ကျမသူ့ကို တွေ့တွေ့ နေတာ ကြာပြီ ။ သူနဲ့လည်း မသိပါဘူး ။ ကျမအလုပ်ပြန်တဲ့ လမ်းမှာ တရုတ်ဘုရားကျောင်းလေးတ
ကျောင်း ရှိတယ် ။ရပ်ကွက်ဘုံကျောင်း သဘောပေါ့ ။ကျမနေတဲ့ ရပ်ကွက်ကအရင်ကသင်းချိုင်းကုန်းလို့ ပြောကြတယ်။
နောက်မှ မြို့ကွက်ချဲ့တော့ သင်းချိုင်းကို ဖျက်ပြီး လူနေရပ်ကွက် အဖြစ်အိမ်တွေဆောက်တယ်လို့ တဆင့်စကားကြားဖူးတယ်။
သင်းချိုင်းကို ဖျက်ပြီး လူနေရပ်ကွက် လုပ်ထားတာဆိုတော့ တရုတ်ဘုရားကျောင်း အသေးလေးတွေ အတော်များများ
ဆောက်ထား ပြီး ကိုးကွယ်ကြတာ တွေ့တယ်။ အန္တာရယ်
ကင်းအောင် ဆိုတဲ့သဘောပေါ့ ။တချို့ လူကြီးတွေ ကတော့
ည ဘက်ဆို ဘုံကျောင်း လေးထဲလာထိုင် စကားပြောကြ ။သတင်းနားထောင်ကြပေါ့  ။ကျမအလုပ်ကပြန်လာတဲ့ တရက် သူ့ကိုသတိထားမိတယ် ။သူများတွေထိုင်နေကြသလို သူလည်း ထိုင်နေတာပါဘဲ ..ထူးထူးခြားခြား အနေနဲ့ သူ့ဘေးမှာခရီးဆောင် အိတ်တွေရော သေတ္တာရော ကျောပိုးအိတ်ရော တွေ့လိုက်ရလို့ပါ ။
အစကတော့ ကျမစိတ်ထင် ခရီးသွားဖို့ အောက်ဆင်းပြီး
Taxi လာခေါ်တာစောင့်နေတဲ့သူ တယောက်လို့
ဘဲထင်မိပါတယ် ။ နောက်သုံးလေးရက်လောက်ကြာတော့ အဲဒီပုံစံအတိုင်းဘဲ အထုပ်တွေအပိုးတွေနဲ့ တခေါက်
ထပ်တွေ့ပြန်တယ် ။ကျမစိတ်ထဲနဲနဲ အံသြသွားမိတယ် ။
ဒီလူကလည်း ဒီချိန်မှ
ခရီးသွားတာလား မသိဘူး။တပါတ်ကို ဘယ်နှစ်ခါသွားတာလည်း မသိဘူးပေါ့ ။ နောက်တော့လည်း မေ့မေ့ပျောက်ပျောက်နဲ့
ဘဲ သတိမထားမိတော့ပြန်ပါဘူး ။
နောက်တခေါက် အဲလိုပုံစံအတိုင်းဘဲ ထပ်တွေ့ပြန်တယ် ။
ကျမစိတ်ထဲနဲနဲ သဘောပေါက်သလိုတော့
ရှိလိုက်တယ် ။ ကြည့်ရတာ ဒီအနီး အနားမှာနေတဲ့သူတော့ မဟုတ်လောက်ဘူး ။အသက်ကလည်း
လူလတ်ပိုင်းလောက်ဘဲ ရှိသေးတာ ။အိမ် မရှိတဲ့ Homeless တယောက်များလားလို့ တွေးမိတယ် ။
Homeless တွေကို တွေ့လိုက်ရင် များသောအားဖြင့် အသက်ရွယ်ကြီးတဲ့သူတို့ ...နောက်ပြီးစိတ်မမှန်
တဲ့ ပုံစံမျိုး ရှိတဲ့သူတို့  အဲလိုပုံစံတွေများပါတယ် ။အခုဒီလူကတော့ အဲလိုပုံစံမဟုတ်ဘဲနဲ့ Homeless
တယောက်ဖြစ်နေပါတယ် ။ လူဆိုတာကလည်းသူ့ဘဝနဲ့သူ
