Friday, May 27, 2011

ယနေ့ သင်ပျော်ရွှင်ပါသလား?



**ယနေ့ သင်ပျော်ရွှင်ပါသလား? လူတွေကို ကူညီလိုက်ရလို့ သင်ပျော်ရွှင်သွားပါသလား?....**

The Bucket List ဆိုတဲ့ ရုပ်ရှင်ကားထဲကလို လူတစ်ယောက်
ကင်ဆာရောဂါရပြီးဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်လာခဲ့တဲ့အခါ
ဘာတွေလုပ်ချင်ကြသလဲ?

The Bucket List ရဲ့ဇာတ်လမ်းအကျဉ်းက သူဌေးကြီးတစ်ဦး (သရုပ်ဆောင်
JackNicholson) ဟာ ရောဂါရပြီး ဆေးရုံမှာ ကားပြင်ဆရာတစ်ဦးနဲ့
(သရုပ်ဆောင်Morgan Freeman) သွားဆုံတယ်။ နှစ်ယောက်စလုံးက ကင်ဆာရောဂါ
ခံစားနေကြပြီးလူ့ဘဝရဲ့နောက်ဆုံးချိန်ကို ရောက်နေပြီဖြစ်တယ်။

တစ်နေ့မှာ သူဌေးက ကားပြင်ဆရာ စာထိုင်ရေးနေတာကိုတွေ့လို့
စိတ်ဝင်စားပြီးဘာတွေရေးနေသလဲလို့ မေးလိုက်တယ်။ ကားပြင်ဆရာရေးတာက
လူ့ဘဝရှင်းတမ်း (abucket list)ကို ရေးနေတာဖြစ်တယ်။ သူတက္ကသိုလ်ရောက်စမှ
ဒဿနိကဆရာကကျောင်းသားတွေကို လူ့ဘဝရှင်းတမ်းဆိုပြီး သူတို့မသေဆုံးခင်မှာ
လုပ်ချင်၊ ကြည့်ချင်၊ ဖြစ်ချင်တာကို ချရေးခိုင်းခဲ့တယ်။

ကားပြင်ဆရာစကားကို နားထောင်ပြီး သူဌေးလည်း
သူ့ဘဝရဲ့ရှင်းတမ်းကိုချရေးကြည့်ဖို့ စိတ်ကူးရလိုက်တယ်။
သူတို့နှစ်ယောက်လုံးပေါင်းပြီးလုပ်ချင်တဲ့ကိစ္စ တော်တော်များများကို
လုပ်ခဲ့ကြတယ်။ ပြိုင်ကားမောင်း၊ အမဲလိုက်၊ ခရီးသွား စတဲ့အလုပ်တွေလုပ်ပြီး
ကမ္ဘာ့အနှံ့သူတို့ရဲ့ပျော်ရွှင်တဲ့ခြေရာတွေကို ထားခဲ့ကြတယ်။

တစ်နေ့မှာ သူတို့ဟာ အီဂျစ်ကပိရမစ်ကို ရောက်လာခဲ့ကြတယ်။
အဲဒီမှာကားပြင်ဆရာက ကိုယ်လက်၊ နှုတ်အမှုအရာတွေ ရုတ်တရက်
တည်ကြည်လေးနက်သွားခဲ့ပြီး အီဂျစ်တွေမှာ ရှေးအစဉ်အလာ တစ်ခုရှိကြောင်း၊
အဲဒီအစဉ်အလာက လူသေပြီးနောက်သေမင်းဂိတ်ဝဆီ ရောက်သွားပြီး
မေးခွန်းနှစ်ခုမေးတာကို ခံရကြောင်း၊ကိုယ်ဖြေတဲ့အဖြေပေါ် မှုတည်ပြီး
နတ်ပြည်လား? ငရဲပြည်လား? ဆိုတာကိုအဆုံးအဖြတ်ပေးကြောင်း
သူဌေးကိုပြောပြခဲ့တယ်။

