Saturday, November 28, 2015

**မြက်ရိတ်သမား**

“တိုင်းပြည်အတွက် မြက်တစ်ပင်တောင်မှ စိုက်ခဲ့ဖူးသူ မဟုတ်ဘူး” တဲ့၊
 လူရှေ့သူရှေ့မှာ ဟိတ်နဲ့ဟန်နဲ့ ပြောခဲ့တာ...၊
 လောကမှာ မြက်စိုက်တာထက် ပိုပြီးအရေးကြီးတဲ့
လုပ်ငန်းတွေ ရှိနေခဲ့တာ ခမျာ မသိလေရော့ သလား...၊
 အပြစ်တော့ မဆိုသာပါဘူးလေ...၊
လူဆိုတာက ကိုယ်သန်ရာ သန်ရာ ပြောကြတာမျိုး မဟုတ်လား၊
 အလင်းတွေ ပွင့်လာတဲ့အခါ
အသံတွေဟာ ပိုပြီး ကျယ်လာကြတယ်၊
  “Weather မကောင်းရင် ဖြုတ်လဲလိုက်...”
 “Any ask…?” 
“ကွန်တိန်နာနဲ့ ထည့်မရဘူး၊ ပိုရင်တော့ ရောင်းစားရမှာပဲ...” 
“အေးအေးဆေးဆေး ဖယောင်းတိုင် ထွန်းနေပါ...” 
“တစ်နပ်ပဲ စားကြ...”
 “ပြည်သူကို အလိုလိုက်မိလို့ အကြွေးတွေ တင်ကုန်တာ...”
 “နယ်လှည့်ပြီး ပါးရိုက်လာတာကွ...”
 “နှယ်နှယ်ရရဗိုက် မှတ်နေသလား၊ ကျည်ရာ ရှိတယ်...”
 အသံတွေ၊ အသံတွေ များလိုက်တဲ့ အသံတွေ...
 တစ်ချိန်က တစွန်းတစသာ ကြားခွင့်ရတဲ့ တီးတိုးသံတွေ
 ဟော... အခုတော့ ရပ်သိရွာကျော် ကျယ်ကျယ်လောင်လောင်နဲ့
 တစ်ခါပြော တစ်ခါထိ...၊
 အိုးနင်းခွက်နင်း ကြားရချက် ဗေထိဆိုမှဖြင့် ကွဲချက်က ဟက်တက်...၊ 
အမေတို့ခေတ်က ပြောကြသလို
 'စီကနဲဆို သူကြီးလူချည့်ပဲ' ဆိုရမလို 
လူစွမ်းကောင်းတွေ ပေါတဲ့မြေ...၊ 

ခက်နေပုံများတော့...
 ဒိုင်ယာလော့ခ် ကျက်မလာတဲ့ ရှေ့ထွက်ဝန်မင်းတွေနဲ့
 ပေရှည်နေတဲ့ အော်ပရာမှာ
 မပျော်ရှာနိုင်တဲ့ ပရိတ်သတ်
 ပြောင်းဖူးရိုးနဲ့ ထ,ပစ်ချင်စိတ်ကို ကြိတ်မှိတ်၊ မြိုသိပ်.
.. ဟိုး အရှေ့တစ်ရိုးက ကောင်းကင်မှာ 
ပုစဉ်းရင်ကွဲသံတွေ ဆူညံလှတယ်...။ 


.................................................................. 
+ညီလင်းသစ်+

No comments:

Post a Comment