
(၁)
မနက်နေထွက်တာနဲ့ အာဖရိက တောရိုင်းထဲမှာရှိတဲ့ တိရစ္ဆာန်တွေဟာ စတင်ပြေးလွှားကြတယ်။ ခြင်္သေ့မေမေက ခြင်္သေ့ငယ်တွေကို “ သားတို့ သမီးတို့ရေ.... ပြေးတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးနှေးတဲ့ သမင်လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့ ဆာလောင်ပြီး သေဆုံးသွားနိုင်တယ်” လို့ သင်ပေးခဲ့တယ်။
တစ်နေရာမှာလည်း သမင်မေမေက သမင်ငယ်လေးတွေကို “ သားတို့သမီးတို့ရေ... ပြေးလွှားတဲ့အချိန်မှာ ဒီထက်မြန်နိုင်သမျှ မြန်အောင် ပြေးကြနော်။ တကယ်လို့ သားတို့ဟာ အပြေးမြန်တဲ့ ခြင်္သေ့လောက်တောင် မပြေးနိုင်ခဲ့ရင် သားတို့ အစားခံရလိမ့်မယ်” လို့ သင်ပေးခဲ့တယ်။

ကိုယ်အပြေးမြန်တယ်! ကိုယ့်ထက် တစ်ခြားလူက ပိုအပြေးမြန်တယ်ဆိုတာ မမေ့ပါနဲ့...
(၂)
ကုမ္ပဏီတစ်ခုက လခကောင်းကောင်းနဲ့ ဒါရိုက်ဘာတစ်ဦး ခန့်အပ်လိုကြောင်း ကြေညာခဲ့တယ်။ အဲဒီနောက် အလုပ်လာလျှောက်သူတွေကို အဆင့်ဆင့် ဆန်ကာစစ် ရွေးချယ်ခဲ့ပြီး နောက်ဆုံးမှာ လူသုံးဦးပဲ ကျန်ခဲ့တယ်။ အင်တာဗျူးမေးသူက အဲဒီလူသုံးယောက်ကို “တကယ်လို့ ချောက်ကမ်းပါးတစ်ခုမှာ ရွှေတစ်တုံးကျနေတယ် ဆိုပါစို့။ ခင်ဗျားတို့ကို ကားမောင်းပြီး သွားယူခိုင်းရင် ကားကို ကမ်းပါးရဲ့ ဘယ်လောက်အကာအဝေးမှာ ခင်ဗျားတို့ ရပ်ကြမလဲ?” လို့ မေးမြန်းခဲ့တယ်။

ပထမတစ်ယောက်က “ ၂ မီတာ အကွာအဝေးမှာ” လို့ ဖြေတယ်။
ဒုတိယတစ်ယောက်က “ ၁ မီတာ အကွာအဝေးမှာ” လို့ ဖြေတယ်။
တတိယတစ်ယောက်က “ချောက်နဲ့ ဝေးနိုင်သမျှ ဝေးတဲ့နေရာမှာပဲ ကျွန်တော်နေမယ်” လို့ ဖြေတယ်။ နောက်ဆုံး တတိယတစ်ယောက်ကို သူတို့ အလုပ်ခန့်အပ်ခဲ့တယ်။
မြူဆွယ်မှုရဲ့ အနီးအနားမှာ မနေပါနဲ့။ ဝေးနိုင်သမျှ ဝေးဝေးနေတာ အကောင်းဆုံးပါ။
(၃)
အင်္ဂလန် စီးပွါးရေး ပညာရှင်တစ်ဦးက “ လူ့ဘဝမှာ အပျော်ဆုံးအရာဆိုတာ မဖြစ်နိုင်ဘူးလို့ လူတွေ ထင်ထားတဲ့အရာကို ဖြစ်အောင်၊ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်တယ်” လို့ ပြောခဲ့တယ်။
သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်ချက်အရ ပျားရိုင်း “ပဒူကောင်” တွေရဲ့ အတောင်နှစ်ဖက်နဲ့ သူတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ မညီမမျှ ဖြစ်နေခဲ့တယ်။ ဆန်းစစ်ချက်အရ ပျားရိုင်းတွေက သူတို့အတောင် အကျယ်အဝန်းနဲ့ ခန္ဓာကိုယ်မ,ပြီး ပျံသန်းဖို့ရာ မဖြစ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒါကို ပျားရိုင်းတွေက မသိခဲ့ကြဘဲ လေထဲမှာ ပျံသန်းချင်သလို လွတ်လွတ်လပ်လပ် ပျံသန်းနိုင်ခဲ့ကြတယ်။
အများအားဖြင့် မဖြစ်နိုင်ဘူးဆိုတာတွေ မရှိဘူး။ လူတွေကသာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုပြီး ကိုယ်တိုင် သတ်မှတ်ခဲ့ကြတယ်။ တင်းခံထားတဲ့ တွေးခေါ်မှု တစ်ချို့ကို ပုံစံပြောင်းကြည့်ရင် ဖြစ်နိုင်တဲ့ နည်းလမ်းအသစ်တွေ ထွက်ပေါ်လာမှာ ဧကန်မလွဲပါပဲ။
** နိုင်းနိုင်းစနေ- ဘာသာပြန် ခံစားသည်။**
No comments:
Post a Comment