လူတိုင်း လူတိုင်းမှာ ကိုယ်ဖြစ်ချင်တာတွေမဖြစ်ရရင်၊ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်မရရင်၊ မျှော်လင့်မထားတဲ့
အဆိုးတွေဖြစ်လာရင်၊ လုပ်သလောက်လည်းအရာမရောက်
ဘူးဆိုရင် စိတ်ညစ်မယ်၊ စိတ်ဓာတ်ကျမယ်၊ စိတ်အားငယ်မယ်၊ “ငါမှဖြစ်ရလေခြင်း” ဆိုပြီး ပူဆွေးတာတွေဖြစ်မယ်လို့ထင်ပါတယ်။ ဒီလိုကိစ္စတွေမဖြစ်သင့်ဘူး၊ မဖြစ်နဲ့လို့တားလို့မရသလို ဖြစ်လာခဲ့ရင်လည်း ကိုယ့်ကို ဘယ်သူတွေက ဘယ်လိုပဲအားပေးပေး ကိုယ့်စိတ်ကိုယ်မှ မဖြေနိုင်ဘူးဆိုရင် အရာမရောက်ပါဘူး။
တချို့ကလဲ ဒီလိုစိတ်အခြေအနေမှာ ဘ၀ကို ရေစုန်မျှောလိုက်ကြတဲ့သူတွေရှိသလို၊ တချို့ကလဲ ဒီလိုစိတ်အခြေအနေမှာ ကြာရှည်မနေပဲ ကိုယ့်စိတ်ကိုယ် ပြန်မြှင့်တင်ကြတဲ့သူတွေလဲ ရှိကြပါတယ်။ မြှင့်တင်ပုံ မြှင့်တင်နည်းကတော့ အမျိုးမျိုးပေါ့ …
တချို့က တရားထိုင်ပြီး စိတ်တွေတည်ငြိမ်အောင်လုပ်တယ်။ တချို့ကျပြန်တော့ စိတ်ကိုလွှတ်လိုက်ပြီး စိတ်တိုင်းကျ ခဏနေလိုက်တယ်။ တချို့ကျတော့ ကစားကွင်းတွေသွားတယ်၊ ဖုန်းပြောတယ်၊ တစ်ယောက်တည်း အားရပါးရ ငိုပစ်လိုက်ကြတယ်။ ဒီလိုနည်းမျိုးစုံနဲ့ စိတ်ကိုသက်သာရာရအောင်လုပ်တတ်ကြတယ်။
ကျမကတော့ စိတ်ညစ်လာရင် (သို့) စိတ်ဓာတ်ကျလာရင် ရွှေတိဂုံဘုရားကို တစ်ယောက်တည်းသွားပြီး၊ ရင်ပြင်တော်ပေါ်ရောက်ရင် မြောက်ဘက်မုခ်နားက ဗုဒ္ဓ၀င်ပြခန်းဘက်ဆင်းတဲ့နေရာနဲ့နီးတဲ့ ညောင်ပင်နားမှာ ထိုင်လေ့ရှိတယ်။(စိတ်မညစ်လဲသွားလေ့ရှိပါတယ်) ဘုရားရိပ်က စိတ်တွေအရမ်းအေးချမ်းစေတယ်၊ စိတ်ချမ်းသာစေတယ်၊
သောကတွေ တချို့တ၀က် ပြေစေတယ်လေ …
နောက်တစ်နည်းကတော့ ကျမစိတ်ညစ်တိုင်း အများဆုံးလုပ်လေ့ရှိတာပါ။ အဲ့ဒီနည်းက ကဗျာတွေ၊စာတွေ
ဖတ်ပြီး စိတ်ကို ပြန်မြှင့်တင်တာပါ။ စာကတော့ ဆရာတော်
ဦးဇောတိက စာအုပ်တွေဖတ်တာများပါတယ်။ ကဗျာကတော့ တစ်ပုဒ်တည်းပါ။ ကျမ (၇)တန်းအရွယ်မှာ မဂ္ဂဇင်း(မဟေသီလား၊ ပန်းဝေသီလား နာမည်သေချာမမှတ်မိတော့ပါဘူး) တစ်အုပ်ထဲက ဖတ်မိပြီး သိပ်ကြိုက်သွားလို့ ကူးထားတာလေးပါ။ ကဗျာရေးသူ
ကတော့ “ဆရာ ဦးအေးငွေ” ပါ။ “ပန်းချီအေးငွေ” လို့လဲသိကြပါတယ်။
ဒီကဗျာလေးအတွက်ဆရာ့ကိုကျမသိပ်ကျေးဇူးတင်ပါတယ်။ ဒီကဗျာလေးဖတ်ပြီးတိုင်း ကျနေတဲ့ကျမရဲ့စိတ်အခြေအနေက ပုံမှန်ပြန်ရောက်သွားတတ်လို့ပါ်။ ကျမချစ်တဲ့သူငယ်ချင်းတွေ
စိတ်ညစ်၊ စိတ်ဓာတ်ကျ၊ အားငယ်တိုင်း ဒီကဗျာလေးကို ပို့ပေးလေ့ရှိပါတယ်။ ခုလည်းပဲ ကျမချစ်တဲ့ မောင်နှမ၊
သူငယ်ချင်းများကို ဒီကဗျာလေး
မျှဝေလိုက်ပါတယ်နော်။
**ရုန်းရင်းကန်ရင်း**
လေထန်တိုင်းသာ
ပွင့်ကြွေပါမူ
ဘယ်မှာပန်းများ ကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ
ကမ်းပြိုပါမူ
ဘယ်မှာမြေကြီး ကျန်မည်နည်း။
ကျရှုံးတိုင်းသာ
ငိုရပါမူ
ဘယ်မှာမျက်ရည် ကျန်မည်နည်း။
အမှောင်တစ်ဝက်
လင်းတစ်ဝက်သည်
တစ်ရက်တစ်ခါ
ကြုံမြဲသာတည့်
အရှုံးတစ်လှည့်
နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ
တွေ့မြဲသာတည့်
ဘ၀သည်ကား
တိုက်ပွဲများပင်
လှုပ်ရှားရသော
လူ့ရွာတောဝယ်
လင်းသောမှောင်သော
အောင်သောရှုံးသော
ချစ်သောမုန်းသော
သစ်သောဟောင်းသော
ကောင်းသောဆိုးသော
ညှိုးသောလန်းသော
ကြမ်းသောနုသော
ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာ။
လဲရာကထ
ကျရာကတက်
ပျက်ရာကဆောက်
ရှေ့သို့လျှောက်၍
ရောက်ရာဘဝ
အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား ………..။
//////////////////////////////////////////////
+ကြယ်ပြာ+

No comments:
Post a Comment