ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 13, 2012

ကမ်းပါးစွန်းမှာ

>
ပယင်းရောင် အကြည်ရည်တို့ကို ဖန်ခွက် အသီးသီးမှာ ညီတူညီမျှဖြစ်အောင် ချိန်ချိန်ဆဆ ဖြည့်လောင်းလိုက်ချိန်အထိ နှစ်ဖက်နားအစုံသည် ညည်းအူအီတောက်ကာ ဦးခေါင်းတွေလည်း ကိုက်ခဲမူးဝေနေဆဲဖြစ်သည်။ တနုံ့နုံ့အတွေးက အမြင်အာရုံတွေကိုေ၀၀ါးမှိုင်းရီလာစေသလိုစိတ်မှာထင်လျက် ပျို့အန်အော်ဂလီဆန်လာပြန်သည်။ သည်အလုပ်က ထွက်ပစ်လိုက်မှအေးမှာပဲ။ သို့ပေမယ့် အတွေးသည် လက်တွေ့ အကောင်အထည်မဖော်နိုင်သေးသော စိတ်ကူးတစ်ခုသာ ဖြစ်နေပြန်သည်။

“ချီးယား..”
လက်ထဲရှိ ဖန်ခွက်တွေကို ကိုင်မြှောက်ထိတိုက်လိုက်ကြသည်။ လည်ချောင်းဆီမှ အပူစီးချောင်းကလေးက ရင်ထဲမှာ ခပ်နွေးနွေးနေသာစေရုံကလေးဖြစ်သည်။။ ခန္ဒာကိုယ်အတွင်း လှည့်ပတ်စီးဆင်းနေသော သွေးတွေပါ ချက်ချင်းဆိုသလို နွေးထွေးစွာ လှည့်ပတ်မှု မြန်ဆန်လာတော့သလို စိတ်ထင်ရောက်သည်။ လူလည်း သွက်သွက်လက်လက် ဖြစ်လာပြီ။ သို့ပေမယ့် အတွေးလည်ပြန်က မပြီးဆုံးတတ်သေး။

ဦးစီးမှူးတစ်ယောက် မြို့နယ်အစည်းအဝေး သွားရမည်သတင်းကြားကတည်းက မျက်ခုံးလှုပ်နေခဲ့ကြတာ ဖြစ်သည်။ ဦးစီးပြန်လာလျှင် သူတို့တစ်ရုံးလုံး အဆူအပြော၊ အကြိမ်းအမောင်းခံရတော့မှာ ဗေဒင်မေးစရာမလိုအောင် သေချာနေတော့ပြီ မဟုတ်လား။

အာလူးကြော် တစ်ဖတ်ကောက်ဝါးလျှက် မြို့နယ် တာဝန်ရှိပုဂ္ဂိုလ်လေးထံ စိတ်မှန်းရောက်ပြန်သည်။ သည်မြို့ကလေးကို ပြောင်းရွှေ့လာတာဖြင့် မကြာသေး။ ဒါပေမယ့် သူ့ဂုဏ်သတင်းကတော့ အလျှင်အမြန် မွှေးလွင့်လို့နေခဲ့ပြီ။ အသက်ကလေးက ဋ္ဌာနဆိုင်ရာအရာရှိတွေ အားလုံးထက် အပုံကြီးငယ်နုပေမယ့် အပြောအဆို၊ အမူအယာ ရိုင်းပြခက်ထန်သည်ဟု ပခုံးတွန့်ကြတာ မြင်ရ၊ ကြားခဲ့ရဖူးသည်။ ဦးလေးအရွယ်၊ အဖေအရွယ် အရာရှိကြီးတွေကို “ခင်ဗျား” လုံးရိုက်ကာ မထောက်မညှာတမ်း၊ ခေါင်းမဖော်နိုင်အောင် ထိုးနှက်တိုက်ခိုက်တတ်ပါသေးသတဲ့။ လကုန်ရက် အစည်းအဝေး တက်ရောက်ရတော့မည့် အရေးကို ဋ္ဌာနဆိုင်ရာ ဦးစီးအရာရှိကြီးတွေအားလုံးက တွန့်ဆုတ်လေးကန်လျှက် ရှိနေကြရတော့တာ ဖြစ်သည်။

