတ်တရ လက်ဖက်ရည်ပွဲကလေး ကျင့်ပလေသည်။ သင်တန်းဆင်းပွဲဟူ၍ကား မခေါ်။ မခေါ်ရသည်မှာ သင်တန်းသည် အစနှင့်အဆုံးရှိသော သင်တန်းမျိုးမဟုတ်၍တစ်ကြောင်း၊ သင်တန်းကို လာရောက်ကြသူများသည် သင်တန်းတွင်ပို့ချနေသူများထက် အသက်အရွယ်အားဖြင့် ကြီးရင့်နေကြသည်ဖြစ်၍တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။ နမူနာပေးပြောရမည်ဆိုသော် သင်တန်းကိုဦးဆောင်သော ပညာရှင်အမျိုးသမီးမှာ ကျွန်တော့်သမီးနှင့်အတူ ကျောင်းတက်ဖက်ဖြစ်သည်။ ထိုအမျိုးသမီးမှာ အသက် ၄၀ ခန့်သာ ရှိသေးသော်လည်း သုတေသနလုပ်ငန်းများတွင် သူ့ဘ၀တစ်ခုလုံးကို မြှုပ်နှံကာ ပညာနောက် ကောက်ကောက်ပါအောင်လိုက်ခဲ့သူဖြစ်သည်။ ပညာရပ်ဆိုင်ရာစာအုပ် အတော်များများရေးခဲ့ရာ စာအုပ်တိုင်းလိုလိုမှာ ပညာရပ်ဆိုင်ရာ အဆောက်အအုံများက မှီးရ၊ ကိုးရ၊ ညွှန်းကြရပါသည်။ သူသည် အိမ်ထောင်မပြုဖူး၍ သားသမီးမမွေးဖွားခဲ့ဖူးသော်လည်း သူ ရေးသားသော ကလေးသူငယ်တို့ကို စောင့်ရှောက်နည်း၊ ဆယ်ကျော်သက်တို့ကို ထိန်းကျောင်းနည်း၊ အိမ်ထောင်ရေးအဆင်ပြေနည်းကျမ်း... စသည်များမှာ ဆယ်ကြိမ်မက ပြန်လည်ပုံနှိပ်ထုတ်ဝေရသည်။ အခုသင်တန်းမှာလည်း သူ၏ ဉာဏ်ကြီးလှသော ဦးနှောက်အတွင်းက မွေးဖွားပေးခဲ့သော စီမံကိန်းတစ်ခုသာ ဖြစ်ပါသည်။ ကျွန်တော်တို့က သင်တန်းဟု စကားအဖြစ်ခေါ်သော်လည်း သူတို့အတွက်မှာမူ စီမံကိန်းသာဖြစ်ပါသည်။ စီမံကိန်း၏ ကနဦးအမည်မှာ "ပညာအရာ၌ ပေါက်ရောက်ခဲ့ကြသော်လည်း သစ်လွင်နေသော လူ့အဖွဲ့အစည်းအတွက် အသုံးမတည့်ဖြစ်တော့မည့်သူများကို ပြန်လည်ထိန်းကျောင်းပေးခြင်း စီမံကိန်း" ဟူ၍ပင်ဖြစ်သည်။ ကျွန်တော်တို့သင်တန်းသားအများစုကမူ သင်တန်းဟူ၍သာ ခေါ်ကြပြီး စီမံကိန်းဟု မခေါ်ကြ။ စီမံကိန်းမှာ ယဉ်ကျေးမှုတော်လှန်ရေးကာလက လုပ်ခဲ့သော ပြန်လည်ပညာပေးရေးအစီအစဉ်နှင့် တစ်သဘောတည်း ဖြစ်ပုံရသည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့သူကမူ ပို့စ်မော်ဒန်ကာလ ပြန်လည်ပညာပေးရေးစီမံကိန်းဟု နောက်တောက်တောက်ဖြင့် မကြားတကြားခေါ်လေ့ရှိသည်။ ကျွန်တော်တို့ကလည်း အထိုက်အလျောက်တော့ သဘောတူသည်။ ဤသင်တန်း သို့မဟုတ် (သူတို့အခေါ်) စီမံကိန်းမှာ လောလောဆယ်အနေအထားတွင် ပိုက်ဆံရှိ/အာဏာရှိ တိုင်းပြည်များအတွက်သာ ဖြစ်ပါသည်။ တတိယကမ္ဘာကနိုင်ငံများ၊ နွမ်းပါးသောနိုင်ငံငယ်များမှ ပုဂ္ဂိုလ်များအတွက် ထည့်မစဉ်းစားကြပါ။ စီမံကိန်း၏ အကြီးအကဲ အမျိုးသမီးကြီး ပြောစကားအရသော် ထိုနိုင်ငံများမှာ အချင်းချင်းအာဏာလုကြရင်းဖြင့်သော်လည်းကောင်း၊ ဒီမိုကရေစီဟူသောစကားလုံးကို လိုသလိုအနက်ဖော်သုံးစွဲရင်း တိုင်းသူပြည်သားများကို ဖြားယောင်းနေကြရင်းဖြင့်သော်လည်းကောင်း အချိန်ကုန်နေကြသဖြင့် ထည့်သွင်းစဉ်းစားရန် မလိုသေးကြောင်း သိရသည်။ ထိုနေ့မနက်က လက်ဖက်ရည်ပွဲတွင် စီမံကိန်း၏ အကြီးအကဲအမျိုးသမီးနှင့် သင်တန်းဆရာများက လိုက်လံနှုတ်ဆက်စကားပြောရင်း သူတို့၏ လိပ်စာကတ်ပြားလေးများ ပေးကြသည်။ သင်တန်းဆင်းလက်မှတ်တော့ မပေး။ မပေးရသည်မှာ သင်တန်းဆင်းလက်မှတ်ပေးရမည့်အရွယ်များ မဟုတ်သည်ကတစ်ကြောင်း၊ အခြားအကြောင်းတစ်ခုမှာ ယခုသင်တန်းသို့ လာရောက်ကြသူများသည် သင်တန်းကို တစ်စက်ကလေးမျှ အထင်မကြီးကြသူများဖြစ်သည်ကို သူတို့ဘာသာသိထားကြသောကြောင့်တစ်ကြောင်းတို့ကြောင့် ဖြစ်ပေသည်။ ပြုံးတတ်ရန်သင်ကြားပေးသည့် နည်းပြဆရာကလေးနှင့် လိမ်တတ်ရန် သင်ကြားပေးသော ဆရာမကလေးတို့နှစ်ယောက်သားမှာ ကျွန်တော်တို့သုံးသောက်သားနှင့် အချိန်အတော်ကြာအောင် မတ်တတ်ရပ်ရင်း စကားပြောဖြစ်ကြသည်။ ကျွန်တော်တို့၏မျက်နှာများမှာ တပြုံးပြုံးနှင့်ဖြစ်နေ၍ လိမ်တတ်အောင်သင်ကြားပေးသည့်ဆရာမလေးက လူကြီးမင်းတို့အပြုံးဟာ လိမ်ညာပြုံးတယ်ဆိုတာ ပေါ်လွင်နေသေးတယ်။ နိုင်ငံတကာက အတိုက်အခံခေါင်းဆောင်မှန်သမျှရဲ့ အပြုံးတွေဟာ အဲဒီလိုချည်းပဲ။ သိသာတယ်။ အတိုက်အခံခေါင်းဆောင်မှန်သမျှဟာ သူ့ကိုထောက်ခံအားပေးသူတွေနဲ့တွေ့တိုင်း ပြုံးတဲ့အပြုံးမှာ နင်တို့တုံးမှန်းသိပါတယ်ဆိုတာက ရှစ်ဆယ်ရာခိုင်နှုန်းပါပြီးသား။ ဒါကလည်း နိုင်ငံတကာနိုင်ငံရေးမှာ အတိုက်အခံကို အားပေးသူတွေရဲ့ စိတ်နေစိတ်ထားလေ့လာချက်အရ အများစုဟာ မျှော်လင့်ချက်အခြေခံနဲ့ အားပေးတာ။ ဆင်ခြင်တုံတရားအခြေခံနဲ့ အားပေးတာမဟုတ်ဘူး။ ဒီတော့လည်း အတိုက်အခံခေါင်းဆောင်တွေဟာ အများကြိုက်လုပ်လေ့ရှိတယ်။ ပြဿနာဖြေရှင်းဖို့ မစဉ်းစားဘူး။ Popularity is better than reality ဆိုတာ သူတို့အတွက်ပဲ။ သူတို့ဘာသာကျေနပ်ပြီး ဟန်လုပ်နေတဲ့အပြုံးပဲ။ တကယ်တော့ စနစ်တကျလိမ်ညာပြုံးတတ်ရင် အဲဒီလိုမပြုံးဘူးဟု ပြောသည်။ ကျွန်တော်တို့အဖို့ အသိပညာအသစ်တစ်ခု ရလိုက်ရသည်။ လောကကြီးတွင် ပေါက်ဈေးအတိုင်း လက်မခံသင့်သော အရာပေါင်းမြောက်မြားစွာ ရှိနေသည့်အကြောင်း။ ထို့နောက် ကျွန်တော်တို့သုံးယောက်သား လေယာဉ်ကွင်းသို့ ထွက်ခဲ့ကြသည်။ သမ္မတအဆက်ဆက် အကြံပေးခဲ့ရသည့်လူကမူ ဒီကပြန်သွားရင် ငါးသွားမျှားမယ်ဟု ပြောသည်။ ကျွန်တော့်နံဘေးကလူက သမ္မတတွေကိုအကြံပေးဖို့ ခင်ဗျားစိတ်မပါတော့ဘူးလားဟု မေးလိုက်သည်။ ပါတော့ ပါပါတယ်။ ခက်နေတာက ကျုပ်ပြောဖူးတဲ့အတိုင်း ခုခေတ်မှာ အိမ်ကမိန်းမတွေက စီမံပေးရင် သမ္မတအကြံပေးဖြစ်တဲ့ခေတ်။ ကျုပ်က နိုင်ငံရေးပညာ၊ လူမှုဆက်ဆံရေးပညာ၊ မဟာဗျူဟာမြောက်အကဲဖြတ်နည်း စတာတွေနဲ့ ပီအိပ်(ချ)ဒီခြောက်ခုလောက် ရထားတာ။ အိုင်ကျူက ၂၄၀ ကျော်တယ်။ ဒီတော့ ကျုပ်အနေနဲ့ သမ္မတအကြံပေးဖြစ်ဖို့ မလွယ်တော့ဘူးဟု ဆိုသည်။ ကျွန်တော်က ကြားရဖူးသော အကြောင်းတစ်ခုကို သတိရလိုက်မိသည်။ နိုင်ငံငယ်တစ်ခုဆီမှာတော့ သမ္မတဆီကို အိတ်ဖွင့်ပေးစာ ရေးရသတဲ့။ သမ္မတကြီးက သိသွားတာနဲ့ ဒီငတိကြီးတော့ဖြင့် ငြိမ်ငြိမ်နေအောင် အကြံပေးတဲ့လူတွေ စာရင်းထဲ ထည့်ထားလိုက်စမ်းလို့ပြောပြီး သမ္မတက အကြံပေးရာထူးပေးဆိုပဲဟု ပြောလိုက်သည်။ ထို့နောက် သုံးယောက်သားပြိုင်တူပင် ရယ်လိုက်မိကြသည်။ နောက်တော့ လမ်းခွဲလိုက်ကြရသည်။ လေယာဉ်ပေါ်တွင် တစ်ယောက်တည်းထိုင်နေရင်း စိတ်ထဲတွင် ကြည်နူးသလိုလိုဖြစ်လာသည်။ ဖြစ်လာရခြင်းအကြောင်းများအနက် တစ်ခုမှာ ကျွန်တော်သည် အနာဂတ်အတွက် အသုံးမတည့်တော့သည့်လူတစ်ယောက်အဖြစ် စာရင်းဝင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး၊ အခြားတစ်ဖက်မှာ ကျွန်တော့်ဆရာတစ်ဦးပြောခဲ့သော စကားတစ်ခွန်းကို အမှတ်မထင် သတိရလိုက်မိသောကြောင့် ဖြစ်သည်။ ကမ္ဘာကြီးဟာ ပိုးစိုးပက်စက်ဖြစ်နေတာ။ ပိုးစိုးပက်စက်ဖြစ်နေတာဟာ တို့နဲ့မဆိုင်ဘူးလို့ ပါမောက္ခဗင်ဒစ်က ပြောဖူးတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုနေကြရမလဲဟု ကျွန်တော်က မေးလိုက်မိသည်။ ပိုးစိုးပက်စက်ဖြစ်နေခြင်းများကို ဆီလျော်အပ်စပ်မှုဆိုင်ရာ သီအိုရီအခြေခံနဲ့ လိုက်လျောညီထွေနေထိုင်ကြရုံပဲဟု သူက ဖြေသည်။ ထိုသို့ဆိုလျှင် ကျွန်တော်၏ မနက်ဖြန်များစွာတို့မှာ အခြားသူတို့၏ မနက်ဖြန်များသာ ဖြစ်နေပေတော့မည်ဟု ကျွန်တော် တွေးကြည့်လိုက်မိသည်။ ဒီလိုဖြင့် သတ်ဖြတ်ခြင်းခံထားရတဲ့ ကျွန်တော့်ရဲ့ မနက်ဖြန်များစွာအတွင်း ကျေနပ်သာယာစွာ ရှင်သန်နေနိုင်ရန် အားထုတ်ဖို့ပဲ လိုတာပေါ့ဟု ကျွန်တော်က ဆရာ့ကိုပြောလိုက်သည်။ ဆရာက ခင်ဗျားမှာ ဒီထက်ကောင်းတဲ့ အခြားစိတ်ကူးများ ရှိသေးလားဟု ပြန်မေးဖူးသည်။ လေယာဉ်အပြင်ဘက်က မိုးသားတိမ်စိုင်များကို ကြည့်နေရင်း ဆရာ့ကို သတိရနေမိသည်။ ဆရာသည် သူ၏ အလုပ်အကိုင်၊ မိသားစု၊ အိမ်ရာအလုံးစုံကို စွန့်ပစ်ပြီး စပိန်နိုင်ငံတောင်ပိုင်းက ရွာကလေးတစ်ခုတွင် သွားရောက်နေထိုင်လေသည်။ ရာသီဥတုသာယာသောနေ့ရက်များတွင် အလကားရသောလေများကို ရှူသွင်းကာ ရှူထုတ်လိုက်သောလေများတွင် သူ့ဦးနှောက်အတွင်းက သူ သိရှိလက်ခံထားသည်များကို ထည့်လိုက်သည်ဟု ဆိုသည်။ လိုအပ်သည်ထက် ပိုမိုသိရှိထားခြင်းမှန်သမျှမှာ လူကို အန္တရာယ်ပေးနိုင်သည်များသာဖြစ်၏ဟု ဆို၏။ တစ်ချိန်တည်းမှာပင် ကျွန်တော့်မြေးမကလေးကို သတိရလိုက်မိသည်။ သုံးနှစ်ပြည့်၍ မနှစ်ကစပြီး မူကြိုတက်သည်။ သူတို့ကျောင်းတွင် အိုင်ပဒ်သုံးကြရသည်။ သူသည် ကျွန်တော့်ထက်ပိုပြီး အိုင်ပဒ် သုံးတတ်သည်။ အိုင်ပဒ်ကောင်းကောင်းသုံးတတ်အောင် သူ့ဆီက တပည့်ခံဦးမှဟု ကျွန်တော် တွေးမိသည်။ ကျွန်တော်ပြုံးလိုက်မိသည်။ ထိုအပြုံးတွင် အနှောင်အတည်းလုံးဝမပါ။ ကျေနပ်သောအပြုံးတစ်ခုသာ ဖြစ်ပါသည်။
+မြင့်သန်း+
မတ် ၂၀၁၄၊ ရွှေအမြုတေ
Posted by တေဇာ (လရောင်လမ်း)

Saturday, August 30, 2014
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment