>
ဖြူသည် လူနာရှင်တို့ကို မျက်နှာ လွှဲလိုက်သည်။ လူနာ၏ အိမ်သူဖြစ်ပုံရသော အမျိုးသမီးသည် ဖြူတို့ရွယ်တူလောက်ဟု ခန့်မှန်းရသည်။ ငိုလုငိုခင် မျက်နှာနှင့် ဖြူ့ကို စိတ်နာသလိုကြည့်သွားမည်မှန်း ဖြူကောင်းစွာ သိသည်။ ထိုသို့သော အကြည့်များကို မရင်းနှီးခင်က ဖြူသည် တနေကုန် မစားနိုင် မသောက်နိုင် တမြေ့မြေ့ဖြစ်ဖူးသည်။ ယခုလည်း အတော်အတန် အသားကျသွားသည့်တိုင် မိနစ်အနည်းငယ်တော့ စိတ်ဝေဒနာရသည်သာ။ လူနာရှင်နေရာမှာ မိမိကိုယ်တိုင်ကို အစားထိုးကြည့်မိတိုင်း ခြောက်ချားရသည်။ ပိုက်ဆံကုန်မှာနော်ဟု ဆရာဝန်ကလေ့လာအပြီး ပြောခိုင်းလို့ ပြောရတိုင်းမှာ စိတ်အနှောင့်ယှက် ဖြစ်ရသည်။ နွမ်းပါးပုံပေါ်သော လူနာရှင်က ရပါတယ် အတတ်နိုင်ဆုံး ကုပေးပါဟု ဆိုလေက အရမ်းအများကြီး ကုန်မှာနော် ဟူသော စကားကို ထပ်ပြောရလေရာ ဘာကိုဒေါသထွက်လို့ ထွက်မှန်းမသိ ထွက်ချင်လာပြီဖြစ်သည်။ မျှော်လင့်ချက် ကုန်သွားဟန် သို့မဟုတ် တွေဝေသွားဟန် သို့မဟုတ် ဝမ်းနည်းလာဟန် စသည်တို့ကို ဖြူမကြည့်လို။ မည်သူမှလည်း ကြည့်ချင်ကြမည်မဟုတ်။ သို့သော် ဖြူသည် ထိုသို့သော မျက်နှာများကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့်တော့ မလွဲမရှောင်သာ မြင်နေတွေ့နေရသည်။ မြင်ရတိုင်းလည်း ဒေါသဖြစ်သည်။ ကြာလာတော့ သေကောင်ပေါင်းလဲ လူနာများကို မုန်းတီး၍ပင်လာလေသည်။
သတိမရသေးသော လူနာအား ချီမကာ အငှားကားပေါ်တက်သွားကြသည်ကို ဖြူခဏမျှ လိုက်ငေး၏။ ကိုယ်ပိုင်ကားတောင် မစီးနိုင်ဘဲ ဒီလိုဆေးရုံကို လာရသလားဟုပင် ငြိုငြင်ချင်တော့သည်။ ဆေးရုံကြီးကို သွားကြပါဟု ဖြူက လမ်းညွှန်လိုက်သည် မှန်၏။ ထိုသူတို့ ဆေးရုံကြီးရောက်သည့်ချိန်မှာ လူနာ၏အသက် ကွယ်ပျောက်ပြီးဖြစ်နေမည်ကိုလည်း ဖြူခန့်မှန်းထားပြီးသားပင်။ တကယ်ဆို စကတည်းက ဆေးရုံကြီးကို သွားသင့်တာ မဟုတ်လားဟု ဖြူက အပြစ်တင်ပစ်လို၏။ သို့သော် ဆေးရုံကြီးရောက်ဖို့ သည်လိုအချိန် သည်လောက်ကားလမ်းပိတ်နေတာ သုံးနာရီလောက်တော့ အငယ်ကန် ကြာမည်ကို စဉ်းစားမိပြန်က ထိုကိစ္စကို ခေါင်းထဲက ထုတ်ပစ်မှတော်မည်ဟုသာတွေးလေတော့သည်။ ဖြူပြန်ဝင်လာတော့ ဧည့်ကြိုစားပွဲမှာ ထိုင်နေသော မျိုးမျိုးက ဖြူ့ကို မနှစ်မြို့သော