သူ့အခက်ခဲနဲ့ သူ ရှိနိုင် တာဘဲလေ ။
အဲဒီနောက်ပိုင်းမှာတော့ ကျမအလုပ်ပြန်တိုင်း ရက်ခြား
ဆိုသလိုပေါ့ အဲဒီသူကို တွေ့ရတတ်ပါတယ် ။
တခါတလေ သူ့အထုပ်တွေ ဘေးမှာချပြီး ခုံတလုံး မှာ
ထိုင်ရက် အိပ်နေတာမျိုး တွေ့ရတတ်ပါတယ် ။
တခါတလေ လည်းသူအထုပ်တွေ ဖွင့်ပြီး ရှင်းနေတာမျိုး ပေါ့။
ကြည့်ရတာ ဒီဘုံကျောင်းမှာတည ..တခြားနေရာတွေမှာ
တည နေရာစုံ လှည့်ပြီး အိပ်ပုံရတယ် ထင်ပါတယ် ။
တခါတလေလည်း ပျောက်နေတတ်ပါတယ် ။
ကျမကလည်း အလုပ်ပြန်တိုင်း အဲဒီဘုရားကျောင်းလေး
ဝင်ပြီး လက်အုပ်လေးချီ ကန်တော့နေကြဆိုတော့
သေချာသတိထားပြီးမကြည့်လည်း
ဘုံကျောင်းထဲ ဘယ်သူရှိတယ် ။မရှိဘူး ဆိုတာ
တွေ့နေတတ်ပါတယ် ။
ကျမသူထိုင်ရက် ကြီးအိပ်နေတာ မြင်ရတဲ့ အခါတိုင်း စိတ်ထဲမှာ တွေးမိတယ် ။အဲတာကတော့
လူတယောက်အတွက် နွေးထွေးတဲ့ အိပ်ယာလေးတခု လိုအပ်တယ်ဆိုတာပါဘဲ ။လူရယ်လို့
ဖြစ်လာရင် အသိုက်အမြုံ ဆိုတာ ရှိရပါတယ် ။
ငယ်စဉ်ကတော့ မိဘ အရိပ်အောက်ပေါ့ ။
နောက်တော့ အရွယ်ရောက်လာတဲ့ အခါဆိုရင်ကိုယ်တိုင်တည်ဆောက်ထားတဲ့ မိသားစု လေး
တခုပေါ့ ။အပူအပင်မရှာချင်လို့ အပျို ကြီးလုပ်တယ်ဆိုပေမဲ့လည်း တယောက်တည်းနေလို့တော့ အဆင်မပြေ
နိုင်တာ အမှန်ပါ ။အသက်ဆိုတာက ငယ်သွားတာ မဟုတ်ဘူး ။ ကြီးလာတာဘဲရှိတာပါ ။
အသက်ကြီးလာတာနဲ့ အမျှ အဖော်သဟဲ ဆိုတာလို
လာပါသည် ။ တူမ လေးတွေနဲ့သော်လည်းကောင်း
မောင်နှမ သားချင်း အတူစုနေကြတာ အသင့်တော်ဆုံးပါ ။
ဆိုလိုချင်တာက ကိုယ်ဖန်တီးထားတဲ့
အိမ်လေးတအိမ် ဆိုတာရှိသင့်သည် ။လုံခြုံနွေးထွေးတဲ့ အိပ်ယာလေးတခုရှိသင့်သည် ။
ကိုယ်ပိုင်ဆိုင်တဲ့ အိပ်ယာလေးဟာ တန်ဖိုးကြီးမားတဲ့
ခုတင်မွေ့ယာတွေနဲ့ ခင်းထားတာ ဖြစ်နိုင်သလို
ရိုးရိုးဂွမ်း ကပ်လေး တထည်လောက် ခင်းထားတာလည်း ဖြစ်နိုင်
ပါတယ်။ဒါမှ မဟုတ် ဖျာကြမ်းလေးတချပ်ခင်းထားတဲ့
အိပ်ယာလေးလည်း ဖြစ်နိုင်ပါတယ် ။ ဘယ်လိုအိပ်ယာလေးဘဲ
ဖြစ်နေပါစေ ခေါင်းချအိပ်စက်ဖို့ အိပ်ယာလေးတခုရှိနေတာကို ကျေနပ်လိုက်ပါ ။
လောကထဲမှာ ကိုယ့်လိုတောင် အိပ်ယာလေး မရှိလို့
