Monday, March 7, 2016

=ဘယ်သန်တို့အကြောင်း တစေ့တစောင်း=

ယနေ့ကမ္ဘာကြီးပေါ်မှာရှိနေကြတဲ့လူတွေရဲ့ ၉၀ % လောက်က ညာသန်တွေပဲဖြစ်ပါသတဲ့ ..။ ဒီအချက်က ကျန်တဲ့ ၁၀% လောက် ပဲရှိတဲ့ ဘယ်သန်တွေရဲ့ဘ၀တွေကို အနည်းငယ်တော့ ပိုမိုရှုပ်ထွေး ပဟေဠိဆန်စေတယ်ဆိုတာကို ပြနေသလိုပါပဲ … (ဘယ်သန်တွေ ဆိုရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအပါအ၀င်ပေါ့) နေ့စဉ်နေ့တိုင်းပါပဲ.. ဘယ်သန်တွေရဲ့ အဖြစ်အပျက်အကြောင်းအရာတွေဟာ ရိုးရိုးသာမာန်ညာသန် သမားတွေ ဘယ်လိုမှမသိမလိုက်နိုင်တဲ့ အရှုပ်အထွေးတွေ ဖြစ်နေတတ်ပါသေးတယ်..။ ဒီမှာတော့ ဘယ်သန်တွေနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ကြည့်ရင်းနဲ့ သူတို့နဲ့ပတ်သက်တဲ့ ယုံတမ်းပုံပြင်တွေကို လေ့လာကြည့်ရအောင် ….။ ပထမဆုံးအနေနဲ့ကြည့်မယ်ဆိုရင် … လက်ရှိကနေနောက်ဆုံး အမေရိကန်သမ္မတ ၇ ယောက်မှာ ၅ ယောက်က ဘယ်သန်တွေဆိုတာ သိတယ်ဟုတ်?? ၁၉၉၂ ခုနှစ်တုန်းက အဓိကအရေးကြီးဆုံးသမ္မတလောင်းလျာ ၃ ယောက်လုံးက ဘယ်သန်တွေဖြစ်ပါသတဲ့ …။ နောက် ၄ နှစ်အကြာ ၁၉၉၆ ရွေးကောက်ပွဲမှာလည်းပဲ သမ္မတအဖြစ် ထိပ်ဆုံးကနေ တစ်ပြေးနေသူ ၃ ဦးကလည်း ဘယ်သန်တွေချည်းပဲ ဖြစ်ပြန်ပါသတဲ့ရှင် ။ အဲဒီ ၃ ဦးထဲက တစ်ဦးဖြစ်သူ Bob Dole ဆိုသူကတော့ ကနဦးက ညာသန်တစ်ယောက်ပါ ..။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက သူ့ရဲ့ညာလက်ထိခိုက်မိပြီး မလှုပ်မရှားနိုင်ဖြစ်သွားတော့ ဘယ်လက်ကို အသုံးပြုနိုင်ဖို့ .. လေ့ကျင့်ခဲ့ရသူပေါ့ …။ အဲဒီနောက် ၂၀၀၈ ခုနှစ်မှာတော့ အများသိပြီးသားဖြစ်တဲ့အတိုင်း John McCain က အိမ်ဖြူတော်အတွက် Barack Obama ကို အချိန်အကြာကြီး ယှဉ်ပြိုင်ရင်ဆိုင်ခဲ့သူပဲလေ…။ ပြီးတော့ သတိထားမိရဲ့လားမသိ … သူတို့ ၂ ယောက်စလုံးကလည်း ဘယ်သန်တွေပဲဖြစ်ပါသတဲ့ …။ *** ဘာကြောင့် ဘယ်သန်တွေက အလွန်နည်းပါးရတာပါလိမ့်??? အဓိကအကြောင်းကိုတော့ ကျွန်မတို့လည်း ရေရေရာရာမသိကြပါဘူး..။ သီအိုရီအရဆိုရင်တော့ အဲလို ဘယ်သန်/ညာသန်ဖြစ်ရခြင်းက မျိုးရီုးဗီဇရလဒ်ကြောင့် ဖြစ်နိုင်ပါတယ်…။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ လက်အားသန်မှုနဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇ ၂ မျိုးရှိပါတယ်..။ တမျိုးက D မျိုးရိုးဗီဇလို့ခေါ်ပြီး သူက ညာအားသန်မှုကို ပိုအားပေးတဲ့ဗီဇဖြစ်ပါတယ်..