မျက်နှာနှင့် လှမ်းကြည့်သည်။ ဖြူက မျိုးမျိုးကို မမြင်ချင်ယောင်ပြုရင်း အံဆွဲထဲမှ အလှပြင်အိတ်သေးကို ယူကာ အိမ်သာဘက်ထွက်လာခဲ့သည်။ နင်ဟာ ခုမှ လူသစ်ပဲရှိသေးတယ် နောက်ဆိုရင် နင်ကိုယ်တိုင်ခံစားလာရလိမ့်မယ် နောက်တခါကျရင် နင်သွားပြော ဒါမှမဟုတ် သေချာမရှင်းပြမိဘဲ ကုလိုက်ပြီးမှ ပိုက်ဆံမပေးနိုင်ရင် နင်စိုက်လျော် စောက်ပြောစောက်ဆိုခံ ဟု စိတ်ထဲမှ ပြောပစ်လိုက်၏။
ဖြူသည် ချွေးပြန်ချင်နေသော နဖူးကို အဆီစုပ် စက္ကူနှင့် ဖွဖွဖိကပ်လိုက်သည်။ ဆီအိုင်သွားသော စက္ကူကို အမှိုက်ပုံးထဲထည့်ကာ အိမ်သာထဲတွင်ထားရှိသော နှင်းဆီပန်းပွင့်ဖောင်းကြွလေးများပါသည့် လက်သုပ်စက္ကူပျော့ကို လက်နှင့်ရစ်ဆွဲဖြတ်ကာ နှုတ်ခမ်းနှစ်လွှာကို ပွတ်သုတ်လိုက်သည်။ ထို့နောက် မိတ်ကပ်မှုန်တို့ ပေကျန်နေသော တို့ဖပ်ဖြင့် မျက်နှာကို ခပ်ဖွဖွအုပ်သည်။ နှုတ်ခမ်းနီမိတ်ကပ်ရောင်လေးကို ခပ်ထင်းထင်းဆိုးသည်။ ထိုနှုတ်ခမ်းနီသည် လူနာတစ်ဦးပေးသွားသော နှုတ်ခမ်းနီဖြစ်သည်။ ဖြူသည် ငွေရှင်ကြေးရှင် ထိုလူနာကို မြင်ယောင်ကာ အနည်းငယ် စိတ်ကြည်သွားသည်။ ထိုလူနာသည်ကား လူနာဟု အမည်တပ်ဖို့ပင် အားနာစရာ။ သန္ဓေပျက်၍ ဖြူရော်ရော် ပါးပါးလျလျဖြစ်နေသည်ကပင် ကြည့်ကောင်းလွန်းသည်။ နွမ်းရိရိအပြုံးသည်လည်း ဆွဲဆောင်မှုရှိလွန်းသည်။ လူနာထံပါး အချိန်ပြည့်ရှိနေတတ်သော လူနာ၏ အမျိုးသား ရည်မွန်သားနားသော အစ်ကိုကြီးက သူမအား ပြုစုယုယနေသည်ကိုလည်း ဖြူတို့ အားကျငေးမောရသည်။ ဖြူသည် ထိုလူနာအား စေတနာပိုကာ အားတက်သရော ပြုစုကူညီ၏။ အကျိုးဆက်ကား ကျန်းမာလာ၍ ဆေးရုံမှဆင်းသည့်နေ့မှာ ဖြူ့အား နှုတ်ခမ်းနီလေးတစ်တောင့် လက်ဆောင်ပေးသွားလေသည်။ တခါတရံတော့လည်း ထိုသို့သော စိတ်ချမ်းသာစရာများရှိဦးမှဟုတွေးမိပြီး ဖြူလန်းဆန်းသွားသည်။
ဧည့်ကြိုစားပွဲသို့ ဖြူပြန်ရောက်သောအခါ မျိုးမျိုးအားမတွေ့ရ။ လှည့်ပတ်ကြည့်မှ မျိုးမျိုးသည် အသစ်ရောက်လာသော သေကောင်ပေါင်းလဲ လူနာတစ်ဦးအား ဆရာဝန်တစ်ဦး၊ သူနာပြုများနှင့် အတူ ဝိုင်းရံနေသည်ကို တွေ့ရသည်။ ဆရာဝန်နှင့် သူနာပြုများသည် လူနာ နှလုံး ပြန်ခုန်ဖို့ကို အစွမ်းကုန် ကြိုးပမ်းနေကြသည်။ ဖြူသည် အနားကပ်လိုက်သည်နှင့် အဆင်မပြေလိုအပ်နေသေးသည်ကို