Thursday, March 8, 2012

ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း


**လူမှုရေးဆောင်ရွက်ချက်များအတွက်ပေးအပ်သည့် အမြင့်ဆုံးဆု.. ရှာကီရာ ရရှိရန် အမည်စာရင်းတင်သွင်းခံရ**

ကိုလံဘီယာစူပါစတား ရှာကီရာသည် သူမ၏ လူမှုရေးဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့် အနေဖြင့်စပိန်နိုင်ငံတွင် ဂုဏ်သိက္ခာအမြင့်မားဆုံးဆုတစ်ဆုရရှိရန် အမည်စာရင်းတင်သွင်း ခံခဲ့ရကြောင်း သတင်းများတွင်း ဖော်ပြသည်။ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ သံတမန်တစ်ဦးဖြစ်သည့် ကမ္ဘာကျော်ဂီတငွေကြယ်ပွင့် ရှာကီရာသည် ငြိမ်းချမ်းရေးထိန်းသိမ်းစောင့်ရှောက်ရာတွင် ထူးချွန်စွာဆောင်ရွက်ခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း၊လွတ်လပ်ခြင်း၊ စည်းလုံးညီညွှတ်ခြင်း၊ အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည့် လူသားချင်းစာနာထောက်ထားမှု ဖွံဖြိုးရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်ပေးအပ်သည့် Prince of Asturias Concord ဆုကို ရရှိရန် အမည်စာရင်းတင်သွင်းခံခဲ့ရသည်။

အဆိုပါ ဆုကို ၁၉၈၆ ခုနှစ်ကတည်းက နှစ်စဉ်ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ရှာကီရာသည် သူမ ၁၈ နှစ်အရွယ်ကတည်းက ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Barefoot Foundation ကို တည်ထောက်၍ ပညာရေးဖွံဖြိုးတိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ လွန်ခဲ့သည့်နှစ်က ရန်ပုံငွေတိုးမြှင့်၍ သူမ၏ မိခင်နိုင်ငံကိုလံဘီယာနှင့် ဟေတီနိုင်ငံတို့တွင် စာသင်ကျောင်းများဆောက်လုပ် လှူဒါန်းခဲ့သည်။ ရှာကီရာသာ အဆိုပါဆုကို ရရှိခဲ့မည်ဆိုလျှင် ဂီတအနုပညာလောကတွင် ယင်းဆုကို ပထမဆုံးဆွတ်ခူးသည့် အနုပညာရှင်ဖြစ်လာမည် ဖြစ်သည်။ Prince of Asturias Concord ဆုကို ယခင်က နာမည်ကျော် သိပ္ပံပညာရှင်စတီဖင်ဟော့ကင်းက ၁၉၈၉ ခုနှစ်တွင် လည်းကောင်း၊ ဟယ်ရီပေါ်တာစာရေးဆရာမ ဂျေကေရိုးလင်းက ၂၀၀၃ ခုနှစ်တွင် လည်းကောင်း ဆွတ်ခူးရရှိခဲ့ဖူးသည်။ (အင်တာနက်)


**ရှစ်နှစ်အတွင်း နည်းပြရှစ်ယောက်ထုတ်ပယ်ခဲ့သည့် အေဘရာမိုဗစ်ခ်ျ ..နည်းပြသစ်ရှာပုံတော်ဖွင့်ပြီ**
(လန်ဒန်၊ မတ် ၆)
ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် နည်းပြအန်ဒရီဗေးလက်စ်ဘို့စ်အား ထုတ်ပယ်လိုက်ပြီဖြစ်သည်။ ယင်းအပြင် ၄င်းသည်ရှစ်နှစ်အတွင်း ချယ်လ်ဆီးအသင်းအတွက် ရှစ်ယောက်မြောက်နည်းပြအဖြစ် ခေါ်ယူခဲ့သည့် အန်ဒရီဗေးလတ်စ်ဘို့စ် ချယ်လ်ဆီးအသင်းကို တာဝန်ယူစဉ်ကာလအတွင်းသုံးစွဲခဲ့သည့် ကုန်ကျငွေ ပေါင်သန်း ၅၀ မှာ ဂိုးပေါက်ပျောက်နေသည့် တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ကို ခေါ်ယူခဲ့သည့် ပေါင်သန်း ၅၀ နှင့် တန်ဖိုးချင်း တူညီသော်လည်း ဗေးလတ်စ်ဘို့စ်အတွက်သုံးစွဲခဲ့သည့် ပေါင်သန်း ၅၀ မှာ ငွေဖြူန်းခဲ့ခြင်း သက်သက်သာဖြစ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အေဘရာမိုဗစ်ခ်ျသည် ပြီးခဲ့သည့် ဇွန်လအတွင်းက ဗေးလတ်စ်ဘို့စ်ကို ခေါ်ယူရန်အတွက် ပေါ်တိုအသင်းကို ပေါင် ၁၃.၃သန်းပေးခဲ့ရပြီး ထုတ်ပယ်ခဲ့သည့် ကာလိုအန်ဆယ်လော့တီအတွက် ပေါင် ၁၀ သန်းမက သုံးစွဲခဲ့ရသည်။ ထို့အပြင် ဗေးလတ်စ်ဘို့စ်တာဝန်ယူခဲ့သည့် ရက်သတ္တ ၃၆ ပတ်ပွဲစဉ် ၄၀ အတွက် တစ်ပတ်လျှင် ပေါင် ၉၀၀၀၀ အပြင် အပိုဆုကြေးအဖြစ် ပေါင် ၃.၅ သန်းသုံးစွဲခဲ့ရသည်။ ယင်းအပြင် ဗေးလတ်စ်ဘို့စ်ကို ထုတ်ပယ်ခဲ့သည့်အတွက် နစ်နာကြေးအဖြစ် ပေါင် ၁၁ သန်းပေးရမည်ဖြစ်သည်။ ထို့ကြောင့် ဗေးလတ်စ်ဘို့စ် တာဝန်ယူခဲ့သည့် ရှစ်လတာကာလအတွက် မိုဗစ်ခ်ျသည် ပေါင် သန်း ၅၀ ၀န်းကျင်သုံးစွဲခဲ့ရသည်။ ထို့ကြောင့် အေဘရာမိုဗစ်ခ်ျသည် အသင်းအတွက် နည်းပြအသစ်ကို ထပ်မံရှာပုံတော်ဖွင့်နေပြီဖြစ်သည်။ ချယ်လ်ဆီးအသင်းအား ဗေးလတ်စ်ဘို့စ်၏ လက်ထောက်နည်းပြ ရော်ဘတ်တိုဒီမတ်တီအိုကယာယီတာဝန်ယူ ကိုင်တွယ်မည်ဖြစ်သည်။ (အင်တာနက်)


စုစည်းဘာသာပြန် - အေ၀မ်းစိုး

No comments:

Post a Comment