ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ ဇွန်လနောက်ဆုံးပတ်အတွင်း သွားရောက်မည့် ခရီးစဉ် နီးကပ်ချိန်တွင် မဲဆောက်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများအနက် အချို့သော အလုပ်ရုံ၊ စက်ရုံကို ထိုင်းအာဏာပိုင်ပူးပေါင်း အဖွဲ့စုံနှင့် ထိုင်းအလုပ်သမား ၀န်ကြီးဌာနရုံးတို့မှ ရှောင်တခင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ မြန်မာလုပ်သား နေ့စဉ် ၁၀ ဦးထက်မနည်း ဖမ်းဆီးနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း မြန်မာအလုပ်သမားများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအလုပ်သမားများ ဖမ်းဆီးခံရခြင်းနှင့် လုပ်အားခ အပြည့်အ၀ မရရှိမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသို့  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အလုပ်သမားဝန်ကြီး ဦးသိမ်းဆွေတို့ ခရီးစဉ်မှာ JACBA အဖွဲ့ဥက္ကဋ္ဌ အနေနှင့်ရော ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ကွန်ရက် (MMNT) အထွေထွေ အတွင်းရေးမှူး အနေနဲ့ပါ ပြည့်စုံသည့် အစီရင်ခံစာ တင်သွင်းသွားမည်ဟု ဦးမိုးကြိုး (JACBA အဖွဲ့ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမားကွန်ရက် (MMNT) အထွေထွေ အတွင်းရေးမှူး) က ပြောကြားသည်။
"ကျွန်တော့်အနေနဲ့ စကားပြောခွင့်ပေးရင်လည်း အစီရင်ခံစာနဲ့အတူ ထိုင်းနိုင်ငံရောက် မြန်မာ့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေအကြောင်း လိုရင်း တိုရှင်း မီးမောင်းထိုး ပြောပြသွားပါမယ်" ဟု ဦးမိုးကြိုးက ပြောကြားသည်။ က်ရုံ အများစုမှာ ထိုင်းအလုပ်သမား ဥပဒေအတိုင်း လုပ်အားခ တစ်နေ့ဘတ် ၃၀၀ မရရှိကြဘဲ ဘတ်တစ်ရာနှင့် နှစ်ရာကြားသာ ရရှိသူ များပြားသည် ဟုဆိုသည်။ အချို့သော စက်ရုံများတွင် အလုပ်ရှင်၏ စိတ်သဘောထား ကောင်းမှုကြောင့် လုပ်ခတစ်နေ့ ဘတ် ၃၀၀ မရရှိသော်လည်း ၃၀၀ ရရှိကြောင်း လက်မှတ်ရေးထိုး ခဲ့ရသည်ဟု သိရသည်။ မဲဆောက်အလုပ်ရုံ၌ လုပ်ကိုင်နေသူ မြန်မာအလုပ်သမား တစ်ဦးက "ထိုင်းဥပဒေပါ နေ့စားခ ဘတ် ၃၀၀ နဲ့ အချိန်ပို တစ်နာရီကို ၅၆ ဘတ် တကယ်မရကြပါဘူး။ တကယ်လုပ်ခ အပြည့်အ၀ မရဘဲနဲ့ ရတယ်လို့ အစစ်ခံတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ပါဘူး" ဟု ပြောကြားသည်။ "ခုရက်ပိုင်း အလုပ်သမား ဖမ်းဆီးမှု မြင့်တက်နေပါတယ်။ မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံထားရတာ ခန့်မှန်းခြေလူ ၁၀၀ ကျော်မယ်။ မိမိမှာ သူဌေးရှိရင်ငွေနဲ့ တစ်ယောက်ကို ဘတ် ၁၅၀၀-၂၀၀၀ နှုန်းနဲ့ ရွေးယူရင် လွတ်တယ်။ အဖမ်းခံရသူတွေဟာ အထောက်အထား လုံးဝမရှိကြသူတွေ ပါသလို တချို့က အထောက်အထား ရှိပေမယ့် အထောက်အထားမှာ ပါရှိတဲ့ အလုပ်ရှင် (သူဌေး) ဖြစ်စေ၊ လုပ်ငန်းခွင်ဖြစ်စေ မတူကွဲလွဲ နေတာရယ်ကြောင့် ဖမ်းဆီးခံရတာ များပါတယ်" ဟု (ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်း အလုပ်သမား ကွန်ရက်ကြီး (MMNT) အထွေထွေ အတွင်းရေးမှူးနှင့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။ စက်ရုံများ၌ လုပ်အားခ အပြည့်အ၀ မရရှိဘဲ လုပ်ကိုင်နေရသည့်အပြင် ထိုင်းဒေသ အာဏာပိုင်နှင့် အလုပ်သမား ၀န်ကြီးဌာနတို့ ပူးပေါင်းစစ်ဆေးမှုကြောင့် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရသူ မြန်မာလုပ်သား တစ်ရာနှင့် အထက်တွင် ရှိသည်ဟု ဦးမိုးကြိုးက ပြောကြားသည်။ မဲဆောက် အပါအ၀င်တာ့ ခရိုင်ကိုးမြို့နယ်အတွင်း စက်ရုံ၊ အလုပ်ရုံပေါင်း များစွာရှိပြီး မြန်မာအလုပ်သမား လေးသိန်းခန့် ၀င်ရောက်လုပ်ကိုင်လျက်ရှိရာ လုပ်အားခ အပြည့်မရသူ များပြားပြီး ထိုင်းဥပဒေအတိုင်း လုပ်အားခ တစ်နေ့ဘတ် ၃၀၀ ပေးသည့် စက်ရုံငါးရုံသာ ရှိသည်ဟု သိရသည်။
Writer: ရွှေသိန်း(မြ၀တီ)
Eleven Media
(ဓာတ်ပုံ-မဲဆောက် အိမ်တွင်းမှု စက်မှု လုပ်သားတစ်ဦးအား တွေ့ရစဉ်)

No comments:
Post a Comment