လမ်းမကျောခင်းအိပ်စက်နေရတဲ့သူတွေ
နေရာအနှံလှည့်ပြီး အဆင်ပြေသလိုအိပ်နေရတဲ့သူတွေ ရှိနေပါတယ် ။ကိုယ်ပိုင်တဲ့ အိပ်ယာလေးတနေရာ
စာဟာ ခမ်းနားချင်မှ ခမ်းနားလိမ့်မယ် ။ ဒါပေမဲ့ တန်ဖိုးထားလိုက်ပါ ။ ကိုယ်မပိုင်ဆိုင်ရတဲ့ အရာတွေကို
မျှော်မှန်း တမ်းတ နေတာထက် လက်ရှိပိုင်ဆိုင်ထားတာလေးကို ဘဲတန်ဖိုးထားပေးလိုက်ပါ ။
ကိုယ့်ဘဝကို ကိုယ်ကျေနပ်လိုက်ပါ ။
ကျမ အလုပ်ကပြန်လာတိုင်း ပင်ပန်းလာတာဘဲဖြစ်ဖြစ် တခါတလေ အလုပ်မှာ အခြေအတင်
စကားပြောခဲ့ရတာ မျိုး ဆို အင်မတန်ကို စိတ်ဓါတ်ကျမိတဲ့
ညတွေရှိခဲ့တယ် ။တခါတလေ မိသားစုကိစ္စအဆင်မပြေ
တာတွေရှိလာတဲ့ အခါတိုင်း... မောင်နှမ သားချင်း စကားပြောရတဲ့
အခါတိုင်းကိုယ့်ဘဝကို ကိုယ်မကျေနပ်မိတဲ့ အချိန်တွေ
တော်တော် များများ ရှိခဲ့သည်။ဘာလို့ငါ ဒီအလုပ်ကို
ရွေးချယ်မိတာလည်း ။ဘာလို့ ငါ ဒီနိုင်ငံကို လာမိတာလဲ ။ဘာလို့ ငါ ဒီလိုဖြစ်နေရတာလဲ ။
ဘာလို့ ဘာကြောင့် ဆိုတဲ့ စကားလုံးတွေ နဲ့ ကျမကိုယ့်ဘာသာကိုယ် မကျေမနပ် ဖြစ်ခဲ့တဲ့ အကြိမ်ပေါင်း
လည်းမနည်းပါဘူး ။အဲလိုအခါတိုင်းမှာ အလုပ်ကပြန်လာတိုင်း
ဒီ ဘုရားကျောင်းလေးမှာ ဝင်ရှိခိုးတိုင်း
ကျမစိတ်ထဲ မကျေနပ်တဲ့ အရာတွေကို တိုင်တည်ဆုတောင်းမိတဲ့ အကြိမ်လည်း မနည်းပါဘူး ။
ဒါပေမဲ့ ကျမဒီလူကိုတွေ့ ပြီးတဲ့အချိန်ကစလို့ စိတ်ထဲပြောင်းလဲ
သွားသည် ။ကျမအလုပ်ထဲ စကား
အခြေအတင်ပြောခဲ့ရတယ် ဆိုပါတော့ ။ ခါတိုင်းဆို အလုပ်ကို အင်မတန်မှကို မုန်းတီးမိသည် ။အခုတော့
ကျမ စဉ်းစားမိတယ် ။ကျမပတ်ဝန်းကျင်မှာ အလုပ်တောင်
မရှိကြတဲ့ သူတွေ အများကြီးရှိတယ်။
အဲလို တွေးလိုက်မိရင် ကျမ ရဲ့ အလုပ်က ကျမအတွက်
တန်ဖိုးရှိလာတယ် ။
ဒီအလုပ်ရှိနေလို့ ငါလကုန်ရင် လခရတယ် ။ငါလိုချင်တာဝယ်
နိုင်တယ် ။ငါ့ ဘဝ ရပ်တည်ဖို့ အဆင်ပြေတယ် ။ ဒီအလုပ်က
ငါ့ဘဝအတွက် ငါလုပ်နေတာ ။ဘယ်သူအတွက်မှ ငါလုပ်နေတာ မဟုတ်ဘူး။ကိုယ့်ဘဝ ရပ်တည်ရေး အတွက် ကိုယ်လုပ်နေတဲ့
အလုပ်မှာ အဆင်မပြေတာလည်း
အခိုက်အတန့် ရှိကောင်း ရှိနိုင်မယ် ။ ဖိအားတွေ ရင်ဆိုင်ရတဲ့ အခါလည်းရှိကောင်းရှိနိုင်မယ် ။