တန်းမြင်၏။ နှလုံးခုန်ရပ်သွားသော လူနာအား မည်သူမျှ အောက်ဆီဂျင် ပေးဖို့ သတိရပုံမပေါ်။ ဆရာဝန်သည် အသစ်ရောက်လာသူဖြစ်သည်။ ဖြူက အောက်ဆီဂျင် အောက်ဆီဂျင်ဟု အော်ကာ အောက်ဆီဂျင်ပိုက်ကိုပြေးယူပြီး သူနာပြုတစ်ဦးလက်ထဲ ထည့်ပေးလိုက်သည်။ ဆရာဝန်သည် လူနာ၏ရင်ဘတ်ကို အားသွန်ခွန်စိုက် ဖိထားရာမှ ခဏရပ်ကာ ဖြူ့အား ငေးကြောင်ကြောင် ကြည့်လေသည်။ ဖြူက ဆရာဝန်အား ခပ်တင်းတင်းပြန်ကြည့်ပြီး သူနာပြုကို အောက်ဆီဂျင်သွင်းလေဟု အော်ပစ်လိုက်သည်။ ခပ်ငယ်ငယ် သူနာပြုသည် ခေါင်းညှိတ်ကာ အောက်ဆီဂျင်သွင်းလေသည်။ လူနာသည် နှလုံးပြန်ခုန်လာပြီး ခဏနေတော့ အသက်မှေးမှေးရှူလာတော့သည်။ ဆရာဝန်သည် ဖြူ့အား တချက်စိုက်အကြည့် ဖြူက ပြုံးပြလိုက်ရာ ဆရာဝန်က မျက်နှာကို ဆတ်ခနဲလွှဲသွားသည်။ မည်သို့ပင်ဖြစ်စေ လူနာတော့ အသက်ဆက်ခွင့်ရပြီဆိုတော့ ဖြူ့စိတ်ထဲကျေနပ်သွားကာ ဧည့်ကြိုစားပွဲကို ပြန်လာသည်။
ဒီလိုကျတော့လည်း မမက စေတနာရှိသားပဲ ဟု မျိုးမျိုးက မနေနိုင်မထိုင်နိုင် ထုတ်ပြောလေသည်။ ဖြူသည် မျိုးမျိုးကို စေ့စေ့ကြည့်ကာ လှလှပပ ပြုံးလိုက်သည်။ ဘာလဲ နင်က စောစောက လူနာကို ပြန်လွှတ်လိုက်လို့ ငါ့ကို စေတနာမရှိတဲ့ မိန်းမကြီးလို့ ထင်သွားတာလား ဟု တည့်တည့်ပင် မေးလိုက်၏။ မျိုးမျိုးသည် ကြောင်အမ်းအမ်းနှင့် ပြန်ဖြေရခက်ကာ နှုတ်ခမ်းကိုက် ရယ်၏။ မမစေတနာရှိပါတယ် ဒါပေမဲ့ စေတနာဟာ ကိုယ့်ကို ထိခိုက်လာနိုင်တဲ့ထိတော့ ဘယ်သူမှမထားနိုင်ဘူးမဟုတ်လား ညီမလေးရယ် ဟု ဖြူက အလွန်ပင် ရင့်ကျက်တည်ငြိမ်သော လေသံနှင့် ပြောလိုက်လေသည်။ တကယ်တော့ မျိုးမျိုးသည် ဖြူ့ထက် အများကြီး ငယ်လှသည်မဟုတ်သော်လည်း ဖြူက ထိုသို့သာ ပြောဆို ဆက်ဆံမြဲ။ မျိုးမျိုးကို မဆိုထားနှင့် တော်ရုံတန်ရုံ အလုပ်ဝင်ကာစ ဆရာဝန်များ၊ သူနာပြုများလောက်ကိုတော့ ဖြူက မျိုးမျိုးအားဆက်ဆံသလိုပင် ပြောဆိုဆက်ဆံတတ်လေသည်။ မျိုးမျိုးက မှန်ကြည့်ပြီး ဆံပင်သပ်နေသော ဖြူ့ကိုကြည့်ကာ မျက်မှောင်တချက်ကုပ်ပြီး ခေါင်းခါလိုက်သည်ကို ဖြူက မသိကျိုးကျွန်ပြုလိုက်၏။ မျိုးမျိုးမတိုင်ခင် သုံးလေးယောက်လောက်တုန်းက ဖြူ့မှာ ထိုသို့သော မျက်နှာပေး ထိုသို့သောလေသံမရှိသေး။
