**ကျိုက်ဣသိယို**
နိုဝင်ဘာ ဒီဇင်ဘာ အားလပ်ရက် ခရီးသွား ဘုရားဖူးရာသီ
ရောက်ပြီဆိုတာနဲ့ ခရီးသွား ဘုရားဖူး ၀ါသနာ ထုံသူတွေဟာ
ခရီးထွက်ဖို့ ပြင်ကြပါပြီ။ စာရေးသူတို့ မိသားစု အဘိုးအဘွားများ၊
လူငယ်များ၊ ကလေးများ စုံလင်တဲ့ အားလပ်ရက် ကာလရဲ့
တနင်္ဂနွေမှာ မွန်ပြည်နယ် ကျိုက်ထီးရိုး နေ့ချင်းပြန် ဘုရားဖူး
ထွက်ကြပြန်တယ်။ စူပါဆန်းဒေးဖြစ်လို့ ကျောင်းသူ ကျောင်းသား
ကလေးငယ်တွေ။ အဘိုးအဘွားတွေ၊ အစိုးရ၀န်ထမ်း
ကျောင်းဆရာမတွေ၊ ရုပ်သံပရယ်ဇင်တာ၊ ကုမ္ပဏီ ၀န်ထမ်း၊
အစိုးရ ၀န်ထမ်း၊ သတင်းအယ်ဒီတာ စသည်ဖြင့် လူစုံတက်စုံ
အဖွဲ့ဟာ စူပါကပ်စတန် ကားလေးနဲ့ ခရီးထွက်ခဲ့ကြတယ်။
နေ့ချင်းပြန်ဖြစ်လို့ နံနက်စောစော ၃ နာရီ စထွက်တယ်။
အိမ်ရှင်မတွေကတော့ နံနက် ၁ နာရီကထလို့ ပြင်ဆင်ထုပ်ပိုး
ချက်ပြုတ်ရတာပါ။ နံနက် ၃ နာရီမှာ တောင်ဥက္ကလာက စထွက်တဲ့
စူပါကပ်စတန်က မြောက်ဒဂုံ မိသားစုကို ၀င်ခေါ်ပြီးနောက်
မဟာရန်ကုန်မှ ဥဿသာာပဲခူးဆီ ဦးတည်တယ်။
တောင်ကိုရီးယားရောက် မိတ်ဆွေ ကိုရဲတို့ ဝေါမြို့က ရတနာဦး စားသောက်ဆိုင်မှာ တစ်ထောက်နား လက်ဖက်ရည် ကော်ဖီ မုန့်ဟင်းခါး အသုပ်
စားကြတယ်။ မန်းလေး စိန်ပန်း၊ စစ်ကိုင်း ခိုတောင်တို့ကို မမီပေမယ့် ဝေါနန်းကြီးသုပ် ကောင်းပါတယ်။ စားဖွယ်တွေ
ဈေးလည်းသင့်ပြီး ဆိုင်ရှင်ကလည်း သဘောကောင်း၊
ကျန်းမာရေး တပိုတပါးလည်း အဆင်ပြေလို့ ကျွန်တော်တို့တော့
စိမ်းလဲ့တင်ကိုမ၀င်ဘဲ ရတနာဦးမှာသာ မွန်ပြည် နယ်သွားတိုင်း
အသွားအပြန် နားကြပါတယ်။
+ကင်ပွန်းစခန်း+
ကင်ပွန်းစခန်းကို နံနက် ၇ နာရီလောက်မှာ ရောက်တယ်။
ရန်ကုန်ကကားကို ရပ်ထားခဲ့ပြီး တောင်တက်ကားလိုင်းက
ကားတွေနဲ့ တက်ကြရတယ်။ တောင်တက်ကား အသင်းက
စနစ်ကျပါတယ်။ တစ်လှည့်စီ တစ်သုတ်စီ ထွက်ရတာ။
ကားဂိတ်မှာ တန်းစီပြီး တစ်ဖွဲ့ချင်း တစ်စီးချင်း ကားပေါ်
တက်ကြတယ်။ ကားခက လူကြီး ၂၅၀၀၊ ကလေး ၁၀၀၀ ပါ။ ကားတွေကလည်း တောင်တက်လမ်းနဲ့ သင့်တော်ပြီး
ဘရိတ်စနစ်တွေ ကောင်းတဲ့ ခေတ်မီ ကားသစ်တွေပါ။
+ကျိုက်ထီးရိုး+
ကျိုက်ထီးရိုးရဲ့ မူလမွန်ဘာသာနဲ့ အမည်က ကျိုက်ဣသိယို
(မြန်မာလို ရသေ့ရွက်) ဘုရားပါ။ တိဿရသေ့ ကြီးရဲ့ ဦးခေါင်းနဲ
