
မန္တလေးမြို့၊ ဆရာဝန်များအသင်းတိုက် (၂၅.၁၂.၂၀၀၇)
ခန်းမကြီးတစ်ခုလုံး သီချင်းသံများဖြင့် လှုပ်ရှားကြွရွလျှက်ရှိသည်။ လူများကလည်း ပျားပန်းခတ်မျှ ဟိုမှသည်သွားလာလျှက်ရှိကြသည်။ ထိုအထဲတွင် ကျောင်းသားကျောင်းသူကလေးခြောက်ယောက်လည်း ပါဝင်လျှက်ရှိသေည်။ အားလုံးမှာလည်း သက်တူရွယ်တူတွေလောက်ပင်... ရှမ်းဝတ်စုံလေးများ ဆင်တူဝတ်လျှက်ပျော်ရွှင်နေကြဟန်မှာလည်း အထင်းသားပင်... အားလုံး၏မျက်နှာများပေါ်မှာလည်း စိတ်လှုပ်ရှားဟန်ကလေးများက အထင်းသား.... သူတို့အားလုံး ဥာဏ်ရည်မမီသောကလေးငယ်လေးများ ရန်ပုံငွေပွဲအတွက် စေတနာ့ဝန်ထမ်းအဖြစ်ဖြင့် ကူညီ နေကြသော လူငယ်လေးများပါပင်။ အားလုံးက ဆေးကျောင်းသား၊ ဆေးကျောင်းသူကလေးများပေါ့... ထိုအထဲမှ ထူးခြားတာက ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်...။ ကောင်လေးကတော့ ကောင်မလေးကို အလွန်တရာ ချစ်မြတ်နိုးဟန်ဖြင့် စိုက်ကြည့်နေခဲ့ပြီး ကောင်မလေးကတော့ စိတ်လှုပ်ရှားဟန်ပေါ်နေပြီး သူငယ်ချင်းတွေနဲ့ စကားလိုက်ပြောနေခဲ့ပါသည်။ အစီအစဉ်စလို့ သိပ်မကြာခင် မှာပဲ ကောင်လေးတို့အဖွဲ့အလှည့်ကို ရောက်လာခဲ့ပါသည်.... အားလုံး စင်ပေါ်တက်ခဲ့ကြပြီး ဖျော်ဖြေမှူ့စကြပါသည်။ သီချင်းလေးကတော့ ကြည်နူးစရာကောင်းလှစွာဖြင့် လက်တီးသီချင်းလေးပေါ့.... သီချင်းသံတွေကြားမှာ ကောင်လေးရဲ့မျက်နှာကတော့ မြူးလို့ဖြလို့ပေါ့... ကောင်မလေးရဲ့မျက်နှာမှာတော့ စိတ်လှုပ်ရှားပျော်ရွှင်မှူ့တွေ အပြည့်နဲ့လေ... ၀ိုင်းပတ်ကနေဟန်လေးတွေ ထဲမှာတော့ ချစ်ခြင်းတစ်ခုကိုကိုယ်စားပြုတဲ့ မျက်နှာ၊ မြတ်နိုးခြင်းတွေကို ရင်မှာပိုက်ထားတဲ့မျက်နှာနဲ့ ရိုးသားတဲ့ကောင်လေးတစ်ယောက်ရဲ့ ကြည်နူးမှူ့လေးတွေကို ပရိတ်သတ်တွေမြင်နိုင်မှာ အသေအချာပဲလေ...
