အဲဒါပါပဲ …
တလက်လက်ထနေတဲ့ အတ္တတွေ
စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့
ထုဆစ်ထားတဲ့ ကောင်းကင်ဆီက …
အနိဌာရုံတွေပဲ ပြုတ်ပြုတ်ကျတတ်တယ်ဆိုတာ … ။
စိတ်တွေကိုဒုံးဒုံးချထားတဲ့
ဘ၀အပိုင်းအစတွေ
လမ်းမတွေပေါ် တဘုံးဘုံးလဲကြ …
အဲဒီ့ညနေမှာ
သက်ပြင်းတွေက ဂီတဖြစ်သွားတယ် …။
ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ခြင်းတွေကို
မရှိမဲ့ရှိမဲ့ အားအင်နဲ့ကျားကန်
အဲဒီ့ မျက်လုံးတွေက
မသေချာမှုတစ်ခုနဲ့ လေးလံနေကြတယ် …။
ဘာလဲဟဲ့ မနက်ဖြန်
ဘာလဲဟဲ့ အနာဂတ် …
တစ်နေ့တာကိုပဲ အနိုင်နိုင်ကျော်ဖြတ်ရင်း
နံနက်ခင်းတစ်ခုထဲက ယုံကြည်ချက်တွေကို
ညနေတစ်ခုနဲ့အတူ ကွပ်မျက်
အိမ်ပြန်ချိန်မှာ အိပ်မက်တွေတောင်ပါမလာခဲ့ … ။
ခေါင်းငုံ့ ဒူးထောက်
စိတ်ဓါတ်တွေကို
ကုန်းကုန်းကောက်နေတုန်း
လူက လူကိုနင်းတဲ့ခေတ်က
တံခါးပေါက်တွေကို လိုက်လိုက်ခေါက်
ကျောကုန်းပေါ်ဖိနပ်ရာတွေရောက်ရောက်လာတယ် …။
ပါးစပ်တစ်ပေါက်အလှုပ်မှာ
ဘ၀ပေါင်းများစွာရဲ့ နှုတ်တွေဆွံ့အသွား …
မတတ်နိုင်ခြင်းတွေကပဲ
လက်ကျန် စာရိတ္တတွေကို တိုက်စားသွားတယ် …။
အဲဒါပါပဲ …
တလက်လက်ထနေတဲ့ အတ္တတွေ
စိတ်ဓါတ်အောက်တန်းကျမှုတွေနဲ့
ထုဆစ်ထားတဲ့ ကောင်းကင်ဆီက …
သန့်စင်မှုတစ်ခုကို
ဘယ်လိုမှမျှော်လို့မရဘူးဆိုတာ …
။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
+ဘုန်းမင်းဇွန်+

No comments:
Post a Comment