သူတို့၏ ဦးစီးမှူးသည်လည်း လပတ်အစည်းအဝေးမို့ တက်ရတော့မည်ဆိုလျှင် သားရဲတွင်းထဲ ဆင်းရအံ့ဆဲဆဲ လူတစ်ယောက်လို မူပျက်ကာပြာယာခပ်လျှက် မိမိနိုင်စားရသော ရုံးဝန်ထမ်းတွေကိုသာ မာန်မဲဟိန်းဟောက် နေပြန်တော့သည်ပင်။ အစည်းအဝေးမှ ပြန်ရောက်လျှင်လည်း ကိုယ်တိုင် ဟိန်းဟောက်ခံခဲ့ရသမျှ မကျေနပ်နိုင်ခဲ့သည်များကို ၀န်ထမ်းများ အပေါ်မှာသာ ပြစ်တင်ပုံချကာ တစ်ရှည်တစ်လျား ဆူပူမြည်တွန်ဦးတော့မှာ အတွေ့အကြုံအရ သိနေနှင့်ကြပြီ။
စီးကရက် တစ်လိပ်ကို နှုတ်ခမ်းဖျားမှာ ချိပ်လျှက် ချက်ချင်း မီးမညှိဖြစ်သေး။ တကယ်ဆို သူတို့၏ ဦးစီးဟာ အစည်းအဝေးမှာကတည်းက ကျိုးကြောင်းသင့်ပြန်ပြောကာ ဖြေရှင်းပြခဲ့သင့်သည် ဟူသောအတွေးကို ပြီးဆုံးအောင် ဆက်တွေးနေလိုက်သည်။။ အစည်းအဝေးဆိုသည်မှာ ရာထူးအာဏာပိုကြီးမားသူ၏ နှုတ်ထွက်စကားအလုံးစုံကို ထိုင်းနားထောင်ရုံဟု စွဲနေခဲ့ကြတာ ဆိုးလွန်းသည်။ အမည်တပ်ကာ မေးမြန်းလာလျှင် မ၀ံ့တ၀ံ့၊ ၀ှက်ဝှက်ကွယ်ကွယ် လျှောက်တင်ကြလိမ့်မည်။ ဆူပူကြိမ်းမောင်းလာလျှင် ခေါင်းငုံခံလိုက်မည်။ စိတ်ထဲမှာ ကြိတ်ခဲမပြေသမျှ ဖောက်ထုတ်ဖွင့်ချချင်လျှင်လည်း အရပ်အနေမသင့်တော်သေးဟု အံကြိတ်ကာ ဇွတ်မျိုချခဲ့ပေရော့။ မိမိရုံးသို့ ပြန်ရောက်လေမှ ရေငုံခေါင်းငုံ့ခံလာခဲ့ရသမျှ အောင့်လုံးတွေကို မိမိနိုင်စားသမျှရနေသော လက်အောက်ဝန်ထမ်းတွေထံ ပုံချ ဖောက်ခွဲ ပစ်ကြတော့သည်။

သူတို့၏ ဦးစီးမှူးသည်လည်း နဂိုမူလကတည်းက တစ်ဖက်သား၏အားနည်းချက်ကို ဖိနင်းအနိုင်ကျင့်ရန် ၀န်လေးလှသူမဟုတ်။ စကားတစ်စရလျှင် မဆုံးစတမ်း၊ မပြီးစတမ်း တဖျစ်တောက်တောက် ရှိတတ်သူ၊ စကားတန်ရှည်ကာ ဇီဇာကြောင်သူတစ်ယောက် ဖြစ်နေသေးသည် မဟုတ်လား။
စီးကရက်ကို မီးညှိပြီး အဆုတ်ထဲသို့ အားပါးတရှိုက်သွင်းကာ ဟူးခနဲ မှုတ်ထုတ်လိုက်သော မီးခိုးငွေ့တွေနှင့်အတူ သက်ပြင်းမောတွေပါ ရောနှောလွင့်ပျံလို့သွားသည်။

သည်ရုံးသို့ ဦးစီးအရာရှိအသစ်ပြောင်းလာပြီးကတည်းက အလုပ်လုပ်ရတာ မပျော်ရွှင်နိုင်ကြတော့တာဖြစ်သည်။ အလုပ်ထွက်မယ် ဆိုစကားတွေလည်း ညံနေအောင် ကြားနေရသည်ပင်။ ဒါပေမယ့် ဒီနေ့အထိ ဘယ်သူမှ ထွက်စာမတင်ဖြစ်ကြသေး။ ဆုံလည်နွားတွေလို စိတ်လက်မကြည်သာနိုင်ပါပဲ တပေပေ လည်နေကြပြန်တော့သည်ပင်။
ဖန်ခွက် ထဲမှာ ပြောင်နေပြီ။ ထပ်ဖြည့်ကြရပြန်သည်။