ဖြူ သည်အလုပ်ကို ဝင်ကာစက မမဦးလက်အောက် လက်ရှိ မျိုးမျိုးနေရာမှာ ဖြစ်သည်။ အစပိုင်းမှာ အပြစ်ရှာတတ်လွန်း အခိုင်းရက်စက်လွန်းသော မမဦးကြောင့် နေ့စဉ် ငိုခဲ့ရသည်။ နောက်နေ့ အလုပ်မသွားတော့ပါဟုလည်း အကြိမ်ကြိမ်စိတ်ကူးခဲ့ဖူးသည်။ သို့သော် အခြေအနေ အကြောင်းကြောင်းကြောင့် အလုပ်က ထွက်လို့ မဖြစ်လေရကား မမဦးဆီမှာ အပြောအဆို မခံရလေဖို့ မမဦးနှင့် တည့်အောင်နေဖို့သာ အဓိကထားကာ မမဦး၏ ကိုယ်ရေးကိုယ်တာများကို မညည်းမညူလုပ်ပေးခဲ့ရသည်။ ညနေ လေးနာရီလောက် ဗိုက်ဆာလာသောအချိန်မျိုးဆို ဆေးရုံဘေးလမ်းကြားထဲမှာ ရောင်းသော ရှောက်သီးသုပ် ကြာဆံချက်သွားဝယ်ပေးရတာမျိုး တခါတလေ ထမင်းစားချိန်မှာ အပြင်မထွက်ချင်လို့ သွားဝယ်ပေးရတာမျိုး၊ လူရှင်းသောအချိန် သူဌေး လူကြီး ဆရာဝန်ကြီးများ လစ်သောအချိန် ညောင်းညာကိုက်ခဲသွေးလေးနေလို့ ဇက်ကြောဆွဲပေးရတာမျိုးတွေ ဖြူအများကြီး လုပ်ခဲ့ရသည်။ မမဦးသည် စကားပြော ညက်ညော၏။ ဖြူရေ ဒါလေး ဝယ်ပေးပါလို့ ဘယ်တော့မှထုတ်ဖော်မပြော။ ထမင်းစားထားတာ ဘယ်တောင်ရောက်ကုန်ပြီလဲမသိပါဘူး ညနေပြန်ရင်တော့ ကားပေါ်မှာ ဆာနေတော့မှာပဲ မမက အစာအိမ်ရှိတော့ ဗိုက်အောင့်တတ်တယ်ဟု ပြောလျှင် ဖြူက ခြေလှမ်းပြင်ထားပေရော့။ ထိုသို့သော မမဦး အလုပ်ပြောင်းတော့ ဖြူသည် နောက်ဆုံးအချိန်ထိပင် ချစ်ခင်ဟန် ဝမ်းနည်းဟန်ပြကာ စိတ်ထဲမှာတော့ ကျိတ်ပျော်နေခဲ့သည်။
မမဦးမရှိတော့ချိန်မှာ ဖြူက လက်အောက်ဝန်ထမ်းကို မမဦးဆက်ဆံသလို မဆက်ဆံပါဟု စိတ်ပိုင်းဖြတ်၏။ ထိုကလေးမ၏ အမည်က သော်တာဖြစ်သည်။ ဖြူသည် သည်ဆေးရုံမှာ နှစ်နှစ်လောက် အလုပ်လုပ်ပြီးပြီမို့ လူရည်လည်ပြီ ဆေးရုံကိစ္စအဝဝ ဧည့်ကြိုတို့၏ တာဝန်အလုံးစုံကို သိပြီဟု ယူဆသော်လည်း တကယ်တမ်း မမဦးမပါဘဲ မိမိက ဦးဆောင်ဆုံးဖြတ် လုပ်ရသည့် အခါမှာ သော်တာ့ကို သင်ပြပေးဖို့ အခက်ခဲများတွေ့ရတော့သည်။ မည်သို့သော ကိစ္စကို မည်သို့ဖြေရှင်းရမည် မည်သို့သောလူနာကို မည်သို့စကားပြောရမည် မည်သို့သောဆရာဝန်ကို မည်သို့အဆင်ပြေအောင်ဆက်ဆံရမည်တို့ကို မမဦးသည် တရားသေ တရားမ သင်ပေးသွားခြင်းမရှိ။ ဖြူ့တုန်းက မမဦး အလိုက်အထိုက် ပြုလုပ်သွားသည်များကို ဖြူက လိုက်တုလိုက်လုပ်ရင်း သင်ယူခဲ့ရသည်။ ဆိုတော့ ဂျပန်က ပြန်လာပြီး