ကံ ဆိုတဲ့ ခဲတံကို ကိုင်ပြီး ဘဝ စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် အသာလေး ရေးခြစ်နေတယ်။ ဒီလို ရေးနေရင်း လိုအပ်တဲ့ ဇာတ်ကောင်တွေ ရွေးဖို့စဉ်းစားတယ်။ ကိုယ်တိုင် ဇာတ်လမ်း ကောင်းကောင်း တစ်ပုစ် ကို နှစ်နှစ် ကာကာ စိတ်တိုင်းကျဖန်တီးချင်ခဲ့တာ။
ဖြစ်ချင်တာတွေ များနေတယ်။
ဖြစ်စေချင်တာတွေ ရှိနေတယ်။
လုပ်ချင်တာတွေက ဒုနဲ့ဒေး...။
တဖြည်းဖြည်းချင်းသဲ့ယူ လုပ်ယူနေရတော့ အားမရဘူး။ ရလာလေ ပိုလုပ်ချင်လာလေပဲ။ ဒါကြောင့် လောဘကြီးတယ်လို့ ဖြစ်လာတယ်။ လောဘ ဆိုတာ တကယ့်တော့ ဗီလိန် ဆန်တဲ့ လူကြမ်းကြီးတွေ..။
လောဘကြီးတယ်ပဲ ထား..။
ဖြစ်သင့်တာကို ဖြစ်လာအောင် အကောင်ထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ကို တကောက်ကောက် လိုက်နေရတယ်။ လောဘနောက် တကောက်ကောက်လိုက်နေရတဲ့ မောဟတွေ။ လူကြမ်းတွေ နောက်ကို တကောက်ကောက် လိုက်နေရတဲ့ လူရွှင်တော်တွေ။
ဖြစ်လာတဲ့ အပေါ် ပျော်နေလားလို့ မေးကြမလား။ ပြုံးရယ်နေတာကို မြင်ရပေမယ့် ဝမ်းနည်းမှုတွေ ရင်မှာပြည့်ကျပ်နေတာကို မြင်ရင်မြင်နိုင်မှာပါ။
ကိုယ်က မြင်စေချင်နေရင် ကိုယ်က အတ္တ တွေ များနေပြန်ပြီး..။ သူကတော့ မင်းသားပေါ့။
ဒေါသတွေကြီးနေတယ်။ ထစ်ခနဲ ဆို ဒေါသထွက်နေပြီ။ ဒေါသကထွက်ပြီး ထိန်းလို့သိမ်းလို့ မရ။ မရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထုနှက်။ ရလာဒ်က ကိုယ်ပဲနာတယ်။ နာလဲ မတတ်နိုင်ဘူးလေ။ ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့က ကိုယ့်အသားနာမှပဲ ငြိမ်းမှာကိုး။
ဘာကြောင့် ဒေါသထွက်လဲ မေးရင်လဲ ကိုယ့်အတ္တ အတွက်ပဲ။ ဒေါသကြီးတတ်မှန်း သိလို့ ထိန်းသိမ်းပြီးနေပါတယ်။ ပျော့ပျောင်းစွာ ဆက်ဆံပါတယ်။ အမြဲတမ်းပြုံးနေပြီး အပျော်နဲ့ ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်ရင်တော့ မျက်စိထဲ ဘာမှ မမြင်တော့ဘူး။ မျက်စိထဲရှိတာ လုပ်ချင်တာကို ဒေါသနောက် လိုက်မိတယ်။ နောင်တရလားမေးရင် မရဘူး။ နောင်တ ရနေတဲ့ နောက်တော့ ဒေါသ ဘယ်ထွက်တော့မလဲ။ ဒါကလည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲလေ..။ မင်းသားနဲ့ တွဲရမယ့် မင်းသမီးဟာ ဒေါသ ပါပဲ။
“တရားလေးထိုင်၊ ဘုရားများများရှိခိုး” ပေါ့လို့ ဆိုတော့လဲ အတိုင်းအတာ တစ်ခုထိပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာ အတ္တ၊ ဒေါသ၊ မောဟ တွေ က ထင်သလောက် မထိန်းသိမ်းနိုင်သေဘူး။ မာနကတော့ မရှိသလောက် ဖြစ်နေပြီး။ အဲဒီအတွက်တော့ ဇာတ်က နည်းနည်းနာတယ်။
“ကိလေသာ ကုန်ခမ်းသွားပြီး” ဆိုတော့လည်း ကျန်တာက တဏှာ လို့ပဲ ပြောရမလိုလို...။
တကယ်တော့....
အတ္တမင်းသားက ဒေါသ မင်းသမီးကို မောဟ လူပျက် အကူအညီကိုယူ လောဘလူကြမ်းတွေလက်က ကယ်တင်ဖို့ ကိလေသာ ဆိုင်းတီးပြီး တဏှာဆန်တဲ့ လောက ဇာတ်ကြမ်းကြီးကို ဘဝဇာတ်ခုံပေါ်မှာ ဆုံးခန်းတိုင်တဲ့ အထိတော့ ကကြရမှာ။
တကယ်တော့...
ဘဝဟာ ပြဇာတ်ဆန်တယ်။ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင်တော် တွေနဲ့ ဆိုင်းတီးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်။
တကယ်တော့
ကိုယ်တိုင်က ဇာတ်ညွန်းရေးဆရာ...။ ကိုယ်တိုင်က ဒါရိုက်တာ..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်ခင်လေးစားစွာဖြင့်
+ဖိုးစိန်+

No comments:
Post a Comment