အစိမ်းရင့်ရောင် အစိမ်းနုရောင် ၀ါကျင်ကျင်အရောင်
မိုးသည်းထန်စွာ ရွာပြီးနောက် ဈေးတတ်သွားပြီး
ထိပ်ပိုင်းနှင့် အမြီးဖျားတွင် ဘီလူးတစ်ကောင် တွဲလွဲခို ပြုစုစောင့်ရှောက်နေ။
Tobacco causes cancer စာသားကို သရော်လှောင်ပြုံး ပြုံးပြီးနောက်
45-92-100-အစရှိသည့် နံပါတ်များစွာ ဖြစ်ပေါ်လာ။ (ကင်ဆာ နှစ်ရာဖိုး လုပ်လိုက်ပါဦး)
လမ်းမပေါ်မှာ တဗြစ်ဗြစ် အထွေးခံရသည့် ရိုးရာယဉ်ကျေးမှုကြောင့်
မောင်အေးဟာ ဘလက်တုရှ်ပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း ထုတ်ဖော် မှတ်တမ်းတင်ခံခဲ့ရ။
ရဲပဒေါင်းခတ်နေသော နှုတ်ခမ်းများကို
ဘယ်စော်မှ မကြိုက်ကြကြောင်း ထုတ်ဖော်ပြောကြား။
ဧည့်သည်တော်များအား
ကတ္တရာလမ်းမထက်မှ ပလက်ဖောင်းများပေါ်မှ ကားပြတင်းပေါက်ဆီမှ အမှိုက်ပုံးများအတွင်းမှ
အာသာဖြေ အကွက်ပေါင်းများစွာက ပျော်ရွှင်စွာ ကြိုဆိုနှုတ်ဆက်ခဲ့။
အချိုမကြိုက်သော ပါးစပ်များသည်လည်း
တဖြည်းဖြည်း ချဉ်၍ ချဉ်၍လာသည်နှင့်
ကျစ်ကျစ်လိပ်ထားသော ကြွတ်ကြွတ်အိတ်များမှ
မခြောက်တခြောက်များ ပေစွန်းခံထုတ်ပြီးသည့်နောက်
ခပ်မို့မို့ ပါးစုံများ ဖောင်းတင်းလာသည် နေရာယူထားပြီးနောက်
အံကိုကြိတ်၍
နှုတ်ခမ်းကို လျှာဖြင့် ဖြည်းညှင်းစွာသပ်၍
အပေါ်သွားနှင့် အောက်သွား ထိကပ်သွားသည်အထိ
မည်သည့်စကားမျှ မဆိုနိုင်လောက်အောင် ပြည့်လျှံကျသည်အထိ
အဆက်မပြက် တလှုပ်လှုပ်ဝါးပြီးနောက်
အော်ဂလီဆန်စရာ အနီရောင်များ
အရေမရ အဖက်မရ တံတွေးများ
ဖြတ်ရခက်သော စောက်ကျင့်များသည်လည်း
ဒီမိုကရေစီများထံ လက်နက်ချ ငြိမ်းချမ်းရေးယူသွားကြောင်း။ ။
...........................................................
+မိုးရဲ +

No comments:
Post a Comment