____________________________________________________________________
လောကကြီးရယ် ကျွန်မချစ်တာ မောင်တစ်ယောက်တည်းပါ။ ဒါပေမယ့် မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာ ကျွန်မအချစ်ကို ဖွင့်ဟဖို့ အသင်ကအခွင့်မပေးခဲ့ဘူးလေ။ ကျွန်မချစ်တာကို မောင်မသိအောင် ထိန်းချုပ်ထားဖို့ ကလည်း မိန်းမတစ်ယောက်ဘ၀မှ တာဝန်တစ်ရပ်အဖြစ် အသင်ကပေးအပ်ခဲ့ပြီလေ...။ အဲဒီတော့ မောင့်ကို ကျွန်မရင်ထဲကနေ ကျိတ်ချစ်နေဖို့ကလွဲလို့ ဘာများရှိတော့မှာလည်းရှင်...။ ဒိုင်ယာရီလေးတွေသာ ကွန်မရဲ့ ရင်ဖွင့်ဖော်၊ ကျွန်မရဲ့အနီးကပ်ဆုံးအားပေးနှစ်သိမ့်သူအဖြစ်နဲက ရပ်တည်ပေးခဲ့ရတာပါ။ မောင့်ကိုမြင်တိုင်း ကျွန်မရဲ့ မိန်းမဖြစ်ရတဲ့ဘ၀ကြီးကို မုန်းမိသလိုတောင် ဖြစ်ခဲ့ရတာ ဒိုင်ယာရီလေးအသိဆုံးပါ...။ ဒါပေမယ့် ကျွန်မကို မျှော်လင့်ချက်တွေ ရှင်သန်စေခဲ့တာကတော့ ဆရာဝန်များအသင်းတိုက်မှာ ကျင်းပတဲ့ ပွဲကလေးတစ်ခုပါပဲ။ အဲဒီပွဲမှာ မောင်နဲ့ ကျွန်မ တွဲကရမယ်တဲ့...။ ကျွန်မမှာ ပျော်လိုက်တာလေ။ ကျွန်မဘ၀အတွက် ဘယ်တော့မှမမေ့နိုင်တော့မယ့် ဖြစ်ရပ်ကလေးတစ်ခုကို ဖန်တီးပေးခဲ့တဲ့ အသင်လောကကို ဒီတစ်ခါတော့ ကျွန်မတကယ်ကို ကျေးဇူးတင်မိတာပါရှင်...။ နောက်ပြီး ကျွန်မအတွက် မောင့်မျက်လုံးတွေထဲက ကျွန်မအပေါ်ချစ်တဲ့ အချစ်ရိပ်ကိုလည်း မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံနဲ့ မြင်နိုင်ခဲ့တယ်လေ။ အဲဒီနေ့က ကျွန်မတို့ ရှမ်းဝတ်စုံလေးတွေနဲ့ ကရတဲ့နေ့ပေါ့...။ မောင်ကလည်း ရှမ်းဝတ်စုံအစိမ်းကလေးနဲ့ အရမ်းကို ကျက်သရေရှိနေတာပေါ့ရှင်...။ ကျွန်မကို အရမ်းမြတ်နိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေခဲ့တာကိုလည်း ရိပ်မိနေတာပေါ့...။ ဒါပေမယ့် ကျွန်မက မိန်းမတစ်ယောက်လေ...။ ကိုယ်ကို မြတ်နိုးရိပ်တွေနဲ့ ကြည့်လာခဲ့တဲ့ ယောက်ျားတစ်ယောက်ကို ကျွန်မက အရိပ်အယောင်တွေပြနေလို့ ဘယ်ဖြစ်ပါ့မလဲရှင်...။ အဲဒီတော့လည်း မောင့်ရဲ့ မြတ်နိုးကြည့်တွေကို ကြည်နူးစွာခံယူရင်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ထားခဲ့ရတာပေါ့...။ ကျွန်မတို့ တွဲကကြတော့လည်း မောင့်ရဲ့နွေးထွေးတဲ့ လက်ကလေးတွေနဲ့အတူ အလိုက်သင့်စီးမျောရင်း တဆိတ်ကြည်နူး မိတာကိုတော့ အိမ်ပြန်ရောက်မှ ဒိုင်ယာရီလေးကို ၀န်ခံရဦးမယ်လေ...