**Public Health**
လူတစ်ယောက်အတွက် ကျန်းမာခြင်းနှင့် ပြည့်စုံရန်မှာ ကာယသုခ၊ စိတ္တသုခနှင့် လူမှုရေး သုခဆိုသည့် သုခကြီးသုံးပါးနှင့် ပြည့်စုံသည့်အပြင် ကိုယ်ခန္ဓာ အစိတ်အပိုင်းချို့တဲ့ခြင်းမရှိ၊ အာရုံကြောများလည်း ကောင်းမွန်မှသာ ကျန်းမာခြင်းနှင့် ပြည့်စုံသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ထို့ကြောင့် ကျန်းမာခြင်းဆိုသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာခြင်းအပြင် ကျန်းမာသော လူမှုဆက်ဆံရေးရှိပါမှ ကျန်းမာခြင်း ၏အနှစ်သာရ ပြည့်ဝမည်ဖြစ်သည်။ လူမှုဆက်ဆံရေး နယ်ပယ်တွင် ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ်တို့ကို လိုက်နာစောင့်ထိန်းခြင်းသည် ကျန်းမာသော လူမှုဆက်ဆံရေးပင်ဖြစ်သည်။
လူတို့သမိုင်းတွင် ကိုယ်နှင့်စိတ်တို့၏ ကျန်းမာခြင်း၊ လူမှုဆက်ဆံရေး ကျန်းမာခြင်းတို့ကို ယုတ်လျော့ပျက်ပြားစေသော အခြေအနေဆိုးများ အကြိမ်ကြိမ် ကြုံတွေ့ကြရသည်။ ကပ်ရောဂါ ကျရောက်မှုများသည် လူသားတို့အား သောက ပင်လယ် ဝေစေခဲ့သည်။ သို့သော် လူသားတို့သည် ၎င်းကပ်ရောဂါများကို ကာကွယ်တားဆီးရန် နည်းလမ်းများ ရှာဖွေကြံ ဆကြရာမှ ရောဂါပိုးမွှားများအကြောင်း သိရှိလာကြပြီး ကာကွယ်နိုင်သည့် ဆေးဝါးများ၊ ကုထုံးများကို တီထွင်နိုင်ခဲ့ကြသည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးသည် ကမ္ဘာ့လူသားတို့၏ ကျန်းမာရေးအတွက် နိုင်ငံတိုင်း ပါဝင်ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ဆောင် ရွက်ပေးလျက် ရှိသော်လည်း ကျန်းမာရေးနှင့် ညီညွတ်သော၊ ပတ်ဝန်းကျင် ဖန်တီးရေးကို အနှောင့်အယှက်ဖြစ်စေသော အကြောင်းတရားများ
လျော့နည်းရေးမှာ နိုင်ငံ တစ်နိုင်ငံချင်းစီက လိုက်နာဆောင်ရွက် ကြရမည်ဖြစ်သည်။ စက်မှုလုပ်ငန်းများ ထွန်းကား လာရာမှ ရေထု၊ မြေထုနှင့် လေထုတို့ ညစ်ညမ်းလာခြင်း၊ သစ်တောသစ်ပင်တို့ ပြုန်းတီးမှုကြောင့် ရာသီဥတု ဖောက်ပြန် လာခြင်းနှင့် အိုဇုန်းလွှာပျက်စီးမှု၊ ကမ္ဘာကြီးပို၍ ပူနွေးလာခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပျက်ယွင်းကာ ကမ္ဘာ့ပြည်သူများ၏ ကျန်းမာရေးအခြေအနေ ထိခိုက်စေသော ရောဂါဖြစ်ပွားမှု ထူပြောလာရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာနသည် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေ ထိုင်နိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးတို့ကို ဖော်ဆောင်ရာတွင် ကျေးလက်ဒေသအထိ ကျန်းမာရေး အသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်းနှင့် ရောဂါဖြစ်ပွားလာလျှင်လည်း ထိရောက်စွာ ကုသပေးခြင်း နည်းလမ်း သုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ရည်ရွယ်ချက်များနှင့်အညီ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုထိန်းချုပ်ရေး အဖွဲ့တို့နှင့် ပူးပေါင်း၍ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိသည်။
ရောဂါကုထုံးများနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ရှိပြီးသော ရောဂါကုထုံးများနှင့် နည်းပညာများကို အဆင့်မြင့်တိုးတက်လာအောင် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်သည့်အပြင် နိုင်ငံတကာတွင် အသုံးပြုလျက်ရှိပြီး မိမိတို့နိုင်ငံတွင်မရှိသေး၊ မစတင်ရသေးသည့် ကုထုံးများနှင့် နည်းပညာများကိုလည်း မိမိတို့နိုင်ငံနှင့် လျော်ညီမှုရှိအောင် စမ်းသပ် အကောင်အထည် ဖော်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ကျန်းမာခြင်းသည် လူတစ်ယောက်ဘဝ ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သကဲ့သို့ နိုင်ငံတော်အတွက် အင်အား တည်ဆောက်ရာတွင်လည်း အထူးလိုအပ်ချက်ဖြစ်ရာ ကျန်းမာကြံ့ခိုင်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူဖြစ်စေရန် ကျန်းမာရေးအသိနှင့် ကျန်းမာရေးသတိတရား ကိုယ်စီထားကာ တစ်ဦးချင်း စွမ်းဆောင်နိုင်မှု ကို မြှင့်တင်ကြရမည်ဖြစ်ပေသည်။ ။
+မြ၀တီ+

No comments:
Post a Comment