=မြန်မာအပါအ၀င်ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများ
နေရပ်ပြန်ခွင့် ပြုမည်ဖြစ်ပြီး
ယခုနှစ် သင်္ကြန်ကာလ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ နေရပ်ပြန်မှု ယခင်နှစ်များထက်များမည်ဟု သိရ=
+(ဧပြီလ၇ရက်-၂၀၁၆-Eleven Media)+
Photo-(ထိုင်းမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း မိသားစုများကို မတ် ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အပါအ၀င်
လာအို၊ကမ္ဘောဒီးယားနိုင်ငံတို့မှ ရွှေ့ပြောင်းလုပ်သားများ
နေရပ်ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ထိုင်းဘက်မှ ကြေညာချက် ထုတ်ပြန်နိုင်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထို့ပြင် ယခုနှစ်ထိုင်းရောက်မြန်မာ ရွှေ့ပြောင်းလုပ်သားများ
နေရပ်ပြန်မည့် သင်္ကြန်ကာလတွင် နေရပ်ပြန်မှု ယခင်နှစ်များထက်များမည်ဟုထိုင်း၊ မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်း
အလုပ်သမားများအရေး လုပ်ဆောင်ပေးနေသည့် JACBA မှဦးမိုးကြိုး၏ ပြောကြားချက်အရ သိရသည်။
“သံအမတ်ကြီးက ထိုင်းအလုပ်သမားဝန်ကြီးနဲ့ ရင်းနှီးတယ်။ တွေ့တဲ့အချိန်တိုင်းမှာ ပြောတယ်။ ဒီဟာကိုပေးမယ်ဆိုပြီး ဖြစ်လာတာ။ ဒီဟာကို ပေးမယ်ဆိုရင် လက်ရှိစက်ရုံအလုပ်ရုံ လည်ပတ်မှုကို ထိခိုက်စေမှာလည်း စိုးရိမ်တယ်။ နောက်ဆုံးအခြေအနေကတော့ ၀န်ကြီးကတော့ စဉ်းစားချင့်ချိန်ပြီးတော့ ကြေညာပေးမယ်ပေါ့။ မြန်မာပဲ မဟုတ်ဘူး။ ကမ္ဘောဒီးယားရော၊ လာအိုရော။ ဒီရက်ပိုင်းအတွင်း ထွက်လာနိုင်
မယ်လို့ သိထားတယ်။ ဧပြီ ၂၀ နောက်ပိုင်း ၂၅ ရက်အထိပေးဖို့ ပြောပြထားတယ်။ ဒီရက်ပိုင်းအတွင်း ကြေညာချက် ပြန်ထုတ်လိမ့်မယ်ထင်တယ်။
ပြန်ဖို့သေချာသလောက် ရှိနေပြီ” ဟု မြန်မာသံရုံးတာဝန်ရှိသူ ဦးအောင်စိုးက ပြောကြားသည်။
ထိုင်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့် တရားဝင် မှတ်ပုံတင်ထားသည့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမား သုံးသန်းခန့်ရှိသည့်အနက်မှ နှစ်သန်းနီးပါးသည် မြန်မာရွှေ့ပြောင်း
အလုပ်သမားများဖြစ်ကြောင်း သိရသည်။
“ဧပြီလဆန်းပိုင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက
ပြန်နေကြ။ ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်တွေကထက် ပြန်တဲ့သူ ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်လည်း ပေါ်လာပြီ။ ထိုင်းနိုင်ငံမှာလည်း စာရွက်စာတမ်း အထောက်အထားတွေ လုပ်ရတာ သူတို့ရဲ့ ချွေးနှဲစာထဲက ဖဲ့ဖဲ့ပြီးတော့ လုပ်ရတဲ့အခါမှာ စိတ်ပျက်တာများတယ်။ ပြန်တဲ့သူများတယ်” ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ကိုင်ပေးနေသည့် JACBA မှဦးမိုးကြိုးက ဆိုသည်။
ဘန်ကောက်မှ ထိုင်း၊ မြန်မာနယ်စပ် မဲဆောက်သို့ နေရပ်ပြန်ရန် ဆင်းလာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် နှစ်စဉ်ထိုင်းရဲများ၏ ငွေညှစ်တောင်းခံမှုကို ကြုံတွေ့ခဲ့ရပြီး ယခုနှစ်တွင်လည်း ထပ်မံကြုံရမည်မှာ မလွဲမသွေဖြစ်ကြောင်း ဦးမိုးကြိုးက ဆက်လက်ပြောကြားသည်။ ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရာတွင် ဂိတ်ငါးခုခန့် ဖြတ်သန်းရကြောင်း၊ ဂိတ်တစ်ဂိတ်လျှင် အနည်းဆုံး ဘတ် ၁၀၀ ပေးပြီး ဖြတ်သန်းရကြောင်း သိရသည်။
“ဒီနှစ်ကများမယ်။ အခုဆိုရင် မြ၀တီဘက်မှာ ကားလက်မှတ်တွေ ကြိုတင်ဖြတ်ထားတာတွေရော၊ လိုင်စင်မဲ့တွေရော၊ ကားအစီးရေတွေရော များတယ်။ ကားတိုင်းကတော့ သူ့ပရိသတ်နဲ့သူပဲ။ မြန်မာပြည်ထဲကို ၀င်မှာတွေ အများကြီးပဲ။ နေရပ်ပြန်ကြတဲ့အခါမှာ ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားကြီးပေါ်က ပြန်တာရှိတယ်။
အောက်လှေဆိပ်ကနေပြန်တာရှိတယ်။ တရားဝင်ပြန်တဲ့အလုပ်သမားတစ်ယောက်ဆိုရင် အောက်လှေဆိပ်
ကပြန်တာ ခုနစ်ယောက်ရှိတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။
................................................................
Writer:-ထက်ရှိုင်း

No comments:
Post a Comment