
ကောက်မရပဲ ဖောက်ပြန် ပျောက်ရှသွားတဲ့ နွေဦးလို
သောက်မရပဲ မှောက်လှန် အောက်ကျသွားတဲ့ ရေတဗူးလို
ပူပင်ကြောင့်ကြမှုတွေနဲ့ အလိုမတူပဲ ပေါင်းသင်းနေရ
အတိတ်မှာ မဲမဲမြင်တိုင်း ပစ်တဲ့လူတွေကို မဲထည့်ရင်
စိတ်နဲ့ဘ၀ ဒီထက်မှောင်မဲမှာမို့
ကြိတ်မနိုင်ခဲမရ ဒေါသတွေဖြေဖျောက်ဖို့
ပျော်ရွှင်ခြင်းတွေကို စိတ်ကူးနဲ့ကြိုတင် မဲပေးပြီးပြီ....။
တအားလည်ပြီး မကြားချင်ယောင်ဆောင်သူထံ
ဘ၀ပျက်ကို ငယ်သံပါအောင် အော်မှ
တိုးတိုးလေးကြားရတဲ့ အမှောင်ခေတ်ထဲမှာ
တစ်ယောက်ကို တစ်ယောက် သံသယနဲ့ ပစ်ပေါက်ခဲ့ပြီးပြီ..။
ခြစ်ကြောင်းအထပ်ထပ်နဲ့ စီဒီဓာတ်ပြားတစ်ချပ်လို
ငါတို့အနာဂတ်ဟာ မှုန်မှုန်ဝါးဝါး အရုပ်ရော အရိပ်ပါမထင်တော့
ပြဿနာကို မြက်ပေါင်းပင်လို မရှင်းပဲထားပြီး
အဆိပ်ပင်ကို မြေသြဇာကျွေးပြီး ထပ်စိုက်ပျိုးမလား...။
သင်းပျံ့မွှေးမြတဲ့ အနာဂတ် ပန်းခင်းများ
လက်တွေ့ကျကျ မျိုးစေ့ချ စိုက်ပျိုး
ဒေါင်းမျိုးတွေမို့ အချိန်တန်အရွယ်ရောက်ကြီးပြင်းလာလေ
အတွေ့အကြုံတွေ တပွေ့တပိုက်နဲ့ သက်ဝင်လှပလာလေ
ခိုးယူခံထားရတဲ့ ငါတို့ရဲ့အနာဂတ်တွေကို
ငါတို့ရဲ့ အသည်းကြားက မဲတပြားနဲ့ ပြန်ရွေးယူကြရမယ်..။
တရုတ်တွေ မျက်စိပေါက်ကျဉ်းသလိုမျိုး
ကမ္ဘာ့ရွာဟာ တဖြည်းဖြည်း ကျဉ်းလာတယ် ၊
ခိုးကြောင်ခိုးဝှက် လာဘ်စားခဲ့ရင်တောင်
အာတာနက်ခေတ်မှာ တကမ္ဘာလုံးက ကြားတယ်
အမြင်ကျဉ်းမြောင်းသူတွေက အရိုးအရင်းစားဖို့ တန်းစီစောင့်တုန်း
အမြင်ကျယ် ယူနီဖောင်းအောက်မှာ အဆီပြန် ဗိုက်ရွှဲ ၊ လိုက်ပွဲတောင် စားပြီးသွားပြီ..။
တဲအိမ်မှာ ခေါက်စရာ တံခါးမရှိအောင်လည်း တောနက်နက်ထဲ ဆင်းရဲခဲ့ပြီးပြီ....။
အဓမ္မနိုင်ငံမှာ ကြောက်စရာ ဓားမရှိတဲ့အထိ ရဲစွမ်းသတ္တိတွေလည်း ပြခဲ့ပြီးပြီ...။
တောနဲ့မြို့ပြကို ငြိမ်းချမ်းရေး တံတားထိုး ၊ အမှားအယွင်းတွေကို အတူတူ အလဲထိုးရမဲ့ပွဲ။
**အောင်ခိုင်မြင့်**
၂၀ မတ်လ ၂၀၁၂
No comments:
Post a Comment