ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label အက်ဆေး/၀တ္ထုတို. Show all posts
Showing posts with label အက်ဆေး/၀တ္ထုတို. Show all posts

Saturday, April 8, 2017

"မမေ့ပန်း"

အအေးရောင်မှ အပူရောင်သို့ ပြောင်းလဲလာသော ကာလတစ်ခု။ ၀ါကြန့်ကြန့် သစ်ရွက်များကို မြင်ရသည်။ ဖုန်မှုန့်တို့သည် အခန်းထဲမှာ၊ အခန်းပြင်မှာ၊ ပြတင်းပေါက်မှာ ဟိုသည်လိမ်းကျံနေ၏။ ဥသြသံကို ကြားချင်မိသည်။ သို့သော် မကြားရ။ တူးပို့သံလေးများ ခပ်ပါးပါးမှ ခပ်ထူထူ ကြားလာ ရသည်။ သြော်......သင်္ကြန်ရောက်ပြန်ပြီလားဟု အတွေးရောက်၏။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆို ပလတ်စတစ်ရေသနတ်များ၊ ကော်ပြွတ်လေးများနှင့် ဟိုပက်သည်ပက်။ ကလေးချင်းမျက်နှာကို လှမ်းထိုးသည့်အခါ စိတ်ဆိုးသူဆိုး၏။ လူကြီး ကျတော့ ပက်ရသည်က မမီမကမ်း။ ခါးတို့၊ တင်ပါးတို့ လောက်သာ ရေက ရောက်သည်။ ကော်ပြွတ်ကနေ တစ်ဆင့်တက်တော့ စတီးလ်ပြွတ်။ ကလေးချင်း ရေပက်ရင်း အခန့်မသင့်လျှင် ရေပိုက်နှင့် စစ်ထိုးသည်။ ပြီးတော့ ရန်ဖြစ်ကြ၏။ ပြွတ်က ပက်စရာမဟုတ်။ ရိုက်စရာ ဖြစ်သွားခဲ့သည်။ ကလေးသဘာဝ ခွက်စောင်းနှင့်လည်း အမြင်ကတ်သူကို စော်ချင်သေး၏။ ထိုအခါ မိဘတွေက တားခဲ့သည်။ ခွက်က လက်ထဲတစ်ခါမျှ ရောက်မလာခဲ့။ သည်လိုနှင့် ကျွန်တော့် သင်္ကြန်အရွယ်ရောက်ခဲ့သည်။ ကောင်မလေးများကို ရေခွက်နှင့် ပခုံးပေါ်မှ ညင်သာစွာ လောင်းသည်။ သိပ်လှသော ကောင်မလေးတချို့ကို ပါးစပ်မှ ဆီမန်း မန်းသလို ပြောချင်ရာ ပြောပြီး ရေပက်၏။ ဘေးလူတွေတော့ မကြားနိုင်။ ဘာပြောခဲ့သလဲ ဆိုသည်ကိုတော့ သိပ်မမှတ်မိချင်တော့။ မှတ်မိသည်က သူငယ်ချင်းများနှင့် ရေပက်ခံကားနှင့် လျှောက်လည်ချိန်မှာ အော်မိတာတွေ။ ဒါတွေက သည်နေ့ အထိလည်း ရှိနေသေးသည်မို့ မှတ်မိချင်စရာ။ ' ဟိုအစ်မကြီး ငယ်ငယ်တုန်းက ---ပြောင်ကြီး ---ပြောင်ကြီး ဟိုအစ်ကိုကြီးငယ်ငယ်တုန်းက ---ပြောင်ကြီး ---ပြောင်ကြီး ငါတို့တွေလည်း ငယ်ငယ်တုန်းက တူတူပဲ တူတူပဲ ' ကဲ....ဘယ်လောက်ကောင်းလိုက်သနည်း။ ရယ်လည်း ရယ်ရသည်။ လူငယ်ဆိုတာ ဒါကွဟု ဟစ်ကြွေးချင် စရာ။ သည်လို ပျော်ရသည့်ကြား စိတ်ပျက်စရာတွေလည်း ရှိသေး၏။ လူလူချင်း မစာနာသည့် လူအချို့ကြောင့် ရေကို ရေလိုပက်ရကောင်းမှန်း မသိ၍ ကျွန်တော့် သူငယ်ချင်း ညီလေး၏ သားရေဂျာကင်ကြီး ကျောကွဲသွားဖူးသည်။ ကျွန်တော်တို့ ယောက်ျားလေးများကို ကားပေါင်ပေါ်မှာ ထိုင်နေစဉ် ထိုင်မရအောင် မတော်တရော်ကို ပိုက်နှင့်လိုက်ထိုးသည်။ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းပါသနည်း။ စိတ်ပျက်စရာ အကောင်းဆုံးက ကျွန်တော့်နားတစ်ဖက် ပိုက်နှင့် အထိုး ခံလိုက်ရ၍ သွေးထွက်ပြီး အထဲက အကြောတွေ သွားထိခြင်းပင်။ သည်တုန်းက ဆယ်တန်းအပြီး သင်္ကြန်မှာ။ ဆရာဝန်ကို သွားပြတော့ သင်္ကြန်ဆို မလည်ခိုင်းတော့။ တော်တော်လေး နာကျင်ရသည်။ ဘယ်သူ့ကို ဘာလုပ်ရမလဲဟု မကျေနပ်တွေး တွေးကာ လျှောက်လည်သည့် ကိုယ့်အပြစ်ပဲဟု ဖြေသိမ့်ရင်း တစ်ယောက်တည်း ပေါက်ကွဲနေခဲ့ တော့သည်။ နောက်တော့ သူငယ်ချင်းတွေနှင့်ဝေးကာ နေရာသစ်တစ်ခုကို ရောက်၏။ သင်္ကြန်ကို သင်္ကြန်လို မခံစားနိုင်သော အရပ်ဟု ဆိုရမည်။ လည်စရာ နေရာမရှိ။ ပက်စရာရေက ရှား၏။ ကိုယ်ကလူငယ်မို့ ရေပက်ချင်သော ကလေးများကို ကြည့်ကာ သနားစိတ်ဖြစ်သည်။ နဂိုကတည်းက ဆရာဝန်က မလည်ခိုင်း၍ ဘယ်မှာနေနေ မထူးသောဘ၀မို့ ကလေးတွေကိုသာ စရင်းနောက်ရင်း ငေါင်းစင်းစင်းသင်္ကြန်ကို ခပ်တည်တည်နှင့် ဖြတ်ရသည်။ သည်မှာပဲ သင်္ကြန်နှင့်ပတ်သက်၍ အထိမ်းအမှတ် သင်္ကေတတစ်ခုက ရင်ထဲကို ရောက်လာခဲ့သည်။ ကျွန်တော်က ယောင်္ကျားလေးဖြစ်၍ ထိုအရာကို နဂိုကတည်းက သိသိနှင့် စိတ်မ၀င်စားခဲ့။ သို့သော် ငေါင်စင်းစင်းသင်္ကြန်တွေ ကြုံရဖန်များလာသောအခါ ထိုအရာကို ပို၍သတိထားမိလာသည်။ ပြီးတော့ ထိုအရာနှင့် ပတ်သက်မှုတွေ ရှိလာသည်။ ကျွန်တော်က စာရေးဆရာဖြစ်ချင်သူ ဖြစ်သည်။ အထူးသဖြင့် ကဗျာဆရာဘ၀ကို တပ်မက်သည်။ ထို့ကြောင့်ဝန်းကျင်ကို ခံစားသည်။ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဖတ်လေ့ရှိသည်။ ထိုသို့ ဖတ်ရင်း သင်္ကြန်တစ်ခုမှာ သင်္ကြန်၏ သင်္ကေတဆိုတာနှင့် စဆုံသည်။ ဘယ်က ယူလာမှန်းမသိသော အကိုင်းတစ်ကိုင်းကို အဖေက ရှင်အောင်စစိုက်သည်။ ကျွန်တော် စိတ်မ၀င်စား သေး။ ထိုအကိုင်းက သစ်ခက်၊ သစ်ရွက်လေးများ ပြူလာသည်။ သတိတော့ထားမိလာ၏။ သည်လိုနှင့် အကိုင်းတစ်ကိုင်းက အခက်အလက်အရွက်များ အပြိုင်းပြိုင်းထလာတာ တွေ့သည်။ ကြည့်ပါဦး။ ကျွန်တော် ဂရုမစိုက်ချင်၍ မရတော့။ သူက ကျွန်တော့်ကို စ၍မြူဆွယ်နေလေပြီ။ သူ့ကို ကြည့်လျှင်စိမ်း၏။ သို့သော် နွေမှာမှ သူက ဝေတာမျိုးဖြစ်သည်။ ပြီးတော့ နွေထဲမှာ သူက မိုးကိုခေါ်၏။ မိုးကိုမျှော်သည်ဟု ကျွန်တော်လက်မခံ။ သူကနွေထဲမှာ မိုးရောက်လာအောင် ခေါ် တာပဲ ဖြစ်မည်ဟု တစ်ထစ်ချ ယုံကြည်သည်။ တကယ်လည်း ဟုတ်သည်။ နွေသည် နီနီရဲရဲ။ ကြည့်နေရင်းမှပင် တိမ်တို့ဖြင့် ကောင်းကင်သည် ပြည့်၏။ နီရဲရာမှ ညိုမှောင်မည်းနက်။ တစ်ရောင်စီ လွင့်လျက်။ ဖုန်မှုန့်တို့ မြေမှာ သိပ်ကုန်သည်။ ဖွဲဖွဲမှသည် ၀ုန်းဒိုင်းကျဲရွာသော မိုးကို မမျှော်လင့်ချိန်မှာ သူ့ကြောင့် ဆုံရသည်။ အေးလိုက်သည်များ သင်္ကြန်မိုးတဲ့လေ။ ထိုမိုးခေါ်ပြီး သိပ်မကြာခင်မှာပင် သူ့ဆီမှာ အရောင်သစ်သည်။ ရနံ့တွေဖြစ်သည်။ သူ့ကို လူတွေ ချစ်လာကြသည်။ ပြီးတော့ လူတွေ ပစ်ကြသည်။ သူက အဖော်ကို ခေါ်လာသည်။ အဖော်က မိုး။ အပျော်ကို ရှာပေးသည်။ သင်္ကြန်ဆိုသော ပွဲတော်တစ်ခု။ နောက်ဆုံးတော့ တရားဓမ္မကိုပါ ပြသေးသည်။ သူ့ဆီက အပွင့်၊ အခက်၊ အလက်တို့ လူများလက်မှာ၊ ခေါင်းမှာ ပျက်ကြွေရရှာသည်။ သစ်ခြင်း နှင့် ဟောင်းခြင်း၊ ဖြစ်ခြင်း နှင့် ပျက်ခြင်း၊ တည်ရှိခြင်း နှင့် ပြောင်းရွှေ့ခြင်း အားလုံး သူက မြင်အောင်ပြသည်။ ဒါကို 'ပိတောက်' ဟု ခေါ်သည်တဲ့။ ကျွန်တော် ပိတောက်ကို ကဗျာရေးဖို့ ခံစားသည်။ ပိတောက်က ခေါ်ခဲ့တာ မိုးတစ်ခုတည်း မဟုတ်။ သင်္ကြန် ဆိုသော ပွဲတော်၊ လူအများ၏အပျော်။ ပြီးတော့ တေးသံများ၊ တရားသံများ၊ နောက်ပြီး နှစ်သစ်တစ်ခု၊ အဟောင်းများထား၍ အသစ်ကို တွေ့ချိန်တစ်ခု။ ထိုအချိန်မှာ ပိတောက်နှင့် ဆုံရသည်။ ကျွန်တော် ပိတောက်နှင့် ပတ်သက်၍ ကဗျာများရေးခဲ့သည်။ အိမ်မှာ အကိုင်းကနေ အပင်အဖြစ် ရှင်သန်ခဲ့သော ပိတောက်ပင်ကြီးကို လူငယ်များ အတုယူဖို့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ ပိတောက်ပင်က ပိတောက် ပန်းများ ပွင့်သည့်အခါ အိမ်နီးချင်းတွေတောင်း၍ ပေးရ၊ ကလေးတွေ တောင်း၍ ပေးရ နှင့် အလုပ်ရှုပ်ဖူးသည်။ အမေကတော့ ဘုရားကပ်သည်။ ကျွန်တော်ကတော့ အိမ်ကို လာနေကျ ကောင်မလေးတစ်ယောက်ကို ပိတောက်ပန်း ခိုးပေးသည်။ ကောင်မလေးက မပန်။ သူဆောင်းလာသော ထီးမှာထိုး၍ ဖွက်ပြီးယူသွားသည်။ ကျွန်တော် စိတ်ဆိုးမိ၏။ အစိမ်းမှာ အ၀ါတောက်၍ ပွင့်သော၊ ရနံ့မွှေး၍ လူတိုင်းတပ်မက်ပြီး တစ်နှစ်တစ်ခါ ပွင့်သည့်ပန်းကိုမှ မပန်ချင် ရအောင် သူကဘာမို့လို့လဲဟု မာန်စိတ်ဝင်သည်။ ထိုကောင်မလေးကို ရင်ခုန်ချင်သမျှ ပိတောက်ကို မနှစ်သက်ဘူး ထင်ပြီး ခုန်ချင်သည့်ရင်က ပြန်ငြိမ်သွား၏။ ပိတောက်က မသိမသာနှင့် ကျွန်တော့်ရင်မှာ ငြိနေတာ သတိမထား မိသေး။ သင်္ကြန်အကြောင်း ဆောင်းပါးရေးစဉ်မှာ ပိတောက်ရနံ့သည် မြန်မာရနံ့ဟု ကျွန်တော် တင်စားမိသည်။ သင်္ကြန်၊ မြန်မာ၊ ပိတောက် ထိုသုံးခုသည် ခွဲခြားမရဟု ကျွန်တော်ထင်သည်။ နယ်ကိုရောက်စဉ် တွံတေးသိန်းတန်၏ သီချင်းများခံစားရစဉ်က ' ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ် ' ကို နားထောင်ရင်း ပိတောက်ကို လွမ်းသလို ဖြစ်မိသည်။ မြန်မာဖြစ်ရတာ ကျေနပ်မိသည်။ သည်တော့ မြန်မာနှင့် ပိတောက်ကို တွဲလျက်သာ ကျွန်တော် မြင်သည်။ ပိတောက်သည် ကျွန်တော့်ရင်မှာ ဖြည်းဖြည်းချင်း နေရာယူလာချေပြီ။ သင်္ကြန်တစ်ခုမှာတော့ ကိုယ်နှင့် အဆင်ပြေနိုင်သည်ဟု ယူဆသော ကောင်မလေးတစ်ယောက်ကို သူပြန်ချစ်လျှင် ပိတောက်တွေ စောပွင့်ပါလိမ့်မည်ဟု ကဗျာဆရာပီသစွာ သူ့အချစ်ကို တင်စားရင်း နိမိတ်ပုံပြုမိသည်။ ကံမလိုက်ချင်တော့ ပိတောက်သည် သင်္ကြန်မှာပင်မပွင့်ခဲ့။ ကြွေသွားသူက ကျွန်တော်။ ပိတောက်က သင်္ကြန်အပြီး တော်တော်ကြာမှ ပွင့်သောအခါ ကျွန်တော်တို့ဇာတ်လမ်းက ကိုးရိုးကားယား ဖြစ်တော့သည်။ ပိတောက်ကို စွဲလမ်းခြင်းကြောင့်လား၊ တိုက်ဆိုင်သည်ပဲ ဆိုရမလား။ ပိတောက်မပွင့်ခြင်းနှင့် အတူ ထိုကောင်မလေးကို ကျွန်တော်ခံစား၍ မရတော့ဘဲ ဇာတ်လမ်းက အလိုလို ပြီးသွားသည်။ နောက်မှပွင့်သော ပိတောက်လို သူ ကျွန်တော့်ကို နှစ်နှစ်ကာကာ ချစ်ပါသည်ဟု တစ်ဆင့်စကား သိရသည့်တိုင် ကျွန်တော့်စိတ်က သူ့ဆီကို မလည်နိုင်ခဲ့တော့။ ပိတောက်သည် ကျွန်တော့်နှလုံးသားမှာ တစ်ခန်းတစ်ကဏ္ဍက ပါခဲ့သည်ဟု ပြန်တွေးမိတိုင်း ကျွန်တော် နှင့် ပိတောက်၏ ပတ်သက်မှုကို အံ့သြ ရသေးသည်။ သင်္ကြန်နှင့် ဝေးဝေးနေသူကိုမှ ပိတောက်က ပတ်သက်လာလေသလား မသိ။ ရယ်စရာလည်း ကောင်း၏။ နောက်နှစ်မှာ ပိတောက်က စောပွင့်သည်။ ကဗျာဆရာ ကျွန်တော်က 'ပိတောက်ဟာ သင်္ကြန်နဲ့မဆုံ၊ ရန်ကုန်က စောပြန်သွားတယ်' ဆိုတာမျိုး ချရေးမိသည်။ ကျွန်တော် စိတ်ဝင်စားစရာ ချစ်သူဆိုသည်က ရောက်မလာတော့။ ထိုကာလတွေ ကျော်တော့ အလုပ်ထဲသို့ လူကရောက်သွားသည်။ ခေတ်က ရုပ်ဝတ္ထု လွှမ်းမိုးသောခေတ်ကို ရောက်လာ၏။ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဆုံခဲ့ရသော မိန်းကလေး တစ်ယောက်က ပြောတာ မှတ်ထား ဖူးသည်။ 'သူရွေးချယ်မည့်သူသည် သူ့လက်ရှိ အနေအထားထက် သာအောင်ထားနိုင်သူ ဖြစ်ရမည်။ သူက ချစ်မိသူ ဖြစ်ရမည်'တဲ့။ နှလုံးသားသည် အလန့်တကြားဖြင့် တစ်ရေးနိုးသည်။ ခေတ်က ထိုသို့ ပြောင်းသွား သည်လား။ ရုံးမှာ လူကြီးတွေလာလျှင် အမြင်တင့်စေဖို့ ပလတ်စတစ်ပန်းတွေ ပြင်ရ၊ ဆင်ရသည်။ အိမ်က ဧည့်ခန်းမှာလည်း ပလတ်စတစ်ပန်းတွေ ကြည့်ကောင်းအောင် ဆင်ကြသည်။ ခုန မိန်းကလေးစကားနှင့် ဆက်စပ်တွေးရင်း ဘာရနံ့မှ မရသည့် အပေါ်ယံအလှရှိသည့် ပန်းမျိုးကိုသာ လူတိုင်းလက်ခံသည့် ခေတ်ကို ရောက်နေပြီလား တွေးကာ ၀န်ထမ်းဖြစ်သော ကျွန်တော့်ဘ၀ကို ပြန်သုံးသပ်နေမိသည်။ ပြီးတော့ ကျွန်တော်နှင့် ဆက်စပ်နေသော ပိတောက်ပန်း သည်လည်း မော်ဒန်ပိတောက်အဖြစ် ပလပ်စတစ်ပိတောက်၊ စက္ကူပိတောက်တွေ ရှိနေပြီလား တွေးကြည့် သည်။ မိုးမရွာ၊ ပိတောက်မပွင့်ဘဲ ရုပ်မြင်သံကြားက သင်္ကြန်အကအဖွဲ့တွေ ပန်ထားသော ပိတောက်ပန်း များကို အုံနှင့်ကျင်းနှင့် တွေ့ရသည်ပဲ။ ပိတောက်သာမက သင်္ကြန်ကလည်း ဟန်ပါပြောင်းလဲလာသောအခါ ပိတောက်စစ်စစ်နှင့် သင်္ကြန်စစ်စစ်ကို ကျွန်တော် လွမ်းပါတော့သည်။ ထိုအလွမ်းနှင့်အတူ 'ခေတ်ပေါ်ပိတောက်' ဆိုသော ၀တ္ထုတိုတစ်ပုဒ်ကို ချရေးဖြစ်သွား၏။ ရုပ်ဝတ္ထုမက်သော မိန်ကလေးအချို့ကို ပညာပေးလိုသည့်စိတ်ဖြင့် ပိတောက်ကို တင်စား လိုက်သည်။ ရနံ့မရှိသော ပိတောက်များလို မိန်းကလေးများကို မဖြစ်စေချင်။ ကျွန်တော့်ဦးနှောက်ထဲမှာ ပိတောက်က သင်ခန်းစာပေးနေတာမျိုး ခံစားရသည်။ သည်တော့ နှလုံသားမှတစ်ဆင့် ပိတောက်သည် ဦးနှောက်အထိ နေရာယူလာပြီဟု ဆိုရမည်။ ငယ်ရွယ်သော လူငယ်ကဗျာဆရာတစ်ယောက်မှသည် အလုပ်ထဲက လူကြီးတစ်ယောက်ဖြစ်လာသောအခါ ပိတောက်နှင့်ပတ်သက်၍ ခံစားမှုတချို့ ပြောင်းလာခဲ့သည်ကို ကြုံရသေးသည်။ ဖြစ်ချင်တော့ မြန်မာပြည်မှာ မဟုတ်။ ပြည်ပနိုင်ငံတစ်ခုမှာ သင်တန်းသွားတက်ရင်း ကြုံရတာဖြစ်သည်။ မိမိနိုင်ငံအကြောင်း ကွန်ပျူတာ Power Point ဖြင့် Presentation (တင်ပြခြင်း)လုပ်သောအခါ သူများနိုင်ငံတွေက အမျိုးသားတိရိစ္ဆာန် (National Animal) ၊ အမျိုးသားပန်း (National Flower) ဆိုတာတွေ တင်လာသည်။ ခေါင်းမှာ အပြေးအလွားစဉ်းစားရ၏။ ယခု Presentation သည် ရုတ်တရက် လုပ်ခိုင်းခြင်း ဖြစ်သည်။ မြန်မာပြည်မှာရှိစဉ်က ကြိုတင်အကြောင်းကြားခဲ့မှု မရှိ။ သည်တော့ Internet ကနေ National Animal နှင့် National Flower ကို ရှာရသည်။ ကျွန်တော်ပဲ ညံ့သည်လားမသိ။ Website ထဲမှာ ရှာလို့မရ။ ကျန် မြန်မာအဖွဲ့ဝင်တွေက လှမ်းမေးသည်။ ဘာပန်းလဲ၊ ဘာတိရိစ္ဆာန် ထည့်မည်လဲတဲ့။ နိုင်ငံတစ်နိုင်ငံ၏ အထိမ်းအမှတ်ဖြစ်၍ ပစ်စလက်ခတ်လုပ်၍ မရ။ ထို့ကြောင့် ကျွန်တော်က ပန်းကတော့ ပိတောက်ပဲ ဖြစ်ရမည်ဟု ပြောလိုက်သည်။ ကျွန်တော် လေ့လာမှုအားနည်း၍ တခြားပန်း ဖြစ်နေမလားဟုလည်း စိတ်က စိုးရိမ်သည်။ သို့သော် ပိတောက်သည် သင်္ကြန်နှင့်ဆိုင်သည်။ သင်္ကြန်သည် မြန်မာတစ်မျိုးသားလုံးနှင့် ဆိုင်သည်။ ထို့ပြင် သင်္ကြန်သည် မြန်မာတို့၏ နှစ်ကူးစစ်စစ်ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်၏အထိမ်းအမှတ် ဖြစ်သော ပိတောက်သည် မြန်မာတို့၏ အမျိုးသားပန်းဆိုလျှင် မှားမည်ဟု ကျွန်တော်မထင်။ သို့သော် ပုံရှာမရ၍ Presentation မှာ မထည့်တော့ဘဲ တခြားအကြောင်းအရာတွေ ကျွန်တော်တို့ တင်ခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် ခေါင်းထဲမှာတော့ ပိတောက်သည် အမျိုးသားပန်းဖြစ်သည်ဟု စိတ်က စွဲထားသည်။ ဂျပန်နိုင်ငံ ကိုရောက်စဉ်က ဧပြီဆို ချယ်ရီပန်းတွေပွင်ြ့ပီး ချယ်ရီပန်းကောက်ပွဲတော် ရှိသည်ဟု ဂျပန်မလေးများ ဆိုသောအခါ ကျွန်တော်တို့ဆီမှာလည်း သင်္ကြန်ပွဲတော်နှင့် ပိတောက်ပွင့်ချိန်ရောက်ပြီ ဟု ပြန်ရှင်းပြခဲ့သည်။ သည်တော့ ပိတောက်သည် မြန်မာ၏ အထိမ်းအမှတ်ဖြစ်နေသည်ဟု ငြင်းမရ။ အမျိုးသားပန်းအဆင့် မည်ချင်မှ မည်မည်။ သို့သော် အမျိုးသားပန်းအဆင့်လောက်တွင် ထား၍ ရသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့် အသွေးအသားထဲက ပိတောက်နှင့်ပတ်သက်၍ ဆူလောင်လာလေပြီ။ အံ့သြစရာ ကောင်းလှသေး၏။ ကျွန်တော့် နှလုံးသားနှင့် ပတ်သက်ပြီး ငြိတွယ်ဖူးသော ပိတောက်သည် ကျွန်တော့် ဦးနှောက်ကိုပါ အလုပ်လုပ်စေခဲ့၏။ ကျွန်တော့် အသွေးအသားများကိုပါ လှုပ်နှိုးခဲ့၏။ ကျွန်တော့်ဘ၀မှာ အနှစ်သက်ဆုံး ပန်းတစ်မျိုး ရှိခဲ့ဖူးသည်။ 'ခရေပန်း' ဖြစ်၏။ အမေကလည်း ကြိုက်၍ အမေ နှင့် ကျွန်တော် အကြိုက်ချင်းတူသောကြောင့် ကျွန်တော် ပျော်မိပါသည်။ ခြောက်သွားသည့်တိုင် ရနံ့ မပျယ်သော ပန်းဖြစ်ခြင်း၊ မြေမှာ ပိုမွှေးခြင်းကို ကျွန်တော် တန်ဖိုးထားမိသလို ငယ်ငယ် ကတည်းက နှစ်ခြိုက်မိသည်မှာ အမှန်ပင်။ ပိတောက်ကျတော့ ထိုသို့မဟုတ်တော့။ ကျွန်တာ့် ဘ၀ထဲကို ဖြည်းဖြည်းချင်း ၀င်လာသည်။ နှလုံးသားကို ၀င်တိုးသည်။ ငြိသွား၏။ ဦးနှောက်ကို စေခိုင်းသည်။ ပုံရိပ်ထင်သွား၏။ အသွေးအသားကို လှုပ်ရှားစေ၏။ ယစ်မူး၏။ ခရေသည် ဘ၀ တစ်လျှောက် ကျွန်တော့်အမေနှင့် ထပ်တူမြတ်နိုးရသော ပန်းဖြစ်လျှင်ပိတောက်ကတော့ ကျွန်တော်တစ်ယောက်တည်းအတွက် မမေ့စရာပန်းတစ်မျိုးဖြစ်သည်ဟု ကျွန်တော် လက်ခံမိသည်။ ထိုပိတောက်သည် ကျွန်တော့်အတွက် ' မမေ့ပန်း ' ပင်။ ' မမေ့ပန်း ' ကို ကျွန်တော့််နှလုံးသားထဲမှာ ထည့်ခဲ့ဖူးသည်။ မိန်းကလေးတချို့ အတွက်ပါ။ ကျွန်တော့် ဦးနှောက်ထဲမှာ ' မမေ့ပန်း ' ၏ ပုံရိပ် ၀င်ရောက်နေခဲ့ဖူးသည်။ ရုပ်ဝတ္ထုလွှမ်းမိုးသော ခေတ်တစ်ခေတ် အတွက်ပါ။ ကျွန်တော့်အသွေးအသားထဲမှာ ' မမေ့ပန်း ' က လှိုက်စားခဲ့ဖူးသည်။ ကျွန်တော်ချစ်သော နိုင်ငံ အတွက်ပါ။ သို့သော် တစ်ချိန်မှာတော့ ' မမေ့ပန်း ' သည် ကျွန်တော့်ကို ငြိမ်းအေးရာနေရာတစ်ခုသို့ ပို့မည့်ပန်း ဖြစ်သွား ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယခုအချိန်မှာ လူကြီးအရွယ်ကို ကူးပြောင်းစ လူငယ် တစ်ယောက်ဖြစ်နေပြီး ကျွန်တော့် နှလုံးသား၊ ဦးနှောက်၊ အသွေးအသားတို့သည် ' မမေ့ပန်း ' အတွက် လူငယ် တစ်ယောက်အနေနှင့် ခံစားခဲ့ပြီးမှ လူကြီးဘ၀တွင်တော့ ကျွန်တော့်ဘ၀၏ အေးငြိမ်းရာဗုဒ္ဓရင်ခွင်သို့ ချဉ်းကပ်ရာ 'မမေ့ပန်း' ကို ကပ်လှူရင်း ဘ၀ကို အဆုံးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေမိသောကြောင့်ပင်။ ။ 