။ ဒိုင်ယာရီလေးရေ မောင့်ကိုတော့ ပြန်မပြောရဘူးနော်...။ ကျွန်မတို့အတွက် အမှတ်တရဖြစ်စေမယ့် ပွဲလေးကို မောင့်ရဲ့ မြတ်နိုးခြင်းအကြည့်တွေ၊ ကျွန်မရဲ့ ချစ်ခြင်းဖွဲ့မျက်ဝန်းတွေနဲ့ တန်ဆာဆင်ခဲ့တယ်ဆိုရင်တော့ ကျွန်မလွန်မယ်မထင်ပါဘူးနော်....။
____________________________________________________________________
ဒီလိုနဲ့ ကျောင်းပြန်ဖွင့်တဲ့အခါ စာမေးပွဲတွေ၊ စာတွေနဲ့ ဆေးရုံတွေကြားမှာ ညပ်ပိတ်နေခဲ့တဲ့ ကျွန်တော်နဲ့ သူမလေးတို့ တစ်ခါတစ်ရံလှမ်းလှမ်းတွေ့လိုက်မိ ကြတာမှအပ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေခဲ့သလို ဖြစ်ခဲ့ရပါတယ်...။ သူမရဲ့မျက်ဝန်းတွေကတော့ ကျွန်တော့်အပေါ်ခုချိန်ထိ အေးစက်ဆဲပဲလေ...။ တွေ့လိုက်ရင် လှမ်းပြီး ပြုံးပြရုံလောက်သာ အသိအမှတ်ပြုတာကလွဲရင် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အေးစက်စိမ်းကား နေခဲ့တယ်ဆိုရင်လည်း အမှန်ပါပဲ...။ ကျွန်တော်ကတော့ ဂျူတီကုတ်လေးဝတ်ထားတဲ့ သူမကို လှမ်းမြင်လိုက်ရင် တစ်ခါဆို ဆိုလိုက်တိုင်း အချစ်ပိုခဲ့ရတာကိုတော့ သူမလေးကသိမှာမဟုတ်ပါဘူး...။ သူမလေးကို သတိရမိတိုင်း စာတွေနင်းကန်ကျက်ပြီး ဖြေသိမ့်ခဲ့ရပါတယ်...။ ဒါကို သူမလေးကတော့ သိမှာမဟုတ်ပါ...။ သူကလေးကတော့ ကြည့်လိုက်တိုင်း စာအုပ်တစ်အုပ်နဲ့ အမြဲတမ်းကျက်မှတ်နေတော့တာပါပဲ...။ နောက်ပြီး သူမလေးက ဒီကျောင်းရဲ့ အလှဆုံးစာရင်းဝင်ထဲမှာ ပါတယ်လေ...။ သူမလေးကိုကြည့်လိုက်ရင် ဘယ်တော့ပဲကြည့်လိုက် ကြည့်လိုက် သပ်ရပ်စမတ်ကျပြီး အဆင့်အတန်းမြင့်တဲ့ပုံစံလေး ထွက်နေတတ်တာကြောင့် သူမကိုဆို လိုက်ချင် ကြိုက်ချင်ကြတဲ့ ကောင်တွေကလည်း ၀ိုင်းလို့ပေါ့...။ ကျွန်တော့်လို အများထဲက ဘာမှမထူးခြားတဲ့ သာမာန်ဆေး ကျောင်းသားလေးတစ်ယောက်ကိုတော့ ကပွဲပြီးကတည်းက သူမရဲ့ရင်ထဲက ထွက်သွားလောက်ပါပြီလေ။ ဒါပေမယ့် ကျွန်တော့်အတွက်ကလည်း ချစ်နေရတာကိုပဲ ၀ဋ်ကြွေးတစ်ခုလို့ ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ပါဘူး။ ကျွန်တော့်အတွက်ကတော့ ချစ်နေရရင် ပြီးတာပါပဲလေ...။ ယောက်ျားလေးတစ်ယောက်အတွက် အကြောက်ဆုံး ကသူချစ်တဲ့ကောင်မလေးက သူ့ကိုပြန်မချစ်မှာကိုပါပဲ...