ကမ္ဘာတစ်ဝန်း နိုင်ငံ အနှံ့အပြားမှာ ဗီတာမင် ဓာတ်များကို မျှတပါဝင်အောင် စီမံပြုလုပ်ထားသည့် အားဆေးများ၊ အသင့် စားနိုင်သည့် အစားအစာ၊ စည်သွတ်ဘူးများ၊ အချိုရည်များ၊ အိပ်ပျော်အောင် စားသည့် အစားအစာ၊ ခွန်အား ဖြစ်စေသည့် ငှက်သိုက်၊ ဂျင်ဆင်းမြစ် တို့သည် နေရာအနှံ့တွင် ဝယ်ယူနိုင်ပြီ ဖြစ်ပါသည်။ ယခုအခါ နိုင်ငံအနှံ့ သုံးစွဲနေကြသော ဟောလစ်၊ အိုဗာတင်း၊ မိုင်လို၊ ကွေကာအုတ် စသည့် ခွန်အား တိုးပွားစေသော အာဟာရ ဖျော်ရည်၊ အာဟာရ အမှုန့်များ က ပုံမှန် ကျန်းမာသူများ အတွက်မူ မလိုပါ။ ရောဂါ ပျောက်ခါစ နာလန်ထ လူနာများ၊ သက်ကြီးရွယ်အိုများ အတွက် အကျိုး ရှိနိုင်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ် စားသုံးနေသည့် ထမင်း၊ ဟင်း၊ အသားငါး၊ ငါးပိ၊ ဟင်းသီးဟင်း ရွက်၊ တို့စရာ စသည့် အစာများသည် ကျွန်ုပ်တို့ လိုအပ်သောပရိုတင်းခေါ် အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်များ ပြည့်စုံ လုံလောက်နေပြီ။ အကုန်အကျလည်း သက်သာကာ အာဟာရလည်း ပြည့်မီကြပါသည်။ ဈေးကြီးပေးမှ အားရှိမည် ဟူ၍မဟုတ်ပါ။ ပါဝင်သင့်သော အာဟာရရှိဖို့သာ လိုအပ်ပါသည်။ အစားအသောက် ကြော်ငြာများတွင် အစာကို စားလိုက်ရုံနှင့် ချက်ချင်းပင် အားရှိတော့မယောင်၊ အစာကို လျှော့စားသဖြင့် မည်သို့ အလေးချိန် ထိန်းနိုင်သည် စသဖြင့် ကျန်းမာရေးနဲ့ ပြည့်စုံသော အစီအမံတွေလည်း ပါလာပါသည်။ တိရစ္ဆာန်တွေနဲ့ ယှဉ်လိုက်လျှင် လူများသည် အာဟာရဓာတ် မျိုးစုံ ရှာဖွေ စားသောက်တတ် သကဲ့သို့ အစဉ်အဆက် ယုံကြည်နေကြသော ကြံ့ချို၊ မျောက်သွေး၊ မရှော့မြစ်နဲ့လင်ဇီးမှို စတာတွေကို ယုံကြည် သုံးစွဲနေတာတွေ့ရသည်။ အမှန်က အာဟာရဓာတ် ပြည့်စုံ လုံလောက်နေဖို့ပဲ လိုသည်။ သစ်ကြားသီးစား၍ ဉာဏ်ကောင်းသည် ဆိုတိုင်း သစ်ကြားသီး၊ ကြက်ဥ၊ နွားနို့၊ မြေပဲနဲ့ငှက်ပျောသီး စသည်များကို နေ့စဉ် မလိုအပ်ဘဲ စားသုံးနေ၍ မဖြစ်ပါ။ အရေးကြီးသည်က နေ့စဉ် စားသောက်နေသော အဓိက အစားအစာများမှာ ပရိုတိန်းခေါ်တဲ့ အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်များနှင့် ရေဓာတ်တို့ မျှမျှတတ ပါဝင်ဖို့၊ ကုန်ခန်းသွားတဲ့ စွမ်းအင် (Energy) ဖြည့်ဆည်း ပေးနိုင်မဲ့ ထိုက်သင့်တဲ့ ကယ်လိုရီ ပြည့်စုံဖို့ပဲ လိုသည်။ လူနေမှု စနစ်ပုံစံခြင်း မတူသည့်အတွက် လူမျိုးအလိုက် စားသောက်သော အစားအစာများ မတူနိုင်ပါ။ မြန်မာလူမျိုးတို့သည် တစ်နေ့သုံးနပ် စားတတ်ကြသည်။ နံနက်စာမှာ ပဲပြုတ်နှင့် ထမင်းကြော်၊ နံပြား၊ အီကြာကွေး၊ ပေါင်မုန့်ယိုသုတ်၊ ကော်ဖီစသဖြင့် တင်းတိမ်သမျှ စားတတ်သည်။
ထို့နောက် နေ့လယ်စာ ထမင်းကို အဝစားလေ့ ရှိသည်။ ညစာထမင်းကို ည ၇နာရီ-၉နာရီလောက်မှာ စားကြသည်။ အများအားဖြင့် ပုံမှန် သုံးကြိမ်ဆိုလျှင် လုံလောက်နေပါပြီ။ ဒီကြားထဲမှာ မြန်မာတို့က သရေစာ စားတတ်သေးသည်။မိမိကိုယ် အလေးချိန် ဝသည့်ဘက် ရောက်နေရင် အစားလျှော့စားရမည်။ မည်သူမဆို နေ့စဉ်ပုံမှန် နာရီဝက်ခန့် ကျန်းမာရေး လေ့ကျင့်ခန်း တစ်မျိုးမျိုး လုပ်သင့်သည်။ ထိုအခါ ကုန်ခန်းသွားသော အားအင်အတွက် အစားအစာစားမှ တော်မည်။ အလုပ်လည်းနည်း၊ လေ့ကျင့်ခန်းလည်း မမှန်ခဲ့လျှင် လိုအပ်နေသော ကယ်လိုရီက အဆီပြင်အဖြစ် သိမ်းဆည်း ထားပါလိမ့်မည်။ ဝလာမည်။ ဝလာခဲ့လျှင် အစားလျှော့ဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့ အားမသန်ဘဲ အဆီချဆေးများ စားကြပြန်သည်။ ငွေကုန်ပြီး ကျန်းမာရေးအတွက် အထောက်အပံ့ မဖြစ်ပေ။ သို့ဖြစ်၍ နေ့စဉ်မှန်ကန်စွာ နေထိုင် စားသောက်ရန် လိုအပ်ပါသည်။
+မြ၀တီ+

No comments:
Post a Comment