ကျွန်တော့်ဦးလေး အပြင်က ပြန်လာစဉ်မှာ လမ်းမှာတွေ့သည့်
အမေ့ မိတ်ဆွေ တစ်ယောက်က အမေသောက်ဖို့ မန်ကျည်းနှင့် လုပ်ထားသော ဖျော်ရည် ဘူးသေးလေး တစ်ဘူး လက်ဆောင်
ပေးလိုက် သည်ဟု ဆိုကာ ကျွန်တော်တို့ ထမင်းစားပွဲပေါ်မှာ
တင်ထား၏။ ထိုဘူးလေးကို အမေသောက်မှာပဲ ဆိုသည့် အတွေးနှင့် ကျွန်တော်တို့ မသောက်ခဲ့။ နောက်လေးငါးရက် အကြာ ထိုဘူး
လေးက သည်အတိုင်း။ တကယ်ဆို အိမ်မှာ အဖေ၊ အမေ၊
ကျွန်တော့် အစ်ကိုနှင့် သူ့မိန်းမ၊ ကျွန်တော့်ညီနှင့် အဖေ့ညီ
ကျွန်တော်တို့ ဦးလေး စသည်ဖြင့် အားလုံးက သည်ဘူးလေးကို
နေ့တိုင်း မိုးလင်း၊ မိုးချုပ် တွေ့နေရ၏။ ထူးခြားတာက ဘယ်သူမျှ သောက်ပါမည်ဟုစကား မဟကြခြင်းပင်။
အားလုံးက အမေ့အတွက်ဟုရည်ရွယ်ထား၍ မသောက်ကြခြင်းပါ။ သို့သော် အမေကလည်း ဘာကြောင့် မသောက်သေးလဲ ကျွန်တော်တို့ မသိ။ တစ်ပတ်လောက်ကြာပြီး တစ်ညနေမှာ အမေက "ဒီလောက်ကြာနေတာ သောက်လိုက်ကြတော့လေ" ဟု ဆိုတော့ ကျွန်တော်တို့က "အမေသောက်ဖို့ ထား ထားတာလေ" ဟု ပြန်ပြောကြသည်။ ထိုအခါ အမေက "အမေတစ်ယောက်တည်း မကုန်ပါဘူး၊ လာ - တစ်ယောက် တစ်ငုံ သောက်မယ်" ဟု ဆိုမှ
အမေက သူ တစ်ယောက်တည်း မသောက်ချင်ဘဲ အားလုံးကို မျှတ၍ သောက်စေချင်တာ ကျွန်တော်တို့ နားလည် လိုက်သည်။ ကျန်သူတွေက မသောက်ကြသော်လည်း အမေကျေနပ်အောင် ကျွန်တော်နှင့် ကျွန်တော့် ညီက ရောပြီး သောက်ပေးလိုက်ပါသည်။ တကယ်တော့ ကျွန်တော်တို့ အခြေအနေက သည်လို ဖျော်ရည်ဘူးလေး တစ်ဘူးကို မျှတပြီး သောက် ရလောက်သည့် အခြေအနေ မဟုတ်။ ကျွန်တော်တို့ မိသားစု၏ တစ်ယောက် အပေါ် တစ်ယောက်က နားလည်စွာ ထားသော သို့မဟုတ် လျှို့ ဝှက်စွာ ရှိနေသော မေတ္တာ၊ စေတနာကြောင့်သာ ဖျော်ရည်ဘူးလေး
တစ်ဘူးကို သူသောက်၊ ငါသောက် လုပ်နေကြခြင်းပင်။ သည်လို သောက်လိုက်တော့မှ တီဗွီထဲမှာ ခဏ ခဏ လာနေသော ကြော်ငြာတွေ ထဲက အချိုရည်ပုလင်း ကြော်ငြာ
တစ်ခုမှာ ထမင်းစားပွဲပေါ် တင်ထားသော အချိုရည်ပုလင်း
တစ်လုံးကို မိသားစုထဲက တွေ့သမျှလူ သောက်ချသွားတာ သတိရသည်။ ကြော်ငြာ ကတော့ အချိုရည် ပုလင်း၏ ဆွဲဆောင်မှုကို ပြခြင်းပါ။ ကျွန်တော်တွေးမိသည်က ကျွန်တော်တို့
မိသားစု ပုံစံသာ ဆိုလျှင် သည်လို ကြော်ငြာပုံစံမျိုး ရိုက်လို့ရမှာ မဟုတ်။ ဟုတ်သည်လေ။ ထမင်းစားပွဲပေါ်က အချိုရည်ဘူးလေး တစ်ဘူးကိုပင် ကျွန်တော်တို့မှာ မတို့ရက်၊ မထိရက် ဖြစ်နေရသည် မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ထိုညနေက ဖျော်ရည်ဘူးထဲမှာ ပါသော မန်ကျည်း
ဖျော်ရည်၏ အရသာသည် ကျွန်တော်တို့ လျှာဖျားမှာ အလွန် အရသာရှိခဲ့သည်က အမှန်ပင်။ ပြီးတော့ သည်ဖျော်ရည်ဘူးလေးမှာ ထူးခြားမှုတွေ ရှိနေသည်ကို ကျွန်တော် သိလိုက်ရ၏။ မန်ကျည်းဖျော်ရည် ဖြစ်လျက် မချဉ်ဘဲနှင့် ရင်ထဲကို ချိုဆင်း
သွားတာက ထူးခြားမှု တစ်ခု၊ မသောက်ရသူတွေ၏ ရင်ထဲမှာလည်း သောက်ရသလို ပြည့်ဝ သွားတာက ထူးခြားမှု တစ်ခု။ ။
///////////////////////////////////////////////////////////////////
+သားလတ် +
၂၁.၁၂.၁၉၉၉ (ထူးခြားဂျာနယ်၊ အတွဲ ၁ - အမှတ် ၄၂၊ ၂၀၀၀ပြည့်နှစ်၊ ဇန်န၀ါရီလ ၂၀ ရက်

No comments:
Post a Comment