Monday, April 4, 2016

="တစ်စစီကွဲအက်ဆက်သီထားသော"=

အိပ်မက်ထဲကနေ လန့်နိုးလာတော့ ကိုယ့်ခေါင်းတစ်ခုလုံးဟာ ပူလောင်တင်းကျပ်လို့။ ကိုက်ခဲနာကျင်လို့။ ကုတင်ဘေးက ရေဗူးကို လက်လှမ်းယူဖို့ရာတောင် ကိုယ်ဟာလှုပ်မရဘူး။ လက်ချောင်းတွေချင်း ယှက်ကာ ခေါင်းကို အုပ်ကိုင်ရင်း လက်ဖမိုးနှစ်ဖက်နဲ့ နားထင်ကိုဖိထားလိုက်တယ်။ စိတ်ကို ငြိမ်ငြိမ်ထားဖို့ ကြိုးစားတယ်။ နားထင်ကနေ တစစ်စစ် ကိုက်ခဲ ခုန်လှုပ်နေမှုဟာ လက်ကောက်ဝတ်က သွေးကြောခုန်လှုပ်နေမှုဆီကို ကူးစက်လာတယ်။ လက်ကောက်ဝတ်ကနေ ဆန်တက်လာတဲ့ သွေးတွေဟာ စုံမှိတ်ထားတဲ့ မျက်လုံးတွေထဲမှာ အနှေးပြကွက်တွေလို ဖြတ်ခနဲ ဖြတ်ခနဲ တကွက်ချင်း ပေါ်လာတဲ့ အိပ်မက်ဆိုးနဲ့ ပေါင်းစည်းမိသွားတဲ့အခါ ကိုယ့်နှလုံးသားဆီကို ရေခဲမြစ်တစ်ခုလို အငြိုးတကြီး စီးဆင်းလာတော့တာ။ ကိုယ် ပြန်မြင်ယောင်မိတဲ့ အိပ်မက်ကို အမြင်အာရုံက ဖျောက်ဖျက်နိုင်အောင် ကြိုးစားတယ်။ မရဘူး..။ အိပ်မက်ဟာ ပို ထင်ရှားလာတယ်။ ကိုယ့် နှလုံးသားဟာ ပို အေးခဲ နာကျင်လာတယ်။ တင်းကျပ် မှောင်ပိတ်သွားအောင် မျက်လုံးတွေကို အားကုန် ဖိမှိတ်ထားပေမဲ့အိပ်မက်ထဲက ပုံရိပ်တွေဟာ ဖန်တလဲလဲ ပေါ်လာတယ်။ ပိုထင်ရှားလာတယ်။ ပိုမြန်ဆန်လာတယ်။ နောက် ပူလောင်နာကျင်မှုဟာ ကိုယ့်ဆံထိပ်ဖျားကနေ ဟိုး ခြေဖျားထိ ပျံ့နှံ့သွားခဲ့တယ်။ ဟင့်အင်း.... မင်း ဒီလို ခံစားမနေနဲ့၊ နာကျင်မနေနဲ့။ ကိုယ့် အသိစိတ်ဟာ ကိုယ့်အိပ်မက်ပုံရိပ်တွေကို လိုက်ဖျက်ဖို့ ကြိုးစားတယ်။ အိပ်မက်ထဲက အေးစက်စက်၊ မထိတထိအပြုံးတွေကို သယ်ဆောင်ပြီး ရေခဲမြစ်လို ကိုယ့် နှလုံးဆီ စီးဝင်လာတဲ့ သွေးတွေကို စိတ်နာကျည်းမှုနဲ့ တိုက်ထုတ်ဖို့ သတိပေးတယ်။ မရဘူး...။ တစ တစ နဲ့ ဝမ်းနည်းစိတ်၊ လွမ်းဆွတ်စိတ်တွေဟာ ပိုပိုပြီး အားကောင်းလာခဲ့တဲ့အခါ၊ ကိုယ့် အသိစိတ်ဟာ ကိုယ့် စိတ်ခံစားမှုနဲ့ ပဋိပက္ခ ဖြစ်နေမှုမှာ ရှုံးနိမ့်လာတဲ့အခါ၊ ဝုန်းခနဲ အိပ်ယာထဲက ခုန်ထမိတယ်။ အခန်းမီးကို ဖွင့်လိုက်ပီး အိပ်ယာပေါ် ပြန်ထိုင်ချရင်း မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ကိုင်ထားမိတယ်။ ကျောကို ရှေ့ထိုးနောက်ငင် ယိမ်းခါရင်း ကိုယ့် တကိုယ်လုံး အေးခဲနာကျင်လာနေမှုကို တိုက်ထုတ်နွေးထွေးလာစေမလား ကြိုးစားတယ်။ မထေ့တထေ့အပြုံးနဲ့ ကိုယ့်ကို အောင်နိုင်သူလို ကြည့်နေတဲ့ မျက်နှာဟာ ဖျောက်ဖျက်ထုတ်လို့ မရဘူး။ ကိုယ်ဟာ ဘယ်အချိန်ထိ ရှုံးနိမ့်နေရမှာပါလိမ့်။ အိပ်မက်ထဲထိ မင်းက ရက်စက်နိုင်တယ်။ ငါ့ကို ဥပေက္ခာပြုနိုင်တယ်။ မာကျောနိုင်တယ်။ ကိုယ်ကတော့ အိပ်မက်ထဲထိ .... သွားစမ်းပါ။ အဓိပ္ပါယ်မရှိတော့တဲ့ အဲဒီ အချစ်ဆိုတာကြီးကို မင်းရင်ဘတ်ထဲက ဆွဲထုတ်ပစ်လိုက်စမ်းပါ။ ဟင့်အင်း... သူ ဘာဖြစ်နေနေ ငါ သူ့ကို ချစ်တယ်၊ ဆက်ချစ်မယ်...။ သတ်ပစ်လိုက် အဲဒီ အချစ်ဆိုတာကို.. သူက အခု မင်းကို မချစ်တော့ဘူး.. တခြားတစ်ယောက်နဲ့... မပိုင်ဆိုင်ရတဲ့အခါ မချစ်ရတော့ဘူးဆိုတာ မဟုတ်သေးပါဘူး .... သူ့ကို ချစ်တဲ့သူတွေ သူ့ဘေးမှာ ဒီလောက် ပေါများနေတာ.. မင်းအချစ်ကို တန်ဖိုးမှ မထားတာ... ဒါပေမဲ့ ငါက သူ့ကို တန်ဖိုးထားတယ်၊ ချစ်တယ်လေ... သူ့မှာ မင်းအပြင် တခြား ချစ်သူတွေ ရှိနေသေးတာ။ ဒါကို မင်း လက်မခံနိုင်ဘူးမလား ငါ့ကို အချစ်ဆုံးပါလို့ သူ အမြဲ ပြောပါတယ်.. မင်းဟာ အရူးပဲ... မင်းကို ဘာပျော်ရွှင်မှုမှမပေးနိုင်သူကို ဆက်ချစ်နေတဲ့ မင်းဟာ အချစ်ရူးပဲ။ တကယ် အသုံးမကျတဲ့ကောင်ပဲ။ ဘာမှ မရေရာတဲ့ အဲဒီအချစ်ဆိုတာကြီးကို.... ကိုယ့် အသိစိတ်နဲ့ ကိုယ့် စိတ်ခံစားမှု ပဋိပက္ခ ဖြစ်နေတာ ပို ဆိုးဝါးလာတယ်။ အသိစိတ်ဟာ နာကျင်နေတဲ့ စိတ်ခံစားမှုကို အရှုံး မပေးလိုဘူး။ ခါးကို မတ်မတ်ထားပြီး ထိုင်တယ်။ အသက်ကို ပြင်းပြင်းရှူတယ်။ စိတ်ကို ငြိမ်အောင်ကြိုးစားတယ်။ မင်းမရှိလဲ သူဟာဘာမဖြစ်ဘူး။ မင်းကို သူ မလိုအပ်ဘူ။ ငါ သူ့ကို ချစ်တယ်။ သူလဲ ငါ့ကို ချစ်ပါတယ်။ သူချစ်တာ မင်းတစ်ယောက်ထဲ မဟုတ်ဘူး..