Monday, March 7, 2016

**ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ**

ကျန်းမာရေးမကောင်းလို့
ဝင်ငွေမကောင်းလို့
မိုးလေ၀သမကောင်းလို့
ခုလိုအခက်အခဲတွေထဲမှာ
 ဖိနပ်သဲကြိုးကိုသတိထားနေရ
ခုံကလည်းလှုပ်လှုပ်
 မြင်းကလည်းလှုပ်လှုပ်
 ပြုတ်ကျသွားချင်လည်းသွား
 ဒုက္ခဆိုတာသစ္စာတရား  


ကျွန်တော့်ရဲ့မိုက်မဲမှုများ
 လောကကြီးကအလိုက်သိပါ့မလား 
 ရေပြင်ရဲ့မာယာကိုမုန်းတယ် 
ပိုက်ကွန်ထဲကငါးတွေကိုသနားတယ်
 ထောင်ချောက်ကိုလိုက်ရှာနေတဲ့
သားကောင်ဆိုတာရှိပါ့မလား
 ပျော်ရွှင်မှုဆိုတာလှောင်အိမ်ထဲမှာမမွေးဖွားဘူး
 ပြိုင်ကားတစ်စီးလိုဓါတ်ဆီဖြုန်းခဲ့ပြီးပြီ 
လူနာတင်ယာဉ်တစ်စီးလိုအသုံးဝင်ချင်တယ် 
 ရော့ခ်အင်ရိုးတစ်ခေတ်လုံးကိုနားထောင်ခဲ့တယ်
 ပွင့်လင်းတဲ့လူ့ဘောင်ကိုမျှော်လင့်မိတယ်
 ကဗျာနဲ့ဘ၀ကိုချည်နှောင်ထားခဲတယ်


 သူငယ်ချင်းရယ်
ဒီဇာတ်လမ်းမှာ 
လူဆိုးတွေတစ်ယောက်မှမသေသေးဘူးလား 
လူကောင်းတွေဒုက္ခများလှပါပြီကွယ်
 အသက်တစ်ချောင်းလုံးဆုံးရှုံ့းမယ်ဆိုရင်
 နာမည်တစ်လုံးတော့အဖတ်တင်ချင်တယ်
 ချောက်ကမ်းပါးစွန်းကလူကို
 တွန်းအားတွေမပေးကြပါနဲ
့ ပြေးစရာမြေမရှိတော့တဲ့အခါ
 ကိုယ့်ဖိနပ်ဟာကိုယ့်ခံတပ်ပါပဲ။ ။



 +လှသန်း+

No comments:

Post a Comment