Thursday, March 15, 2012

ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ


**တိုက်တန်းနစ်ရုပ်ရှင်ဒါရိုက်တာဂျိမ်းစ်ကင်မရွန်,,ကမ္ဘာ့ရေအနက်ဆုံးနေရာသို့ ဆင်းသက်မည်**

ကမ္ဘာကျော် တိုက်တန်းနစ်ရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဂျိမ်းစ်ကင်မရွန်ဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းမှာရှိပြီး မာရီရာနာထရန့်လို့အမည်ပေးထားတဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအနက်ဆုံးနေရာကို လာမယ့် သီတင်းပတ်မှာ ဆင်းသက်လေ့လာတော့မှာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအနက်ဆုံးအပိုင်းဖြစ်ပြီး ရေမျက်နှာပြင်ကနေ ခုနှစ်မိုင်လောက်နက်တယ်လို့ ဆိုပါတယ်။ ဂျိမ်းစ်ကင်မရွန်ဟာ အဲဒီနေရာကို ဆင်းသက်ဖို့အတွက် ပထမဆုံးအနေနဲ့ ပါပူဝါးနယူးဂီနိုင်ငံ ကမ်းလွန်ရေပြင်အောက် ရေအနက်ငါးမိုင်အထိ စမ်းသပ်ဆင်းသက်ခဲ့ရာမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါကြောင့် အခုလို ပစိဖိတ်သမုဒ္ဒရာရဲ့ ရေအနက်ဆုံးအပိုင်းကို ဆင်းသက်ဖို့ အသင့်ဖြစ်နေပြီလို့ ဂျိစ်းကင်မရွန်က ဆိုပါတယ်။ ကမ္ဘာ့ရေအနက်ဆုံးနေရာတစ်ခုဖြစ်တဲ့ မာရီရာနာထရန့်ကို တစ်ယောက်စီးရေငုပ်သင်္ဘောတစ်ခုသဖွယ် တည်ဆောက်ထားတဲ့ ယာဉ်ငယ်နဲ့ ဆင်းသက်မှာ ဖြစ်ပါတယ်။ ဒီလိုဆင်းသက်ခြင်းဟာ ကမ္ဘာ့ရေအနက်ဆုံး ကြမ်းပြင်ချိုင့်ဝှမ်းတစ်ခုအတွင်းမှာ သိပ္ပံသုတေသီများအနေနဲ့ ကျွန်ုပ်တို့ ကမ္ဘာအတွက် အရင်ကမသိရှိမဖော်ထုတ်နိုင်ခဲ့တဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးနိုင်မှဖြစ်ပါတယ်လို့လည်း ဂျိမ်းစ်ကင်မရွန်က ပြောကြားပါတယ်။ ဒါရိုက်တာဂျိမ်းစ်ကင်မရွန်ဟာ ကမ္ဘာကျော်တိုက်တန်းနစ်ရုပ်ရှင်ကားကို ရိုက်ကူးစဉ်ကတည်းက တစ်ယောက်စီးရေငုပ်သင်္ဘောသဖွယ်တည်ဆောက်ထားတဲ့ ယာဉ်နဲ့အသုံးပြုရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီအတည်းက ကမ္ဘာ့ရေအနက်ဆုံးမှာ နစ်မြုပ်နေတဲ့ သင်္ဘောတွေအကြောင်းကို ရုပ်ရှင်ရိုက်ကူးဖို့ နှစ်ပေါင်းများစွာ စိတ်ဆန္ဒပြင်းပြနေခဲ့သူဖြစ်ပါတယ်။ (အင်တာနက်)

**ကမ္ဘာ့အကြီးဆုံး သစ်ခွဥယျာဉ် တရုတ်နိုင်ငံ၌ စတင်တည်ဆောက်**
(ဟိုင်ကူ၊ မတ် ၁၃)
တရုတ်နိုင်ငံ ဟီနန်ပြည်နယ်တောင်ပိုင်း ဟိုင်ကူမြို့တွင် ကမ္ဘာပေါ်၌ အကြီးမားဆုံး သစ်ခွဥယျာဉ်ကြီးတစ်ခုကို တည်ဆောက်နေရာ တစ်နှစ်လျှင် သစ်ခွပွင့်ပေါင်း သန်း ၆၀ ခန့်ထွက်ရှိမည်ဟု မျှော်မှန်းထားကြောင်း ဟိုင်ကူမြို့ အုပ်ချုပ်ရေးအာဏာပိုင်များက မတ် ၁၂ ရက်တွင် ပြောကြားသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး သစ်ခွစိုက်ခင်းကြီး တစ်ခုကိုလည်း ထူထောင်စိုက်ပျိုးမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၅.၈ သန်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်သည်။ ၄င်းသစ်ခွစိုက်ပျိုးခြင်းကို လေးနှစ်အတွင်း အပြီး ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ သစ်ခွဥယျာဉ်ကြီးသည် ဟိုင်ကူမြို့လောင်ဟွာခရိုင်အတွင်းတည်ရှိပြီး မြေအကျယ် ၆၆၆.၇ ဟက်တာခန့်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်သည်။ အလုပ်အကိုင် ၁၀၀၀ ခန့်ရရှိမည့်လုပ်ငန်းလည်းဖြစ်သည်။ သစ်ခွစိုက်ခင်းများကို ယခုလမှ စတင်ကာစိုက်ပျိုးလျက်ရှိပြီး ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်မှုရှိစေမည့် သစ်ခွဥယျာဉ်ကြီးတစ်ခုဖြစ်လာမည်ဖြစ်သည်။ (အင်တာနက်)

စုစည်းဘာသာပြန် - မောင်မောင်မြင့်ဆွေ

No comments:

Post a Comment