ကိုယ့်အထက်လူကြီးကို အရှိ၊ အမှန်ပြန်မပြောရဲကြတာ အရိုးစွဲနေပြီမို့ မကျေနပ်နိုင်လည်းပဲ ဇွတ်မှိတ်အောင့်အည်း သီးခံရပြန်ရသီးတော့မှာပဲ။ ရွေးချယ်စရာ နည်းပါးလှသော အခြေအနေမှာ ကိုယ့်နေရာကိုယ် မကျေနပ်နိုင်ဘူးဆိုလျှင် လဲသေလိုက်တော့။ ကိုယ့်ကိုယ်ကိုယ် မေတ္တာပို့လျှက် မျက်နှာကို ဆတ်ခနဲမော့သည်။ ဂွတ်ခနဲ…။ နောက်တစ်ခွက်..။

*********
ကိုယ်ရေချိန်ကလေးနှင့်ကိုယ် အိမ်အပြန်ခြေလှမ်းများကတော့ ယိုင်နဲ့နေသော်လည်းမြူးသွက်နေပြန်တာပင်။ မျက်စောင်းတခဲခဲ ရှိနေတတ်သော အိမ်သူကိုပင် ပိုတိုးလို့ချစ်ကြင်နာချင်မိသည်။ သည်အဖေ၊ သည်အမေနှင့် သမီးလေးလည်းပါဝင်သော မိသားစုကလေးသည် စည်းလုံးချစ်ကြည်စွာ နေပျော်ကျေနပ်စရာဟု သူ မကြာခဏ တွေးလျှက် ဂုဏ်ယူချင်ပြန်သည်။ သို့ပေမယ့် ခက်တာက သမီးပဲ ဖြစ်သည်။

“သမီးရေ…”
လျှာလေး၊အာလေးနှင့်ခေါ်လျှင် တုန့်ပြန်မထူးချင်တော့။ ပွေ့ချီချော့မြူ မွှေးကြူချင်မိလျှင်လည်းပြေးရှောင်ပုန်းလျှိုးနေတတ်သည်။ မိခင်ကိုသာ အတင်းဖက်တွယ်တက်ကာ သူ့ကိုယ်လုံးလေးကို ကျုံ့ဝင်သွားတော့မတတ် ပုဝင်ပုန်းခိုနေပြန်တာ အသည်ယားချင်စရာ။ မရှောင်နိုင်သည့်အဆုံး အဖေ့ရင်ခွင်ထဲမှာ အမိခံလိုက်ရလျှင်တောင် ကိုယ်ကို လိန်တွန့် ရုန်းကန်နေပြန် သေးတော့ မခက်လား။

“သမီးရေ..။ လာဦး၊ ဖေ့ဆီကို လာပါဦး”
သူ့အသံ ဗလုံးဗထွေးကြီးကို သမီးက မတုန့်ပြန်ပါ။
“သမီး.. လာဦးဆို…”

အလုပ်ထဲမှာ၊ အများနှင့်ဆက်ဆံရာမှာ စိတ်ရှည်သီးခံတတ်သူအဖြစ် အသိအမှတ်ပြုခံရသောသူက အိမ်မှာတော့ စကားတစ်ခွန်းကနေ နှစ်ခွန်းဆင့်လာရလျှင် ဒေါသစွက်ချင်ပြီ။ မူးနေသော အရှိန်ကလေးကလည်း သူ့ဒေါသ အရှိန်ကို ဒီဂရီတိုးမြင့်စေသည်။ သမီးကလည်း သူ့ဒေါသရိပ်ငွေ့ကို မြင်သိနားလည်နေပြန်ရာ ပို၍ပင် အနားကပ်မခံတော့ပြန်။

“ကျုပ်က ညည်းအဖေလေ။ မမှတ်မိတော့ဘူးလား”
ဖခင်၏ ခနဲ့တဲ့တဲ့ အပြောကို အကင်းပါးသော သူငယ်တန်းကျောင်းသူမကလည်း ရိပ်မိနားလည် နေသည်ပင်။
“လာ.. ဖေ့ကို အာဘွားပေးပါဦး သမီးလေးရယ်”

တရိပ်ရိပ်၊ တရှိန်ရှိန်တက်လာနေသော ဒေါသတွေကို ဇွတ်မြိုချကာ လေသံကိုလည်း လျှော့ချပစ်ရသည်။ တကယ်တော့ သမီးက အမေထက်၊ အဖေကို ပို၍ခင်မင်တွယ်ကပ်တတ်သူ ဖြစ်ပါသည်။ အရပ်ထဲက ရင်းနှီးသူတွေထဲမှာ မူးရူးသောင်းကျန်းနေတတ်ကြသူတွေကို သမီးမြင်တွေ့ဖူးထားခဲ့သည်။ ထို့ကြောင့် အမူးသမားဆိုလျှင် သမီးက ကြောက်လန့်နေတတ်ပြီ။ တစ်ခါတစ်ရံ အဖေ၊ အမေတို့ကလည်း အခွင့်သင့်တိုင်း သမီးကို ထိုအမူးသမားတွေနှင့် လှည့်ပတ်ခြောက်လှန့်ခဲ့ကြဖူးသည်။ ခုတော့ အမူးသမားဆိုလျှင် အဖေကိုပင် အနားမကပ်ချင်တော့ပေ။

“ကလေး သူ့ဘာသာ နေပါစေကွယ်။ ထမင်းပွဲ ပြင်ပြီးပြီ။ လာ.. စားလိုက်တော့”
ဇနီးသည်က သူ့အား ချော့ချော့မော့မော့ အာရုံလွှဲရန်ကြိုးစားသည်။ သို့ပေမယ့်…
“မင်း အသာနေစမ်းပါ။ သမီး…လာစမ်း ဆို ။ ဖေဖေ ခေါ်နေတာ”

မိခင်၏ ရင်ခွင်ကြားမှ ကလေးငယ်ကို ဇွတ်အတင်းဝင်လုသည်။ အမေက ကလေးအသား နာကျင်မှာစိုးရိမ်သောကြောင့် အလိုက်သင့်လွှတ်ပေးရှာသည်။ သမီးငယ်က ကြောက်လန့်တကြား တွန်းထိုးရုန်ကန်တော့ပြီ။

“ဖြန်း…”
လက်ဖ၀ါးတစ်ဘက် သမီး၏ တင်ပါးပေါ် ရောက်သွားသည်။ သမီးက စူးစူးဝါးဝါး အော်ငိုတော့၏။
“မငိုနဲ့..။ တိတ်စမ်း”

လက်ဖ၀ါး တစ်ဖက် နောက်တစ်ချက်။ သမီးက အသံအထွက်ရဲတော့သော်လည်း မျက်ရည်တွေကျကာ ကိုယ်လုံးလေးပင် တုန်ရင်နေပြီ။
“ကို…”
ဇနီးသည်၏ တောင်းပန်မှုက အရာမရောက်ပါ။
“နောက်တစ်ခါ အဖေခေါ်ရင် တစ်ခွန်းထဲနဲ့ လာမှာလား”
သမီး ခေါင်းညိတ်စေချင်သည်။
“မေးနေတယ်လေ။ နောက်တစ်ခါ အဖေခေါ်ရင် တစ်ခွန်းထဲနဲ့ လာမှာလားလို့ ”
“ခေါင်းညိတ်လိုက်လေ သမီးရဲ့”

အမေက မနေနိုင်စွာ ၀င်ပြောပေးလေမှ သမီးက ခပ်ဆဆ ခေါင်းညိတ်ပြဖော်ရတော့သည်။ ဒါပေမယ့် တကယ်တမ်း သမီးက ခေါင်းညိတ်ပြလာသောအခါ မကျေနပ်နိုင်တော့ပြန်။

“မရဘူး။ ပါးစပ်ကပြော…”
သမီးက အသံတိတ် ကြိတ်ရှိုက်နေပြန်သည်။
“ပြောလေ…”
ရှိုက်ငင်နေမြဲ။
``ဟေ့။ မေးနေတာ ပြောလေ”
သမီး၏နှုတ်ခမ်းလေးများက တလှုပ်လှုပ်။ သို့သော်အသံထွက်မလာ။ သူလိုချင်သောအဖြေကို မရရှိခြင်းက သူ၏ ဒေါသကို မီးလောင်ရာလေပင့်ပေးသလိုပင်။ သမီးက သူ့ကိုအာခံသလား။ သူ့လက်တစ်ဖက်လေထဲမြောက်တက်သွားသည်။ သမီးက ကျီခနဲအော်ဟစ်ငိုလိုက်သည်။ မိခင်က သမီးကို ပြေးပွေ့ကာ သူ့အားရန်တွေ့ရင်းငို၏။ သူတို့မိသားစုကလေး၏ ရုန်းရင်းဆန်ခတ်မှု အပြီးသတ်ကို သူ.. မမှတ်မိနိုင်တော့လောက်အောင် မူးရီမှောင်မိုက်သွားခဲ့တော့သည်။

********

ကြိတ်မြုံထားရသော အနာတရတို့သည် မမြင်သာသည်မို့ မေ့ချင်ဟန်ဆောင်လို့ ရနေသည်ထင်ပါ၏။ နောက်တစ်နေ့နံနက်လင်းကတည်းက သမီးအား ဇွတ်ပြန်ချော့ရင်း၊ မုန့်ဝယ်ကျွေးရင်း၊ အရုပ်တွေ လိုက်ဝယ်ပေးရင်း သူတို့၏ မိသားစုလေးကြားမှာ ပုံမှန်ခံစားမှုဖြင့် ချမ်းမြေ့ကြည်နူးဖွယ်ရာ ပြန်ဖြစ်နေပြန်ပြီ။
သို့သော်…

“နောက်တစ်ခါ ငါခေါ်ရင် တစ်ခွန်းထဲနဲ့ လာမှာလား။ မေးနေတာ ဖြေလေ…။ ကဲဟယ်…။ ဖြန်း… ဖြန်း…။ အဲဒါ ငါ့ကို အာခံဦး။ ပြန်မပြောပဲ ပါးစပ်ကြီး ပိတ်နေဦး ။ ဖုန်း…”
သမီးက သူ့နှင့် ရွယ်တူနီးပါး Pooh အရုပ်ကြီးကို ၀ါးခြမ်းတစ်ချောင်းနှင့် တဖြန်းဖြန်း၊ တဖုန်းဖုန်း ရိုက်နှက်နေပါသည်။ နှုတ်ကလည်း လူကြီးတစ်ယောက်နှင့် မခြား တတွတ်တွတ် မြည်တွန်ကြိမ်းမောင်းနေပြန်တော့သည်။ သူ သမီးအနားသို့ ညင်သာစွာ တိုးလှမ်းလျှက်…

“သမီး…”
ခပ်တိုးတိုး ခေါ်လိုက်လျှင် သမီးက ဟီးခနဲ ရှက်ရယ် ရယ်မောလိုက်လျှက်…
“အရုပ်ကြီးနဲ့ ရိုက်တမ်းကစားနေတာလေ ဖေဖေ။ သူကသိပ်ခေါင်းမာတာပဲ။ ဒါကြောင့် မှတ်လောက်သားလောက်ဖြစ်အောင် တုတ်နဲ့ရိုက်ပြီး ဆုံးမနေရတာပေါ့”

သူ့ မျက်နှာ နွေးခနဲ ပူသည်။ သို့သော် သမီးမသိအောင် သက်ပြင်းကြိတ်ရှိုက်လျှက်…
“ကဲ.. လာပါ သမီးရယ်။ သမီးပဲ မြို့ပြင်ထွက်ပြီး ဆိုင်ကယ် စီးချင်တယ်ဆို။ မေမေရော အဆင်သင့်ဖြစ်ပြီလား။ ခေါ်လိုက်တော့…”
“ဟုတ်.. ဖေဖေ”
သမီးက မေမေ့အခန်းထဲသို့ ပြေးသွားမည် ဟန်ပြင်ပြီးမှ ချာခနဲ နောက်ပြန်လှည့်ကာ…
“ဟွန်း.. ငါ့စိတ်ကို နင်သိတယ်နော် ။ဖေဖေရှိလို့ နင် သက်သာသွားတယ် မှတ်ပါ။”
သမီးက သူ့ထံ တစ်ချက်ပြုံးပြကာ ရွှင်သွက်မြူးပြပြေးထွက်သွားလေလျှင် သူကတော့ လက်ထဲမှာ သမီးထံမှ ဆွဲယူထားလိုက်ရသော ၀ါးခြမ်းတစ်ချောင်းကိုင်လျှက်၊ ငူငိုင်လျှက်…။

**သတိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)