အယ်နီညို
တို့မြေတွေကိုကျူးကျူးကျော်ကျော်
သူပိုင်မြေလို့..ဆိုင်းဘုတ်လာစိုက်တယ်..။
အယ်နီညို
တို့မြေဆီသယံဇာတတွေခမ်းခြောက်..
တောတောင်တွေပျောက်အောင်
သူဘယ်လို .ဘယ်အချိန်မှာ.စုပ်ယူလိုက်ပါလိမ့်..။
အယ်နီညို
သူ့ကြောင့်
တို့မြေမှာ
တို့တွေနေစရာမရှိတော့ပဲ
တွင်းနက်ကြီးထဲမှာဆင်းရဲခြင်းနဲ့အတူ
ကျူးကျော်တွေဖြစ်ရတယ်..။
တို့အပေါ်မှာ
မွဲတေခြင်း မြေစာတွေပိပိကျလို့..။
အယ်နီညို
သူဟာ..ပိုင်စိုးပိုင်နင်း
ရာသီစောင့်နတ်သမီးလေးရဲ့ 
အလင်းကိုလဲဖျက်တယ်..။
ရာသီစောင့်နတ်သမီးလေးကတော့
တို့အတွက်လို့ ပြောတာပဲလေ
အယ်နီညိုကို..
ရင်ကြားစေ့ဖို့ကြိုးစားတယ်..။
ငြိမ်းချမ်းရေးသပြေခက်ကိုလက်ကမ်းတယ်..။
မေတ္တာသုတ်ရွတ်ပြတယ်..။
ဒါပေမဲ့..
အယ်နီညို
သူက
မုန်ယိုတဲ့ဆင်ရိုင်းပဲ
သူက..စစ်ဦးဘီလူးပဲ
မေတ္တာသုတ်ကို နင်းချေ
ငြိမ်းချမ်းရေးသပြေခက်ကို ပုတ်ချ..။
ရင်ကြားစေ့ဖို့တွေ..ဘာတွေလဲ
နားမလည်ရှာဘူး..။
သူ့မှာက
အစွယ်ပဲအားကိုးရှိတော့
အစွယ်ပဲထုတ်ပြတတ်တယ်။
တို့တွေမှာသာ
ကျွမ်းပြန်
သောကတွေလျှံလို့..။
တို့မှာကွာ..
အယ်နီညိုကို ကြောက်ရတာထက်
ရာသီစောင့်နတ်သမီးလေးပါ
အယ်နီညို ဖြစ်သွားမှာစိုးလိုက်တာ..။ ။
+နီဇူလိုင်+

No comments:
Post a Comment