့တူတဲ့ သိကြားမင်း ဖန်ဆင်းတဲ့ ကျောက်တုံးကြီးထက်မှာ
စေတီတော် တည်ထားကိုးကွယ်တာကို အစွဲပြု ထားတာပါ။
မွန်ဘာသာမှာ သာမက မြန်မာ့သမိုင်းကျမ်း တွေမှာလည်း
ဣသိယို ဘုရားလို့သာ တွေ့ခဲ့ရပါတယ်။
ကျိုက်ထီးရိုး အမည်နာမကပင်လျှင် စိတ်ဝင်စားစရာပါ။
ကျိုက်ဆိုတာ မွန်ဘာသာနဲ့ ဘုရားပါ။ အေဒီ ၁၈၃၀ ဖွား
စစ်ကဲကြီး ဦးရွှေနော်က ယခု ကျိုက်ထီးရိုး နယ်မြေမှာ
ထီးလုပ်စရာ ကောင်းတဲ့ ၀ါးတွေ ပေါက်ရောက်တာကို
အစွဲပြုပြီး ထိုဘုရားကိုလည်း ကျိုက်ထီးရိုးဘုရားလို့
ခေါ်တွင်ကြောင်း တစ်မျိုး မှတ်သားရပါတယ်။
ကျိုက်ထီးရိုး ဆိုလိုက်တာနဲ့ တောင်စဉ် တောင်တန်း အထပ်ထပ်ကျော်ပြီး မြင့်မားလှတဲ့ ကျောက်တောင်ကြီးထိပ်မှာ
ရွှေတောင်ကြီး ဆင့်ကဲ ပေါက်ရောက်နေသလို ထိလုမိုး ဆီကျလု
တည်းတည်း မေးတင်နေတဲ့ ဧရာမ ကျောက်တုံးကြီး
ပေါ်က တန်ခိုးကြီးဘုရား တစ်ဆူလို့ သိကြပါတယ်။ ပင်လယ်
ရေမျက်နှာပြင်အထက် ၃၆၁၅ ပေမှာ တည်ရှိတာပါ။ ပေါင်းလောင်းတောင်ရဲ့ ချောက်ကမ်းပါးဘက်ခြမ်း
တောင်စွယ်ထိပ်မှာ ရှိတယ်။
မြန်မာမှန်ရင် ပုဂံရောက်ရမယ်ဆိုတာလို ကျိုက်ထီးရိုး
မရောက်ဖူးရင် မပြည့်စုံဘူး။ တရုတ်၊ ထိုင်း စတဲ့
လူမျိုးခြားတွေတောင် နှစ်စဉ်လာကြတယ်။
ဒီနေ့ ခေတ်မှာတော့ တောင်ခြေ ကင်ပွန်းစခန်းကနေ
တောင်ပေါ် ရင်ပြင်တော်အထိ တောင်တက်ကားလမ်း ဖောက်ခဲ့ပြီး
ခုဆိုရင် ကွန်ကရစ်လမ်းကြီး ဖြစ်နေလို့ အဆင်ပြေလှတယ်။
လူငယ်လူရွယ်တွေ သာမက ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါ အလွယ်တကူ ရောက်နိုင်ပါပြီ။
+ဆံတော်ရှင်သမိုင်း+
မြန်မာနိုင်ငံ အရှေ့တောင် စည်းရိုးသဖွယ် အရှေ့ရိုးမ
တောင်တန်း တောင်စဉ် အတွင်းမှာ အပါအ၀င်ဖြစ်တဲ့
ကျိုက်ထီးရိုး စေတီ ကိန်းဝပ်ရာ တောင်မှာ
ရှေးအခေါ်လုံး တင်တောင် သို့မဟုတ် ပေါင်းလောင်းတောင်ထွတ်
နေရာပါ။
ကျိုက်ထီးရိုးသမိုင်းဟာလည်း ခရစ်တော် မပေါ်မီ ရှေးမဆွက
စတင်ခဲ့တာပါ။ ဂေါတမ ဘုရားရှင် မပွင့်မီ နှစ်၅၀ (ဘီစီ ၆၄၀) မှာ
ဂစ္ဆဂီရိခေါ်ဇင်းကျိုက်တောင် (ယနေ့ခေတ် မွန်ပြည်နယ် ပေါင်မြို့နယ်
ရန်ကုန်-မော်လမြိုင် ကားလမ်း အရှေ့ဘက် ဇင်းကျိုက်ရွာ