။ နောက်တမျိုးက C မျိုးရိုးဗီဇ လို့ခေါ်ပြီး သူကတော့ ဘယ်အားသန်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်တဲ့..။ ဒါပေမယ့်လည်း လူတွေကြားမှာက D မျိုးရိုးဗီဇကို အများဆုံးတွေ့နိုင်တာပဲဖြစ်ပါတယ်..။ အဲဒီလိုဆိုပေမယ့် C မျိုးရိုးဗီဇ ပါတဲ့ လူတစ်ယောက်မှာလည်း ညာသန်ဖြစ်နိုင်ခြေနဲ့ ဘယ်သန်ဖြစ်နိုင်ချေက ၅၀ % စီရှိပါသေးတယ် ..။ ဆိုတော့ ချုံကြည့်လိုက်ရင် C မျိုးရိုးဗီဇပါတယ်ဆိုရင်တောင် ညာသန်ဖြစ်နိုင်ခြေလည်းရှိသေးတယ်ဆိုတော့ ဘယ်သန်တွေဟာ ရှားရှားပါးပါးဖြစ်တောင့်ဖြစ်ခဲ ဆိုတဲ့သဘောဖြစ်မနေပေဘူးလားနော်…။ လက်အားသန်မှုနဲ့ပတ်သက်တဲ့နောက်သီအိုရီတစ်ခုကတော့ ဦးနှောက်နဲ့သက်ဆိုင်ပါတယ်..။ လူတွေရဲ့ဦးနှောက်တွေကို အခြမ်း ၂ ခြမ်းနဲ့ဖွဲ့စည်းထားပါတယ်..။ သင့်ဦးနှောက်ရဲ့ဘယ်ဘက်တခြမ်းက ပိုပြီးလွှမ်းမိုးတယ်ဆိုရင် သင်က ညာသန်ဖြစ်ဖို့ ပိုများသွားပါပြီ..။ ဒါပေမယ့်ဘယ်သန်တွေမှာတော့ ဒီအချက်က ပိုရှုပ်ထွေးပါတယ်..။ ဘယ်သန်တွေရဲ့ ၇၀ % လောက်ကလည်း ဦးနှောက်ဘယ်ဘက်ခြမ်း လွှမ်းမိုးတဲ့သူတွေဖြစ်နေပြန်ပါတယ်.။ ကျန်တဲ့ ၃၀ % ကတော့ ဦးနှောက်ညာဘက်ခြမ်းပိုမိုဖွံဖြိုးပြီး လွှမ်းမိုးတဲ့သူတွေ၊ သို့မဟုတ် အခြမ်း ၂ ခြမ်းအညီအမျှ လွှမ်းမိုးတဲ့သူတွေဖြစ်ကြပါတယ်…။ *** တကယ်လို့သင်က ဘယ်သန်တစ်ယောက်အဖြစ်မွေးဖွားလာခဲ့ တယ်ဆိုရင် ညာလက်ကိုအသုံးပြုနိုင်အောင် ပိုအားသန်အောင် လေ့ကျင့်ပေးလို့ရပါတယ်..။ ဒါပေမယ့် အမှန်တကယ် ဘယ်သူတွေက ဘာကြောင့် အဲလိုလုပ်ကြပါသလဲ ..??? ဖြစ်နိုင်တာကတော့ ညာသန်တွေက အသက်ပိုရှည်တယ်ဆိုတဲ့ ယုံတမ်းပုံပြင်တွေကို ယုံကြတာဖြစ်နိုင်သလို ဘယ်သန်ကလေးတချို့အတွက် အက္ခရာတွေရေးရတာ ခက်ခဲတာကြောင့်လဲဖြစ်နိုင်ပါတယ်..။ ဒါမှမဟုတ် သူတို့အထင်မှာ ဘယ်သန်တွေက ကို့ရိုးကားရားနိုင်လွန်းတယ်လို့ မြင်တာကြောင့်လဲဖြစ်မှာပေါ့..။ ၁၈ ရာစုနဲ့ ၁၉ ရာစုတွေတုန်းက ဘယ်သန်တွေကို ချို့ယွင်းချက်တခုခုရှိသူအဖြစ်သတ်မှတ်တတ်ကြပြီး ကလေးတွေကို သူတို့ညာလက်ကိုအသုံးပြုနိုင်အောင် လေ့ကျင့်ပေးခဲ့ကြသတဲ့ ..။ ဒီနေ့ခေတ်မှာတောင်မှပဲ နာမည်ကြီး website တစ်ခုဖြစ်တဲ့ Thesaurus.com က ဘယ်သန်တွေကို ကိုးလို့ကန့်လန့်တွေ နတ်ဆိုးတွေလိုမျိုး ဖော်ပြတတ်ပါသေးတယ်တဲ့လေ…။ ဒါပေမယ့် ဘယ်သန်တွေနဲ့ပတ်သက်တဲ့ယုံတမ်းစကားတွေ အားလုံးတော့ အဆိုးတွေချည်းလည်း မဟုတ်သေးပါဘူး..