Thursday, March 29, 2012

ကြေမွသွားသောဘဲဥတစ်လုံး


. အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။ အိမ်ကမထွက်ခင်

နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး ကြည့်လိုက်တာ

တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော

ဘာသားနဲ့ထုထားတာမို့လဲ..

. . .



... ဗျင်းဗျင်းဗျင်း ဗြိဗြိဗြိ...



ဟယ်တော့.. ဒီကောင်လေးနဲ့တော့ ဒုက္ခပါပဲ။ ခေါင်းကိုများ အားပါးတရ

ကုတ်နေလိုက်တာ၊ ဆံပင်တွေကျွတ်ကုန်မှာများ မစိုးရိမ်ဘူးလားမသိပါဘူး။

တဗျင်းဗျင်းနဲ့ သူကုတ်နေတာကို တိတ်တိတ်လေး ခိုးကြည့်နေရတာကကို

ရင်ခုန်ချင်စရာကောင်းနေပြီ။ မင်းဟာမင်းကုတ်တာ အကြောင်းမဟုတ်ပေမဲ့

တို့များရင်ထဲမှာ ယားကျိကျိဖြစ်နေပြီကွဲ့ သိရဲ့လား လူဆိုးလေးရေ။



ဒီကောင်လေး အလုပ်ထဲကို ရောက်လာတဲ့နေ့ကို မှတ်မိနေသေးတယ်။

ပထမဆုံးနေ့ဆိုတော့ ဘယ်သွားလို့ ဘာလုပ်ရမှန်း မသိ၊

ယောင်နနဖြစ်နေပုံလေးကိုတွေ့ပြီး တို့များရင်တွေ အရမ်းခုန်နေတာ။

အဲဒီကတည်းက အရမ်းချစ်သွားတာပဲ ကောင်လေးရေ။ တို့တွေ

ကံကောင်းလိုက်ပုံများကတော့ ကောင်လေးထိုင်ရတဲ့ စားပွဲက ကိုယ့်စားပွဲ

ရှေ့တည့်တည့်မှာတော့။ ဗေဒင်ကဟောထားတာတွေ မှန်နေပြီနဲ့တူပါတယ်။ ၀ါကျွတ်အမီ

စုတ်ရော လာဘ်ရောဝင်ကိန်းရှိတယ်တဲ့။



အို.. ...လာဘ်မ၀င်ရင် နေပလေ့စေ၊

စုတ်ဝင်ရင်ပြီးရော။ အခုတော့ စုတ်ကြီး ကိုယ့်ရှေ့တည့်တည့်မှာ ရောက်နေပြီ၊

ဖြူဖြူဖွေးဖွေး ထောင်ထောင်မောင်းမောင်းနဲ့ စုတ်ကြီး။



ဒီအခွင့်အရေးမျိုးတော့ လက်လွတ်ခံလို့မဖြစ်ဘူး။ ကောင်လေးက အသစ်ဆိုတော့

အလုပ်ခွင်မှာ သူသိချင်တာလေးတွေ တို့ကိုများ မေးပါစေတော့ ဆိုပြီး

ကူညီပါရစေ ကူညီပါရစေ ဒီဇိုင်းနဲ့ သူ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်