 ............................................................................. 

+သားလတ်+ 

(၂၀၀၅ခုနှစ်-ဧပြီလ၊ အပျိုမ မဂ္ဂဇင်း)

Read More...

Sunday, November 27, 2016

++ခေတ်​ မလွန့်​တလွန်​ ရုပ်​ရှင်​++

မြို့ပြ၏ မိုးရာသီ​နောက်​ဆုံး​နေ့များ သီအိုရီအတိုင်း လည်​ပတ်​​နေပုံသည်​ ယန္တရား ဆန်​ဆန်​ တကယ်​က အရာအားလုံး ယန္တရား ဆန်​ခဲ့ကြသည်​ပဲ မဟုတ်​လား။ ​လှောင်​​ပြောင်​ရယ်​​မောစရာများ၊ စိတ်​ညစ်​ညူးဖွယ်​ရာများ ပြီးသည့်​အခါ ကြည်​နူး​နွေး​ထွေးမှုများ ထီးတစ်​​ချောင်း​အောက်​တွင်​ ဖူးပွင့်​ခဲ့ပြီ မဟုတ်​လား။ ဧရာဝတီမြစ်​ကို မြင်​ရသည့်​အခါ အ​တွေး​များ ကျယ်​ပြန့်​ရှည်​လျားရပြီး မြစ်​ကမ်းနံ​ဘေးတွင်​ ထိုင်​ရင်း ဖြတ်​သွားဖြတ်​လာများကို ကြည့်​ရသည့်​အခါ အမြင်​​များ ကျယ်​ပြန့်​ရှည်​လျားရ၏။ မြစ်​တစ်​စင်းကို ​ခွေလိပ်​ထိုးသိပ်​ ထည့်​ထားခဲ့​သော စာအုပ်​​ဟောင်းများ၊စာရွက်​အတိုအစ အ​ဟောင်းများ ရှိခဲ့ပြီ မဟုတ်​လား။ ​ကောက်​ရိုးမီးသဖွယ်​ စည်းစနစ်​ကျမှုသည်​ ရာသီအစများတွင်​ ဟုန်းခနဲ အချိန်​ကို တိရိ​သေသပ်​ဖို့ ကြိုးစား​သော သူရဲ​ကောင်းတစ်​​ယောက်​၏ ဓားသည်​ ​ဟောင်း​ဆွေး တုံးတိ​နေခဲ့ပြီ မဟုတ်​လား။ ပွင့်​ဖတ်​များ​ပေါ်မှ တက်​တူးရုပ်​သည်​ ​ပေါ်ပင်​ငြိမ်းချမ်း​ရေး မဟုတ်​ အမြီးကျက်​ လျှင်​ အမြီးစားမည့်​သူ အဆင်​သင့်​ရှိ၍ ​ခေါင်းကျက်​လျှ
င်​ ​ခေါင်းစားမည့်​သူ အဆင်​သင့်​ရှိပြီး ဖြစ်​၏ ကုသခြင်းထက်​ ကြိုတင်​ကာကွယ်​ခြင်းက ပို​ကောင်း၍ လက်​နက်​သစ်​များအပြိုင်​အဆိုင်​ထုတ်​၍ စစ်​ပွဲများ အပြန်​အလှန်​ စတင်​ခဲ့ကြသည်​ မဟုတ်​လား။ စီးပွား​ရေးဆိုသည်​မှာ အမြင်​ရှိဖို့ပဲ လို၏ အာဏာရှင်​ ဖြစ်​စရာမလို ဒုက္ခသည်​တို့၏ မျက်​ရည်​ကို ခု၍လည်း ပန်းတိုင်​​ရောက်​နိုင်​၏ အနည်းငယ်​ ယုတ်​မာရသည်​​ပေါ့ ယုတ်​မာနိုင်​ခဲ့လို့ ယုတ်​မာခဲ့ပြီးကြပြီ မဟုတ်​လား။ ဗိုင်းရပ်​စ်​များ ကဲ့သို့ အဖျက်​ပိုးမွှားများ ရှိမှသာ ပဋိဇီဝ​ဆေးများလည်း ရှိနိုင်​မည်​ သူရှိမှ ကိုယ်​ရှိ အပြန်​အလှန်​မှီခို ဆက်​ဆံ ရုန်းကန်​ ဝံ့ကြွားခဲ့ကြပြီး မိုး​ရေထဲမှာပင်​ မီးခိုးများ အူထွက်​​နေတတ်​ခဲ့ကြပြီ မဟုတ်​လား။ ..........................................................

 +မိုးအိမ်​လူ+

Read More...

Saturday, November 26, 2016

++အရေးမကြီးတဲ့ စာရွက်++

လူတစ်ယောက်၏ တစ်သက်တာမှတ်တမ်းတွင် ထည့်သွင်း အပ်သော (လူမြင်ကောင်းသောလူကြားကောင်းသော) အရာများကိုစစ်ထုတ်ကြည့်လိုက်သောအခါ အေဖိုးစာရွက် တစ်ရွက်စာပင် မရှိကြောင်းအံ့သြကြီးစွာတွေ့လိုက်ရသည်။ အက်စစ်လောင်းခံရသောစိတ္တဇနေ့ရက်များသည် နွေရွက်ကြွေတစ်ရွက်ထက် မပိုခဲ့။ စာရင်းပေး၍တန်းစီစောင့်ဆိုင်းစရာမလိုအပ်သော်လည်း ထိုပန်းပွင့်လေးသည် ကျွန်တော်နှင့် ဝေးကွာလွန်းနေပါ သည်။ ပင်လယ်ပြင်တွင် ကျဲပက်ထားသောလရောင် ပင်လယ်တစ်ခုစာကို ကျွန်တော် နှမြောတသဖြစ်မိသည်။ ထိုပင်လယ်ထဲသို့ ကြွေကျခဲ့သော ကြယ်စင်တို့၏ အရိုးစုကို ကျွန်တော် သနားမိပါသည်။ ထို့အတူအစဉ်အမြဲလည်းဦးညွတ်ခဲ့ပါ သည်။ အခါလွန်မိုးများကို ကျွန်တော်မုန်းတီးပါသည်။ ကျွန်တော်နှင့် အခါလွန်မိုးတို့ သွေးထွက်သံယို ဖြစ် သည်အထိသတ်ပုတ်ရန်ဖြစ်ဖူးသည်။ အရက်ဖြူပုလင်းထဲမှ အမှန်တရားကိုရှာရင်းယုတ္တိဗေဒနယ်ပယ်၏ အပြင်ဘက် သို့ ရောက်နေသော ကျွန်တော်၏ စိတ်ကို ပြန်လည် ဆွဲဆောင်ခဲ့ရပါသည်။ လွဲချော်မှုများကိုအပြစ်မဆိုလိုပါ။ မိုးကိုမိုးဟုသာသတ်မှတ်ပါ။ ည ကိုညဟုသာသတ်မှတ်ပါ။ နံနက်ခင်းများတွင် မပွင့်ဝေသော ပန်းများကိုထည့်မတွက်ပါနှင့်။ ချစ်ဦးသူများကိုတမ်းတတတ်သူများအတွက် သီချင်းတစ်ပုဒ် ရှိသည်။ ဘ၀တွင် ကွမ်းယာထက် ပို၍ အရေးကြီးသော အရာများ များစွာ ရှိပါသည်။ လူနှစ်ဦးသာ သိခဲ့သော လမ်းကျဉ်းလေးတစ်ခု ရှိပါသည်။ လူနှစ်ဦးသာ သိသော နှစ်ရှည်သစ်ပင်တစ်ပင် ရှိပါသည်။ လူနှစ်ဦး၏ ရနံ့များ စွဲထင်နေသော လမ်းကျဉ်းလေးတစ်ခုနှင့် နှစ်ရှည် သစ်ပင်တစ်ပင်တို့ ရှိပါသည်။ မည်သည့် ရာဇ၀င်မှတ်တမ်းမှာမှ ရေးသားဖော်ပြခြင်း မခံရသော အဖြစ်အပျက်များသည် သက်ဆိုင်ရာ နှလုံးသားတို့တွင် အဆိပ်တက်လျက်ရှိသည်။ တိမ်တိုက်များဖြင့် မိုးထားသော အိမ်တစ်လုံးတွင် နေထိုင်မိ ခဲ့သော ကျွန်တော်သည် အခြားသော လူများထက် ၀ဋ်ကြွေးကြီးမားသူ ဖြစ်ခဲ့သည်။ မောပန်းနွမ်းနယ်ခဲ့သော အစောပိုင်း သက္ကရာဇ်များကို ပြန်လည် ခံစားရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်လှပါသည်။ ဒဏ်ရာများထံမှ သွေးများ တစိမ့်စိမ့် ယိုလျက်ရှိသည်။ အမှန်ကို မမြင်ခြင်း မောဟများ၏ လွှမ်းမိုးမှုအောက်တွင် ကျွန်တော်၏ အိမ်ရာမှာ လမ်းဘေးဓာတ် တိုင် ဖြစ်နေခဲ့သည်။ သက်တမ်းကုန်လုနီးပြီဖြစ်သော စွဲလမ်းစိတ်များမှာ တဖြည်းဖြည်း နှင့် မှုန်ဝါးလာပါသည်။ အိပ်မက်များ ထဲတွင်လည်း မပါဝင်တော့။ လေတိုက်တိုင်း လှုပ်တတ်သော သစ်ခက်ငယ်၏ အကျင့်ကို ဘယ်အချိန်က စ ကျင့်ခဲ့သလဲ ဆိုတာ ကျွန်တော်ကိုယ်တိုင်ပင် မမှတ်မိတော့ပါ။ ဖြစ်နိုင်လျှင် ဧဒင်ဥယျာဉ်၏ ဖုန်းနံပါတ် လိုချင်ပါသည်။ အာဒံ၏ အီးမေးလ်လိပ်စာ ကို သိချင်ပါသည်။ ကျွန်တော် ပန်းသီးမကြိုက်ပါ။ ကျွန်တော် ချောကလက်လည်း မကြိုက်ပါ။ ကျွန်တော့်ထံတွင် နံရိုးအပြည့်အစုံ မရှိခြင်းသည် ဇီဝဗေဒသဘောတရားတစ်ခုကြောင့်သာ ဖြစ်နိုင်ပါသည်။ မည်သို့ပင် ဖြစ်စေကျွန်တော်သတိရတိုင်း ပန်းပင်လေးကို ရေလောင်းပေးပါသည်။ ကျွန်တော်၏ရှေ့တွင် တစ်ရွက်ပြီးတစ်ရွက် ကြွေသွားသော သစ်ရွက်ခြောက်များထဲတွင် မတ်လ၏နေ့စွဲ များ၊ ကောင်မလေးတစ်ယောက်ကို သတိရစွဲလမ်းမိသော စိတ်များ၊ ဒွိဟများ လွန်ကဲစွာပါဝင်နေသော ကျွန်တော်၏ ရှေ့ ရေး စီမံကိန်းများ၊ ဘယ်လိုနည်းနှင့်မှ မရနိုင်သော ဖုန်းနံပါတ်တစ်ခုကို လိုချင်တပ်မက်လွန်းသော စိတ်များ ကပ်ငြိပါ သွားသည်။ ကျွန်တော်သာသိသော အမှန်တရားများတွင် မှားယွင်းမှုများ ကြည့်မကောင်း မြင်မကောင်းအောင် ပါဝင်နေပါ သည်။ တိမ်တစ်စအတွက် ကျွန်တော်၏အသက်ကို ကျွန်တော် မနှမြောမိ။ ဖုန်မွှန်လွန်းသော ခရီးလမ်း၏ အဆုံးကို ကျွန်တော် ဘယ်လိုမှ စိတ်ကူးပုံဖော်၍ မမျှော်မှန်းတတ်ပါ။ ကိုယ်ထည်မဲ့ အတောင်ပံများပေါ်တွင် မနက်ဖြန်များ အစီအစဉ် မကျစွာ တန်းစီနေကြသည်။ မုန်တိုင်း များကို မကြိုဆိုပါ။ လေပြင်းများကို မကြိုဆိုပါ။ နာမည်ကြီးနေသော ဘေးဒုက္ခမှန်သမျှကို မကြိုဆိုပါ။ တစ်နည်းအားဖြင့် ဆိုးယုတ်မှုများကို မကြိုဆိုပါ။ ဆိုးယုတ်မှု၏ ဒဏ်ကို ပြင်းစွာ ခံခဲ့ရသော ပန်းတစ်ခင်းပေါ်တွင် လမ်းမလျှောက်ကြပါနှင့်။ လတ်ဆတ်နေသေးသော ရနံ့များနှင့်စိုလက်နေသေးသော ပွင့်ဖတ်များကို အားနာပါ။ ကောင်းမြတ်ခြင်းကို အလိုကြီးစွာ မမျှော်လင့်ပါနှင့်။ မတောင်းဆိုပါနှင့်။ ကမ္ဘာကြီးနှင့် လောကကြီး နှစ်ဦးပေါင်း၍ ဖော်ထုတ်ခဲ့သော ညီမျှခြင်းများမှာ သချာင်္ စာအုပ်တစ်အုပ်ထဲမှ ညီမျှခြင်းများ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်ပင် မများပါ။ ရှေးဟောင်းဂရိလူမျိုးများနှင့် ကျွန်တော် သာ သိသော ဒဏ္ဍာရီတစ်ပုဒ် ရှိပါသည်။ တစ်ချိန်က သာယာစိမ်းလန်းခဲ့ဖူးသော လမ်းကျဉ်းလေးသည် ယခုအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်နေ သည်။ ယခုအချိန်တွင် ခြောက်ကပ်တိတ်ဆိတ်နေသော လမ်းကျဉ်းလေးသည် နောင်တစ်ချိန်တွင် သာယာစိမ်းလန်းနိုင်ပါ သည်။ မဖြစ်နိုင်ဘူးဆိုတာ သူ၏အဘိဓာန်တွင် မရှိဟု ကြွေးကြော်ခဲ့သော စစ်ဘုရင်၏ အဘိဓာန်ကို ကျွန်တော်ဖတ်ဖူး ချင်ပါသည်။ သူ၏အဘိဓာန်တွင် အရှုံးကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုတာကို ကျွန်တော်သိချင်ပါသည်။ သူ၏ အဘိဓာန်တွင် အရှုံးပါချင်မှ ပါလိမ့်မည်။ သေချာတာကတော့ သူ မသေခင်မှာပင် ရှုံးနိမ့်သွားပါသည်။ ဒဿနပညာရပ် များ၏ မှော်ဝင်ကကြိုးများသည် လူသားများအတွက် ညတာရှည်လွန်းသော အိပ်မက်များ ဖြစ်သည်။ နွေသည် နွေသက် သက်သာ ဖြစ်သည်။ ၀ရန်တာတွင် ခိုများ လာရောက်နားနေသည်။ မဖိတ်ခေါ်ဘဲရောက်လာတတ်သော ဧည့်သည်များတွင် ငှက်များလည်း ပါသည်။ နေ၀င်ချိန်တွင် ကြေးနန်းတစ်စောင် ရောက်လာသည်။ ဘာမှအရေးမကြီးတဲ့ စာရွက်တစ်ရွက်ရဲ့ ရင်ခုန်သံကို ဂရုစိုက်ပေးပါ မျက်လုံးထဲပေါ်ရာ တွေးရင်း ၀ိုင်တစ်ခွက်နဲ့ လမင်းကို မျှော်ကြစို့ ကျွန်တော်မသိသော အရာများတွင် အရေးကြီးတာတွေ ပါသလို ကျွန်တော်သိသော အရာများတွင် အရေးမကြီးတာတွေ အများကြီး ပါဝင်သည်။ သဘာဝ၏ ပြုလုပ်ချက်ဖြင့် နွေစစ်စစ်များကို ကျွန်တော် မကြိုဆိုလိုပါ။ ပန်းကုံးစွပ်၍ ပြုံးပြဖို့ရာ ကျွန်တော်၏ စိတ်သည် ယခုအချိန်အထိ အဆင်သင့် မဖြစ်သေးပါ။ နာရီများအော်ဟစ်ပေါက်ကွဲ သော ညများတွင် တောတန်းမှ သစ်ပင်များလည်း ရွက်ကုန်ကြွေကြသည်။ ပန်းပွင့်လေးကို မမေ့နိုင်ခြင်းသည် ကျွန်တော် ကိုယ်တိုင် မဖယ်ရှားနိုင်သော ၀ဋ်ကြွေးတစ်ခု ဖြစ်သည်။ ချစ်စဖွယ်ကောင်းခြင်းသည် မြတ်နိုးဖွယ်ကောင်းခြင်းနှင့် မတူ ညီကြောင်း သူတို့ သိကြသည်။ မေ့စရာရှိတာ မေ့၍ သတိရစရာရှိတာ သတိရရင်း နေ့ရက်များကို အရေးအကြောင်း တိုးစေခြင်းသည် ကောင်းသော အိုမင်းခြင်း ဖြစ်ပါသည်။ ............................................................................... 

