Saturday, March 5, 2016

*မလွတ်မလပ်ခရီးသွားလာမှုမှ-လွတ်လပ်သောခရီးသွားလာမှုဆီသို့ *

=မြ၀တီ-ရန်ကုန် လမ်းကြောင်းပေါ်ရှိ ဂျိုင်းတံတား​ အချိန်​ကြာမြင့်​စွာ ပိတ်​ထားသောကြောင့် ခရီးသွားလုပ်​ငန်းနှင့်​ နယ်​စပ်​ကုန်​သွယ်​မှုကို​ နှောင့်​​နှေး​စေဟုဆို=

မဟာမဲ​ခေါင်​​ဒေသ အ​ရှေ့အ​နောက် ​စီးပွား​ရေး စင်္ကြိလမ်း​၏ အစိတ်​အပိုင်း မြ၀တီ-ရန်ကုန် လမ်းကြောင်းပေါ်မှ အချိန်ကြာမြင့်စွာ ပိတ်ထားသော ဂျိုင်းတံတားကြောင့် ခရီးသွားနှင့်​ ကုန်​စည်​ ပို့​ဆောင်​​ရေး ကြန့်ကြာလျက်​ရှိကြောင်း နယ်စပ်​ကုန်​သည်​များနှင့်​ ခရီးသွားယာဉ်​​မောင်းများထံမှ သိရသည်​။ မြန်​မာနိုင်​ငံသို့ ကုန်​သွယ်​ရာတွင်​ ထိုင်းနိုင်​ငံ၏ အ​ရှေ့တောင် ​စီးပွား​ရေးတံခါး​ပေါက်​ဖြစ်​​သော မဲ​ဆောက်-​မြ၀တီလမ်းမှ ကုန်​သွယ်​မှု အများဆုံးဖြစ်​​သော်​လည်း မြ၀တီမှ ထွက်​လာပြီး ည ၉ နာရီကျော်​လွန်​ခဲ့လျှင်​ ယင်းကုန်​ပစ္စည်းများ ရန်ကုန်​​ဈေးကွက်​သို့ ​ရောက်​ရှိရန် ​တစ်​ရက်​​နောက်​ကျသွားသည်​ဟု ဆိုသည်​။ ထို့အတူ ကမ္ဘာလှည့် နိုင်​ငံခြားသား ခရီးသွားများနှင့်​ ပြည်​တွင်းခရီးသွားများ နယ်​စပ်​စည်းအား လွယ်​လင့်​တကူ ဖြတ်​သန်းသွားလာနိုင်​ရန်​ နှစ်​နိုင်​ငံ ချစ်​ကြည်​​ရေးတံတားဖြစ်သည့် မြ၀တီ- မဲဆောက် ​တံတားအား ၂၀၁၅ ဇန်​န၀ါရီ ၁ ရက်တွင်​ ယခင်​ နံနက်​ ၆ နာရီမှ ည ၆ နာရီသာ သွားလာခွင့်​ပြုခဲ့ရာမှ ယခုအခါ နံနက်​ ၅ နာရီမှ ည ၈ နာရီထိ သွားလာခွင့်​ပြုခဲ့သည်။ မြန်​မာနိုင်​ငံအတွင်းသို့ ၀င်​​ရောက်​လည်​ပတ်​မည့် နိုင်​ငံခြားသား ခရီးသွားများ အ​နေဖြင့် ထိုင်းနိုင်​ငံမှ တံတားမပိတ်​မီ ၀င်​​ရောက် ​လာ​သော်​လည်း ကျုံဒိုးတံတား မပိတ်​မီ ည ၉ နာရီ အမီသွားရန်​ မဖြစ်​နိုင်​​တော့​ချေ။ သို့ဖြစ်​၍ ကျုံဒိုးတံတားအား ည ၉ နာရီထိသာ သွားလာခွင့်ပြုထားခြင်းမှာ လုံခြုံ​ရေးအရဟု ဆို​သော်​လည်း ခရီးသွားလုပ်​ငန်း ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်​လျက်​ရှိသည်​ဟု ခရီးသွား လုပ်​ငန်းရှင်များက ဆိုသည်​။ “ခရီးသွားလုပ်​ငန်းနဲ့ နိုင်​ငံ့ဘဏ္ဍာ​ငွေ မြင့်​တက်​လာ​စေဖို့ဆိုရင်​ ခရီးသည် ​ပို့​ဆောင်​​ရေးယာဉ်​တွေကို ဥဒဟို ၂၄ နာရီပတ်​လုံး သွားလာခွင့်​ပြုဖို့ လိုပါတယ်​။ ခုလို တံတားပိတ်​ထားလို့​ စောင့်​အိပ် ​ရတာမျိုး မဖြစ်​​စေချင်​ပါဘူး။ အချိန်ကုန်-ငွေကုန် လူပန်းရတဲ့ စောင့်ဆိုင်းချိန်တွေကို အမြန်ဖယ်ရှားပြီး အချိန်မရွေး ဥဒဟိုသွားလာနိုင်ပါမှ လွတ်လပ်တဲ့ ခရီးသွားလာမှု ပီသမှာ ဖြစ်ပါတယ်” ဟု ခရီးသွားတစ်​ဦးဖြစ်​သူ ဦးမိုးကြိုးက​ ဆိုသည်။
 မြ၀တီမှလာသော ခရီးသွားယာဉ်များနှင့်​ ကုန်​သွယ်​ယာဉ်​ကြီးများ ည ၉ နာရီထိုးသည်နှင့် ဂျိုင်းတံတားထိပ်​၌ ညအိပ်ရသလို ရန်ကုန်မှလာသော ခရီးသွားယာဉ်များ၊ ကုန်သယ်ယာဉ်များ၊ နံနက် ၅ နာရီ မထိုးမချင်း ရပ်စောင့်နေရ​ကြောင်း သိရသည်​။ နယ်​စပ်​ကုန်​သွယ်​လမ်း​ကြောင်း​ပေါ်၌ အချိန်​ကြာမြင့်​စွာ သွားလာခွင့်​ ပိတ်​ထားသည့် ဂျိုင်းတံတား​ကြောင့် ဗီယက်​နမ်​နိုင်​ငံ ဒါနန်းမှ ထိုင်းနိုင်​ငံ၊ မြန်​မာ၊ အိန္ဒိယနိုင်​ငံထိ ကူးလူးသွားလာမည့်အ​ရှေ့အ​နောက်​ စီးပွား​ရေးစင်္ကြိမှ AEC အာဆီယံ​ဒေသတွင်းနိုင်​ငံများ၏ အာဆီယံ ကုန်သွယ်မှုနှင့်​နိုင်ငံခြား၊ ပြည်တွင်း ခရီးသွားလုပ်ငန်အား များစွာ​နှောင့်နှေး​စေသည်​ဟုဆိုသည်​။ ယခုအခါ ကရင်လက်နက်ကိုင် အဖွဲ့များလည်း NCA လက်မှတ်ထိုးပြီး ဖြစ်ပါသဖြင့် လုံခြုံရေးအရ ပိတ်ထားခြင်းကို ဖြေလျှော့​ပေးရန်​ ခရီးသွားပြည်​သူများ ကုန်​စည်​ပို့​ဆောင်​​ရေး လုပ်​ငန်းရှင်​များ​ မျှော်​လင့်လျက်​ရှိကြောင်း သိရသည်။ 

 /////////////////////////////////////////////////////////////// 

Writer: ကိုရွှေသိန်း(၄-၃-၂၀၁၆-အလဲဗင်းမီဒီယာ)

No comments:

Post a Comment