။ ယုံတမ်းစကားတခုအရဆိုရင် အစုအဖွဲ့လိုက်အလုပ်လုပ်ကြတယ်ဆိုရင် ဘယ်သန်တွေက ညာသန်တွေထက် ပိုပြီးစွမ်းဆောင်ရည်ရှိကာ စမတ်ကျတဲ့သူများဖြစ်ပါသတဲ့..။ အခုထိတော့ အဲဒီအချက်တွေဟာ မှန်မမှန်ဆိုတာကို သိပ္ပံနည်းကျသုတေသနတွေက စူးစမ်းရှာဖွေခဲ့ပြီးဖြစ်ပါတယ်..။ နယူးဇီလန်မှာလုပ်တဲ့ကောက်ယူမှုစစ်တမ်းတခုအရ အမှန် တကယ်တော့ ကိုယ်ရည်ကိုယ်သွေး၊ ညဏ်ရည်ထက်မြတ်မှု အပိုင်းတွေမှာ ဘယ်သန်တွေနဲ့ ညာသန်တွေက အတူတူပဲဆိုတာကို တွေ့ခဲ့ရပါတယ်..။ စက္ကူစ တစ ကိုဖြတ်တာဖြစ်စေ၊ ၀ိုင်ပုလင်းဖောက်တာပဲဖြစ်စေ ဘယ်သန်တွေအတွက် နည်းနည်းတော့ ကသိကအောင့်နိုင်တတ်ကြတာပဲလေ..။ ဒါပေမယ့် ဘယ်သန်တစ်ယောက်ဟာ အိမ်ဖြူတော်လိုနေရာမှာ သမ္မတတောင်ဖြစ်နိုင်တယ်ဆိုတဲ့အချက်ကို ပြန်တွေးလိုက်မယ်ဆိုရင် သင်ဘယ်သန်ဖြစ်ခြင်း က ကောင်းတဲ့လက္ခဏာပဲ မဟုတ်ပေဘူးလား…။ နှစ်တိုင်း သြဂုတ်လ ၁၃ ရက်နေ့ရောက်ရင် ကမ္ဘာတစ်ဝှမ်းမှာ ရှိတဲ့ ဘယ်သန်တွေ အထိမ်းအမှတ်နေ့ကျင်းပလေ့ ရှိပါတယ်..။ အဲဒီနေ့ကျင်းပ လာခဲ့တာ ၁၉၉၂ခုနှစ်ကတည်းကဖြစ်ပြီး ဘယ်သန်တွေ နေ့စဉ်ဘ၀တွေမှာ ရင်ဆိုင်တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကျော်လွှားဖြတ်သန်းနိုင်ဖို့ .. စိတ်ခွန်အား မြှင့်တင်တဲ့ ရည်ရွယ်ချက်ဖြင့်လည်းပဲ ကျင်းပကြတာပါတဲ့…။ *** ဒါဆိုရင် စာဖတ်သူအနေနဲ့ ဘယ်သန်တွေနဲ့ ညာသန်တွေမှာ အောင်မြင်မှုကို ဘယ်သူက ပိုပြီးဆောင်ယူနိုင်တယ်ထင်ပါသလဲ??? ---------------- ဒီဆောင်းပါးက Yahoo သတင်းထဲမှာရှိတဲ့ just explain it ဘလော့ဂ်မှာတင်ထားသော The truth about left-handed people ဆိုတဲ့အက်ဆေးတစ်ပုဒ်ကို ဘာသာပြန်ထားတာပါ ..။ ကျွန်မ ဘာကြောင့် ဒီဆောင်းပါးကို ဘာသာပြန်တာလဲဆိုတော့ သတင်းဖတ်ရင်း ဘယ်သန်တွေ အကြောင်းတွေ့တော့ ကိုယ်လဲ ဘယ်သန်တစ်ယောက်ပဲဆိုတော့ကာ ဘာတွေပြောထားလဲ သိချင်တာနဲ့ ဖတ်မိရင်း အခြားသူငယ်ချင်းတွေလည်း သိရအောင် ဝေမျှချင်တာနဲ့ ရေးဖြစ်တာပါ..။ ဒီပို့စ်က နည်းနည်းတော့ရှည်မယ်နော်..။ ကျွန်မအကြောင်းနည်းနည်းပြောချင်တာလည်း ပါတယ်..။ ကျွန်မအဖေက ဘယ်သန်၊ အမေက ညာသန် ၊ အဲဒီတော့ ဘယ်သန်နဲ့ညာသန်မိဘနှစ်ယောက် ကမွေးလာတဲ့ ကျွန်မက ဘယ်သန်ညာသန်ဖြစ်သွားပါတယ်..။ အဲလို နှစ်ဘက်စလုံးသန်တဲ့လူမျိုးတွေ ဘယ်လောက်များရှိသလဲမသိ .