လုပ်ငန်းကျွမ်းကျင်အောင် ဧည့်ကြိုနေရာ ခေတ္တဝင်လုပ်သည်ဆိုသော သူဌေးတူမ သော်တာ၏ မေးခွန်းများကို တိတိပပ ဖြေဆိုနိုင်ခြင်းမရှိ။ သော်တာကလည်း စေ့စေ့ပေါက်ပေါက်ရှိလွန်းသည် တချို့ကိစ္စတွေဟာ ရှင်းပြလို့မရတာတွေရှိတယ်ဟု ဖြူက ပြောသော်လည်း လက်ခံခြင်းမရှိ။ ကိစ္စရပ်တိုင်းမှာ ဘာကြောင့် ဘယ်လိုလုပ်ရတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းရှိရမည်ဟု ဆို၏။ ထိုအခါ လုပ်ထုံးလုပ်နည်းကို မည်သည့်အခါမှ မည်သူမျှ ပြသထားခြင်းမခံဖူးသော ဖြူသည် အလွန်ပင် စိတ်ညစ်ရလေသည်။ ကိုယ့်ကလှည့်က သည်လိုသည်ပုံ မေးခွန်းမျိုးလည်း မမေးတတ်ခဲ့၊ မေးရကောင်းမှန်းလည်း မသိတတ်ခဲ့။ ရှေ့လူလုပ်သမျှ လိုက်လုပ်ခဲ့သည်ပင်။ ဒီနိုင်ငံမှာ ဘာတွေ ဘယ်လိုတွေလုပ်နေကြတာလဲ သည်းမခံနိုင်တော့ဘူး ဂျပန်မှာဆိုရင် ဘယ်လိုဘယ်ဝါဟု သော်တာညည်းညူလေသော် ဖြူသည် ကြောင်စီစီနှင့်သာ ပြုံးပြခေါင်းညှိတ်ရ၏။ သော်တာထွက်သွားသည့်နေ့က ဖြူအတော်ပင် စိတ်ချမ်းသာလေသည်။ မမဦးထွက်တုန်းကထက်ပင် ဝမ်းသာသေးသည်။
သော်တာ့နေရာမှာ ဝင်လာသူက မြတ်နိုး။ ရောဂါဘယထူပြောတတ်သော မိုးရာသီမှာ ဖြူတစ်ယောက်တည်း လုံးချာလည်လိုက်နေတုန်း စကားပြော ပြေပြေပြစ်ပြစ်ပြုံးပြုံးရွှင်ရွှင်မျက်နှာနှင့် မခိုကပ်သော သားဖွားသင်တန်းတက်ဖူးသော မြတ်နိုးရောက်လာတော့ ဖြူသည် အလွန်ပင်ပျော်ရွှင်၏။ မြတ်နိုးသည် သော်တာ့လိုမဟုတ်။ ဖြူသင်ပြပေးသည်ကို သင်ပြပေးသည့်အတိုင်း လိုက်နာမှတ်သား၏။ ပြီးတော့ တတ်လွယ်သိလွယ် မှတ်မိလွယ်၏။ ဖြူသည် မြတ်နိုးကို ညီအစ်မလိုပင် ဆက်ဆံကာ အလုပ်ကို ညီတူညီမျှ ခွဲဝေလုပ်ကိုင်၏။ နှစ်ယောက်တည်းရှိသော ဧည့်ကြိုနေရာက အမှိုက်ပုံးကိုဖြူကိုယ်တိုင် ပစ်ပေးတာမျိုး တခါတလေ အပြင်ထွက်ရင်း မြတ်နိုးအတွက်ပါ စားစရာဝယ်လာတာမျိုးကို မတွက်မကပ်လုပ်လေ၏။ မြတ်နိုးသည် လုပ်သက် ဆယ်လတစ်နှစ်ခန့်ရှိလာသော် ဖြူနှင့် တန်းတူလုပ်ငန်းကျွမ်းကျင်လာပြီး ဖြူကိုယ်တိုင်ပင် လက်လွှဲလာနိုင်၏။ ဖြူသည် သည်အလုပ်ရောက်ကတည်းက အများသူငါလို ရက်ရှည် အားလပ်ရက် မယူဖူးလေရာ မြတ်နိုးအား လက်လွှတ်နိုင်ခိုက် မယူခဲ့ရသောခွင့်များကိုစုကာ ဝမ်းသာအားရ ခရီးထွက်လေသည်။ တောင်ကြီး အင်းလေး ပင်းတယ ရောက်လေရာမှာ မိမိတွက် တစ်ခုဝယ်က မြတ်နိုးတွက်ပါ တစ်ခုဝယ်၏။ လုပ်ဖော်ကိုင်ဖက်နှစ်ဦးသား ဆင်တူပုဝါ ဆင်တူလက်ကောက်လေးတွေဝတ်ပြီး ဧည့်ကြိုကောင်တာမှာ လှပနေကြမည်ကို စိတ်ကူးယဉ်၏။