။ ဘယ်လောက်ပဲ ခွန်အားကြီးတဲ့ သူရဲကောင်း တစ်ယောက်ဖြစ်ပါစေ...။ သူချစ်တဲ့ကောင်မလေးက သူ့ကိုပြန်မချစ်မျာကို သေမလောက်ကြောက်ကြပါတယ်...။ ကျွန်တော်လဲ ယောက်ျားတစ်ယောက်ပဲလေ... ချစ်တဲ့သူက ပြန်မချစ်မှာ ကြောက်တာပဲပေါ့...။ သူမလေး ပြန်ချစ်တာမချစ်တာထက် ကျွန်တော်သူမကို ချစ်ခွင့်ပန်လိုက်လို့ သူမကပြန်မချစ်လိုက်မှာကိုတော့ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တာပါ...။ သူမလေး ကျွန်တော့်ကိုပြန်မချစ်မှာက သေချာသလောက် ရှိနေတယ်လေ...။ ဒါကိုပဲ ယောကျာ်းတစ်ယောက်ရဲ့ အတ္တလို့ ဆိုမယ်ဆိုလည်း ဆိုကြပါစေဗျာ...။ ကျွန်တော်ကတော့ ကိုယ်ချစ်ရသူက ကိုယ့်ကို ငြင်းပယ်လိုက်တာကို ဘယ်လိုမှလက်ခံနိုင်စွမ်း မရှိခဲ့တာတော့ အမှန်ပဲလေ....။
____________________________________________________________________
ကျွန်မ မျှော်လင့်ချက်တွေတော့ ဖြစ်မလာနိုင်တော့ဘူး ထင်ပါရဲ့လေ...။ ကျွန်မချစ်မိတဲ့ ကိုတေမိကြီးက လူကို လှမ်းလှမ်းရှိုးပြီး မြတ်နိုးရိပ်တွေပြနေတာကလည်း အနေခက်စေပါရဲ့....။ သူ့ကိုချစ်မိတဲ့ ကျွန်မကတော့ ဘယ်ဘ၀က ၀ဋ်ကြွေးမှန်းကို မသိပါဘူးရှင်...။ စာကျက်လိုက်တိုင်း သူ့မျက်နှာလေးပေါ်လာပြီဆိုရင် ဘယ်လိုမှကို စာဆက်ကျက်လို့ မရတော့တာပါ...။ သူ့ကိုသတိရတိုင်းလည်း ကဗျာတွေရေးတတ်လာခဲ့တာ ကဗျာဆရာမတစ်ပိုင်းကိုဖြစ်လို့...။ သူငယ်ချင်းတွေက မေးယူရလောက်ောအင်ကို ကျွန်မပုံစံက တစ်စုံတစ်ခုက လွှမ်းမိုးခံထားရသလို ဖြစ်နေတတ်ခဲ့တာလေ...။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ သရဲဘောကြောင်ပုံကိုလည်း အားမလို အားမရဖြစ်ရတာ မကြာခဏပါပဲ....။ ဆေးရုံသွားတိုင်းလည်း သူ့မျက်နှာလေးကို ရှာဖွေနေတတ်ခဲ့ပါတယ်...။ ဒါတွေကိုတော့ သူသိမှာမဟုတ်ပါ...။ ကျွန်မကလည်း သူသိအောင် ပြလိမ့်မည် မဟုတ်ပါ....။ ကျွန်မသူ့ကို ခုချိန်မှာ ပေးနိုင်ခဲ့တာကတော့ သူ့ကိုချစ်သော ကျွန်မရင်ထဲက အချစ်တွေပဲ ဖြစ်ပါလိမ့်မည်...။ သူ့ရဲ့ အေးစက်စက်ချစ်ခြင်းတွေကို ခံယူရတိုင်း သူ့ကိုမှချစ်မိခဲ့သော ကိုယ့်ကိုယ်ကိုလည်း ဇဝေဇ၀ါဖြစ်ခဲ့ရပါသည်။ ကျွန်မဘေးမှာ ကျွန်မရဲ့ အချစ်ကို လိုချင်သူတွေ ၀ိုင်းဝိုင်းလည်နေသလောက် ချစ်ခွင့်ပန်ခဲ့သူတွေလည်း မနည်းပါပဲ... ဒါပေမယ့် ကျွန်မ သူတို့အားလုံးကို အေးစက်စက်အပြုံတစ်ခုနဲ့တင် ပြန်လည်ငြင်းပယ်နိုင်ခဲ့တယ်လေ...။ အေးစက်စက်သူ့ကိုသာချစ်ခဲ့မိတာအတွက် ၀ဋ်ကြွေးတွေသာ ဖြစ်ခဲ့မယ် ဆိုရင်လည်း အပြုံးမပျက် ခံယူဖို့ အသင့်ရှိနေခဲ့တယ်လေ....။