+မိုးအိမ်လူ+ 

ပန်းအလကာင်္၊၂၀၁၀

Read More...

Thursday, September 29, 2016

++လွှတ်ချလိုက်ခြင်းများ++

သေသေချာချာ တွေးကြည့်မိပါက ဘဝတွင် လွှတ်ချပစ်ချင်စရာ ကောင်းလှသော အကြောင်းအခြင်းအရာများ၊ တနည်းအားဖြင့်ပြောရလျှင် လွှတ်ချပစ်လိုက်ရန် သက်သေ သက္ကာရ အထောက်အထား ပြည့်စုံ ခိုင်လုံသော အကြောင်းအရာ အဖြစ်အပျက်များ များစွာ ရှိနေခဲ့သည်။ အချို့အရာများမှာ အမှန်တကယ် အသုံးမဝင်တော့ပဲ စိတ်လွတ်လက်လွတ် လွှတ်ချချင်စရာ ကောင်းလှသည်ဖြစ်ပြီး အချို့မှာမူ အနည်းငယ် လိုအပ်ကောင်း လိုအပ်နေအုံးမည်ဟု ယူဆကာ လွှတ်မချဖြစ်သေးသော အရာများဖြစ်သည်။ ထို့အပြင် လုံးဝ မလိုအပ်တော့ဟု စိတ်ထဲမှာ သေချာနေသော်လည်း ငဲ့ညှာထောက်ထားစရာ အခြေအနေအရပ်ရပ်ကြောင့် မရှိ မကောင်း၊ ရှိမကောင်း၊ သိမ်းထားရကောင်းနိုး လွှင့်ပစ် လိုက်ရကောင်းနိုး ချီတုံချတုံ ဖြစ်နေရသော အရာများလည်း များစွာ ရှိနေသေးသည်။ သို့သော် ဆုံးဖြတ်လိုက်သည်။ ဘဝတိုတိုလေးတွင် မည်သည်က အရေးပါပြီး မည်သည်က အရေးမပါသည်ကို အသေအချာ ပြန်လည်စဉ်းစား ဆင်ခြင်မည်။ အရေးမပါသော အရာများကို အသေအချာ စီစစ်မည်။ ပြီးလျှင် အဆင်ပြေသလို တစပြီး တစ လွှတ်ချလိုက်တော့မည်။

* * * * *

ပထမဆုံး ပိုးပုဝါလေးတစကို လွှတ်ချခဲ့သည်။ ပုဝါများစွာ ပိုင်ဆိုင်သော်လည်း ထိုပုဝါကလေးမှာ အမှတ်တရပေါင်း များစွာ ပါဝင်သော၊ အထိမ်းအမှတ်နေ့စွဲတခုမှာ သူကိုယ်တိုင် တယုတယ စည်းနှောင်ပေးခဲ့ဖူးသော ခရမ်းဖျော့ရောင် ပိုးပုဝါကလေးတခု ဖြစ်သည်။ ဘဝမှာ အတန်အသင့် မြတ်နိုးခဲ့ ဖူးသော အရာတခုဟု ဆိုရလျှင်လည်း မှားမည်မထင်ပါ။ သူနှင့်ပတ်သက်သမျှ အရာရာကို လွှတ်ချလိုက်တော့မည်ဟု စဉ်းစားလိုက်သော အချိန်တွင် ထိုပုဝါကလေးကို သတိတရ ရွေးချယ်ခဲ့မိသည်။ လွှတ်ချအံ့ဆဲဆဲ ထိုပုဝါစလေး ထဲတွင် ခါးသက်ရှတပြီး တဖက်သတ်ဆန်သော ချစ်ခြင်းမေတ္တာများ ပါဝင်မည်၊ တကိုယ်ရေ လွမ်းဆွတ်တမ်းတမှု အနည်းငယ် ပါဝင်မည်၊ ပြင်းထန်သော ဒါဏ်ရာဒါဏ်ချက်များနှင့်အတူ နာကျင်မှုအပိုင်းအစများကတော့ သေချာပေါက်ကို ပါဝင်နေလိမ့်မည်။ ချစ်သူဟု သုံးနှုန်းခေါ်ဆိုနိုင်ခဲ့ဖူးသော သူစိမ်းအမျိုးသား တယောက်ထံမှ ပိုင်ဆိုင်ရရှိခဲ့သော ချစ်ခြင်းမေတ္တာသည် သူ ချန်ထားခဲ့ပြီး နောက်ပိုင်းမှာ တန်ဖိုးထား စုံမက်စွာ ဆက်လက် သိမ်းဆည်းထားရန် လိုအပ်သည်လား၊ တဆက်တည်းမှာ ရက်ရက်စက်စက် ချန်ရစ်ထားခဲ့ရက်သော ထိုချစ်သူကို တရှိုက်မက်မက် လွမ်းဆွတ် တမ်းတနေရမှုကရော အမှန်တကယ် ရှိသင့်ရှိထိုက်ပါသလား၊ ထိုသူကို လွမ်းဆွတ် တမ်းတနေရဖို့ရော ထိုက်တန်ပါရဲ့လား။ ထိုသူနှင့်ပတ်သက်သော ထိခိုက် နာကျင်မှုများကတော့ ဘယ်လိုမှ သိမ်းဆည်းထားရန် မသင့်သော အရာများသာ။ ထိုအခါ အရာရာကို အပြီးတိုင် လွှတ်ချပစ်ရန်သာ စဉ်းစားရတော့သည်။ မြင်လွှာအောက်မှ အပြီးတိုင် ကွယ်ပျောက်သွားစေရန် ဟူသော အတွေးဖြင့် ထိုပုဝါစကလေးကို ဟိုး ခပ်မြင့်မြင့် နေရာတခုမှ လွှတ်ချနိုင်ရန် နေရာရွေးရသည်။ တွေ့ပြီ… အတန်ငယ်မြင့်မား မတ်စောက်သော တောင်ကုန်းငယ်လေး။ သူနဲ့အတူတကြိမ်မက ရောက်ခဲ့ဖူးသော တောင်ကုန်းငယ်ကလေး။ တောင်ကုန်းတနေရာတွင် ခြေစုံရပ်ရင်း လက်ထဲမှ ထိုပုဝါကလေးကို လွှတ်ချခဲ့သည်။ မလွှတ်ချခင် ဘေးဘီဝဲယာကို အသာ စောင်းငဲ့ကြည့်ရင်း တချက်ကလေး နမ်းရှိုက်လိုက်ရန် ဟန်ပြင်ပြီးမှ ရှက်ရွံ့စိတ်တို့ဖြင့် မလုံမလဲဖြစ်ကာ ခေါင်းကို ခါယမ်းလိုက်မိသည်။ ထို့နောက် စိတ်ကို ဖြတ်ကာ ပုဝါစလေးကို လွှတ်ချလိုက်တော့သည်။ ဖြစ်ချင်တော့ ထိုနေ့ ထိုအချိန်မှာ ဆောင်းလေက အရှိန် ပြင်းပြင်းဖြင့် တိုက်ခတ်နေခဲ့သည်။ ခရမ်းဖျော့ရောင် ပိုးပုဝါကလေးသည် လေထဲတွင် တလူးလူး တလွန့်လွန့်ဖြင့် နိမ့်ဆင်းဝဲပျံရင်း စက္ကန့်အနည်းငယ် အကြာတွင် သစ်ကိုင်းတခု၏ ထိပ်ဖျားတွင် သွားရောက် တွယ်ငြိနေခဲ့သည်။ ထိုအခါ ပုဝါစကလေးသည် ရုတ်တရက် ဖမ်းဆီး ချုပ်နှောင်ခံလိုက်ရသူတယောက်ပမာ၊ လေအဝှေ့တွင် ရုန်းရင်းဆန်ခတ်နှင့်။ သို့သော် လေနှင့်အတူ ဆက်လက်၍လည်း မပျံသန်းနိုင်၊သစ်ကိုင်းဖျားတွင် ငြိတွယ်မြဲ ငြိတွယ်လျက် မြင်လွှာအောက်မှလည်း ပျောက်ကွယ်မသွားနိုင်ပဲ လွှတ်ချခဲ့သူကို အပြစ်တင် စကားတင်းဆိုနေသယောင်။ နောင်တများစွာ ရစေသယောင်။ ပုဝါကလေးကို သံယောဇဉ်မပြတ်ချင်သလို၊ အားနာသလို လှည့်ကြည့် လှည့်ကြည့်ဖြင့် ပြန်လာခဲ့ရသည်။ တဆက်တည်းမှာ ထိုနေရာကို နောက်တခေါက် ထပ်မလာရန်လည်း ဆုံးဖြတ်မိသည်။ မကွယ်မဝှက်ပဲ ပြောကြစတမ်းဆိုလျှင် ကိုယ်တိုင်လွှတ်ချ ချန်ထားရစ်ခဲ့သော ထိုပုဝါလေးကို စိတ်အတွေးထဲမှ အကြိမ်ပေါင်းများစွာ ပြန်လည်ကောက်ယူနေခဲ့မိသည်။ 


