**Public Health**
မိမွေးတိုင်း ဖမွေးတိုင်း ရောဂါမဟုတ်သော ခေတ်ပေါ်ရောဂါတစ်ခု လူတစ်ဦးတွင် စစွဲကပ်လာခဲ့သည်။ ခန္ဓာကိုယ်တစ်ခုလုံး၏လူမြင်ကွင်း မျက်နှာပေါ်တွင် ပါးစောင်ကပေါက်ထွက်နေသောအနာ၊ မျက်နှာပေါ်က အလှတရားကို ဖျက်ဆီးလိုက်သော အနာ၊ မန်းရည်၊ သွားရည်၊ သွေး၊ ပြည်ပုတ်များဖြင့် နံဆော်နေသော အနာပိုင်ရှင် ပါးစောင် ကင်ဆာ ရောဂါတစ်ရှင်တစ်ဦး၏ ဖြစ်ရပ်ဆိုးက လူထဲမတိုးဝံ့၊ လူ့ပတ်ဝန်းကျင် ထဲသို့ မဝင်ဝံ့တော့သော အဖြစ်သို့ ကျရောက်သွားစေခဲ့သည်။
သည်အဖြစ်ဆိုးကို သူရယူပိုင်ဆိုင်နိုင်ဖို့ နှစ်များစွာ၊ လများစွာ၊ ရက်များစွာ၊ အချိန်နာရီများစွာသာမက ငွေကြေးများစွာ အကုန်အကျခံခဲ့ရသည်။
ပါးစောင်ကင်ဆာ..... လည်ချောင်းကင်ဆာ ..... ပါးစပ်ကင်ဆာ .....တဲ့။
သေမင်း၏ဆွဲခေါ်ရာသို့ အချိန်ပိုင်း၊ ရက်ပိုင်း၊ လပိုင်း၊ နှစ်ပိုင်းအတွင်း လိုက်ပါရန် ဆိုင်းငံ့နေရသူအဖြစ် သူ့ကိုယ်သူသိလိုက်သည်နှင့် အတိတ်ကလုပ်ရပ် များကို ပြန်လည်ပြုပြင်ရန်အချိန် မရှိတော့။ လွန်ခဲ့ပါပြီကော။ အနာနှင့် ဆေးညွှန်းအရ တစ်နေ့တစ်ကြိမ်ဆေး ထည့်ရတိုင်း၊ စွန့်ပစ်ထုတ်လိုက်သည့် ဂွမ်းများကြား မှ သွေးပုပ်၊ ပြည်ပုပ်များ ကိုကြည့်၍ စားချင်သောက်ချင်စိတ် လုံးဝကင်းသွား သည်။ သွေးပုပ် ပြည်ပုပ် ၏ အနံ့ဆိုးများကြောင့် ဘေးလူတို့ အော့နှလုံးနာပြီး ပျို့အန်လာ သည်။ လေကောင်းလေသန့် ရရာ နေရာသို့ ထွက်၍ အောင့် ထားသော လေဝင်လေထွက်ကို ပြင်ပရောက်မှ တစ်ဝကြီး ရှူရှိုက်လိုက်ရ သည်။ ဝေဒနာ ခံစားနေရသော လူနာ မဆိုထားနှင့် တာဝန်ဝတ္တရားအရ အနာဆေးထည့်ပေးနေရသော ဆရာဝန်၊ သူနာပြု၊ အိမ်ရှိမိသားစုများ စိတ်ပျက်ကြရသည်။
နိစ္စဓူဝ တစ်နေ့ ငွေကျပ် ငါးရာ၊ တစ်ထောင်၊ တစ်ထောင့်ငါးရာ၊ ကျပ်နှစ်ထောင်ဖိုး စားခဲ့သမျှ၊ ဝါးခဲ့သမျှ တာဝေး အပြေးသမား တာဝင်ပန်းတိုင်တွင် အမောဆို့သကဲ့သို့ ခံစားနေရသည်။ ပါးစောင်ကင်ဆာ၊ လျှာကင်ဆာ၊ သွားဖုံးကင်ဆာ၊ ဝေဒနာမျိုးစုံဖြင့် ဒုက္ခခံနေရသည်။ အိပ်ကောင်းခြင်းမအိပ်ရ။ စားကောင်းခြင်းမစားရ။
ကွမ်းကြောင့်ဖြစ်သော ကင်ဆာရောဂါဆိုးသည် ယခင်က တွေးထင်မှုထက် ပို၍ခံစားရကြောင်း
ယခုဝေဒနာ ကိုခံစားရ၍ သိလိုက်သည်။ သို့သော် ပြုပြင်ချိန်မရတော့ပါ။ မြန်မာပြည်တွင် နေရာတိုင်းမှာမြင်တွေ့ရသောဆိုင်၊ လှည်းနေလှေအောင်း မြင်းစောင်းပါမကျန် တွေ့နေရသော ဆိုင်ကိုပြောပါဆိုလျှင် လူတိုင်းက 'ကွမ်းယာဆိုင်' ဟူ၍ မဆိုင်းမတွပြောပေ လိမ့်မည်။ ကမ္ဘာမှာ မြန်မာက ကွမ်းစားသုံးသူ အများဆုံး ခြောက်နိုင်ငံ တွင် ထိပ်ဆုံးက ပါနေသည်။ ကွမ်းစားသူ လူတစ်ထောင်မှာ ကင်ဆာရောဂါဖြင့် ခံတွင်းရောဂါ ဖြစ်သူက ၁၆ ရာခိုင်နှုန်း၊ ကင်ဆာရောဂါဖြစ်သူက ၁ ဒသမ ၆ ရာခိုင်နှုန်းရည်ညွှန်းကိန်းကို ပြနေသည်။ ပါးစောင်းကင်ဆာ၊ လျှာကင်ဆာ၊ ခံတွင်းကင်ဆာများက လူတန်းစားအလွှာစုံတွင်ဖြစ်နေသည်။
ကွမ်းစားခြင်းက ကျန်းမာရေးကိုထိခိုက်စေနိုင်စွမ်းသည်။ ကွမ်းကပါးစပ်နှင့်သွားများကို ညစ်ပတ်စေသည်။ ကွမ်းချိုးများကြောင့်သွားများ နီရဲလာသည်။ သွားဖုံးရောဂါဖြစ်သည်။ ခံတွင်းရောဂါဖြစ်သည်။ ကွမ်းယာကိုဝါး၍ ပါးစောင်တွင် ကြာမြင့်စွာငုံထားပါက ခံတွင်းအမြှေးပါးများပျက်စီးရသည်။
ကွမ်းယာတွင်ထည့်စားသော ဆေးရွက်ကြီးမှ နီကိုတင်း ဓာတ်ကြောင့် ဘေးထွက်ဆိုးကျိုး ခံစားရသည်။ ညအိပ်ရာတွင် ကွမ်းငုံ၍ အိပ်သော လူတစ်ဦး နိုင်ငံခြားသို့သွားရောက်ဆေးဝါးကုသခံရကြောင်း၊ ကုန်ကျစရိတ် ငွေကျပ် သိန်း ၅ဝဝ ကျော်မှ ကင်ဆာရောဂါပျောက်ကြောင်း ကြားသိခဲ့ဖူးသည်။
အိန္ဒိယ ဆေးထဲတွင် ငပါဝင်သော နီကိုတင်း (Nicotine) ဓာတ်က စားသုံးသူ၏ စိတ်ကို စွဲလန်းစေသည်။ ခေါင်းထဲတွင် ရီဝေဝေဖြင့် စိတ်ကို ခံစားစေသည်။ ကွမ်းယာကို တစ်ယာပြီး တစ်ရာ ထပ်ခါ ထပ်ခါ စားချင်စိတ် ဖြစ်စေသည်။
တစ်ခါတစ်ရံမှသာကွမ်းစားသူက ချွေးထွက်လွန်သည်။ ရင်တုန်သည်။ ခန္ဓာကိုယ်ပူနွေးလာသည်။ ကွမ်းစားပြီး နောက်နေ့အိပ်ယာမှအထ၌ ခါးတွင်းချဉ်နေပြန်သည်။ လျှာနှင့်ပါးစောင်တို့၌ ထုံး၏ဘေးထွက် ဆိုးကျိုးကြောင့် ထူပိန်းနေသည်။ လည်ချောင်း၌ယားယံပြီး ချောင်းဆိုးသည်။
ကွမ်းကို လေးငါးနှစ်ခန့်ကြာအောင်စားသုံးသူသည် ခံတွင်းပျက်ပြီးတံတွေးကို မကြာခဏ ထွေးနေရသည်။ သွားနှင့်သွားဖုံးကြား၌ ကွမ်းချိုးကပ်ရာ ဗက်တီးရီးယားပိုးများတွယ်ကပ်နေသည်။ သွားဖုံးရောင်ဝေဒနာ စွဲကပ် လာသည်။ မွေးရာပါ ဖြူဖွေးသောသွားများ နီညိုရောင် သန်းလာသည်။ သွားကျဉ်လာသည်။ ယိုင်နဲ့လာသည်။ ရေအေးသောက်တိုင်း သွားကျဉ်လာ သည်။