____________________________________________________________________
ဒီနေ့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေမိပါသည်။ တစ်ညလုံးလည်း အိပ်မရခဲ့တဲ့ အတွက် လူပုံစံကလည်း ကြောင်စီစီဖြစ်နေမှာ အသေအချာပါပဲ....။ ဒီတစ်နှစ်ဟာ ကျွန်တော့်ရဲ့ ကျောင်းသားဘ၀ နောက်ဆုံးနှစ်ပါပဲ။ ဒီအချိန်မှာမှ သူမကို ဖွင့်မပြောဖြစ်ခဲ့ရင် ကျွန်တော် တစ်သက်လုံးနောင်တရနေမယ့် အဖြစ်ကြီးကို လုံးဝလက်မခံ နိုင်တော့ပါ...။ ကျွန်တော်သူမကို ဖွင့်ပြောလိုက်ဖို့ အဆုံးစွန်အထိ အားမွေးထားခဲ့ပါတယ်...။ ဒီနေ့တော့ သူမကိုချစ်တဲ့အကြောင်းတွေ ဖွင့်ပြောလိုက်တော့မယ်ဗျာ...။ သူမဘက်က ငြင်းလိုက်မှာကိုလည်း ကြောက်ရွံ့စိတ် လုံးဝမရှိတော့ပါဘူး...။

ခုချိန်မှာ ကျွန်တော့်ရဲ့ ရင်ဘတ်တစ်ခုလုံးထဲမှာ သူမကိုချစ်သောအချစ် တွေသာ အတိပြီးနေခဲ့ပါသည်။ ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်အတွက်လည်း ခုချိန်မှာ နောင်တမရချင်တော့ပါ...။ ကျွန်တော်ဖွင့်ပြောလိုက်လို့ ဖြစ်ပေါ်လာမယ့် သူမရဲ့အမုန်းတွေကိုလည်း ခံယူဖို့ ၀န်မလေးတော့ပါ... ခုချိန်မှာ တော့ကျွန်တော့်ရင်ထဲမှာ လိုအပ်ချက်တစ်ခုသာရှိပါတော့သည်....။
ကျွန်တော့်အချစ်တွေကို သူမအသိအမှတ်ပြု ဖို့ပင်...။ ထိုအသိအမှတ်ပြုမှူ့တစ်ခုတည်း ဖြင့်ပင် ကျွန်တော့်ဘ၀ရဲ့အနာဂတ် အချိန်တွေမှာ ခွန်အားအဖြစ်ဖြင့် ရပ်တည်သွားဖို့ ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။
__________________________________________________________________
ဖြစ်ချင်တိုင်းဖြစ်မလာတဲ့ဘ၀မှာ ဖြစ်သင့်တာကို ဦးစားပေးကြရတာ ကျွန်မတို့ မိန်းမသားဘ၀ပါ...။ ငယ်စဉ်က လက်တွေ့ဆန်တတ်ခဲ့တဲ့ ကျွန်မဟာ ဆေးကျောင်းကို ရောက်လာခဲ့တဲ့ အခါမှာတော့ လက်တွေ့ဆန်တဲ့ ပညာရပ်တွေကို သင်ယူနေရင်းပဲ စိတ်ကူးယဉ်ဆန်စွာနဲ့ မောင့်ကိုချစ်ခဲ့မိပါတယ်...