 * * * * * 

ထိုညက ညသည် ညပီသလျက် အမှောင်ထုကြီးစိုးကာ တိတ်ဆိတ်နေခဲ့၏။ အဖြူခံပေါ်တွင် အပြာရောင် Bulla တံဆိပ် ရေးထိုးထားသော ဒိန်ချဉ်ဗူးထဲသို့ သကြားညို အနည်းငယ် ထည့်ကာ မွှေလိုက်သည်။ ထို့နောက် ဒိန်ချဉ်ဗူးကို ကိုင်ကာ ခပ်ကျယ်ကျယ် တွန်းဖွင့်ထားသော ပြတင်းပေါက် နံဘေးတွင် ထိုင်ရင်း အပြင်ဖက်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ နက်ပြာရောင် ကောင်းကင်ပြင်တွင် ထိုညက ကြယ်ပွင့်ကလေး တလုံးတလေမှ ရှိမနေပါ။ သို့သော် ကိုယ့်ရဲ့ ကြယ်ပွင့်ကလေး ဟု ခေါ်ခဲ့ဖူးသူတယောက်၏ အသံကို ဖျတ်ကနဲ သတိရသွားချိန်တွင် နှလုံးသားတနေရာမှ နာကျင်စူးနစ်ကာ အသက်ရှူရ ခက်နေခဲ့သည်။ သတိရခြင်းများသည် အခါများစွာမှာ အတိုင်းအဆမဲ့ ချိုမြိန်သည်ဟု ကျေနပ်ချင်စရာကောင်းသော်လည်း တချို့အချိန်များတွင်တော့ ထင်ထားသည်ထက် အဆပေါင်းများစွာ ခါးသက်စေသည်ချည်းသာ။ တခါတရံတွင်မူ ကြည်လင်သော ဂျင်န် တခွက်ကဲ့သို့ ရစ်မူးစွာ ပြင်းရှတတ်သေး၏။ ထိုသတိရခြင်းများကို ကိုယ်တိုင် နှစ်လိုခြင်းမရှိသော အချိန်တခုကို မလွဲမသွေ ရောက်ရှိနေပြီဟု ကိုယ်တိုင် သေချာနေခဲ့သည်။ ထိုစဉ် ရုတ်တရက် ပေါ်လာသော စိတ်အစဉ်အတိုင်း သောက်လက်စ ဒိန်ချဉ်ဗူးကို အရှိန်ဖြင့်လွှဲကာ ပြတင်းပေါက်မှ ပစ်ချလိုက်မိသည်။ ပစ်ချအပြီးမှာ တစုံတခုကို မျှော်လင့်စောင့်ဆိုင်းနေသကဲ့သို့ စက္ကန့်အနည်းငယ် ကြာသည်အထိ မျက်စိ စုံမှိတ်ကာ အသက်မရှူမိပဲ ငြိမ်သက် နေမိသည်။ တခဏအတွင်းမှာပင် ပစ်ချလိုက်သော ဒိန်ချဉ်ဗူးနှင့် ကတ္တရာလမ်းမတို့ ပြင်းထန်စွာ ထိရိုက်သွားသော အသံကို ကြားရသည်။ သေးငယ်သော ဒိန်ချဉ်ဗူးကလေးက ထိုမျှလောက် အသံပြင်းပြင်း ထွက်သည်ကို အံ့သြ မှင်သက်နေမိသေးသည်။ ထိုအသံသည် ညတည၏ တိတ်ဆိတ်မှုကို လှလှပပ ဖြိုခွင်း လိုက်သလိုပင်။ တချိန်ထဲမှာ တင်းကြပ်နေသော ခံစားမှုတို့ကို အဆုံးစွန် ဖြေလျှော့ ချလိုက်သကဲ့သို့ နှာသီးဖျားတွင် ရစ်ဝဲနေသော လေကို လွတ်လပ် ပေါ့ပါးစွာ ရှူထုတ်လိုက်မိ၏။ နှုတ်ခမ်းနှစ်လွှာကို မဖွင့်ဟပဲ ပိပိရိရိ ပြုံးတတ်ရန် အခါများစွာက ကြိုးစား လေ့ကျင့်ခဲ့ဖူးသည့်အတိုင်း ဟန်ပါပါ ပြုံးလိုက်၏။ တစုံတယောက်ကို သတိရခြင်း၊ ကိုယ့်ကိုကိုယ် စိတ်တိုင်းမကျစွာ ခံပြင်းခြင်း၊ ဒေါသ အနည်းငယ်နှင့် ပူလောင်ခြင်းတချို့ အပြင် သစ်ကိုင်းဖျားတွင် လူးလွန့် ငြိတွယ်ကျန်နေခဲ့သော ပိုးပုဝါစကလေးပါ ထိုဒိန်ချဉ်ဗူးထဲတွင် ရီးလေးခို၍ ပါသွားကြသည်ကို မည်သူမျှ မသိနိုင်သော်လည်း ကိုယ်တိုင်ကတော့ သေသေချာချာ သိနေခဲ့သည်။ ဒိန်ချဉ်ဗူးသည် အနက်ရောင်လမ်းမနှင့် အရှိန်ပြင်းပြင်း ထိရိုက်ကာ တစစီ ပေါက်ကွဲ ပွင့်ထွက် လွင့်စင်သွားပုံကို စိတ်မှန်းဖြင့် တွေးမြင်ကြည့်မိ၏။ ဒိန်ချဉ်ဗူးနှင့်အတူပါသွားသော ဒေါသလှိုင်းများ၊ အလွမ်းများနှင့် သောက အပူငွေ့များသည်လည်း အပိုင်းအစများအဖြစ် ပဲ့ကြွေကာ အနက်ရောင်ကတ္တရာလမ်းမပေါ်တွင် အဆောတလျင် ပြေးလွှားသူက ပြေးလွှား၊ ဘီးလှိမ့်ရုံ မောင်းနှင်သွားသော ကားတစင်းမှ လွင့်ကျကျန်ရှိနေခဲ့သော တေးသံတချို့နှင့်အတူ နရီစည်းချက်လိုက်ကာ ကခုန်သူက ကခုန်၊ လမ်းဘေး သစ်ပင်ခြေရင်းတွင် ငြိမ်သက်စွာ လှဲလျောင်းသူက လှဲလျောင်း… ထိုမြင်ကွင်းကို စိတ်ထဲမှာ တွေးထင် မြင်ယောင်ရင်း များစွာ ကျေနပ်မိ၏။ တင်းကြပ်မှုများ ပူလောင်မှုများလည်း အချိန်တိုတိုအတွင်း သက်သာရာ ရသွားသယောင်၊ နေလို့ ပိုကောင်းသွားသယောင်။ ထို့အတူ သတိရနေစရာ မလိုအပ်ဟု ဆင်ခြင်မိသော လူတယောက်ကို ရံဖန်ရံခါ လွမ်းဆွတ် သတိရနေချိန်များဟူသည့် ခေါင်းစဉ်ကိုပါ တခါတည်း လွှတ်ချလိုက်နိုင်ပြီ ဖြစ်သည်။ ထိုအခိုက်အတံ့လေးမှာတော့ လွှတ်ချပစ်လိုက်ရခြင်း၏ အရသာကိုလည်း မက်မောစွာ နားလည်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ပုဝါကလေးကို လွှတ်ချခဲ့စဉ်ကလို နှမြောတသစွာ ပြန်လည်ကောက်ယူလိုစိတ်များ စိုးစဉ်းမှ ပေါ်မလာသည်ကိုလည်း အံ့သြစွာ တွေ့ရှိခဲ့ရသည်။ 


* * * * * 

မလိုအပ်သည်များကို လွှတ်ချခြင်း ဟူသောအဖြစ်တွင် နေသားတကျ ပျော်ဝင်လာသောအခါ လူက တစ တစ ပေါ့ပါးလာခဲ့သည်။ နေ့စဉ်နှင့် အမျှ ဘာကို လွှတ်ချရရင် ကောင်းမည်လဲ ဟူသော အတွေးများသာ ကြီးစိုးသည်။ မှတ်မိသမျှပြောပြရလျှင် စာတိုက်ပုံးထဲမှ စာအဟောင်းများကို ရှင်းလင်းပစ်ချခဲ့သည်။ လက်တဝါးစာခန့်ရှိသော လက်ကိုင်ဖုန်းကလေး၏ သိုလှောင်နိုင်စွမ်းကို အံ့အားတသင့်ဖြစ်နေရင်းမှပင် စာတိုများကို ကြက်ခြေခတ်ရင်း ပစ်ချခဲ့သည်။ အနှစ်နှစ်အလလက ရေးသားခဲ့သော ဒိုင်ယာရီများ၊ သံယောဇဉ် လက်ကျန်တစွန်းတစကြောင့် သိမ်းဆည်း ထားမိသော မင်လက်ကျန်နည်းနေသော ဘောပင်ရောင်စုံများ၊ အသံထွက်မည် မထွက်မည် မသေချာတော့သော သီချင်းစီဒီချပ်များ၊ ဟိုတကွက် ဒီတကွက် ဆေးသား ပြယ်လွင့်စပြုနေပြီဖြစ်သော ဓါတ်ပုံဟောင်းများ။ သာမန်မျက်စိဖြင့် မြင်နိုင်သော ထိုအရာများအပြင် အလွယ်တကူ မမြင်တွေ့နိုင်သော၊ ဟိုမှ သည်မှ တစစီထွက်နေသော အထူအပါး အတိုအရှည် မတူညီကြသော အရောင်အသွေးစုံလင်လှသော ကြိုးမျှင်များကိုလည်း တမျှင်ခြင်းစီ စိတ်ရှည်လက်ရှည် ရှင်းလင်း ဆွဲထုတ်သည်။ ထိုကြိုးမျှင်များထဲမှ အနည်းငယ်ကိုသာ ပြန်လည်သိမ်းဆည်းကာ အချို့ကို အပိုင်းအစငယ်ကလေးများဖြစ်အောင် ဖြတ်တောက်ကာ လွှတ်ချသည်။ အချို့ကို စုပေါင်း ထွေးလုံးကာ ပစ်ချသည်။ ရှင်သန်နေထိုင်ရသော နေ့ရက်များ တနေ့ထက်တနေ့ ပို၍ ပေါ့ပါးလာခဲ့သည်မှာ သေချာလှသည်။ ရှူသွင်းလိုက်သော လေထုသည်ပင် အခါများစွာထက် ပိုမိုလတ်ဆတ် သန့်ရှင်းနေသယောင်... မလိုအပ်သမျှ အရာအားလုံးကို လွှတ်ချနိုင်ခဲ့သောတနေ့… ထိုနေ့တွင် အပြာရောင်ကောင်းပင်ကြီးပေါ်တွင် လှပစွာ ချိတ်တွယ်လျှက်ရှိသော ဝါဂွမ်းကလေးတမျှ ပေါ့ပါးသော တိမ်ဖြူကလေးတစ သို့တည်းမဟုတ် ရောင်စဉ်ခုနှစ်သွယ် စီခြယ်အပ်သော သက်တန့်ကွေးပေါ်တွင် မှီတွယ် ခိုနားလျက် ရှိသော အဖြူရောင် ငှက်ငယ်ကလေးတကောင် ကိုယ်တိုင် ဖြစ်မလာနိုင်ဟု ဘယ်သူ အတတ်ပြောနိုင်မည်လဲ။ ဒါတွေမှ မဖြစ်ရလျှင်၊ မဖြစ်နိုင်ခဲ့လျှင်အနည်းဆုံးတော့ ကောင်းကင်ပေါ်တွင် လွတ်လပ် ပေါ့ပါးစွာ ဝဲပျံသန်းသွားသော ငှက်ငယ်ကလေးတကောင်၏ ကိုယ်ပေါ်မှ မတော်တဆ ကျကျန်နေရစ်ခဲ့သော ငှက်မွှေးလေးတမျှင်၊ မိုးကုတ်စက်ဝိုင်း တလျှောက် မျက်စိတဆုံး တွေ့မြင်နေရသော မြက်ခင်းစိမ်းထဲမှ လေယူရာ ယိမ်းနေသော မြက်သီးပေါ့ပေါ့ကလေး တစ်လုံး၊ စမ်းချောင်းငယ်ကလေးထဲတွင် ပေါ့ပါးစွာ အလိုက်သင့် စီးမျောပါလာသော စက္ကူလှေငယ်ကလေး တစီး၊ မိုးရွာပြီးစ ညနေခင်းတခုတွင် စိမ်းမြသစ်ရွက်ဖျား၌ တွဲခိုကျန်ရစ်သော မိုးရေစက်ကလေး တစက်၊ အဖြူရောင်နှင့် အနက်ရောင် ရောနှောနေသော လိပ်ပြာတကောင် သယ်ယူလာသော ဝါဖျော့ဖျော့ ဝတ်မှုန်ကလေး တမှုန်၊ ပွင့်အာစပြုနေပြီဖြစ်သော အနီရောင် နှင်းဆီပွင့်ငယ်လေး၏ ကိုယ်ပေါ်မှ နုညံ့သော ပွင့်ချပ်ကလေးတခု… တခုခုတော့ ဖြစ်နိုင်လိမ့်မည်ဟု သေချာယုံကြည်နေမိသည်လေ။ ................................................................. 

