Monday, December 7, 2015

**အကြည့်**

ငါ ... ရင်ခုန်စွာကျဆုံးခဲ့
 အဲဒီ့ မျက်ဝန်းတစ်စုံရဲ့ နူးညံ့မှုအောက်မှာ ...။

 ရိုးသားဖြူစင်တဲ့ အလှပဆုံး တန်ဖိုးတွေ ...
အချုပ်အနှောင်ကင်းတဲ့ အဖြူရောင်ချစ်ခြင်း သက်သက်တွေ ...
 အာဃာတတွေရှင်းတဲ့ နားလည်ခွင့်လွှတ်ခြင်းတွေ ...  
ချစ်သူကိုချစ်နေရရုံနဲ့ ဘ၀တစ်ခုလုံးပြည့်စုံသွားတယ်ဆိုတဲ့
 ဒဏ္ဍာရီဆန်ဆန် ခံစားချက်တွေ ... 
ချစ်ရသူကိုတမ်းတတဲ့စိတ်နဲ့ လှုပ်ရှားသက်ဝင်နေတဲ့ 
ရင်ခုန်သံစည်းချက်တွေ
 ပြီးတော့ ... 
အချိန်တိုင်းအတွက် အမြဲတမ်းဖွင့်လှစ်ထားတဲ့ နွေးထွေးတဲ့ ရင်ခွင်တစ်ခု 
အဲဒီ့မျက်ဝန်းတွေထဲမှာ ရှိနေတယ်။ 

အဲဒီ့မျက်ဝန်းတစ်စုံရဲ့ အကြည့်တွေက
 ဝေးလွင့်သွားတဲ့ ရင်ခုန်သံအပိုင်းအစတစ်ခုကိုလိုက်ရှာနေကြတယ် 
အဲဒီ့မျက်ဝန်းတစ်စုံရဲ့ အကြည့်တွေက ပြန်မရနိုင်တော့တဲ့
 ရင်နင့်ဖွယ်အနမ်းတွေကို တမ်းတနေကြတယ် 
အဲဒီ့မျက်ဝန်းတစ်စုံရဲ့ အကြည့်တွေက 
လှပခဲ့ဖူးတဲ့တစ်ချိန်ကဘ၀တစ်ခုကို လွမ်းဆွတ်သတိရနေကြတယ်

 ငါ ... 
ရင်တွေအထိမ်းအကွပ်မဲ့ခုန်ရင်း
 ထပ်မံကျဆုံးခဲ့တယ်
 အဲဒီ့မျက်ဝန်းတစ်စုံရဲ့ နူးညံ့တဲ့အကြည့်တွေအောက်မှာ ...

။ ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 

+နေဘုန်းလတ်+

No comments:

Post a Comment