။ မောင့်ရဲ့ အချစ်တွေကို တွေ့ရှိခဲ့ပေမယ့် အချစ်တွေကို ရင်ထဲမှာပဲ မျိုသိပ်ထားခဲ့တဲ့ မောင့်ရဲ့ဥပက္ခာပြုမှူ့တွေအောက်မှာ ကျွန်မရဲ့ အချစ်တွေကို မျိုသိပ်နိုင်ခဲ့ပါတယ်....။ မိန်းမတစ်ယောက်ရဲ့ ချစ်ခြင်းဂုဏ်သိက္ခာအတွက် ကျွန်မဘယ်ယောက်ျား ကိုမှထပ်ပြီး ချစ်တော့မှာ မဟုတ်ပါဘူး...။ ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမယ်လေ...။ မိန်းမ တစ်ယောက်ရဲ့ ဘ၀ဟာ စံပယ်ပွင့်လေးတွေနဲ့တူပါတယ်...။ ညှိုးနွမ်းမသွားခင်မှာ ပန်ဆင်မဲ့သူကို မျှော်လင့်ရ ပါတယ်...။ ညှိုးနွမ်းပြီး ကြွေကျသွားချိန်မှာ ဘယ်သူကမှ အမြတ်တနိုးပန်ဆင်မယ့်သူ မရှိတော့တဲ့ဘ၀ကို ကြောက်လန့်တကြားလက်ခံရပါတော့တယ်...။ ကျွန်မမောင့်ကို အဆုံးစွန်ထိ မျှော်လင့်ခဲ့ပြီးပါပြီ...။ ဒါပေမယ့် အချစ်အပေါ်မှာ ဥပက္ခာပြုနိုင်လွန်းခဲ့တဲ့ မောင့်ကို ကျွန်မဒဏ်ခတ်ခဲ့တယ်လို့ပဲ မှတ်ကြပါစို့...။ ကျွန်မလက်ထပ်တော့မယ်မောင်...။ အဖေတို့သဘောတူထားတဲ့သူတစ်ယောက်နဲ့ လက်ထပ်မယ်ပဲဆိုပါစို့...။ ကျွန်မတို့ တစ်ကျောင်းလုံးကို ဖိတ်မယ်မောင်...။ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးအတွက် လူအများရှေ့မှာ အရမ်းကံကောင်းတဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မဂုဏ်ယူချင်တယ်မောင်...။ တစ်ကျောင်းလုံးက အားကျရတဲ့ မိန်းမတစ်ယောက်အဖြစ် ကျွန်မခံယူမယ်မောင်...။ မောင့်ကိုလည်း ကျွန်မဖိတ်မယ်မောင်...။ ကျွန်မဖိတ်စာ လာဖိတ်တဲ့အချိန်မှာ ဖြစ်သွားမယ့် မောင့်မျက်နှာကို အချစ်တစ်ခုကို ဥပက္ခာပြုခံရတဲ့ မိန်းမတစ်ယာက်အဖြစ်နဲ့ အရသာခံပြီးတော့ကို ကြည့်ဦးမယ်မောင်...။ ကျွန်မဘယ်လောက်သတ္တိရှိခဲ့တယ် ဆိုတာကို ပြန်တွေးမိတိုင်း တစ်ဘ၀စာ ကျေနပ်နေမိအောင်ပါ...။ ဒါဟာကျွန်မရဲ့ အတ္တတစ်ခုဆိုရင်လည်း မောင့်အတွက်တော့ ကျွန်မစိတ်မကောင်းပါဘူး...။ ဘာကြောင့်လဲဆိုတော့ မောင့်မျက်ဝန်းထဲက ချစ်ခြင်းစာမျက်နှာကို ကျွန်မဖတ်နိုင် ခဲ့ပြီလေ...။
____________________________________________________________________
ဒီနေ့တော့ ကျွန်တော် ဆေးရုံဝင်ပေါက်နားလေးက ခုံတန်းလေးပေါ်မှာ သူမလေးကို ထိုင်စောင့်နေခဲ့ပါတယ်...။ သူမနဲ့ တွေ့ရင် ပြောမယ့် စကားလုံးတွေကိုလည်း စီနေလိုက်ပါတယ်...။ ဘယ်ကဘယ်လိုစပြောမယ် ဆိုပြီးတော့ပေါ့...။ ကျွန်တော်ထိုင်နေတဲ့ အချိန်မှာ ဆေးရုံထဲကို လက်ချင်းတွဲပြီး ၀င်သွားကြတဲ့ ဆရာဝန်စုံတွဲလေး တွေကိုကြည့်ပြီး စိတ်ကူးတွေတောင် ယဉ်မိပါရဲ့...။ သူမလေးနဲ့ ချစ်သူတွေဖြစ်ရင် သူမလေးကို ဘယ်လိုအလိုလိုက်မယ်၊ ဘယ်လိုယုယလိုက်မယ် ဆိုတာတွေလည်း တွေးနေမိတာပေါ့ဗျာ...။ အဲဒီအချိန်မှာပဲ ဆေးရုံထဲကို အိတ်လေးတစ်အိတ်ကိုင်ပြီး ၀င်လာတဲ့သူမလေးကို တွေ့လိုက်ရတယ်ဆိုရင်ပဲ အသက်နှစ်ဆယ်ကျော်ပြီဖြစ်တဲ့ ကျွန်တော့်နှလုံးသားတစ်စုံဟာ တဖြတ်ဖြတ်လှုပ်ရှားလာပါတော့တယ်...။ မဖြစ်ပါဘူးလေ.... ဒီတိုင်းသာဆိုရင်တော့ သူမလေးနဲ့ ချစ်သူတွေဖြစ်မှာ သူမလေးကို နှလုံးခုန်နှုန်းစမ်းခိုင်း ရမယ်။ အတွေးမဆုံးခင်မှာပဲ သူမလေးက သူ့နားကိုရောက်လာတဲ့အခါ သူ့မျက်လုံးသူတောင် မယုံနိုင်အောင် ဖြစ်သွားရပါတယ်...။ အဲဒီနောက်မှာတော့... ရှင်ဘာလုပ်နေတာလဲ အော်.... ယုကိုစောင့်နေတာပါ ရှင်ကဘာအတွက် ကျွန်မကိုစောင့်နေတာလဲ ယုကိုပြောစရာရှိလို့ပါ... ယုကောဘာပြောစရာရှိလို့လည်း ရှင်ပြောစရာရှိတာအရင်ပြောပါ... ရပါတယ်.... ယုအရင်ပြောပါ လေဒီဖတ်စ်ပေါ့... အင်း ဒါဆိုလည်းပြီးတာပဲလေ... ကျွန်မ မင်္ဂလာဆောင်ဖိတ်စာလာဖိတ်တာပါ... ရော့ ကဲရှင်ပြောစရာရှိတာပြောတော့လေ.... ဆိုပြီး ကျွန်တော့်လက်ထဲကို ဖိတ်စာလေးတစ်စောင် ထည့်ပေးလာပါ တယ်...။ ကျွန်တော့်ခေါင်းကို ခပ်ပြင်းပြင်း ဖြတ်ရိုက်ချလိုက်သလိုပါပဲ.... လှုပ်ရှားနေခဲ့တဲ့ နှလုံးသားတစ်စုံလည်း ဖြတ်ခနဲ သေဆုံးသွားသလိုပါပဲ...။ စကားတောင် ကောင်းကောင်းပြန်မပြောနိုင်ဘဲ သူမကိုသာ ငေးကြည့်နေမိပါ တော့တယ်...။ ကဲ... ရှင်ပြောစရာရှိတာပြောတော့လေ မဟုတ်... မဟုတ်ပါဘူး... ကျွန်တော်ပြောစရာမရှိတော့ပါဘူး॥ ဆိုပြီး ကျွန်တော် ထွက်လာခဲ့မိပါတော့တယ်... သူမကတော့ အံ့သြစွာစိုက်ကြည့်လို့ပေါ့...။ ဒါပေမယ့် ကျွန်တော် အရှုံးများစွာနဲ့ ထွက်ပြေးလာခဲ့ရတယ်ဆိုတာ ကိုတော့ သူမလေးသိနိုင်တော့မည် မထင်ပါ...။ ဒီလိုပါပဲ... ကျွန်တော်မပြောဖြစ်လိုက်တဲ့ စကားတစ်ခွန်းကိုတော့ သူမအတွက် ကျွန်တော့်ရင်ထဲမှာ တစ်သက်စာမြှုပ်နှံသိမ်းဆည်းလိုက်တော့မည်ဆိုတာကိုတော့.............
စာရေးသူ.... ကိုကိုးအိမ်(မန္တလေး)
No comments:
Post a Comment