+သက်ဝေ+


 (၁၂ ဇွန် ၂၀၁၅ - ၉ သြဂုတ် ၂၀၁၆) 

- ၂၀၁၆ စက်တင်ဘာလ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

Read More...

Tuesday, August 23, 2016

=မိုးသည်းတုန်းခဏ=

ဒီမနက် မိုးတွေသည်းလိုက်တာ.........။ ကားမှန်အပြင်ဖက်က အုံ့ဆိုင်းညှို့မှိုင်းနေတဲ့ အရောင်တွေနဲ့ မိုးရေစက်တွေ ယှက်ထွေး နေတာကိုငေးမောရင်း... ဖုန်းနားကြပ်လေးနဲ့ X-banana အဖွဲ့ရဲ့ “မိုးရာသီအလွမ်း” သီချင်းကို နားထောင်နေခဲ့မိတယ်...။ သီချင်းလေးနဲ့ အပြင် ပတ်ဝန်းကျင်အပံ့အပိုးက လိုက်ဖက်နေတာကိုး....။ တရွေ့ရွေ့သွားနေတဲ့ ကားတန်းကြီးကိုမေ့ထားပြီး မျက်စိစုံမှိတ်ထားလိုက်တယ်...။ ခုချိန်မှာ ကားတန်းကြီးမလှုပ်လေ ကိုယ့်အတွက်ပျော်လေပဲ...။ မိုးရွာနေတာကို ကိုယ်က သဘောကျတယ်လေ...။ ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးရောင်တိမ်တိုက်တွေ ဖုံးလွှမ်းနေတာများ ဒါဟာ မနက်ခင်းတစ်ခုလို့တောင် မထင်မှတ်မိဘူး...။ အင်းလေ... မနက်ခင်းတစ်ခုဟာ ကျေးငှက်သံသာတွေနဲ့ နေခြည်နုတွေနဲ့ မြက်ခင်းစိမ်းတွေနဲ့ ပန်းပေါင်းစုံတွေ ဖူးပွင့်မွှေးမြနေရမယ်လို့ တရားသေသတ်မှတ်လို့မှမရဘဲ...။ ဒီလိုပဲ အချိန်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းမှာ အရာရာတိုင်းဟာ ပြောင်းလဲနေကြမှာပဲ..။ အရင် ရက်တွေဆို ကိုယ်အလုပ်သွားရင် ကားစီးရင်း စာအုပ်ဖတ်ဖြစ်တာများတယ်...။ ခုနောက်ပိုင်း နဲနဲဆင်ခြင်လိုက်တယ် ..။ အလုပ်မှာလည်းတနေကုန် ကွန်ပြူတာကြည့်တာဆိုတော့ မျက်လုံးကို သက်ညှာရမယ်လေ...။ ဒါကြောင့် စာအုပ်မဖတ်ဖြစ်တော့ဘဲ သီချင်းနားထောင်တယ်... လမ်းတလျှောက်လုံးက သစ်ပင်စိမ်းစိမ်းတွေကို မျက်စိအားဆေးအဖြစ်ကြည့်ဖြစ်တယ်...။ စာအုပ်ကိုတော့ ညမအိပ်ခင် ဖတ်နိုင်သလောက်ဖတ်တယ်...။ ပိတ်ရက်တွေမှာ ဖတ်တယ်...။ အသုံးအဆောင် အ၀တ်အစားတွေထဲမှာ အစိမ်းကို မနှစ်သက်ပေမယ့်လည်း အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင်ကိုတော့ ကြိုက်တယ်..။ ခုလို မိုးသည်းထဲ ဘာအနှောင်အဖွဲ့ အချည်အနှောင်မှမပါဘဲ အနှောက်အယှက်ကင်းကင်း လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်...။ ဘယ်သူမှလုမယူနိုင်တဲ့ ကိုယ်ပိုင်ချိန်စစ်စစ် ရလိုတယ်...။ မိုးသည်းထဲလျှောက်သွားပြီးရင်လည်း ကော်ဖီပူပူလေးတစ်ခွက် သောက်ရင်း မိုးကို ထိုင်ကြည့်ချင်သေးတယ်...။ မိုးကိုမြင်ရင် မိုးထဲ လမ်းလျှောက်ချင်မိ...။ ရွှဲရွှဲစိုတဲ့ အရသာကိုခံစားချင်ခဲ့မိ...။ မိုးကောင်းကင်ကို မျက်နှာမူတဲ့အခါ မိုးစက်တွေခပ်စူးစူးလေးလာထိမှန်တဲ့ ခံစားမှုကိုလိုချင်မိ....။ သြော်.... မိုးကို တွယ်တာမက်မော စွဲလန်းတဲ့ စိတ်က အရင်တိုင်းပါပဲလား....။ ပြောင်းလဲခြင်းတွေထဲက မပြောင်းလဲသေးတဲ့ စိတ်ခံစားမှုတစ်ခု...။ 

////////////////////////////////////////////////////////////////// 


 +မိုးငွေ့+

Read More...

Wednesday, July 27, 2016

=အတိုဆုံးလမ်း=

လေပြေက အေးအေးလေး အလာလမ်းက ညင်ညင်ကလေး ရင်တွင်းဗဟိုချက်သို့ ခဏ နားပြီးတဲ့အခိုက် အပြန်လမ်းအတွက် လေပြေက နွေးသွားတယ်။ ဒီလိုနဲ့ အကြိမ်ကြိမ် မရေတွက်နိုင်အောင် သူလာတယ်။ သူပြန်တယ် ။ အဲ့ဒီ ဝေါဟာရ နှစ်ခုကြားမှာ .. လူးလွန့်နေတဲ့ စိတ်ကလေးက တစစ အနည်ထိုင်လာတယ် တဖြည်းဖြည်း ကြည်လင်လာတယ်။ တရေးရေးနဲ့ အေးချမ်းစပြုလာတယ် ငြိမ်းချမ်းခြင်းကို စတင်တွေ့လာတယ် ။ဒီလိုနဲ့ အတွင်းစိတ်ရဲ့ အသိက ဘာက ဘာဆိုတာ သိလာတယ် အဲ့ဒါဟာ ငြိမ်းချမ်းခြင်းကို သွားတဲ့ အတိုဆုံးလမ်းပဲ .. ။

 .....................................

. +ဘာနေ+

Read More...

Saturday, June 4, 2016

=ဗန်ဂိုး ဂေါ်ဂင်နဲ့ စာပို့သမားတစ်ယောက်=

စနေနေ့နေ့လည်ခင်းဟာ ပူတယ်လည်း မဆိုနိုင် အေးတယ်လည်း ပြောလို့မရ၊ လေပြင်းပြင်းတိုက်နေ လို့သာ အိပ်ခန်းထဲမှာ အခုလို အေးအေးလူလူ စာဖတ်နေနိုင်တာ။ စာဖတ်နေရင်းက အိမ်ရှေ့မှာ တံခါးခေါက်သံကြားတယ်။ သစ်သားတံခါးကို လက်ဆစ်တွေနဲ့ ခပ်အုပ်အုပ် ခေါက်လိုက် တဲ့အသံမျိုး။ တစ်ချက် နှစ်ချက်၊ သုံးချက်။ သေချာပြီ ဒါ အိမ်က တံခါးကို ခေါက်နေတာပဲ။ စကားစပ်လို့ ပြောပြရရင် အိမ်မှာ လူခေါ်ခေါင်းလောင်း မရှိဘူး။ မရှိဘူးဆိုတာထက် မရှိတော့ဘူး ဆိုတာက ပိုမှန်မယ်။ ဒီလိုလေ… လူခေါ်ခေါင်းလောင်းလို့ ဆိုလိုက်ရင် လူတိုင်း မျက်လုံးထဲ ရုတ်တရက် မြင်လိုက်တာက လျှပ်စစ်နဲ့ သွယ်တန်းထားပြီး ခလုတ်နှိပ်လိုက်ရင် သံစုံတီးလုံး (သို့) အသံမစုံတစုံ တီးလုံးရှည်တစ်ခု မရပ်မနား ထွက်လာတတ်တဲ့ ပစ္စည်းမျိုးပဲ။ ဘဝမှာ ဘယ်တုန်းကမှ လျှပ်စစ်လူခေါ် ခေါင်းလောင်းကို မနှစ်သက်ခဲ့ဖူးတာကြောင့် ကြေးဝါရောင် ခေါင်းလောင်းလေးတစ်လုံးကို သစ်သားတံခါးမကြီး အပြင်ဖက်က အလူမီနီယံကို လေးထောင့်အကွက်ဖေါ်ထားတဲ့ တံခါးရဲ့ တနေရာမှာ နန်းကြိုးလေးနဲ့ တုတ်ပြီး ချိတ်ထားခဲ့ဖူးတယ်။ အဲဒီခေါင်းလောင်းလေးရဲ့ အသံဟာ အင်မတန် သာ တာ။ ဒီလိုနဲ့ အိမ်ကို လာတဲ့သူတွေဟာ ခေါင်းလောင်းလေးကို လှုပ်ခါပြီး အသံပြုတတ်ကြတယ်။ ဒါပေမဲ့ ခေါင်းလောင်းတစ်လုံးရဲ့ သက်တမ်းဟာ တစ်လလောက်တောင် မရှိတတ်ဘူး။ ချိတ်ထားရင်းနဲ့ ပျောက်ခြင်းမလှ ပျောက် ပျောက်သွားတာ။ တစ်လုံး ပျောက်သွားရင်း နောက်ထပ်တစ်လုံးကို ဝယ်ချိတ် လိုက်ရင်းနဲ့ စတုတ္ထမြောက် ခေါင်းလောင်းကို ဝယ်ချိတ် အပြီးမှာတော့ တကယ်လို့များ ဒီခေါင်းလောင်းလည်း အရင်ခေါင်းလောင်းတွေလိုပဲ ပျောက်သွားခဲ့ရင် နောက်ထပ် ဘာခေါင်းလောင်း တစ်လုံးတစ်လေကိုမှ ဝယ်မချိတ်တော့ဘူး လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ချက် ချလိုက်တယ်။ တကယ်ပါ… အဲဒီ စတုတ္ထမြောက်ခေါင်းလောင်းဟာလည်း ချိတ်ပြီးတစ်လပြည့်ဖို့ နှစ်ရက်အလိုမှာ ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ အဲဒီက စပြီး အိမ်မှာ ဘာခေါင်းလောင်းမှ မရှိတော့တာ အခုထက်ထိပဲ။ အိမ်ကို လာသမျှလူတွေဟာလည်း သစ်သားတံခါးကို လက်ဆစ်နဲ့ ခေါက်ရင် ခေါက်၊ ဒါမှမဟုတ် အလူမီနီယံတံခါးကို လက်ချောင်းလေးတွေနဲ့ ခေါက်ရင်ခေါက် အဲဒီနည်းနဲ့ လူခေါ်ကြရရှာတယ်။ သူငယ်ချင်းတစ်ယောက်ကတော့ သူ့လက်ထဲမှာ ပါလာတဲ့ ကားသော့နဲ့ ခေါက်လေ့ရှိတယ်။ တံခါးခေါက်သံကြားရာကနေ ဆက်စပ်ပြီး ခေါင်းလောင်း အကြောင်းကို အတော်လေး တရှည်တလျား ပြောမိသွားတယ်။ အသက်အရွယ်ကြောင့်များ စကားကို စီကာပတ်ကုံး ရှည်ရှည်ဝေးဝေး ပြောနေမိသလားလို့ ပြန်တွေးရယ်း အပြုံးစစနဲ့ ထိုင်ရာက ထလို့ တံခါးခေါက်နေသူကို သွားကြည့်ရတယ်။ တံခါးအနားကို ရောက်ခါနီးတော့ နောက်ထပ် ခေါက်လိုက် သံကြားတယ်၊ တဆက်တည်းမှာပဲ Postman လို့ အော်လိုက်တဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံကိုပါ ကြားလိုက်ရတယ်။ ရုတ်တရက် ထိတ်ကနဲ ဖြစ်သွားသေးတယ်။ စနေနေ့ဆိုတော့ စာပို့သမား လာလိမ့်မယ်လို့လည်း ထင်မထားဘူးလေ။ ဒါနဲ့ သစ်သားတံခါးကို ဖွင့်လိုက်တော့ တွန်းလှည်းခပ်ရွယ်ရွယ်တစ်ခုနဲ့အတူ ရပ်နေတဲ့ စာပို့သမားကို တွေ့ရတယ်။ သူက ပါဆယ်လို့ တစ်ခွန်းထပ်ပြောတယ်။ သူပြောတော့မှ ငါးကန်အတွက် ရေ အပူအအေးတိုင်းတာတဲ့ ခလုတ်တစ်ခု မှာထားတာ သတိရသွားတယ်။ ဒါနဲ့ သူ လှမ်းပေးတဲ့ စာရွက်မှာ ရရှိကြောင်း လက်မှတ်ထိုး၊ ပါဆယ်ဖြစ်ဟန်တူတဲ့ စာအိပ်အဝါရောင်ကို လှမ်းယူပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်ရတယ်။ စာပို့သမား ထွက်သွားပေမယ့် သစ်သားတံခါးကို ပြန်မပိတ်နိုင်သေးပဲ သူ ထွက်သွားရာလမ်းကို မျက်စိတဆုံး လိုက်ကြည့်နေမိတယ်။ ဒီိအိမ်ကို ပြောင်းလာပြီးမှ စာပို့သမားတစ်ယောက်ကို တွေ့ရတာ ဒါပထမဆုံး အကြိမ်ပဲ။ ယူနီဖေါင်းလို့ ယူဆရတဲ့ အပေါ် အောက် ဆင်တူ စိမ်းရင့်ရင့် ဝတ်စုံနဲ့ စာပို့သမား၊ တွန်းလှည်းလေးကို တွန်းလို့ တရွေ့ရွေ့နဲ့ ထွက်သွားတယ်။ သူ့ကို ခဏ လိုက်ကြည့်နေပြီးမှ သစ်သားတံခါးကို ပိတ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့တယ်။ ခြေလှမ်းသုံးလှမ်းလောက် လှမ်းအပြီးမှာ ရုတ်တရက် တစုံတရာကို သတိရသွားတာနဲ့ ချက်ချင်း တံခါးနားကို အပြေးသွား၊ တံခါးကို ပြန်ဖွင့်ပြီး စာပို့သမားကို လှမ်းရှာမိတယ်။ တော်သေးတယ်လို့ ဆိုရမယ်… စာပို့သမားဟာ လမ်းချိုးလေးအနားကိုတောင် ရောက်နေပြီ။ တကယ်လို့သာ လမ်းချိုးလေးထဲ ဝင်သွားရင် မြင်လိုက်ရမှာ မဟုတ်ဘူးလေ။ အခုတော့ လှမ်းမြင်နေရသေးတယ်။ ဒါနဲ့ ကိုယ် သိချင်တာကို အပြေးအလွှား လှမ်းကြည့်လိုက်တယ်။ စာပို့သမားရဲ့ ခေါင်းပေါ်မှာ ဦးထုတ် တစ်လုံးတလေမှ ရှိမနေဘူး။ မတိုမရှည် ညှပ်ထားတဲ့ ဆံပင်ထူအုပ်အုပ်ကိုပဲ တွေ့လိုက်ရတယ်။ ဒီတော့မှ ကျေနပ်ပြီး အိမ်ထဲပြန်ဝင်လာခဲ့ရတယ်။ အိပ်ခန်းထဲပြန်ရောက်ပြီး အချိန်အတော်ကြာသည်အထိ စောစောက ဖတ်လက်စ စာအုပ်ကို ကောက်မကိုင်မိဘူး။ လောလောလတ်လတ် လက်ခံရရှိတဲ့ ပါဆယ်ထုတ်ကိုလည်း မဖေါက်မိဘူး။ စာရေးစားပွဲမှာ တွေပြီး ထိုင်နေမိတယ်။ ခဏနေတော့ စိတ်ထဲမှာ ပြက်ပြက်ထင်ထင် ရှိနေတဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်လာတယ်။ ဖြစ်ချင်တော့ ကိုယ်ပြောတာကို နားထောင်မယ့်သူကလည်း တစ်ယောက်တလေမှ ရှိမနေဘူး။ ယုတ်စွအဆုံး ကြောင်ကလေးတစ်ကောင် ဒါမှမဟုတ် ခွေးကလေးတစ်ကောင်တောင် အနီးအနားမှာ ရှိမနေဘူး။ ကြံရာမရတဲ့အဆုံးမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို စကားလုံးတွေအဖြစ်နဲ့ ချရေးဖို့ပဲ ဆုံးဖြတ်ရတယ်။ ဒါနဲ့ ဒီစာကို ရေးလိုက်တာပဲ။ 