သူများနဲ့ ယှဉ်ပြီး ပြောရဆိုရ ပြသနာရှင်းရတာတွေလည်း
ရှိနိုင်တယ် ။ ဘယ်လိုအခြေအနေ တွေ
ရင်ဆိုင်လာရပါစေ ဒါတွေအားလုံးက သူများအတွက်
ကိုယ်က လှုပ်ရှားနေရတာမဟုတ်ဘူး ။
ကိုယ့်အတွက်ဘဲ ကိုယ်ကြိုးစားနေရတာဆိုတဲ့ အသိတခု
ဝင်လာရင် ကျမစိတ်ထဲ ပေါ့ပါးသွားသည် ။
တကယ်တော့ ကိုယ်ရရှိထားတဲ့ အရာက ကိုယ့်အတွက်
အကောင်းဆုံးပါဘဲ ။
အိမ်ဆိုတာနဲ့ ပတ်သက်ရင်လည်း ကျမစိတ်တိုင်းမကျ
တာတွေ အများကြီးပါ ။တခါတရံမှာ မောင်နှမ
သားချင်း အချင်းချင်း စိတ်အခန့်မသင့်တာတွေ ရှိတတ်သည် ။
အဲလို အခါမျိုးဆို ကျမအရမ်းဒေါသထွက်
မိသည် ။။ပြောရရင်တော့ ဒေါသတရားနဲ့ မာန်မာန ကြောင့်
ဆိုပါတော့ ။ကျမက တခုခုဆို အတေးအမှတ်ထားတတ်သည် ။အဲဒီလိုအမှတ်သည်းချေကြီးတဲ့ စိတ်ဓါတ်ကြောင့်လည်း ကျမအနိုင်ရခဲ့တာတွေ ရှိသလို ကျမအရမ်း
ပင်ပန်းခဲ့ရတာတွေလည်း ရှိသည် ။ကျမ ထိုသူကို ဘုရား
ကျောင်းထဲမှာ အထုပ်တွေအပိုးတွေနဲ့တွေ့ပြီးတဲ့
အချိန်က စပြီး မိသားစု ထဲ အကြောင်းအရာတခုခုပြောတဲ့အခါ
ကျမနဲ့ သဘောထားချင်းမတိုက် ဆိုင်လာ
တိုင်းအရင်လို စိတ်ပျက်လာတာ မျိုး မထားတော့ဘဲ ။
သြော် ..လူဆိုတာ အတွေးအခေါ် အယူအဆ
မတူနိုင်ကြဘူးလေ ဆိုပြီး စိတ်လျော့ ပေးတတ်လာတယ် ။
ဘာလို့လည်း ?????
လူတယောက်အတွက် မိသားစု အသိုင်းဝိုင်းဆိုတာလည်းလိုအပ်တယ် ။မိသားစုဆိုတာ တန်ဖိုးထားရမဲ့
အရာတစ်ခုပါ ။ကျမပတ်ဝန်းကျင်မှာ မိသားစု ဖေးမမှု့တောင် မရှိဘဲ
တယောက်ထဲ အထုတ်ဆွဲလို့ ခရီးဆက်နေတဲ့သူကိုတွေ့လိုက်ရလို့ပါ ။ကျမမှာက ကျမ အပြင်သွားတဲ့အခါအပြန်နောက်ကျနေရင် နင်ဘယ်ရောက်နေလည်း ရထားပေါ်မှာလား
ကားပေါ်မှာလား ဆိုပြီး စိတ်ပူပြီးဖုန်းဆက်မေးလာမဲ့
မောင်နှမတွေ ရှိနေတယ် ။
ကျမနေ မကောင်းတဲ့အခါ ဆေးခန်းကို အမြဲလိုက်ပို့ပေးတတ်တဲ့
ကျမ ညီမလေး ရှိတယ် ။
ကျမမွေးနေ့ကို သတိတရ နဲ့ လက်ဆောင်ဝယ်ပေး မွေးနေ့ဆုတောင်းပေးမဲ့ မောင်နှမတွေ
ရှိနေတယ် ။
ကျမအတွက် သူတို့ဟာနွေးထွေးမှု့ ပေးကြတဲ့ သူတွေပါ ။
ကျမအလုပ်ပြန် ချိန်တိုင်း တွေ့ရတတ်တဲ့သူဟာ အိမ်ခြေ
