Saturday, February 20, 2016

**လက်အံသေခြင်း**

ကံကြမ္မာဆိုးတွေကိုပဲချချရေးရင်း
 သီချင်းတွေတစ်စက်စက် ကုန်သွားတာ သတိမထားမိလိုက်ဘူး

 အလွတ်ကျက်ထားပြီးမှ
ဆိုဖို့မေ့မေ့နေတတ်တဲ့အထဲမှာ
ဘုရားစာလည်း ပါ ပါနေတယ် မခက်ဘူးလား

ဘုရားသိကြားမလို့
ငါတို့ရင်ဘတ်တွေကိုစည်တီး ကောင်းချီးပေးခိုင်းရဦးမယ်။


ရန်သူတွေအကြောင်းကို မေ့မေ့နေတတ်တော့
 နောက်ကျောမှာ အမာရွတ်တွေများ များလာတယ်။

 လေဟာနယ်တွေဟာ
 ကျန်းမာရေးကိုထိခိုက်စေတာသေချာသလား

 ကဗျာတစ်ပုဒ်ကို ခပ်တိုးတိုးရေရွတ်နေလိုက်ပါ
တစ်ခါတစ်ခါ ဓားတွေဟာရှေ့ကလည်း လာတတ်ပါတယ်
  လေတိုးသံတောင် မကြားလိုက်ရတတ်ဘူး။


 အနာဂတ်တွေကို ဖိဖိရေးရင်း
 နှင်းတွေက တင်းကြမ်းကျလာလိုက်တာ
 ကံကြမ္မာတွေတောင် ဖွေးဖွေးဖြူလို့
ကျွန်မ ဘယ်လိုရာသီဥတုနဲ့များ
 လာဘ်ပေးလာဘ်ယူ လုပ်ထားရပါ့မလဲ
 ခုထိ ဝေခွဲမရနိုင်သေးဘူး။

 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 +မနော်ဟရီ+ 

No comments:

Post a Comment