နှစ်ခေါက်သုံးခေါက် ဖြတ်လျောက်ပြစ်တာ၊ တို့ကို

မျက်လုံးလေးတောင်လှန်မကြည့်ဘူး။ ရေခဲတုံးကြီး.. ရေခဲတုံးကြီးရေ.. လို့

ချောစုခင်လို အသံကုန်ပဲ အော်လိုက်ချင်တော့တယ်။



ယောက်ျားလေးသန့်သန့်တွေကိုမြင်ရင် ရင်ခုန်တတ်တာက တို့တွေရဲ့အကျင့်။

ဒါကိုတော့ အပြစ်မပြောကြပါနဲ့အေ။ အခုအသက်ကလေးရလာလေ အဲဒီအကျင့်က

ပိုပိုဆိုးလာလေပဲ။ တို့အသက်လား.. အခုမှ ၁၇၊ ၁၈ပဲရှိသေးတာပါ။ အဲ ၁၇ နဲ့

၁၈ ပေါင်းတော့ ၃၅ပေါ့နော်။ သူများတွေလည်း လျှောက်မပြောနဲ့ဦး။ အထူးသဖြင့်

တို့ရဲအသည်းလေး မသိစေနဲ့။ ကောင်လေးရဲ့မွေးနေ့ကိုတော့

နည်းမျိုးစုံသုံးပြီး စုံစမ်းလိုက်တာ တို့သိသွားပြီ။



မွေးနေ့ကျရင်

သူလေးပါးစပ်အဟောင်းသားနဲ့ အံ့သြသွားအောင်လုပ်ဖို့ အစီအစဉ်တွေ

အားလုံးဆွဲပြီးသွားပြီ။ အဲဒီနေ့ကျ တွေ့မယ် လူဆိုးလေး။ တစ်ခါတည်းကို

တဖြုတ်ဖြုတ် ကြွေကျသွားရမယ်။ တို့လည်းဒါမှ တစ်ကိုယ်တည်း ဘ၀က ကျွတ်ပြီး

ဘုရားသွားကျောင်းတက် အတူတူ ပါရမီဖြည့်ရမှာ။ တို့ရဲ့အိပ်မက်တွေဟာ

မဝေးတော့ပါဘူး။



အိပ်မက်ဆိုလို့ မနေ့ညကအိပ်မက်ထဲမှာ.. ဟင်းဟင်း.. မပြောပြတော့ပါဘူး။

လူဆိုးလေး.. အရမ်းဆိုးတာပဲ။ ဒီနေ့မနက်နိုးလာတော့ ကြည်နုးလိုက်တာ။ အလုပ်ထဲ

ရောက်ရင် သူလေးနဲ့တွေ့မယ်။ ဒီနေ့တော့ အမှတ်တရဖြစ်အောင် အလှဆုံးပြင်

ရှိသမျှထဲက အကောင်းဆုံးကိုဝတ်။



ကဲ.. အလုပ်သွားရမှာတောင်

မအောင့်နိုင်တောဘူး။ နာရီတွေရယ်.. မြန်မြန်လည်ပါတော့။ ကောင်လေးအတွက်

ပန်းစည်းလေးတစ်စည်း ၀ယ်သွားရင်ကောင်းမလား.. ။ မဟုတ်သေးပါဘူး.. ပန်းစည်းက

မိန်းကလေးတွေ အတွက်ပဲဟာ။



အို.. အလုပ်ချိန်တောင်နီးနေပြီပဲ.. သွားတော့မှ။

အိမ်ကမထွက်ခင် နောက်ဆုံးအနေနဲ့ ကိုယ်လုံးပေါ်မှန်ရှေ့မှာ တစ်ပတ်လှည့်ပြီး

ကြည့်လိုက်တာ တို့ကိုယ်တို့တောင် ရင်ခုန်သွားတယ်။ ကောင်လေးရယ် မင်းကကော

ဘာသားနဲ့ထုထားတာမို့လဲ။ တော်တော်ကြာ မင်း တို့ကိုတွေ့မှ နှလုံးတွေ

ပရမ်းပတာခုန်ပြီး အရေးပေါ်ရောက်သွားမှာတောင် စိုးရိမ်ရတယ်။ ဟုတ်ပြီ..

ဇီးယို..၊ ကောင်လေးအတွက် ဇီးယိုဝယ်သွားရမယ်.. ဇီးယိုစားမှ

နှလုံးငြိမ်မှာပေါ့။



ဟယ်.. ကောင်လေးက ဒီနေ့အလုပ်ကို အစောကြီးရောက်နေပါလား။ တခြားသူတွေတောင်

မရောက်သေးဘူး။ တို့ကတော့ ထားပါတော့ စိတ်ကလောနေလို့ စောစောရောက်တာ။

သူကရောဘာလို့ စောရောက်နေရတာလဲ။ တို့နှစ်ယောက် နှလုံးသားချင်း

ဆက်သွယ်နေပြီဆိုတာ သေချာသွားပြီပေါ့။ ရာသီဥတုက တို့ဘက်ပါတုန်း

လှုပ်ရှားမှ။ အခွင့်အရေးဆိုတာ တစ်လတစ်ခါမလာဘူး။ .. အင်း.. အခုမှ

သေသေချာချာ သတိထားမိတယ်။ ကောင်လေးမျက်နှာလည်း မကောင်းပါလား။

သုန်သုန်မှုန်မှုန်နဲ့ ဘာတွေများ အလိုမကျဖြစ်နေပါလိမ့်။ သူ့စိတ်ကလေး

ပျော်သွားအောင် တို့ဘာများလုပ်ပေး ရမလဲ...


တို့ကိုတို့ ပြန်သတိထားလိုက်မိတဲ့အချိန်မှာ တို့ဟာမရည်ရွယ်ပဲ

သူ့စာပွဲရှေ့ ရောက်နေမိပြီ။ ကောင်လေးက စိတ်ရှုပ်တာ နဲ့ နားမလည်တာ

နှစ်ခုရောထားတဲ့ မျက်နှာနဲ့ တို့ကိုမော့ကြည့်တယ်။



"ဟေ့ ယူ.." လို့ တို့ရဲ့အိပ်မက်ရှင်လေးကို အနူးညံ့ဆုံးခေါ်၊ လက်ထဲက

ဇီးယိုထုပ်ကို ကမ်းပေးလိုက်ပြီး.. ".. ရော့..စိတ်ညစ်နေရင်

ဒါလေးစားလိုက်ပါလား.. "



"အာ.. ညကများသွားလို့ အရက်နာကျပြီး ခေါင်းနောက်နေရတဲ့အထဲ ဒီ အခြောက်က

တစ်မှောင့်၊ အရေးထဲ ဇီးထုပ်လာရောင်းနေသေးတယ်.."



အိုး... ပြောရက်လိုက်တာ ယူ ရယ်.. သူများကို.. သူများကို...



အီးဟီးဟီး.. အဟင့် အဟင့်.. ရွှတ်.. ဖတ်..



ပျော်ပါစေနော်....

ပျင်းလို့ ပါ။


(ကေသာမြစိမ်း)

No comments:

Post a Comment