ယာခြေမဲ့ တယောက်ပါ ။ဒီလို Homeless
တယောက်မှာ အတည်တကျ အလုပ်တခုဆိုတာလည်း
ရှိနိုင်မယ် မထင်ပါဘူး ။
တကယ်တော့ ထိုသူနဲ့ ကျမမသိပါဘူး ။ မိတ်ဆွေတွေ ဖြစ်ပြီး စကားလက်ဆုံလည်း မပြောဖူးပါဘူး ။
သူကလည်း သူ့အချိန်ဆို သူ့ဘာသူ ဒီဘုရားကျောင်းလေးထဲ လာအိပ်တတ်တယ် ။ကျမကလည်း
အလုပ်ပြန်ချိန်တိုင်း ကျမ ပြန်နေကြ လမ်းအတိုင်းပြန်တယ် ။
ဒါပါဘဲ ။ထူးဆန်းမှု့ မရှိ စိတ်ဝင်စားဖို့
မကောင်းတဲ့ တွေ့ဆုံမှု့တခုပါ ။ဒီတွေ့ဆုံမှု့မှာကျမ
သူ့ဆီကနေ သင်ယူလိုက်တာတွေ အများကြီး
ရှိပါတယ်။ကျမစိတ်ထဲမွန်းကြပ်နေတဲ့ အရာတချို့  က သူ့ကို မြင်တွေ့ပြီးနောက်ပိုင်း ကျမရင်ထဲမှာ
မရှိတော့ပါဘူး ။ ကိုယ်ပိုင်ဆိုင်ထားတဲ့ အခြေအနေလေး
တခုကို ဘဲ ကျေနပ်အောင် နေတတ်သွားလို့ပါ ။
ကျမ မှာ အလုပ်တခုရှိတယ် ။ကျမကိုချစ်တဲ့ မိသားစု...
ချစ်သူ... မိ တ်ဆွေ သူငယ်ချင်းတွေ ရှိတယ်။
ကဲ...ဘာလိုသေးလည်းနော် ။ကျမထက် ပိုပြီး ပြည့်စုံကြွယ်ဝတဲ့သူတွေကို မော့ကြည့်ပြီး အားငယ်နေမဲ့
အစား ...ကျမလောက်တောင် မပြည့်စုံတဲ့ သူတွေ
ရှိနေပါသေးလားဆိုတဲ့ အတွေးလေးနဲ့ ကျမဘဝကို
ပျော်ပျော်ရွှင်ရွှင် ခရီးဆက်ရမှာပေါ့ ။ဒီလိုအတွေးတွေ
တွေးမိလာအောင် ကျမကို သင်ခန်းစာပြခဲ့တဲ့
ထိုသူကို ကျမကျေးဇူးအရမ်းတင်ပါတယ် ။
လောကြီးထဲမှာတချို့ သော အရာတွေက ငယ်ငယ်က ကျောင်းသင်ခန်းစာသင်ခဲ့သလို စာအုပ်ကိုင်ပြီး စာအလွတ်ကျက်သလို သင်ယူလို့မရပါဘူး ။ ဘဝဆိုတဲ့အထဲ
ကနေ ပြန်ပြီး သင်ယူရတာတွေ ရှိပါတယ် ။ကျမတို့တွေ အားလုံးဟာဘဝဆိုတဲ့ ကျောင်းကြီးမှာ ကျောင်းတက်နေကြတုန်း
ကျောင်းသူကျောင်းသားတွေပါ ။ ဘဝကျောင်းတော်ကြီးမှာ ကျမတို့သင်ယူစရာတွေ အများကြီး
ကျန်ရှိနေပါသေးသည် ။ကိုယ့်ဘဝကို မကျေနပ် ဖြစ်နေတာ
တွေ ရှိခဲ့ရင် ..ကိုယ်လောက်တောင်
အဆင်မပြေတဲ့ ဘဝတွေအများကြီး အများကြီးပါလို့
ကိုယ့်ဘာသာကိုယ် အားပေးရင်း မျှော်လင့်ချက်
အသစ်တွေနဲ့ ခရီးဆက်ကြရအောင်။
။ ။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ပစ်ပစ်+

No comments:
Post a Comment