ဖြူအလုပ်ပြန်တက်တော့ လုံးဝပြောင်းလဲနေသော မြတ်နိုးကိုသာ တွေ့ရတော့သည်။ ဖြူမရှိတုန်း ဖြူ့မတော်တဆအမှားအနည်းငယ်ကို အကျယ်ချဲ့ထားလေရာ ဖြူသည် အထူးကုနှစ်ဦး၊ စာရင်းကိုင် မန်နေဂျာတို့နှင့် အနည်းငယ် စကားပြောဆိုလိုက်ရလေသည်။ နှစ်ဦးသားကိုင်သော ကွန်ပျူတာကိုပင် ဖြူတင်ထားသော နှင်းဆီဖြူစိုက်ခင်းပုံကိုဖျက်ပြီး သူ့စိတ်ကြိုက် စိုင်းစိုင်းခမ်းလှိုင် ပုံတင်ထားလေသည်။ သူဌေးကိုယ်တိုင်ကလည်း သားဖွားသင်တန်းဆင်း မြတ်နိုးကို ဖြူ့ထက်ပင် ပိုမိုယုံကြည်သလို ဆက်ဆံလာ၏။ ဖြူသည် စိတ်အနာကြီးနာလေသည်။ ဖြူ့တုန်းက ခံရသလိုမျိုး သူများကို မခံစေချင်လို့ အလုံးစုံလိုက်လျောခဲ့သမျှ မခြွင်းမချန်သင်ပေးခဲ့သမျှ ဖြူကို နင်းတက်ရဲသည်ကို ခံပြင်း၏။ မြတ်နိုးသည် ဆေးရုံဆေးခန်းနှင့်ပတ်သက်၍ မည်သည့်သင်တန်းမှ သေသေချာချာတက်ထားခြင်းမရှိ လက်မှတ်ရထားခြင်းမရှိဘဲ ဧည့်ကြိုလုပ်ရင်းမှသာ ဟိုဟိုသည်သည် ရောဂါအကြောင်း ဆေးဝါးအကြောင်း အရေးပေါ်အသက်ကယ်ဆယ်ရေးအကြောင်း အနည်းအကျဉ်းသိလာရသော ဖြူ့ကို သူ့လောက်နားမလည်သလိုလို မစေ့စပ်သလိုလို စသလိုလို နောက်သလိုလို ရယ်သွမ်းသွေးတတ်လာရာမှ တဆင့်တက်ပြီး သိသိသာသာပါ တင်စီးလာလေသည်။ ဖြူသည် မမဦးတုန်းကလို အိမ်ပြန်ရောက်တိုင်း ငိုရပြန်သည်။ ဖြူသည် မည်သို့မှ မဖြစ်လေဟန် မြတ်နိုးပြောင်းလဲနေသည်တို့ကို မရိပ်မိလေဟန် နဂိုမပျက်ဆက်ဆံပြီး အခါအခွင့်ချောင်းကာနေလေသည်။ နင်က သားဖွားသင်တန်းတက်ထားပေမဲ့ ငါ့လုပ်သက်က နင့်ထက်ပိုတယ် နင်မမြင်ဖူးတဲ့ ကေ့စ်တွေ အများကြီးရှိပါသေးတယ်ဟု စိတ်ထဲမှ ငြိုးထား၏။ တစ်ရက်တစ်ရက် မြတ်နိုးမျက်နှာ ကြည့်နေရသည်ကို စက်ဆုတ်နေ၏။
