Sunday, March 6, 2016

=မပြောတော့ဘူး အို မပြောတော့ဘူးဆို ..မပြောတော့ဘူး=

ကြာလေကြာလေ ကိုယ်ဟာ ပါးစပ်ကို ပိုပိုပြီး ပိတ်ထားတတ် လာတယ်။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ကိုယ့်ဇာတိကို လူသိမခံချင်လို့လား၊ လူသိမခံရဲလို့လား၊ ကိုယ့်အပြောတွေမှာ မျောပါပြီး ထောက်ခံခေါင်းညိတ်မယ့် သူမရှိတော့လို့လား။ ပြောလဲ မထူးပါဘူး သူ့သဘောသူဆောင် ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ လို့များ တွေးပြီး အားလုံးကို နောက်ဆုတ်ကျောခိုင်းလိုက်တာလား။ လူပြောမသန် လူသန်မပြော .. ပြောကြ ပြောကြ တဲ့ လေလုံး တွေကို ဘယ်ညာတိမ်းရှောင်ရင်းနဲ့ ကိုယ်ပါမပြောဖြစ်တော့ လေသလား။ တခါတခါ လေလုံးမုန်တိုင်းသိပ်ထန်တဲ့အခါ ကိုယ်ဟာ ပြုံးရုံတင်မက ရယ်ပါ ရယ်မိသေးတာလား ။ အဲလို ဆိုရင်ရော ကိုယ်ဟာ လှောင်တတ်သရောတတ်သူလား သစ္စာမဲ့တတ်သူလား ။ ဆိတ်ငြိမ်ရာအရပ်ကို ထွက်လာရင်းနဲ့ ပြောချင်ရက်နဲ့ ဆိတ်ငြိမ်အသိုင်းဝန်းထဲ ကိုယ့်အသံများ ဟိန်း ထွက်သွား မလားစိုးရိမ်လို့ မပြောဖြစ်တော့တာလား ။ ကိုယ်ပြောမယ့် စကားတွေကို ကိုယ့်ဘာသာမယုံတော့လို့များ မပြောတော့တာလား။ ကိုယ့်နားဟာ ဘာမှမကြားတော့လို့ သူများပြောသမျှနားထဲမ၀င်တတ်တော့လို့ ကိုယ့်မှာ ဘာမှ ပြောစရာမရှိတော့တာလား ။ ကိုယ်ဟာ သူများပြောတာတွေပဲ နားထောင် ကိုယ်တိုင်တော့ လျှို့ ဝှက်တတ်သူလား။ ကိုယ့်အကြောင်းတွေ ကိုယ့်အတွေးတွေ ကိုယ့်ယုံကြည်ချက် တွေကို ကိုယ်တိုင်စိတ်မ၀င်စားလို့ သူများတွေကို ပြောပြဖို့စိတ်မပါလေသလား။ ကိုယ့်ရဲ့ နှုတ်ခမ်းတွေ တင်းတင်းစိလို့ ဆုံတွေ့ခိုက် အေးစက်စက်ပြုံးတတ်သလို ကိုယ့်အသည်းနှလုံးကရော အေးစက်စက်ထုံကျင်ကျင်နဲ့လား ။ ကိုယ့်ပါးစပ်က အသံမထွက်တော့သလို ကိုယ့်နှလုံးသားကလဲ နှလုံးခုန်သံလေးတောင်မပေးချင်တော့ဘူး လားကွယ် ။ ဟုတ်တယ် ၀ါနေတဲ့ ချတ်ဘောက်စ်လေးက ခပ်တည်တည်ပဲ ကိုယ့်ကိုကြည့်နေတယ် ။ ကိုယ်စောင့်ကြည့်နေတဲ့ တချိန်လုံး နည်းနည်းလေးမှ စိမ်းမလာခဲ့ဘူး၊ ဆိုလိုတာက ဘယ်သူကမှကိုယ့်ကိုမခေါ်ဘူး ၊ အေးခဲနေတဲ့ ကိုယ့်ရဲ့ ရင်ဘတ်ကို အသက်သွင်းမပေးဘူး ဆိုတဲ့သဘောပေါ့ ။ အဲလိုတွေမှ မဟုတ်ခဲ့ရင်တော့ ဘာဖြစ်လဲလေ ကိုယ်ပြောချင်ရင် တချက်ကလစ်လိုက်ရုံပဲလေ၊ ကိုယ့်ပါးစပ်က စကားမပြောပေမယ့် ကိုယ့်လက်နဲ့ ကီးဘုတ်က ကိုယ့်စိတ်ထဲကစကားတွေကို ဖွင့်ပြောပြလို့ရတာပဲလေ။ ဘာကို နှောင့်နှေးနေဦးမှာလဲ .... ဘာကို တွန့်ဆုတ်နေဦးမှာလဲ.... အာာား ကိုယ်ပြောချင်တာတွေ သိပ်များပြီး စုထားလို့ ဘယ်ကအစဆွဲထုတ်ရမှန်းမသိတော့ဘူးတဲ့လား ။ ။ ကဲ ဒါဆိုလဲ ပိတ်လက်စနဲ့ ဆက်ပြီး ပိတ်ထားလိုက်တော့ပေါ့ .....။ ။ 

////////////////////////////////////// 

+မယ်သံ+

No comments:

Post a Comment