(အရှေ့ဘက်) အနီးက သုဘိန္ဒဂရပြည်မှာ တိဿဓမ္မရာဇာမင်းနဲ့
မိဖုရား သီရိကပ်ပါဒေ၀ီတို့ ထီးနန်း စိုးစံခဲ့ကြတယ်။ ထိုမင်း
မိဖုရားတို့မှ သားတော်နှစ်ပါး ထွန်းကားရာမှာ သားတော်
အကြီးက ခမည်းတော်နဲ့ ဘွဲ့အမည်တူ တိဿဓမ္မမင်းသားဖြစ်ပြီး
သားတော် အငယ်ကတော့ သီဟကုမ္မာပါ။
အသက်အရွယ် ထောက်လာသူ ခမည်းတော်ကြီး နတ်ရွာစံတော်
မမူမီမှာ ဘုရင်က သားတော်ကြီးက သုဘိန္ဒဂရပြည်ကို မင်းပြုရန်၊
သားတော်ငယ်က အိမ်ရှေ့ဥပရာဇာလုပ်ရန် မိန့်မှာခဲ့တယ်။
ဒါပေမဲ့ သားနှစ်ဦးစလုံး ထီးနန်း စည်းစိမ်ကို အလို မရှိကြဘူး။
တောမှီရသေ့ ရဟန်းဝတ်ပြီး တရားအားထုတ် လိုကြတယ်။
ဘုရင်ကြီးက သားတွေကို ဘယ်လိုမှ နားချလို့ နန်းအပ်လို့
မရတဲ့အခါ သူတို့သဘောကို လိုက်လျောရတော့တယ်။
သားတော် နှစ်ပါးဟာ မြို့နန်းတောင်ဘက် တံခါးက
တောထွက်တော်မူပြီး ရသေ့ ရဟန်း ၀တ်သွားကြတော့တယ်။
ညီရသေ့က ဗန္ဓ၀ဂီရိတောင် (ဇွဲကပင်တောင်) အစ်ကို ဖြစ်သူက
ဂစ္ဆဂီရိတောင် (ဇင်းကျိုက်တောင်) သို့ အသီးအသီး သွားရောက်
ကျင့်ကြံကြတော့တယ်။ ရသေ့ညီနောင်အနက် ညီရသေ့က
သီဟရသေ့၊ အစ်ကိုရသေ့က တိဿရသေ့ တွင်တော့တယ်။
ထိုရသေ့ညီနောင် တောတောင် အသီးသီးမှာ တရားအားထုတ်ကြစဉ် ဖြစ်စဉ်တစ်ခုနဲ့ တွေ့ကြုံပါလေရော။
တစ်နေ့မှာ ဟိမ၀န္တာတောမှ ၀ိဇ္ဖာထိုရ် လုလင်တစ်ဦးဟာ
တောတွင်း လှည့်လည်ရင်း လူယောင်ဖန်ဆင်းထားတဲ့
နဂါးမနဲ့ အကြောင်းပါကာ ကိုယ်လက်နှီးနှောကြရာမှာ
ပဋိသန္ဓေ ရခဲ့တယ်။ နဂါးမက ဥနှစ်လုံးဥပြီး နဂါးပြည်ကို
ပြန်သွားတယ်။ တိဿရသေ့က အဲဒီဥ နှစ်လုံးကိုတွေ့ပြီး
တစ်လုံးကို ညီငယ် သီဟရသေ့ထံ ဆက်ကပ်တယ်။
ဘီစီ ၆၀၄ မှာ တိဿရရှိထားတဲ့ ဥက သားယောကျာံးမွေးပြီး
သီဟရသေ့ထံ ရောက်တဲ့ ဥကလည်း ယောကျာံးလေး မွေးပြန်တယ်။
ရသေ့တွေက လက်ညှိုးမှ အဓိဌာန်နဲ့ နို့ထွက်စေပြီး
ကလေးတွေကို တိုက်ကျွေးကြတယ်။ သီဟရသေ့ရဲ့
ကလေးက ဘီစီ ၅၉၄ မှာ ကျောက်ရောဂါနဲ့
ကွယ်လွန်တယ်။ တိဿရသေ့ကတော့
သူရိယကုမ္မာ အမည်ရ သားငယ်နဲ့အတူ ယခုလက်ရှိ
မုဆိုးတောင် နေရာမှာ တရား အားထုတ်နေပါတယ်။
သူရိယကုမ္မာ အသက်၂၁ နှစ် အရွယ်မှာ ဘီစီ ၅၈၃ မှာ
တိဿဓမ္မသီဟရာဇာ အမည်နဲ့ သုဝဏ္ဏဘူမိ နေပြည်တော်
သထုံပြည့်ရှင် ဘုရင် ဖြစ်လာတယ်။ ထိုနှစ်မှာပဲ
ဂ၀ံပတိမထေရ် လျှောက်ထား တောင်းပန်မှုနဲ့ ဗုဒ္ဒမြတ်စွာ
ဘုရားရှင်ထံမှ ဆံတော်စစ် နှစ်ဆူကို တိဿရသေ့ကြီးက လက်ခံရရှိပါတယ်။ ကေလာသရသေ့ကလည်း
ဆံတော်တစ်ဆူ ရရှိပါတယ်။
ဘုရားရှင်ပင်လျှင် မလွန်ဆန်နိုင်သော ဇရာဗျာဓိမရဏာ
လမ်းစဉ်အတိုင်း အိုမင်းမစွမ်း ဖြစ်လာသူ တိဿရသေ့ကြီးက
သိကြားမင်းရဲ့ အကူအညီနဲ့ ယခု ကျိုက်ထီးရိုးစေတီကို
ကမကထပြု တည်တော်မူတယ်။ မိမိထံမှ ဆံတော်နှစ်ဆူ ကေလာသရသေ့ထံမှ ဆံတော်တစ်ဆူ၊
စုစုပေါင်း ဘုရားရှင် ဆံတော်စစ်သုံးဆူ တိတိကို ဌာပနာကာ
ရသေ့ရွက် ကျိုက်ဣသိယို ဘုရားအမည်နဲ့ တည်ခဲ့တာပါ။
ပုဂံရာဇ၀င် တုတ်ထမ်း ပြောရသလို ထိုထက် ရှေးကျလှတဲ့
ကျိုက်ထီးရိုး ရာဇ၀င်ကလည်း မူကွဲအမျိုးမျိုး ဂမ္ဘီရဆန်ဆန်နဲ့
ဒဏ္ဍာရီ အစားစား ရှိနေတာပါ။
စာရေးသူတို့ ငယ်စဉ် ၁၉၈၀- ၉၀ ကာလမှာ ကတော့
တခြားစီးပါ။ ဟိုတုန်းက ကျိုက်ထီးရိုး ဘုရားဖူးဆိုတာ
မဟာစွန့်စားခန်းကြီးပါ။
တရုတ် မဟာဝင်ထဲက အနောက်သို့ ခရီးရှည်သဖွယ်
စွန့်စားဖွယ် အပြည့်နဲ့ပါ။ ဒီနေ့လို ကားလမ်း မရှိဘူး။
တောထဲ တောင်တက် လမ်းပါ။ ထိုခေတ်က ကျိုက်ထို၊
ဘီးလင်း၊ သထုံ ဆိုတာ အမည်းရောင် အညိုရောင်
ရောင်စုံသူပုန်နယ်မြေပါ။ ရန်ကုန်ကနေ သူငယ်ချင်းတစ်ခု
ရထားနဲ့ လစ်ကြတာ တောင်ရထားက ညမှာ မခုတ်ရဲဘူး။
မနက် ရန်ကုန်က ထွက်လာတဲ့ ရထားစီးတာ ညနေမှ
ကျိုက်ထို ရောက်တယ်။ ကင်မွန်းစခန်းအထိ
လိုင်းကားစီးရတယ်။ ကင်မွန်းစခန်းမှာ ထမင်းဆိုင်တွေက အခမဲ့တည်းခွင့် ပေးတယ်။ နောက်တော့ တည်းခ
သပ်သပ် ယူကြတယ်။ မနက်တက် ညနေရောက်တယ်။
+စခန်းစဉ်(၃၈)+
စခန်းစဉ် (၃၈) ရှိရာမှာ ကင်ပွန်း စခန်းမှ ရင်ပြင်တော်
အထိ ဖြစ်ပါတယ်။ ကင်ပွန်း စခန်း၊ ဆင်ဆွဲလမ်း၊
ရေမြောင်ကလေး၊ ရုံးပင်၊ ဒညင်းပင်၊ မရမ်းတစ်ပင်၊
ဇင်ပြွန်း၊ ရွှေရင်ဆို့၊ ရွှေရင်သာ၊ ကဒပ်ချောင်း လမ်းခွဲ၊
သစ်ချပင်၊ ရေတံခွန်၊ ရွေးပင်၊ ကွမ်းသီးမြောင်၊
အောက်ကျောက်ဖျာ၊ မြင်တော်မူ၊
မျှော်တော်မူ၊ ရေမြောင်ကြီး၊ ပန်းမတောင်၊ မဟာမြိုင်၊
ကွမ်းသီးသုံးပင်၊ ထိန်ပင်၊ သရက်ပင်၊ ဘိုးပြန်တောင်၊
ဘန့်ဘွေးပင်၊ သပြေညို၊ အောက်စိုင်တမော့၊
အထက် စိုင်တမော့၊ အထက် ကျောက်ဖျာ၊ ကျောက်လက်ဝါး၊
စခန်းကလေး၊ ပန်းတင်ကျောက်၊ လွမ်းစေတီ မြစေတီ၊
ရွှေရင်အေး၊ ကျောက်သမ္ဗန်၊
ရွှေနန်းကျင်၊ ရေစည်ကြီး၊ ရင်ပြင်တော်တို့ပါ။
ညတည်းခိုစရာ ထမင်းဆိုင်တွေ ရှိတယ်။ ထမင်းဖိုး၊
ရေဖိုး ဈေးကြီးတယ်။ အာရုဏ်တက် ဘုရားထဖူးပြီး
ကျီးကန်းပါးစပ်၊ ရသေ့တောင် နေရာစုံ သွားကြတယ်။
နောက်နေ့ တစ်နေကုန် တောတောင်လမ်းက ပြန်ရ ပြန်တယ်။
ဒီနေ့မှာ နေချင်း ပြန်နိုင်ပေမယ့် ဟိုတုန်းက သုံးရက်လောက်
အချိန်ယူရတာ။ ဟိုတုန်းက နေရာစုံ သွားတယ်။ ရင်ပြင်တော်၊
နတ်တောင်၊ ဘိုးဘိုးကြီး၊ ကျောက်သမ္မန် စေတီ။ ဘိုးဘိုးနီ၊
ကျီးကန်းပါးစပ်၊ မြသပိတ်စေတီ၊ လင်လွန်းပင်စေတီ၊
နတ်ရေတွင်း၊ မုဆိုးတောင်၊ မုဆိုးဒူးထောက် အောင်မြေ၊
အာပေါဂူ၊ မှန်ဂူ၊ နေရောင်ခံဂူ၊ ရသေ့တောင်၊ ဆုတောင်းပြည့်
စေတီ၊ အံတော်တောင်၊ ဘီလူးနှစ်ကောင်ကျောင်း၊
မြစိမ်းတောင်ဘုရား၊စွန်တောင်၊၀ိဇ္ဇာတောင်၊ ကျောက်ထပ်ကြီး၊
ကျောက်ဆီယို၊ ကျောက်ထပ်တစ်ရာ၊
ကျောက်လှုပ်၊ နဂါးဘုရား၊ ဖားဘုရား၊ ရေတံခွန်တောင်၊ ကိုန၀င်း၊
ရေတံခွန်၊ ဟုန်းနတ် စသည်ဖြင့်ပါ။ ဒီနေ့ခေတ်မှာတော့ စားသုတ်သုတ် သွားသုတ်သုတ် နေ့ချင်းပြန်မို့ နေရာစုံရောက်ဖို့ မလွယ်ပါဘူး။
ဘုရားဖူးပြီးနောက် နေ့ခင်းမှာ ရင်ပြင်တော်ပေါ်က
မဏ္ဌာပ်တွေမှာ အုပ်စုလိုက် နေရာယူပြီး နားကြ
ထမင်းစားကြတယ်။ ရန်ကုန်က ပါလာတဲ့ ထမင်း၊ ကော်ဖီ
စတာတွေကို စုဖွဲ့ စားသောက်ကြတယ်။ နေ့ခင်း ၁ နာရီမှာ
တောင်ပေါ်က ပြန်ဆင်းလို့ ရန်ကုန်ကို နေ၀င်မှ ပြန်ရောက်တယ်။
တောင်ဆင်း တောင်တက်လမ်းက တစ်လမ်းမောင်းသဖွယ် ဖြစ်နေလို့
အတက်အဆင်း ကားအုပ်စုလိုက် အလှည့်ကျ စောင့်နေရတာ
ခရီးဖင့် အချိန်ကုန် ပါတယ်။ အသွားအပြန် နှစ်လမ်းမောင်းဖြစ်အောင်
နောက်တစ်လမ်းရှိသင့်ပါပြီ။ လမ်းသစ်အတွက် အလှူခံနေတာ တွေ့ရလို့
နေရာတကာ ကိုယ့်အားကိုယ်ကိုး ကိုယ့်လမ်းကိုယ်ဖောက်
နေရတဲ့ ခေတ်ကြီးလည်း ပြောင်းလဲချိန်တန်ပြီလို့ မြင်မိပါကြောင်း . . .။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Writer: ကိုနေ(မန်း)




No comments:
Post a Comment