ပထမအမေးက "လူ့ဘဝ နေထိုင်ခဲ့တဲ့
သက်တမ်းတစ်လျှောက်မှာသင်ပျော်ရွှင်ခဲ့ပါသလား" ဖြစ်တယ်။

သူဌေးက အမေးကိုနားထောင်ပြီး စကားတစ်ခွန်းမှ
မပြောနိုင်ဘဲငြိမ်သက်သွားခဲ့တယ်။ သူ့မှာ ကိုယ်ပိုင်လေယာဉ်၊
တိုက်အိမ်ကြီးနဲ့ အစားကောင်းတွေရှိပြီး မရေမတွက်နိုင်အောင်
ချမ်းသာကြွယ်ဝခဲ့ပေမယ့်အဲဒီမေးခွန်းကို သူမဖြေနိုင်ခဲ့ဘူး။ သူတကယ်
မပျော်ရွှင်ခဲ့ဘူး။လောကမှာရှိတဲ့ အရာတော်တော်များများကို
ငွေကြေးနဲ့လှဲလှယ်လို့မရနိုင်မှန်း သူနားလည်ခဲ့တယ်။

သူမဖြေနိုင်သေးခင်မှာ ကားပြင်ဆရာက ဒုတိယအမေးကို ထပ်ပြောပြတယ်။

ဒုတိယအမေးက "လူ့ဘဝတစ်လျှောက်မှာ
တစ်ခြားလူကိုကူညီလို့ရခဲ့တဲ့ပျော်ရွှင်မှုကို သင်ရခဲ့သလား" ဖြစ်တယ်။

ဒီအမေးကိုကြားတော့ သူဌေးကြီး ပိုငြိမ်သွားခဲ့ရတယ်။ ပြီးတော့
သူဒေါသထွက်မိတယ်။ သူဟာ သူဌေးကြီးတစ်ဦးဖြစ်ပြီး
လူတွေအပေါ်ကြမ်းတမ်းခက်ထန်ခဲ့တယ်။ မကြာခဏ အပြစ်တင်၊ ဝေဖန်တယ်။


တစ်ခြားလူကိုပျော်ရွှင်ဖို့ ကူညီတယ်မဆိုထားနဲ့ လူတွေကို
မပျော်ရွှင်စေခဲ့သလိုနာကျင်စေခဲ့တယ်။ ပြီးတော့ သူဟာ အိမ်ထောင်(၄)ကြိမ်
ကွာရှင်းခဲ့သူဖြစ်ပြီး တစ်ဦးတည်းရှိတဲ့ သမီးနဲ့လည်း အဆက်အသွယ်
မလုပ်ခဲ့ဘူး။ သူ့တစ်သက်မှာသူတစ်ပါးကို ကူညီလိုက်လို့ရတဲ့
ပျော်ရွှင်မှုမျိုး မရှိခဲ့ဖူးဘူး။

ဒီရုပ်ရှင်ကားက ကျွန်တော့်အာရုံကို စွဲငြိစေခဲ့တယ်။
ကျွန်တော်တို့အခုခေတ်လူတွေက အလုပ်တွေနဲ့ ပျားပန်းခတ် လှုပ်ရှားနေရတယ်။
အပြိုင်အဆိုင်တွေများတယ်။ အဖက်ဖက်က ဖိစီးမှုတွေများတယ်။
တကယ်လို့ကျွန်တော်ခန့်မှန်းတာ မမှားဘူးဆိုရင် ကျွန်တော့်လိုပဲ
ပထမမေးခွန်းကိုစဉ်းစားခဲ့မိမှာ မဟုတ်ဘူး။ ဒုတိယမေးခွန်းကိုတော့
"မေးတော့လဲအလကားပဲ..ဒီအတွက် ကျွန်တော်ဘာလုပ်နိုင်မလဲ? နေ့တိုင်း
အလုပ်တက်၊ အလုပ်ဆင်းရဦးမယ်" လို့ ပြန်ဖြေမိမယ် ထင်ပါတယ်။

လက်ရှိပိုင်ဆိုင်တာကို တန်းဖိုးထားတတ်တဲ့သူ၊
ကျေးဇူးသိတတ်တဲ့သူတွေကအခက်အခဲနဲ့ကြုံခဲ့လည်း အကောင်းဖက်ကို
တွေးမြင်တတ်တယ်။ ဒါကြောင့်ကျင်လည်ရတဲ့ပတ်ဝန်းကျင်၊ အလုပ်ချင်းတူပေမယ့်
ရတဲ့ပျော်ရွှင်မှုက တူချင်မှတူလိမ့်မယ်။

ဒုတိယမေးခွန်းက ကျွန်တော်တို့ကို ပိုတွေးတောစေခဲ့သလို
ပထမမေးခွန်းနဲ့ဆက်စပ်နေခဲ့တယ်။ မပျော်ရွှင်သူတစ်ယောက်က တစ်ခြားလူ
ပျော်ရွှင်ဖို့ဘယ်လိုကူညီပေးနိုင်မလဲ? မပျော်ရွှင်သူတစ်ယောက်ရဲ့ အတွေးနဲ့
လုပ်ရပ်က negative ပဲဖြစ်နေတော့မယ်။



Carnegie က ဒီလို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။



ဝေဖန်ပြစ်တင်မှုတွေ လျော့ချနိုင်မှ ပျော်ရွှင်မှုတွေ ရနိုင်မှာဖြစ်တယ်။
ဒါမှလူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်မယ်။ လူတွေကို ပျော်ရွှင်ခြင်းတွေ
ပေးနိုင်မှာဖြစ်တယ်။



ကျွန်တော်မိတ်ဆွေတစ်ဦးက အမြန်ချောပို့ကုမ္ပဏီက မန်နေဂျာဖြစ်တယ်။တစ်နေ့မှာ
လုပ်ဖော်ကိုင်ဖက်က သူ့ကို "မန်နေဂျာ... ခင်ဗျားမျက်နှာကအမြဲတမ်း
ခက်ထန်နေပါလား" လို့ ပြောတော့ သူကစိတ်တိုပြီး



"ကျွန်တော့်မှာ မပျော်ရွှင်တဲ့
ကိုယ်ပိုင်အခွင့်အရေးတောင်မရှိနိုင်တော့ဘူးလား" လို့ပြောတယ်။



"မျက်နှာခက်ထန်တဲ့ အခွင့်အရေးမျိုး ခင်ဗျားမှာမရှိသင့်ဘူး။ခင်ဗျားကြောင့်
ကျွန်တော်တို့ဝန်ထမ်း အားလုံးလည်း အလုပ်လုပ်ရတာ စိတ်မသက်သာဘူး"



အိမ်မှာလည်း ထိုနည်၎င်းပါပဲ။ မိဘတွေ မျက်နှာခက်ထန်နေရင်
ဘယ်သားသမီးကမှပျော်ရွှင်လာနိုင်မှာ မဟုတ်ဘူး။ မိသားစုတစ်စုလုံးကို
ထိခိုက်လာစေနိုင်တယ်။အကောင်းဖက် (postive) ကိုတွေးမြင်သူက
ကိုယ့်ကိုယ်တိုင်ကို ပျော်ရွှင်စေနိုင်သလို သူတစ်ပါးကိုလည်း
ပျော်ရွှင်မှုတွေပေးနိုင်မှာဖြစ်တယ်။



လောကမှာ ပျော်ရွှင်ခြင်းနဲ့ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိသလို၊ဒီနေ့မှာလည်း
ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်း နှစ်ခုပဲရှိတယ်။
ဒီနေ့ကိုပျော်ရွှင်ခြင်းနဲ့ပြီးဆုံးချင်သလား? ဒါမှမဟုတ်မပျော်ရွှင်ခြင်းနဲ့
ပြီးဆုံးချင်သလား? ကိုယ်ရွေးချယ်မူပေါ်မှာပဲ မှုတည်ပါတယ်။



မူရင်း... 今天你快樂嗎? ယနေ့ သင်ပျော်ရွှင်ပါသလား
from Ko Sithu Latt(facebook)




**ထက် ထက်**

No comments:

Post a Comment