ထိုနေ့က ဒေါ်တင်မမနှင့် ဗိုက်ခွဲရန် အပ်ထားသော မွေးလူနာသည် ကိုယ်ဝန်ကြင်လျက် ရောက်လာ၏။ ဖြူ့ကံပဲလို့ပြောရမည်လားမသိ ဖြူအပြင်ထွက် ထမင်းစားနေတုန်း အချိန်ဖြစ်နေသည်။ သားဖွားလက်မှတ်ရ မြတ်နိုးသည် ကိုယ်ဝန်သည်၏ ကိုယ်တွင်းမှ ခေါင်းပြူထွက်နေသော ကလေးငယ်ကို တားဆီးထားရကောင်းမှန်းမသိ။ သူနာပြုများရောက်လာသောအခါ ပြန်သွင်းမရတော့ဘဲ မွေးလိုက်ရလေသည်။ ထိုကိစ္စကြောင့် ဒေါ်တင်မမသည် မြတ်နိုးကို အလိုမရှိတော့။ မြတ်နိုးသည် ဧည့်ကြိုကောင်တာမှာရှိနေဖို့ မသင့်တော့ဟုဆို၏။ မြတ်နိုးသည် ဒေါသတကြီး ပေါက်ကွဲနေသည်။ မြတ်နိုးလုပ်တာ ဘာမှားလို့လဲ ဖြူရယ် ကလေးကို အထဲပြန်သွင်းလိုက်ရင် သေသွားနိုင်တယ်လေ၊ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ဖို့ အပ်ထားမှန်း မြတ်နိုးလည်း ရုတ်တရက် သတိမရဘူးလေ အဓိက ကလေးရော အမေရော ကျန်းကျန်းမာမာမွေးပြီးသွားဖို့ပဲ မဟုတ်ဘူးလား၊ မြတ်နိုးတော့ နားမလည်နိုင်တော့ဘူး၊ စိတ်လည်း အတော်ရှုပ်သွားတယ် စသည်ဖြင့် ဖြူ့ကို တိုင်တည်လေသည်။ ဖြူသည် သည်ကိစ္စအတွက် မြတ်နိုးကို အပြစ်တင်လိုက်ဖို့ဆိုသည်မှာ လူမဆန်လှမှန်း သိသော်လည်း မည်သို့မှ ဖေးမခြင်းမရှိဘဲ စိတ်မကောင်းဖြစ်လေဟန်ဆောင်ကာ ဆိတ်ဆိတ်သာနေ၏။ ကိုယ့်ဘာသာကိုယ်လည်း ငါမရှိတာ ကံသီလှပေသည်ဟုတွေး၏။ ဖြူသာ မြတ်နိုးနေရာမှာဆိုက ဒေါ်တင်မမ မလာမချင်း မည်သို့လုပ်မိမည်ကို မိမိဘာသာ မတွေးကြည့်ရဲ။
မြတ်နိုးအလုပ်ထွက်သွားချိန်မှာတော့ ဖြူအနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်ရသည်။ မြတ်နိုးက ဖြူ့ပါးကို နမ်းရှုပ်ပြီး ဖြူ့ကို ညီအစ်မ အရင်းချာလို ချစ်ခင်သည်ဟု ဆိုသွားသည်မဟုတ်လား။ ထို့နောက်တွင်တော့ ဖြူသည် ဧည့်ကြိုဌာနသို့အသစ်ဝင်လာသူများကို မမဦးက ဖြူ့ကို ဆက်ဆံခဲ့သလိုသာ ဆက်ဆံတော့သည်။ ဒါတောင် ပျော့ညံ့သောဖြူက မမဦးကို မမီသေးဟု ကိုယ့်ဘာသာ အထင်ရှိကာ စကားအပြောအဆိုများကို မမဦးနှင့် တပုံစံတည်းဖြစ်အောင် လေ့ကျင့်၏။ ထိုမှတဆင့်တက်ပြီး သူနာပြုအသစ် ဆရာဝန်အသစ်များကို အခွင့်သာလျှင်သာသလို သြဇာပေးနေလေတော့သည်။ တခါတရံ ဖြူမှားသွားသည်များရှိကလည်း မသိကျိုးကျွန်ပြုကာ တဟီးဟီးတဟားဟား တောင်းပန်လိုက်သည်။ ဖြူ့ဘက်က မှန်နေလျှင်လည်း စိတ်ထဲကျိတ်ကာသာ မာန်တက်တတ်လျက် အပြင်ပန်းမှာ မည်သို့မှ မဖြစ်လေဟန် ရယ်ရယ်မောမော ဂိုက်ကိုဖမ်းတတ်လာလေရာ ဖြူသည် ဤဆေးရုံမှာ နေရာ တစ်နေရာ ရလာခဲ့ပြီ။
