Sunday, March 6, 2016

=အိပ်မက်ထဲ အသစ်ဖြစ်စဲ ရှေးဟောင်း နှောင်းဖြစ်=

ယူဆောင်လာတဲ့ ရာဇ၀င်တွေထဲ ကြွေလျက် ဝေ
 ပူလောင်ကာ နာကျင်နေစဲ နွေရက်တွေ..။

 မုန်တိုင်းထဲ မွေးဖွားခဲ့ ဖောက်ပြန်တဲ့ ပုဒ်ထီးပုဒ်မတွေ အကုန်ရိုင်းစဲ
အတွေးမှားနဲ့ နောက်ပြန်လှည့် ရှုပ်တည်း ရှုပ်ပွမြေ..။

 အရင်လိုမျိုး သတင်းတွေ အမှောင်ချခဲ့ ခေတ်ဟောင်းကနေ
 မလိုတမျိုး အပျင်းပြေထောင်ချတဲ့ ခေတ်ကို ပြောင်းခဲ့တယ်..။

 မကောင်းမှုကို ကြိတ်ကြံနေသူတွေ ဟန်ရေးပြ
အဟောင်း အတုများ စိတ်ထန်နေသူတွေ ပြန်သွေးစွ..။

 အတ္တတွေ မီးလို လောင်မြှိုက်လို့ 
 အမှောင်တိုက်ထဲ မိုက်တွင်းနက် ကောင်းတုန်း လူတွေရှိတယ်..။

 ကောင်းကင်အောက် အမှန်တရားတွေ မားမားမတ်မတ် ခြေစုံရပ်ဖို့ 
 ပြိုလဲကြနေတဲ့ အမှောင်အမှားကို ထမ်းပိုးထားရတဲ့ ညတွေရှိတယ်..။

 VCD တချပ်လို အတိတ်ကို ပြန်ရစ်ပတ်လို့ ရရင် 
 ကျောင်းသွားဖို့ ပြင်နေတဲ့ စိတ် ခြေလှမ်းများ ပြန်သက်ဝင်
 အဖေ နဲ့  အမေရဲ့ နှုတ်ဆက် အလွမ်းများ ပြန်ဆက်ချင်
 ယမ်းငွေ့ များ သေနတ်ပြောင်းဝထဲ ပြန်ပြေးဝင် 
ဂျပ်ဆင် ၊သစ်ပုတ်ပင် ၊ ဘွဲ့ နှင်းသဘင် အင်းလျားရေပြင်
 ငြိမ်းချမ်းရေး ပန်းချီကား မာလာဆောင် တေးသံများ 
ပျံ့ လွင့်လျက် ပြန်လည်သက်ဝင် လှုပ်ရှားချင်တယ်..။

 အိပ်မက်ထဲ အသစ်ဖြစ်စဲ ရှေးဟောင်း နှောင်းဖြစ် 
 မငြိမ်မသက် နှောင်ကြိုးရစ် နှလုံးသားမှာ ပြန်ထုဆစ် 
ဒဏ်ရာလို ဖြစ်တည် ပျက်ယွန်းခြင်း ရသ
 ငလျင်လို စူးရှရှ ရင်ကို ဗဟိုပြု လှုပ်ခတ်နေတယ်..။

 +အောင်ခိုင်မြင့်+++

 ၅ မတ်လ ၂၀၁၆

No comments:

Post a Comment