**Public Health**
ယခုအချိန်သည် နေရောင်ခြည်အပူရှိန် လွန်ကဲသဖြင့် နေအိမ်အပြင်ထွက် အလုပ်လုပ်ရသူများ သတိပြုရမည့် ရာသီဖြစ်သည်။ အထူးသဖြင့် အသက် ၅၀ ကျော်လူကြီးများ၊ သွေးတိုးရောဂါ ရှိသူများ အပြင်ထွက်လျှင် ပို၍ သတိထားရမည်။ နေရောင်ခြည်နှင့် တစ်နာရီကျော်ထက် ပို၍ မထိတွေ့အောင် သတိပြုသွားလာပြီး အရိပ်ရှိရာတွင် နားနေသင့်သည်။
နေရောင်ခြည်တွင် ပါဝင်သော ဥဏှတေဇေားဓာတ်သည် အရေပြားမှ တစ်ဆင့် သွေးကြောများသို့ ဝင်ရောက်စီးဝင်ကာ ဟဒယဝတ္ထုခေါ် နှလုံး သို့ ရောက်ရှိသည်။ နှလုံးတွင် အပူဓာတ်များ စုမိသောအခါ နှလုံးသွေးများ ဆူပွက်ပြီး ဖြစ်ပေါ်လာသည့် လေပူဓာတ် ဂုဏှဝါယောကို ဦးနှောက်သို့ တွန်းတင်လိုက်သောအခါ အဘိဉာဏ်ပျက်၍ သတိလစ်မေ့လဲခြင်း ဖြစ်ရလေ သည်။
ရှေးက ဆေးကျမ်းများတွင် ပါဝင်သည့် နှလုံးသွေး ဖောက်ပြန်မှုကြောင့် မေးလျှင် မထူး၊ ခေါ်လည်းမကြား၊ စကားမပီ၊ သတိချို့ယွင်း၊ အပူကြီး၊ မူးလဲသော “ဒါဟ” အဖျားလက္ခဏာသည် ယခုခေတ် Heat Stroke ရောဂါနှင့်အလွန်ပင် ဆင်တူ သဖြင့် ရှေးနှစ်ပေါင်းနှစ်ရာကျော်ကပင် လူသားတို့တွင် ဖြစ်ပွားခဲ့သောရောဂါဟု မှတ်ယူနိုင်သည်။
နေမင်းသည် ကမ္ဘာနှင့် အလွန်နီးကပ်လာသည့် အပူရှိန်ပြင်း လာသည့် ကာလမှာ တက်ဥတုဖြစ်သည်။ ဒေသနာနယဆေး ပညာအခြေခံတွင် ပါဝင်သော အယဉ်နှစ်ပါးပြဆိုချက်တွင် ဒက္ခိဏာယဉ်နှင့် ဥတ္တရာယဉ် ဟူ၍ ရှိရာ ပြာသိုလပြည့်ကျော် တစ်ရက်နေ့မှ ဝါဆိုလပြည့်တိုင် ဥတ္တရာယဉ်ဖြစ်၍ ဓာတ်တက်အောင်စေသော ဥတု၊ ပြဋ္ဌာန်းသော ကာလဟု ဆိုသည်။ သူရယနေမင်းနှင့် တကွ အလုံးစုံသော လောကတို့သည် အကုန်တက်ကြ ကုန်၏ဟု ဓာတုဝိနိစ္ဆယ ရူပကဏ္ဍကျမ်းတွင် ဆိုသည်။
“နွေဥတုကို ဓာတ်ညီ တက်ရှောင်း၊ မိုးနှင့်ဆောင်းမူ ဓာတ်ပေါင်းသက်၏” ဟု အဆိုရှိသည်။ ဆေးကုသော ဆရာတို့သည် ဥတုသဘောကို လိုက်၍ ကုတတ်မှ လူနာချမ်းသာမည်။ “ရာသီမပိုင် ဆေးမကိုင်နှင့်” ဟု ရှေးဆရာတို့ ဆိုသည်။ ပူပြင်းမှု မြင့်တက်လာသော နွေလယ်တွင် ပို၍ သတိပြုရမည်ဟု ဆိုသည်။ ဆေး ကုသည့် ဆရာတို့အတွက် “နွေလယ်၊ မိုးလယ်၊ ဆောင်း လယ်ဝေမှုန် ကဆုန်၊ တော်သလင်း၊ ပြာသိုတွင်းကို ဆေးမကုလို၊ ခက်သည်ဆို၏” ဟု ကျမ်းတွင် ဖော်ပြထားသည်။
အပူဒဏ်ကြောင့် ပထမအဆင့်တွင် ကိုယ်အပူချိန် တက်ခြင်း (ဖျားခြင်း)၊ ဒုတိယအဆင့်တွင် သတိလစ်ခြင်း (စကားမေးမရခြင်း)၊ တတိယအဆင့်တွင် ဦးနှောက်သွေးကြောပေါက်ခြင်း (လေဖြတ်ခြင်း) တို့ အဆင့်ဆင့်ဖြစ်နိုင်သည်။ ပထမအဆင့်တွင် ကယ်တင်နိုင်လျှင် ဒုတိယ အဆင့်မရောက်၊ ဒုတိယအဆင့် တွင် ကယ်တင်နိုင်လျှင်တတိယအဆင့်သို့ မရောက်နိုင်ပါ။ ဆေးရုံနှင့် နီးသော မြို့ကြီးများတွင် အပူလျှပ်ခြင်း (Heat Stroke) ကုရန် အရေးပေါ် ဌာနများ ဖွင့်ထားလျှင် အလျင်အမြန် ပို့ပေးရန် လိုသည်။
ပူပြင်းသော ဥတုတွင်အပြင်သို့ မထွက်သော်လည်း ပူစပ်သောအစာများ စားခြင်းကြောင့်လည်း အပူရှိန်တက်တတ်သည်။ အရက်သေစာ သောက် စားသူများသည် မရှောက်နိုင်လျှင် နေ့လယ်၊ ညနေစောင်း နေပူရှိပြင်းနေချိန်တွင် မသောက်သင့်ပါ။ ရက်လွန်ချက်ပြုတ်ထားသော ဟင်းကို မစားသင့်။ အပူကို ဆန့်ကျင်ပြီး ကန်ထုတ်နိုင်သည့် ရေခဲရေ၊ အလွန်အေးသောရေကို မသောက်သင့်ပါ။
အစားအသောက်များတွင် အပူစာ၊ အအေးစာ ဟု ရှိသကဲ့သို့ တိုင်းရင်းမြန် မာဆေးများတွင်လည်း အပူဆေး၊ အအေးဆေးများ ရှိသည်။ အပူစာနှင့် အအေးစာကို မြန်မာလူမျိုး အတော်များများက သိကြပါသည်။ ယခု ရာသီတွင် အပူစားများကို ရှောင်ကြဉ်ပြီး ဆေးဝါးသောက်သုံးရာတွင်လည်း အပူဆေးများ ကို ရှောင်ကြဉ်သင့်ပါသည်။ အပူနှင့် အအေးဆန့်ကျင်သော အပြုအမူများ ဖြစ် သည့် ရေချိုးခြင်း၊ ခြေဆေးခြင်းတို့ကိုလည်း နေပူထဲမှ ပြန်လာပြီးလျှင် မပြုလုပ်သင့်ပေ။
အပူရှပ်ခြင်းဆိုသည်မှာ ပြင်းထန်သော အပူဒဏ်(နေပူဒဏ်) နှင့် ထိတွေ့ပြီး အရေပြားမှတစ်ဆင့် ခန္ဓာကိုယ် သွေးကြောများအတွင်းသို့ အပူဓာတ် လွန်ကဲစွာ ရောက်သွားပြီး ဖျားလာခြင်း၊ ထို့နောက် ဦးနှောက်သွေးကြော ပေါက် ကာ သတိလစ်ခြင်း၊ ဦးနှောက်အတွင်း သွေးယိုစိမ့်မှုကြောင့် လေဖြတ်ပြီး ခန္ဓာ ကိုယ်တစ်ခြမ်း (သို့မဟုတ်) တစ်စိတ်တစ်ဒေသ မလှုပ်ရှားနိုင်တော့ခြင်း၊ စကား ပီသအောင် မပြောနိုင်ခြင်း (သို့မဟုတ်) စကား လုံးဝ မပြောနိုင်တော့ခြင်း ဖြစ် ရပ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားခြင်းကို ခေါ်သည်။
အပူရှပ်၍ လေဖြတ်ခြင်းသည် အောက်ပါအတိုင်း နှစ်မျိုးရှိနိုင်ပါသည်။
(က) နေပူထဲမှ ပြန်လာပြီး အအေးထဲသို့ ဝင်ရောက်ခြင်း၊ ရေအေးသောက်ခြင်း၊ ရေချိုးခြင်းများ ပြုလုပ်မိခြင်း၊
(ခ) အအေးခန်းအတွင်း နေထိုင်ရာမှ ရုတ်တရက်ပူပြင်းသော နေရောက်အောက် သို့ ထွက်ခြင်း၊ (ဥပမာ- အဲယားကွန်းကားစီးပြီး ဆင်းလိုက်သောအခါ ပူပြင်းသော နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်း)။
အပူအအေးဝိရောဓိ ဖြစ်ခြင်းဟုခေါ်သော ဆန့်ကျင်ဘက်ဖြစ်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသွေးစီးကြောင်းများတွင် သွေးကြောများ ရုတ်ခြင်းပြောင်းလဲမှု ဒဏ်ကို မခံနိုင်တော့ဘဲ သွေးကြောကြီးများ အက်ကွဲခြင်း၊ သွေးကြော ငယ်လေးများ ပြတ်ထွက်ခြင်း ဖြစ်နိုင်ပေသည်။ အသက်ကြီးသော သူများ တွင် ဟောင်းနွမ်းပြီးမာဆတ်မှုကြောင့် ပူ၍ ကျယ်ခြင်း၊ အေး၍ ကျုံ့ ခြင်းဒဏ်ကို မခံနိုင်ခြင်းဖြစ်သည်။ ပလတ်စတစ်ပိုက်များ ဟောင်းနွမ်းသောအခါ မာ၍ ကျွတ်ဆက်ပြီး ကွဲလွယ်ပေါက်လွယ်သည့် သဘောပင်ဖြစ်သည်။
လူကြီးများတွင်သာမက လူငယ်နှင့် လူလတ်ပိုင်းများတွင်လည်း Heat Stroke ကြောင့် သတိလစ်ခြင်း၊ အဖျားကြီး၍ တက်ခြင်း၊ ဖျားပြီး ဦးနှောက်အမြှေးရောင်ခြင်း၊ အဖျားကြီးလွန်း၍ အူတွင်းသွေးကြောများပေါက်ခြင်း၊ ဦးနှောက်သွေးကြောငယ်များ ပေါက်ခြင်းတို့ ဖြစ်နိုင်စေသည်။
လွန်ခဲ့သောရက်ပိုင်းအတွင်းကပင် အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦးမှာ နေပူပြင်းချိန် အပြင်မှ ပြန်လာပြီး အိမ်ရောက်သော အခါ ရေသန့် ဘူးကို ရေခဲသေတ္တာအတွင်းမှ ယူသောက်ပြီး ခဏအကြာတွင် နှုတ်ခမ်း များ ပြာနှမ်းလာပြီး စကားမေးမရဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံး ခဲ့ကြောင်းနှင့် မိသားစုက “သူသောက်ခဲ့တဲ့ ရေကို စစ်ကြည့်တော့ ရိုးရိုးသောက်ရေဘူးပါ။ အလောင်းကို ဆေးရုံသို့ ပို့ပြီး ရင်ခွဲစစ်ဆေးချက်အရ ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံးတာလို့ ဆရာဝန်က အတည်ပြုပါတယ်” ဟု ဆိုသည်။ ထို့ကြောင့် အသက်ကြီးသူများ သာမက လူငယ်များပါ သတိမထားလျှင် Heat Stroke ကြောင့် ရုတ်တရတ် အသက်ဆုံးရှုံးနိုင်သည်ကို သတိပြုဖို့လိုသည်။
အပူရှပ်၍ လေဖြတ်ခြင်း Heat Stroke မဖြစ်စေရန် အောက်ပါအချက်များကို ဂရုပြု ဆောင်ရွက်ရန် လိုအပ်ပါသည်။
(က) နေပူပြင်းချိန်တွင် အပြင်မထွက်ပါနှင့်၊ မလွဲမရှောင်သာ၍ ထွက်ရလျှင် လုံခြုံသော အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါဖို့ လိုသည်။
(ခ) စောင့်ဆိုင်းရသော အလုပ်ဖြစ်လျှင် သစ်ပင်အရိပ်၊ အဆောက်အအုံအရိပ်၊ အမိုးအကာ အောက်မှ စောင့်ပါ။
(ဂ) ရေငတ်လျှင် ရိုးရိုးရေသောက်ပါ။ ရေခဲရေ မသောက်ပါနှင့်။
(ဃ) အဲကွန်းကား စီးသွားပြီး လိုရာရောက်၍ နေပူရှိန်ပြင်းသော နေရာတွင် ဆင်းရမည်ဆိုလျှင် မဆင်းမီက ကြိုတင်၍ ရေသောက်ထားပါ။ အစာအိမ် အတွင်း ရေရှိလျှင် သွေးကြောများက ရေကို စုပ်ယူထားသဖြင့် တော်ရုံ အပူဒဏ်ကို ခံနိုင်သည်။
(င) နေပူထဲမှ ပြန်လာပြီးလျှင် ရေခဲရေ (လုံးဝ) မသောက်ပါနှင့် ၊ ရေမချိုးပါနှင့်၊ မျက်နှာ မသစ်ပါနှင့်၊ ခြေထောက်မဆေးပါနှင့်။
(စ) ရေနွေးကြမ်းတွင် ဆားလှော်အနည်းငယ် ခပ်သောက်ခြင်းသည် ရှေးလူကြီး များ၏ အပူဒဏ် ကာကွယ်နည်း ဖြစ်ပါသည်။
+ကြည်လွင်မြင့် (မုဒြာ)+

No comments:
Post a Comment