ဖြူသည် ငွေကြေးမပြည့်စုံသော လူနာများကို ကရုဏာသက်စိတ် အနည်းငယ်ကျန်နေသေးသော်လည်း ဒါတွေဟာ ငါတတ်နိုင်တဲ့ ကိစ္စတွေမဟုတ်ဘူးဟု အတင်း နှလုံးသွင်းကာ လူနာများကို ကုန်စည်ပစ္စည်းသဖွယ်သာ အမြင်ရှိလေတော့သည်။ ဖြူတို့က ဧည့်ကြိုဆိုသော်လည်း ပိုးလိုးပက်လက် ရောက်လာသော လူနာများကို နေရာချဖို့ ဟိုသည်ကုသဖို့ ဆရာဝန်ကို ကူရသည် သူနာပြုကို ကူရသည်။ ဆိုတော့ ထိုသို့သောလူနာများကို လာလျှင် အလုပ်ရှုပ်သည်ဟုမြင်၏။ မလှမ်းမကန်း ဆင်းရဲသားရပ်ကွက်မှ လူနာများသေလုမျောခင်ရောက်လာမည်ကို ဖြူအမုန်းဆုံးဖြစ်သည်။ ထိုသူများသည် ငွေကြေးပြည့်စုံကြွယ်ဝခြင်းမရှိသော ဖြူ့မိသားစု ဖြူ့ပတ်ဝန်းကျင်အတွက် မကျန်းရေးမမာရေးကိစ္စ စိုးရိမ်သောကပွားအောင် သတိပေးသူများဖြစ်သည်။ ဖြူသည် ဝန်ထမ်းမို့ ဖြူတို့၏ အထူးကုဆေးရုံမှာ မိသားစုအတွက် အခွင့်ထူးခံရသည်ထား အရေးအကြောင်းဆိုက သည်ဆေးရုံထိရောက်အောင် မည်သို့လာမည်နည်း။ ဖြူကိုယ်တိုင်တောင် ရုံးတက်ရုံးဆင်းချိန် ကျပ်ပိတ်သိပ်နေသော ခရီးသည်တင်ယာဉ်ကို နှစ်နာရီခွဲခန့် စီးလာရသည်မဟုတ်လား။ အိမ်မှအထွက် နောက်ကျသောနေ့များမှာဆို ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ကျော်တက်တတ်၊ မီးနီကပ်ဖြတ်တတ်သော ယာဉ်မောင်းများကို ဘေးအန္တရာယ်အကြောင်း အသက်အကြောင်းတို့ မတွေးတောနိုင်ဘဲ ကောင်းချီးပေးရသည်မဟုတ်လား။
တခါတရံ တချို့သောလူနာများသည် အချိန်မီမရောက်လာ၍သာ မတိမ်းပါးသင့်ဘဲ တိမ်းပါးရသည်ကို ဖြူ့အတွေ့အကြုံအရ သိ၏။ တချို့ကြေးရတတ်များပင် ထိုသို့သောအဖြစ်မျိုးကို ကြုံကြ၏။ မြောက်များစွာသော ဖြူတို့၏ ကုန်စည်များသည် ကားလမ်းပေါ်မှာ ဆွေးမြေ့သွားကြ၏။ ကြေးကြီးမတတ်နိုင်၍ ပုပ်သိုးသွားကြ၏။ သို့သော်လည်း ဖြူသည် ထိုကိစ္စများကို အချိန်ကြာမြင့်စွာတော့ လိုက်တွေးမနေနိုင်။ မျိုးမျိုးက ထမင်းသွားစားမယ်မမ ဘာမှာမလဲဟုမေး၏။ ဖြူက လကုန်ခါနီးမို့ နံနက်ခြောက်နာရီလောက်ကတည်းက ထမင်းထချက်ပြီး ထမင်းဘူးထည့်လာရာ မျိုးမျိုးနှင့် စားစရာမှာရန် မလိုချေ။ နေပါစေကွယ် မမထမင်းဘူးပါတယ် မျိုးပဲ အချိန်အေးဆေးယူပြီး စားခဲ့ မမဆာရင် တယောက်ယောက်ကို စောင့်ခိုင်းပြီး စားနှင့်မယ် ဟု ဖြူက ပြုံးပြီး ပြောလိုက်လေသည်။
+ခိုင်စိုးလင်း+

Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment