Saturday, June 4, 2011

အထိတ်တလန့်  ရွတ် …. ဖတ် ….. ကြ


**လွှင့်ပြစ်လိုက်

အသုံးမကျ ညံ့ ဖျင်း အမျှော်အမြင်မရှိခြင်းတွေ

လွှင့်ပြစ်လိုက်

အသစ်ကပြန်စ ဘ၀တဆစ်ချိုး

ပိုးမွေးသလိုမျိုး ကိုယ်ကျိုးတော့ နည်းဦးမယ် ။



**နည်းနည်းပြော များများနားထောင် အဘိဓမ္မာ

ယောင်ဘို့  လှောင်ဘို့  ပြောင်ဘို့ မဟုတ်

လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဒဿန ဟာ

အသနားခံစာမဟုတ်

ဟေရာကလိုက်တပ်စ် ရဲ့ 

လူတယောက် မြစ်တမြစ်ထဲ နှစ်ခါမဆင်းနိုင် ဖလော်

အကြိမ်ကြိမ်အော် အော်သံတွေဟာ မြစ်ရေဖြစ်သွား ။



**ဖုတ် တစ္ဆေ တဘက် နာနာဘာဝတွေနေတဲ့ မြို့ ကြီး

လျှပ်စစ်မီးတွေ ထိန်ထိန်ငြီးလို့  လမ်းမတွေအပေါ်

လူသူလေးပါး ကင်းရှင်နေတယ်

ရုပ်ထုကြီး သုံးခု

အနိစ္စ ဒုက္ခ အနတ္တ တရားမှတ်နေတယ်

ကိုယ့်ကိုယ်ကို တော်ကြောင်း

မသူတော်တွေနဲ့  ပေါင်းပြနေတယ် ။


**တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားသူများ

တောက်ပခန့် ညားသော အဆောက်အဦထဲမှာ

ကိုယ့်ဇျာပန ကိုယ်တိုင်ချရမယ့်ကိန်းနဲ့ 

အငိုလွယ်ပြီး အရှိုက်ခက်နေကြတယ်



**အမေအိုကတော့ပြောတယ်

ဒီစစ်အုပ်စုလက်ထက်လောက်

ပြည်သူလူထု ဘုရားတရား ကြည်ညိုလာတာ

ဘုရားစာ တရားစာ ပိုရွတ်ဖတ်လာကြတာ

တွေ့ တောင်မတွေ့ ဘူးပါဘူး တော် တဲ့။



**ဖိနှိပ်ရက်စက်မှု ကြမ်းကြမ်းအောက်မှာ

အရာရာဟာ သဗ္ဗေသတ္တာ ကမ္မသကာ

ပြည်သူတို့ ဘ၀မှာ ဒုက္ခမတွေ့ ရလေအောင်

ဘုရားစာ တရားစာများ ရွတ်ဖတ် နေခဲ့ရ

ဘုရားစာ တရားစာများ ရွတ်ဖတ် နေခဲ့ကြ

အထိတ်တလန့်  ရွတ်ဖတ် နေခဲ့ရ

အထိတ်တလန့်  ရွတ်ဖတ် နေခဲ့ကြ

အောင်ပွဲ မရမခြင်း ….. ရွတ် …… ဖတ် …….. ကြ …..။



**ရဲရင့်သက်ဇွဲ**

၀၁၀၆၂၀၁၁


No comments:

Post a Comment