Saturday, March 12, 2016

ထိုင်းနိုင်ငံအတွင်း ဗီဇာသက်တမ်း လေးနှစ်ပြည့်သူများ သက်တမ်းတိုးရမည့်ရက် ရွှေ့လိုက်၍ မြန်မာအလုပ်သမားများ အခက်ကြုံ

ထိုင်းနိုင်ငံအတွင်း သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး ဗီဇာသက်တမ်း လေးနှစ်ပြည့်သူများ သက်တမ်းတိုးရမည့်ရက် ရွှေ့လိုက်၍ တရားဝင် အေဂျင်စီများ အနေဖြင့် ၀န်ဆောင်ခဆပွား တိုးမြှင့်ယူဆောင်နေကြခြင်းကြောင့် မြန်မာအလုပ်သမားများ အခက်ကြုံလျှက်ရှိကြောင်း ထိုင်းနိုင်ငံရောက် အလုပ်သမားများထံမှ သိရသည်။ ယခင်ကလေးနှစ် ဗီဇာသက်တမ်း ပြည့်သူများအား မတ်လကုန်ထိ သက်တမ်းတိုးရန် ခွင့်ပြုခဲ့သော်လည်း ယခုအခါ ထိုင်းနိုင်ငံဘက်မှ မတ် ၁၈ ရက်နောက်ဆုံး လျှောက်ထားရမည်ဟု အချိန်ကာလ သတ်မှတ်လိုက်သည့်အတွက် ယခင်ဝန်ဆောင်ခအဖြစ် ဘတ် ၆၅၀၀ မှယခု ဘတ် ၁၂၀၀၀ ထိပေးဆောင်နေရကြောင်း သိရသည်။ ဗီဇာသက်တမ်းတိုးရန် အချိန်ကာလ တိုတောင်းခြင်းကြောင့် အလုပ်သမားများ ငွေကုန်ကျမှု များပြားသလို လာမည့် စက်တင်ဘာ၊ အောက်တိုဘာလတွင် သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများ ပိုမိုအခက်အခဲဖြစ်စေကြောင်း မြန်မာနိုင်ငံသားများ ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။ “လေးနှစ် ဗီဇာသက်တမ်းတိုးရက်ကို မူလက မတ် ၃၁ ရက်နောက်ဆုံး ဖြစ်ပါတယ်။ များမကြာမီက မတ် ၁၈ ရက်နောက်ဆုံးလို့ သတ်မှတ်လိုက်တဲ့အတွက် သောင်းနဲ့ချီ ကျန်ရှိနေသေးတဲ့ လေးနှစ်ဗီဇာသက်တမ်း တိုးလိုသူတွေနဲ့ လာမယ့်စက်တင်ဘာ၊ အောက်တိုဘာကျမှ သက်တမ်းပြည့်မယ့်သူတွေ အခက်ကြုံနေကြရပါတယ်” ဟု မြန်မာနိုင်ငံသားများ ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

 ထိုင်းနိုင်ငံ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်နေသူ ဦးမိုးကြိုးက “တရားဝင် အေဂျင်စီတွေမှာ အခုရက်ပိုင်းအတွင်း ခါတိုင်းလို ဘတ် ၆၅၀၀ ကနေ ဘတ် ၈၅၀၀ ထိဝန်ဆောင်ခ ယူရာကနေ အခု ဘတ် ၁၀၀၀ ကနေ ဘတ် ၁၂၀၀၀ တိုးမြှင့်ရယူပြီး ဘန်ကောက်မြန်မာ သံရုံးထောက်ခံစာက မတ် ၁၇ ရက် နောက်ဆုံးဖြစ်တာမို့လို့ သံရုံးထောက်ခံစာကို အေဂျင်စီကနေ တစ်စောင်ကို ဘတ် ၁၅၀၀ နဲ့ ၀ယ်ယူနေကြရတယ်လို့ သိရပါတယ်” ဟု ဖြည့်စွက်ပြောကြားသည်။ 

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ ဘ၀မှာ သတ်မှတ်ကုန်ကျစရိတ်ထက် နှစ်ဆကျော် ကုန်ကျသည့် စာရွက်စာတမ်း အထောက်အထားများကို သက်တမ်းတိုး နေရသည်မှာ နှစ်စဉ်လုပ်နေကြရသော်လည်း ထိုင်းဥပဒေပါ အခွင့်အရေးဟူ၍ အပြည့်အ၀ မည်သည့်အရာကိုမျှ ရရှိခြင်းမရှိကြောင်း သိရသည်။ သို့သော်လည်း မြန်မာ-ထိုင်းနယ်စပ် မြ၀တီမဲဆောက်လမ်းမှ ထိုင်းနိုင်ငံသို့ ထွက်ခွာသူ မြန်မာလုပ်သားမှ လစဉ်မြင့်တက်လျက်ရှိသည်။ 


Writer: ကိုရွှေသိန်း(မြ၀တီ)

No comments:

Post a Comment