ကွမ်းစားဆေး၏ဘေးထွက်ဆိုးကျိုးကြောင့် မျက်နှာနီမြန်းသည်။ အဆီပြန်သည်။ နှလုံးခုန်မြန်လာသည်။ သွေးတိုးရောဂါ ဖြစ်ချင်သော လက္ခဏာများ စတင်ပြလာသည်။ အစာအိမ်၌ အချဉ်နှင့်အစပ်များ မသင့်မတင့်ဖြစ်လာရသည်။ ဆီးသွားခက်လာသည်။ ဆီးအိမ်ကျောက် တည်လာသည်။ သွားဖုံးများရောင်ရမ်းလာသည်။
ကွမ်းကို မစားရမနေနိုင်အောင် အလွန်အမင်းကြိုက်နှစ်သက်သော ကွမ်းစားသက်ရင့်နေသူများမှာ ခံတွင်း ပျက်စီးလာသည်။ သွားများ ညိုမဲသွားသည်။ ကျိုးပဲ့ကုန်၍ နှုတ်ပစ်လိုက်ရသည်။ ပါးစပ်မှ သွေးထွက်ခြင်း၊ လျှာနှင့် ပါးများရောင်ခြင်းများဖြစ်လာသည်။ လည်ချောင်း၊ ပါး၊ သွားဖုံး၊ နှုတ်ခမ်းတို့တွင် လျှာကင်ဆာ၊ အစာမျိုပြွန် ကင်ဆာ၊ အူလမ်းကြောင်းကင်ဆာ၊ အစာအိမ်ကင်ဆာများ ဆင့်ပွားခံစားကြရသည်။
အိန္ဒိယမှဝင်ရောက်လာသော ကွမ်းပေါင်းဆေးထုပ်၊ ဆေးဘူးများကြောင့် စားသုံးသူအများစုက ခံတွင်း ကင်ဆာဖြစ်ကြရသည်။ ကွမ်းယာနှင့်ဂတ်ခါး (GutKha)ဆေးခြောက် ထုပ်များ၏ ဘေးထွက်ဆိုးကျိုးကြောင့် ခံတွင်း ကင်ဆာလူနာ ခုနစ်သောင်းကျော်ရှိနေကြောင်း နိုင်ငံတကာ ကင်ဆာ သုတေသနဌာနမှ သတင်းထုတ်ပြန် ခဲ့ကြောင်း မှတ်သားရသည်။ ခံတွင်းကင်ဆာဖြစ်ပွားမှု၏ ၉ဝ ရာခိုင်နှုန်းမှာ ဆေးရွက် ကြီးနှင့်ပြုပြင် ထားသော ဆေးများကြောင့် ဖြစ်ပွားကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာ၌မှတ်သားရသည်။
ကွမ်းစားသူသည် ပင်ကိုယ် အသက်အရွယ်ထက် ပိုသော ဥပဓိရုပ်ကို ဖြစ်စေ သည်။ အိုမင်းရင့်ရော်လာသည်။ ထမင်းမစားဘဲ ကွမ်းချည်း တစ်ယာပြီး တစ်ယာ စားသုံးချင်လာအောင် ကွမ်းစွဲနေသူများ အဖို့ ရောဂါ ကို ငွေကြေးပေးဆပ်၍ ဝယ်ယူနေသကဲ့ သို့ပင်ဖြစ်နေပါ သည်။ နေ့စဉ် မိမိတို့ ဝင်ငွေများမှ တစ်စစီတစ်စစီ ဖဲ့ဖဲ့ယူ သွားသော အသုံး စရိတ်ကို ပြန်စစ်ကြည့် ပါ။
ကွမ်းစားခြင်းဖြင့် ငွေကြေးဖြုန်းတီးနေမည့်အစား ကွမ်းဖိုးငွေများကို ယနေ့ပင် စုဆောင်းလိုက်ပါ။ လူလည်းကျန်းမာပြီး ပိုမိုအသက်ရှည်သွားပါလိမ့်မည်။
ကွမ်းစားခြင်းမှရလာမည့် ဘေးထွက်ဆိုးကျိုးစက်ကွင်းမှ လွတ်မြောက်အောင် ယနေ့ပင် သင်ရှောင်တိမ်း လိုက်ပါ။ ။
+မြ၀တီ+


No comments:
Post a Comment