။ ဒါပေမယ့် ကျွန်မက စာရေးတာ ညာဘက်ကပိုအားသန်ပြီး ညာနဲ့စာရေးတာကလွဲရင် ကျန်တာမှန်သမျှ ဘယ်သန်ပါ .။ ကတ်ကြေးကိုင်တာ၊ ဓါးကိုင်တာ စသဖြင့် .. ဘယ်လက်သုံးရတာ ပိုအားသန်တော့ ဘယ်သန်လို့ပြောလို့လည်းရပါတယ်..။ နောက်တစ်ခုက အဖေက ဘီသွေး၊ အမေက အေသွေး .. မွေးလာတဲ့ကျွန်မက ရှားရှားပါးပါး အေဘီသွေးဖြစ်လာပါတယ်..။ တကယ်ဆို အေဘီသွေးက သိပ်ရှားတာလေ..။ အခုထိလည်း အေဘီသွေးပိုင်ရှင်တွေရဲ့သဘောသဘာဝက ပဟေဠိဆန်နေဆဲပဲတဲ့..။ လောကကြီးမှာ ညာသန်တွေနဲ့ယှဉ်လိုက်ရင် ဘယ်သန် အရေအတွက် ဒီလောက်နည်းတာ ... မတူတဲ့သဘောသဘာဝရှိသူတွေဟာ ဘယ်လိုပဲဖြစ်ဖြစ် အများနဲ့မတူ တမူထူးခြားတတ်တာ သဘာဝပဲမဟုတ်ပေဘူးလား..။ အဲဒီအချက်က မှန်သင့်သလောက်မှန်တယ်ဆိုရမယ်ဆိုရင် ကျွန်မဆိုရင်လည်း အိမ်မှာ မောင်နှမတွေကြားထဲ .. တခြား သူတွေနဲ့မတူပဲ တမျိုးကွဲထွက်တယ်..။ စရိုက်သဘာဝ စိတ်နေစိတ်ထား၊ တွေးခေါ်ပုံ အများကြီးပါပဲ ...လုံးဝမတူဘဲ .. ကျန်တဲ့မောင်နှမတွေကတော့ အချင်းချင်းခပ်ဆင်ဆင်ရယ်..။ မြန်မာလူ့အဖွဲ့အစည်းမှာလည်း ဘယ်သန်တွေဆိုရင် တမျိုးမြင်တတ်ကြတယ်..။ အထူးသဖြင့် ဘယ်သန်မိန်းကလေးတွေကို ပြောတတ်ကြတာက မိန်းမဘယ်သုံးအိမ်ထောင်ပြုန်း ဆိုလား အိမ်ထောင်ဖြုန်း ဆိုလား မသိပါဘူး..။ အဲလိုစကားပုံတစ်ခုရှိတယ်..။ ဘယ်သန်မိန်းကလေးတွေကို နှိမ်ထားတာလေ..။ ဘယ်သန် မိန်းမတွေက အိမ်ထောင်တစ်ခုကို နိုင်နင်းအောင် ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးဆိုတဲ့သဘောမျိုး ပြောတတ်ကြတာ ကြားဖူးတယ်..။ ငယ်ငယ်လုံချည်ဝတ်တတ်စက အဲလိုစကားမျိုး စသလိုနောက်သလိုနဲ့ ခဏခဏပြောခံထိတယ်..။ ကျွန်မက လုံချည်ဝတ်လည်း ဘယ်ဖုံးဝတ်တာဆိုတော့ စတိတ်ကျောင်း တုန်းက သိပ်စခံရတာ..။ နောက် ကတ်ကြေးကိုင်တာ၊ ဓါးကိုင်တာတွေကို ဘေးကနေကြည့်နေသူတွေက ဘယ်လက်ကြီးနဲ့လုပ်နေတာမြင်ရတာ အားမရလိုက်တာဆိုတာလည်း ခဏခဏပြောခံရပါတယ်..။ ထားပါတော့လေ.... လူဟာလူပါပဲနော်.... လူတစ်ယောက်ဆီတိုင်းမှာတော့ အများနဲ့မတူတဲ့ကိုယ်ပိုင်ပုံစံတစ်ခုတော့ရှိတာပဲမဟုတ်လား... ။ ဘယ်သန်ပဲဖြစ်ဖြစ် ညာသန်ပဲဖြစ်ဖြစ် .. ဘ၀မှာကြိုးစားပြီး အများကောင်းကျိုးဆောင်ရွက်နိုင်မယ်ဆိုရင် လောကကို အလှဆင်နိုင်တဲ့သူတွေချည်းပါပဲ။


 ++++++++++++++++++++++++ 

+My Green Life+

No comments:

Post a Comment