-
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံသားတွေဆိုရင် ဒုက္ခသည်အဖြစ်၊ ရွှေ့ပြောင်း ခိုးဝင် အလုပ်လုပ်တဲ့သူတွေအဖြစ်ပဲ သဘောထားကြပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအများစုဟာ အလုပ်ကြမ်းတွေပဲ လုပ်ကြရတာများပါတယ်။
-
သိပ်မကြာတဲ့နှစ်များမှာတော့ ထိုင်းနိုင်ငံဟာ နှစ်ပေါင်းများစွာ အခြေစိုက်နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားတော်တော်များများကို ထိုင်းနိုင်ငံမှာ အမြဲတမ်းအခြေစိုက်နေထိုင်ခွင့် စတင်ပေးလာတာကို သတိထားမိပါတယ်။ အထူးသဖြင့်တော့ နယ်စပ်ဒေသက တိုင်းရင်းသားတွေကို ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေဟာ ထိုင်းစီးပွားရေးကို ဘယ်လောက်အထိ အထောက်အကူပြုသလဲဆိုတာကို သေသေချာချာ စစ်တမ်းတွေ လုပ်လာတာလည်း ထူးခြားလာပါတယ်။ အထူးသဖြင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေက ၀င်ငွေများစွာရနေတဲ့ ထိုင်းနိုင်ငံဟာ ၀န်ဆောင်မှု့လုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှု့တွေအတွက် မြန်မာနိုင်ငံသားတွေကို အားထားနေရပါတယ်။
-
ထိုင်းနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတယ်ဆိုပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်ဖို့ တာဆူနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ရာဘာဈေး၊ ဆန်ဈေးတွေ ထိုးကျလာတဲ့အခါမှာ အတတ်မွေးဝမ်းကျောင်းအတတ်ပညာကို အခြေခံတဲ့ စီးပွားရေးရင်းနှီးမြှပ်နှံမှု့တွေကို ပိုပြီး စိတ်ဝင်စားလာတာကို နိုင်ငံတကာမှာ ဖေါ်ပြနေတာကို တွေ့ရပါတယ်။ ကုန်ကြမ်းထုတ်လုပ်မှု့ကနေ ကုန်ချောထုတ်လုပ်မှု့ကို အောင်မြင်ပြီးဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဈေးကွက်ထိုးဖောက်ရေးအတွက် အသိပညာကျွမ်းကျင်တဲ့ လူသားရင်းမြစ်ကို ပိုပြီး ရင်းနှီးမြှပ်နှံဖို့ ပိုပြီးလိုလားလာတဲ့ သဘောပါ။
-
ရှင်းရှင်းလင်းလင်း မြင်အောင် ပြောရမယ်ဆိုရင်တော့
မြန်မာပြည်က ကုန်ကြမ်းကို ကုန်ချောလုပ်ပြီး ထိုင်းတွေ ရောင်းစားခဲ့ပြီးပြီ အခုတော့ လူကြမ်းတွေကို လူချောလုပ်ပြီး ရောင်းစားတော့မဲ့ အစီအစဉ်ဖြစ်သည်။
-
ဒီလိုမျိုးအခြေအနေတွေကြောင့် လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ပထမက ကျွန်ဝယ်ရာအဆစ်ပါဖြစ်ခဲ့တဲ့ မြန်မာကလေးတွေကို မွေးသက္ကရာဇ်ထုတ်ပေးခြင်း၊ ထိုင်းနိုင်ငံကျောင်းတွေမှာ တရားဝင်ပညာသင်ခွင့်ပေးခြင်းနဲ့ ပညာသင်ကြားပြီးတဲ့နောက်မှာ ထိုင်းနိုင်ငံသားဖြစ်ခွင့် စတဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ရေးဆွဲလာတာကို သေသေချာချာကို သတိထားမိပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ အင်္ဂလိပ်တွေ ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကြီးအတိုင်း ခိုင်းရမဲ့သူကို ပညာသင်ပေးပါဆိုတဲ့ အမုန်းတရားလျော့နည်းအောင် လုပ်တဲ့ နည်းတခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတော်တော်များများဟာ ထိုင်းနိုင်ငံမှာ တရားမ၀င်အလုပ်လုပ်ကိုင်ရ၊ အနိုင်ကျင့် နှိပ်စက်မှု့တွေခံရ၊ တရားဥပဒေ တန်းတူညီမျှ မရတဲ့ နာကျင်မှု့တွေကို မြန်မာနိုင်ငံသား မျိုးဆက်သစ်တွေကို ပညာသင်ကြားပေးပြီး ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေကြားက အမုန်းတရားကို လျော့နည်းသွားအောင် ဖြေရှင်းနည်း ဖြစ်သလို၊ ကျွမ်းကျင်လုပ်သား သို့မဟုတ် ပညာတတ် လုပ်သား ရှာဖွေတဲ့နည်းလည်း ဖြစ်ပါတယ်။
-
အခုလို လူသားရင်းမြစ် အရေးကြီးမှန်း သိလာတဲ့ ထိုင်းနိုင်ငံမှာ အရွယ်ရောက်ပြီးသား မြန်မာနိုင်ငံသား အလုပ်သမားတွေကတော့ အနိုင်ကျင့်ခံရဆဲ၊ အဖိနှိပ်ခံရဆဲပါ။ သိပ်မကြာခင် ကာလမှာတော့ ထိုင်းနိုင်ငံကျောင်းတွေက ပညာသင်ကြား တတ်မြောက်လာတဲ့ မြန်မာနိုင်ငံသား မျိုးဆက်သစ်တွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးအခန်းကဏ္ဍတွေမှာ အလယ်အလတ်တန်းစား အလုပ်အကိုင်မျိုး လုပ်ကိုင်ရတဲ့ ဘ၀တွေကနေ ကူညီပေးတာကို မြင်တွေ့ရပါတော့မယ်။
-
မြန်မာပြည် အတွက် ကောင်းမွန်တဲ့ အစိုးရ ဘယ်တော့ ပေါ်ပေါက်လာမယ်ဆိုတာကို ဘယ်သူမှ မပြောနိုင်ပေမဲ့ လာမဲ့ ၁၀ စုနှစ် တခုမှာတော့ ထိုင်းကျောင်းတက်ရတဲ့ မြန်မာနိုင်ငံသား မျိုးဆက်သစ်တော်တော်များများဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတွေမှာ ထိုင်းစကား၊ ထိုင်းစာတတ်တဲ့ အလုပ်သမားအဖြစ်နဲ့ ကျိန်းသေမြင်ရတော့မှာ ဖြစ်ကြောင်း မြေကြီးလက်ခတ်မလွဲ ဖြစ်လာတော့မဲ့ အရေးမို့ ထိုင်းတွေ သိပ်လည်သွားပြီ အချစ်ရေလို့သာ ပြောရင်းနဲ့ မြန်မာနိုင်ငံမှာလည်း ဘာသာ၊ လူမျိုး မခွဲခြားဘဲ လူသားရင်းမြစ်ကို လေးစားတတ်တဲ့ အသိညဏ်တွေ အချိန်မှီ ရနိုင်ကြပါစေလို့ ချစ်သူများနေ့မှာ ဆုတောင်းရင်းဖြင့်သာ
-။
+မောင်ကြီးငြိမ်းချမ်း+

No comments:
Post a Comment