။ အိပ်မက်ထဲက ပုံရိပ်တွေဟာထပ်ခါ ထပ်ခါ ပေါ်လာပြန်တယ်။ အသိစိတ်က အဲဒီ ပုံရိပ်တွေကို လိုက်ဖျက်ဖို့ မတတ်နိုင်မှန်း သိလာ တဲ့အခါ ကိုယ့်ခေါင်းကို ကိုယ် ထုနှက်နေမိတယ်။ သတိမရနဲ့.. မလာခဲ့နဲ့.... မပျော်ရွှင်တဲ့ အတိတ်တွေဆီ မသွားနဲ့ အိပ်မက်ဟာ တားဆီးလေ ပိုထင်ရှားမြန်ဆန်စွာနဲ့ အထပ်ထပ် ပြန်ပေါ်လာတယ် သိစိတ်ဟာ ဆောက်တည်ရာ မဲ့လာတယ်။ တင်းတင်းစေ့ပိတ်ထားတဲ့ မျက်လုံးတွေကို ဖွင့်လိုက်တယ်။ ကုတင်ဘေးက စာကြည့်စားပွဲပေါ်မှာ မှန်ဘောင်သွင်းပြီး ထောင်ထားတဲ့ ကိုယ်တို့နှစ်ယောက်ရဲ့ ဓာတ်ပုံကို ဆွဲယူပြီး နံရံကို အားကုန် လွှဲပေါက်လိုက်တယ်။ ခွမ်းခနဲ မှန်စတွေ ကွဲကြေ ပျံ့ကြဲသွားပေမဲ့ အိပ်မက်ထဲက အေးစက်စက် အကြည့်နဲ့ မထေ့တထေ့ အပြုံးဟာ မမေ့နိုင်ပါဘူးကွာ လို့ ပြောနေပြန်တယ်။ ကုတင်ပေါ်ထိုင်နေရာက ဝုန်းကနဲ့ ထပြီး နံရံကို လက်သီးနဲ့ အားကုန် လွှဲလွှဲပြီး ထိုးပစ်လိုက်တယ်။ လက်ရိုးတွေ ကျိုးထွက် ပြုတ်ထွက်သွားမတတ် နာကျင်လာပေမဲ့ အဲဒီ နာကျင်မှုဟာရင်ဘတ်ထဲက နာကျင်နေမှုကို မကျော်လွှားနိုင်ဘူး လက်က ထွက်တဲ့ သွေးတွေဟာ နံရံကို ပေကျံကုန်တယ် ခြေကုန်လက်ပန်းကျလာတယ် အိပ်မက်ထဲမှာ ကိုယ်က အဲဒီ အေးစက်စက် အကြည့်နဲ့ မထေ့တထေ့ အပြုံးရှိရာကို တရွေ့ရွေ့ တိုးသွားနေခဲ့တာ။ အရှုံးပေး ဒူးထောက်လိုက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တာ။ ဟင့်အင်း..... မင်း.... ဆီ ငါ ပြန်မလာဘူး... ငါ မင်းနဲ့ ဝေးရာကို ပြေးထွက်နိုင်ရမယ်.... ကိုယ့် အသိစိတ်ဟာ သတိဝင်လာချိန်မှာ ကိုယ်ဟာ ကိုယ့် နဖူးနဲ့ နံရံကိုတိုက်ရင်း၊ လက်ပန်းကျလာရာက နောက်ဆုံးလက်ကျန် အားကုန်သွားတဲ့ အထိ နံရံကို ဆက်ထိုးနေရင်း၊ ငိုကြွေးနေမိတယ်၊ ကိုယ်.... ငိုကြွေးနေခဲ့တယ်။ ။ 

 /////////////////////////////////////////////////////////////
+မိုးကုတ်သား+

No comments:

Post a Comment