 * * * * * 

 အသက် ဆယ်နှစ် ဆယ့်နှစ်နှစ်အရွယ်မှာ အခုနေရာနဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မြို့ခပ်သေးသေးလေးက သစ်သားအိမ်လေးမှာ နေခဲ့ဖူးတယ်။ မြို့ကလေးက သေးပေမယ့် တောင်တွေ ပတ်လည်ဝိုင်းနေတော့ မြေကြီး အနိမ့် အမြင့်၊ ကုန်းတက် ကုန်းဆင်းလေးတွေနဲ့ သစ်ပင်များများနဲ့ ချောင်းခပ်သေးသေးတစ်ခုပါ ကွေ့ဝိုက် စီးဆင်းနေတဲ့ လှပပြီး အေးချမ်းတဲ့ မြို့ကလေးပဲ။ နေရတဲ့ အိမ်က ကုန်းအမြင့်ကလေးတစ်ခုပေါ်မှာ ဆောက်ထားတာ။ ကုန်းအမြင့်ပေါ်ကလည်း ဖြစ်ပြန်၊ ပြတင်းပေါက်ကျယ်တွေ အများကြီးပါတဲ့ အိမ်လည်းဖြစ်ပြန် ဆိုတော့ ပတ်ဝန်းကျင်က လမ်းမကျယ်တွေ၊ လမ်းသွယ်ကလေးတွေ၊ သစ်ပင်တွေ၊ ချောင်းကလေးနဲ့ လူသွားလူလာ ကားသွားကားလာတွေ အားလုံးကို အပေါ်စီးကနေ ရှင်းရှင်းလင်းလင်း မြင်နေရတတ်တယ်။ နွေရာသီ ကျောင်းပိတ်ရက်တစ်ရက်မှာတော့ နေ့လည်စာစားပြီးချိန်၊ အိပ်ခန်းပြတင်းပေါက်မှာ ရပ်ပြီး ဟိုဟိုဒိဒီ ငေးမောနေရင်းက ကုန်းလေးပေါ်ကို တရွေ့ရွေ့နဲ့ တက်လာတဲ့ စာပို့သမား လို့ ယူဆရတဲ့ လူတစ်ယောက်ကို လှမ်းတွေ့လိုက်တယ်။ စာပို့သမားလို့ ပြောနိုင်တာက အပေါ် အောက် နက်ပြာ ဝတ်စုံရယ်၊ စလွယ်သိုင်းလွယ်ထားတဲ့ မကြီးမသေး သားရေအိတ်တစ်လုံးရယ်၊ လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်လိုလို စာအိတ်လိုလိုတွေရယ် ကို မြင်လိုက်ရလို့ပဲ။ ပြီးတော့ စာပို့သမားဟာ ဦးထုတ်တစ်လုံးကိုလည်း ဆောင်းထားသေးသလိုလို။ တဖြည်းဖြည်း နီးလာတော့ မြင်ကွင်းဟာ ပိုပြီး သဲကွဲလာတယ်။ ဟုတ်တယ်… သူဟာ စာပို့သမားတစ်ယောက်ပဲ။ သူ့ဆီမှာ ထူးခြားတာတစ်ခု တွေ့ရတယ်။ အဲဒါကတော့ သူ့ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုတ်ပဲ။ သူ့ဦးထုတ်က အခုခေတ်မှာ သိပ်မမြင်ရတော့တဲ့ ရှေးတုန်းက ဂျပန်ရုပ်ရှင် တွေထဲမှာ စစ်သားတွေ ဆောင်းလေ့ရှိတဲ့ ဦးထုတ်မျိုး၊ ဘေးတစ်ဖက်တစ်ချက်မှာ ကျနေတဲ့ အဖတ်တွေက နားရွက်နေရာကို ဖုံးအုပ်ပြီး ပုခုံးနားကို လာထောက်နေကြတာမျိုး။ အဆန်းပဲ။ နာရီကို ကြည့်လိုက် တော့ နေ့လည် တစ်နာရီနဲ့ ဆယ်မိနစ်။ စာပို့သမားဟာ ခြေလှမ်းကို လေးလေးနဲ့ မှန်မှန် လှမ်းရင်း မြင်ကွင်းထဲကနေ ဖြတ်ပြီး အိမ်ရှေ့ကနေ ဖြတ်ပြီး သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အိမ်အတွက် စာတစ်စောင်တလေမှ ပါမလာဘူး။ နောက်တစ်နေ့မှာလည်း နေ့လည်စာ စားပြီးချိန်၊ ပြတင်းပေါက် မှာရပ်ပြီး ဟိုဟိုဒီဒီ ကြည့်မိချိန်နဲ့ စာပို့သမား ကုန်းကလေးပေါ်ကို တရွေ့ရွေ့တက်လာချိန်… အားလုံးဟာ တစ်ချိန်တည်း ဖြစ်နေပြန်တယ်။ နာရီကို ကြည့်လိုက်တော့ နေ့လည် တစ်နာရီနဲ့ ဆယ်မိနစ်။ မနေ့က အချိန်ပဲ။ ဒီနေ့မှာတော့ စာပို့သမားဟာ မျက်နှာကို မော့ရင်း ကုန်းလေးပေါ်ကို အားယူပြီး တက်လာတာတွေ့ရတယ်။ အဲဒီမှာ မျက်နှာချင်း၊ အကြည့်ချင်း ဆုံမိတာပဲ။ ဒါပေမဲ့ ဘယ်သူ့ ဘယ်သူမှ ပြုံးပြ နှုတ်ဆက်တာမျိုး မရှိကြဘူး။ သူကလည်း သူ့လမ်းသူ ဆက်လျှောက်သွားတယ်၊ ကိုယ်ကလည်း ရပ်မြဲ ရပ်နေဆဲ။ အိမ်အတွက်လည်း စာတစ်စောင်တလေမှ ပါမလာဘူး။ ကျောင်းပိတ်ရက်ရှည်ရဲ့ ထုံးစံအတိုင်း လုပ်စရာ မယ်မယ်ရရမရှိ ယောင်ချာချာနဲ့၊ နောက်ရက်တွေမှာလည်း တကူးတက အချိန်ယူ စောင့်ဆိုင်းတယ် မဟုတ်ပေမယ့် နေ့လည် တစ်နာရီ ဆယ်မိနစ် ပတ်ဝန်းကျင်မှာ စာပို့သမားကြီး ကုန်းလေးပေါ်ကို တက်လာတတ်တာ တွေ့နေရတယ်။ တစ်ရက်မှာတော့ သူက ကိုယ့်ကို သိကျွမ်းနေဟန်နဲ့ လက်ကို မြှောက်ပြီး ဝှေ့ယမ်းနှုတ်ဆက်တယ်။ ရုတ်တရက်တော့ ကြောင်အအနဲ့ ကြည့်နေမိတာ။ ပြီးတော့ သူ့ခြေလှမ်းတွေက အိမ်ခြံဝင်းအဝမှာ ရပ်သွားတယ်။ အိမ်အတွက် စာပါလာတယ်လို့ ထင်ရတာနဲ့ အောက်ကို ပြေးဆင်းပြီး ဝင်းတံခါး အဝကို သွက်သွက် လျှောက်သွား လိုက်တယ်။ ထင်တဲ့အတိုင်းပဲ။ ဖေဖေ့နာမည်နဲ့ စာတစ်စောင်ကို သူက လှမ်းပေးတယ်။ သူ့မျက်နှာက ခပ်ပြုံးပြုံးနဲ့ အသက်ကတော့ ကြီးပုံရတယ်။ အသားညိုညိုနဲ့ ဦးထုတ်ကလည်း ဟိုနေ့က တွေ့လိုက်တဲ့ ဦးထုတ်ပဲ၊ နားရွက်ဖုံး ဦးထုတ်လို့ စိတ်ထဲက တီးတိုး ရေရွတ်လိုက်တယ်။ စာကို ယူလိုက်ပြီး အိမ်ဖက်ကို ပြန်လျှောက်လာချိန်မှာ စာပို့သမားကြီးကလည်း သူ သွားနေကျလမ်းလေးအတိုင်း ဆက်ထွက်သွားတယ်။ စကားတစ်ခွန်းတစ်လေတောင် မပြောဖြစ်ခဲ့ကြဘူး။ နောက်ရက်တွေမှာလည်း ဖေဖေ့နာမည်နဲ့ စာတွေ ပါလာတိုင်း ကလေးပီပီ သွက်သွက်လက်လက်နဲ့ ပြေးဆင်းပြီး စာတွေ ဆင်းယူတယ်။ အဲဒီလို မကြာခဏ မြင်ရ တွေ့ရတော့ စာပို့သမားကြီးနဲ့ အတန်ငယ် ရင်းနှီးစပြုလာပြီ။ ဟိုင်း ဟယ်လို စသည်ဖြင့်တွေ ပြုံးကာ ရယ်ကာ နှုတ်ဆက်တတ်လာပြီ။ တစ်ရက်မှာတော့ သူက စကားစပြောတယ်။ သူ့စကားက အဆန်းပဲ။ ဖေဖေ မေမေတို့ရဲ့ တခြား အသိမိတ်တွေ လူကြီးတွေနဲ့ တွေ့ရင် သူတို့ မေးလေ့မေးထရှိတဲ့ သမီး အသက် ဘယ်နှစ်နှစ်ရှိပြီလဲ၊ ဘယ်ကျောင်းမှာ တက်နေလဲ၊ ဒီနှစ် ဘယ်နှစ်တန်းရောက်ပြီလဲ၊ သမီး ကြီးလာရင် ဘာလုပ်မှာလဲ… အဲဒီလို မေးခွန်းမျိုးတွေ မဟုတ်ဘူး။ သမီးက ဘာတွေ စုဆောင်းတာ ဝါသနာပါသလဲ တဲ့။ ဘာမှ မစုဖူးဘူး လို့ ဖြေတော့ သူက ရယ်တယ်။ ပြီးတော့ တံဆိပ်ခေါင်းလေးတွေ စုပါလား လို့ ပြောတယ်။ စုမယ်ဆို သူ့မှာရှိတဲ့ နိုင်ငံတကာက တံဆိပ်ခေါင်းတွေ ပေးမယ် တဲ့။ လူဆိုတာ ဘဝမှာ တစ်စုံတရာကို စွဲလမ်း မက်မောစိတ်ရှိရတယ်၊ ပြီးတော့ တခုတ်တရ စုဆောင်း သိမ်းဆည်းလိုစိတ်လည်း ရှိရတယ် အဲဒီလို စုဆောင်း သိမ်းဆည်းတဲ့ အလေ့အထဟာ အင်မတန် ကောင်းတဲ့ အလေ့အထ တစ်ခုပဲ ဆိုတဲ့ စကားမျိုးကိုလည်း မကြာခဏ ပြီးတော့ လေးလေးနက်နက် ပြောသေးတယ်။ သူ့စကားသံက ခပ်သြသြနဲ့ သိပ်တော့ မချိုသာဘူး။ တိုတိုပြောရရင် တံဆိပ်ခေါင်းစုဖို့ သဘောတူလိုက်တယ် ဆိုပါတော့။ ဒီလိုနဲ့ နေ့တိုင်း စာပို့သမားကြီး လာတတ်တဲ့ နေ့လည် တစ်နာရီ ဆယ်မိနစ်ပတ်ဝန်းကျင်မှာ ပြတင်းပေါက်ကနေ လှမ်းကြည့်နေတာမျိုး မဟုတ်တော့ဘူး။ ခြံထဲ ဆင်းဆော့ရင်း သူအလာကို စောင့်နေဖြစ်တယ်။ သူလာရင် တနေ့တမျိုး မရိုးနိုင်တဲ့ တံဆိပ်ခေါင်းတွေ ပါလာတတ်တယ်။ ဒီလိုနဲ့ တံဆိပ်ခေါင်းတွေကို စာအုပ်တစ်အုပ်ထဲမှာ ကော်နဲ့ ကပ်ပြီး သိမ်းရတယ်။ ပြီးရင် ပြန်ကြည့်ရတယ်။ ဒါ ဘယ်နိုင်ငံက ဘယ်နှစ်ခုနှစ်မှာ ထုတ်ဝေတဲ့ တံဆိပ်ခေါင်း၊ ဘာအထိမ်းအမှတ်နဲ့ ထုတ်ဝေတဲ့ တံဆိပ်ခေါင်း အစရှိသည်ဖြင့် မှတ်သားတတ်စ ပြုလာတယ်။ အဲဒီနေ့က စာပို့သမားကြီး လာတဲ့အချိန်က မိုးအုံ့နေတယ်။ ရုတ်တရက် မိုးရွာလာရင် ခြံထဲ ဆင်းရခက်နေမှာစိုးတာနဲ့ မြက်ဦးထုတ်တစ်လုံးကို အဆင်သင့် ဆောင်ထားပြီး မိတ်ဆွေစာပို့သမားကြီး အလာကို စောင့်နေမိတယ်။ ဒီနေ့ ဘယ်လ်ဂျီယန်နိုင်ငံက ထုတ်တဲ့ ရှားပါးတံဆိပ်ခေါင်း တစ်ခု ယူလာမယ်လို့ မနေ့က ပြောသွားတာ။ ပြောတဲ့အတိုင်းပဲ သူရောက်လာတော့ တံဆိပ်ခေါင်းလေး ပေးတယ်။ တံဆိပ်ခေါင်းနဲ့အတူ ပိုစ့်ကဒ်တစ်ခုလည်း ပေးသေးတယ်။ ပိုစ့်ကဒ်ကိုထုတ်ကြည့် လိုက်တော့ အဖြူခံမှာ မင်အနက်ရောင်နဲ့ နားရွက်ပုံလေးတွေ ဆွဲထားတာ။ နားရွက်တွေက အကြီး အသေး အရွယ်စုံပဲ။ နားရွက်ပုံတွေကို တလှည့် သူ့ကို တလှည့်ကြည့်နေမိတော့ သူက နားရွက်လေးတွေလေ ဘာထူးဆန်းလို့လဲ… ကလေးမှာလည်း နားရွက်လေးတွေ ရှိတာပဲလို့ ပြောပြောဆိုဆိုနဲ့ ကိုယ့်နားရွက်ကို လှမ်းကိုင်လိုက်တယ်။ ခြံစည်းရိုး သံတိုင်တွေက တစ်ချောင်းနဲ့ တစ်ချောင်း ခပ်ဝေးဝေး၊ လက်ထည့်လို့ရအောင် ချောင်ချောင်ချိချိရှိတယ်လေ။ ရုတ်တရက် လန့်သွားတာလား အံ့သြသွားတာလား မသေချာဘုး။ ဒါပေမဲ့ သူ နားရွက်ကို လှမ်းကိုင်လိုက်တာဟာ နူးနူးညံ့ညံ့မရှိပဲ ဆတ်ကနဲ ဆွဲလိုက်သလို လို့ ခံစားရတယ်။ ဒါနဲ့ ကိုယ်ကို နောက်ကို ဆုတ်လိုက်တော့ စာပို့သမားကြီးက ရယ်တယ်။ သူရယ်ပုံက တမျိုးပဲ။ ကလေးဆိုတော့ ဘယ်လိုရယ်တယ်လို့ ထုတ် မပြောတတ်ပေမယ့် သူ ရယ်ပုံကြီးကို မကြိုက်တာတော့ မှတ်မိနေတယ်။ ဒါလည်း နောက်ပိုင်း ပြန်တွေးမှ ရေးရေး ပေါ်လာတဲ့ အတွေးပါ။ ရုတ်တရက်ကတော့ ကလေးပီပီ လန့်သွားတာပဲ သိတယ်။ နောက်ရက်တွေမှာတော့ ထုံးစံအတိုင်း စာပါလာတဲ့နေ့ဆို အိမ်ရှေ့မှာ ခဏ ရပ်၊ စာယူ ပြီးတော့ သူပေးတဲ့ တံဆိပ်ခေါင်းတွေအကြောင်း စကား နည်းနည်းပါးပါး ပြောဖြစ်တယ်။ တစ်လလောက်နေတော့ နောက် ပိုစ့်ကဒ်တစ်ခု ထပ်ပေးပြန်တယ်။ အရင်တခါကလို အရွယ်စုံ နားရွက်ပုံတွေပဲ။ ပိုစ့်ကဒ်ထဲက နားရွက်ပုံတွေကို ကြည့်ရင်း စိတ်ထဲတမျိုးဖြစ်လာတယ်။ သူ့ကို လှမ်းကြည့်လိုက်တော့ မျက်နှာက ပုံမှန်မဟုတ်သလိုပဲ။ ဒါပေမဲ့ ဘာမှန်းတော့ သဲသဲကွဲကွဲ မသိခဲ့ဘူး။ ရုတ်တရက် မေးခွန်းတစ်ခု မေးချင်သွားတာနဲ့ စဉ်းစားမနေတော့ပဲ မေးချလိုက်တယ်။ အဲဒါကတော့ “ဦးလေးက နားရွက်တွေ မပေါ်တဲ့ ဦးထုတ်ကို ဘာဖြစ်လို့ အမြဲ ဆောင်းထားတာလဲ…” ဆိုတဲ့ မေးခွန်းပဲ။ မေးခွန်း အဆုံးမှာ ခုနက အနည်းငယ် ပျက်ယွင်းစပြုနေတယ်လို့ ထင်ရတဲ့ မျက်နှာဟာ ပိုပြီး တစ်မျိုးဖြစ်သွားတယ်။ ဘာမှ ပြန်မဖြေပဲ သူ့ဦးထုတ်ကို၊ သူ့ခေါင်းကို သူ့လက်နဲ့ အသာဖိပြီး စာတွေ ဆက်ဝေလိုက်ဦးမယ်ကွ လို့ ပြောပြီး ခပ်သွက်သွက် ထွက်သွားတော့တာပဲ။ အဲဒီနေ့က စာပို့သမားကြီးကို တွေ့လိုက်ရတာ နောက်ဆုံးပဲ။ အဲဒီနောက်မှာ သူ့ကို နောက်ထပ် မတွေ့ရတော့ဘူး၊ စုဆောင်းသိမ်းဆည်းစရာ တံဆိပ်ခေါင်းတွေလည်း ထပ်မရတော့ဘူး။ တစ်ရက်ပြီး တစ်ရက် နေ့လည် တစ်နာရီ ဆယ်မိနစ် ပတ်ဝန်းကျင်ဆို တမျှော်မျှော်နဲ့။ ဒီလိုပျောက်သွား မယ်မှန်းသိရင် ဟိုမေးခွန်းကို မမေးပဲ နေလိုက်ပါတယ် ဆိုတဲ့ နောက်ကျနောင်တတစ်ချို့နဲ့။ နေ့လည်ဖက်တွေဆို သူ လက်ဆောင်ပေးခဲ့တဲ့ နားရွက်တွေပါတဲ့ ပိုစ့်ကဒ်လေးနှစ်ခုကို စားပွဲပေါ်မှာ ထောင်ထားရင်း မှန်ထဲမှာ ကိုယ့်နားရွက်ကို ကိုယ် အသာ ကိုင်ကြည့်ရင်း မိတ်ဆွေ စာပို့သမားကြီးကို သတိရနေမိတယ်။ ဒီလိုနဲ့ ကျောင်းတွေဖွင့်၊ ကျောင်းပြန်တက်ရင်း စာကျက်ရင်း တစ်ခါက နွေရာသီကျောင်းပိတ်ရက်မှာ မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့၊ ဘဝမှာ တစ်ခုတစ်ခုကို စနစ်တကျ သိမ်းဆည်း စုဆောင်းဖို့ ဝါသနာကို အစပြုပေးခဲ့တဲ့၊ နိုင်ငံတကာ တံဆိပ်ခေါင်းမျိုးစုံနဲ့ နားရွက်ပုံ ပိုစ့်ကဒ်နှစ်ခု လက်ဆောင်ပေးခဲ့တဲ့ စာပို့သမားကြီးကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့တာ။ နောက်တစ်နှစ်လောက် အကြာ… ကျောင်းမသွားခင် မနက်စောစော ကော်ဖီစားပွဲပေါ်မှာ နေ့စဉ်ထုတ် သတင်းစာတစ်စောင်ကို တွေ့တာနဲ့ ဟို ဒီ လှန်လှော ကြည့်မိတယ်။ နောက်ကျောဖက်က အဖုံးမှာပါတဲ့ အမျိုးသားတစ်ယောက်ရဲ့ မျက်နှာဟာ သိပ်ကို ရင်းနှီး သိကျွမ်းဖူးတဲ့ လူတစ်ယောက်လို့ ခံစားရတယ်။ ဒါနဲ့ ဓါတ်ပုံရဲ့အောက်မှာပါတဲ့ အကြောင်းအရာကို ဖတ်ကြည့် လိုက်မိတော့ လူတကိုယ်လုံး အေးစက်သွားသလို၊ ထိုင်နေရာကနေ လှုပ်မရတော့သလို ဖြစ်သွားတယ်။ သူဟာ ပြစ်မှုကျူးလွန်လို့ ဖမ်းဆီးခြင်း ခံထားတဲ့ တရားခံတစ်ယောက်၊ ပြီးတော့ စာပို့သမားဟောင်းတစ်ယောက် ဖြစ်နေတယ်။ ဖမ်းဆီးရခြင်း အကြောင်းကတော့ ကလေးတွေကို အသာ ဆွဲဆောင်ပြီး လူကွယ်ရာနေရာကို ခေါ်သွားတတ်၊ ပြီးရင် ကလေးတွေရဲ့ နားရွက်ဖျားလေးတွေကို ဖြတ်တောက်ပြီး ပုလင်းတွေထဲမှာ ဆေးစိမ် စုဆောင်းထားတဲ့ သူ့ရဲ့ ဝါသနာကြောင့်ပဲ။ သူ့နားရွက်ကိုပါ အလွတ်မပေးပဲ သူကိုယ်တိုင် ဖြတ်တောက် ထားတယ်လို့ သိရတယ်။ ဒါကြောင့် သူ့နားရွက်ကို လူမမြင်အောင် ဦးထုတ်ဆောင်းပြီး အမြဲ ကာကွယ်ထားတတ်သူပဲ။ သူ့ကို သူနေထိုင်တဲ့ မြေအောက်အိမ်ခန်းငယ်ထဲမှာ ဆေးစိမ်ထားတဲ့ နားရွက်အပိုင်းအစ ပုလင်းပေါင်း လေးဆယ်ကျော်နဲ့အတူ ဖမ်းမိတာလို့ ဖတ်ရတယ်။ ဝါသနာပါတာ တစ်ခုခုကို စုဆောင်းသိမ်းဆည်းရတယ်လို့ အကြံပြုပေးခဲ့သူ၊ သူပေးခဲ့တဲ့ နားရွက်ပုံ ပိုစ့်ကဒ်နှစ်ခု၊ သမီးမှာလည်း နားရွက်လေးတွေ ရှိတာပဲ ဆိုပြီး နားရွက်ဖျားကို ခပ်ဆတ်ဆတ် ဆွဲလိုက်တဲ့ အချိန်၊ ဦးလေးက ဘာဖြစ်လို့ နားရွက်ဖုံးတဲ့ ဦးထုတ် ဆောင်းထားတာလဲ လို့ မေးလိုက်တဲ့နေ့က စုပြီး ဒီကနေ့ အထိ ပြန်မတွေ့ရတော့တဲ့ စာပို့သမားကြီး။ မြင်ကွင်းတွေဟာ အနှေးရုပ်ရှင်တစ်ခုလို စီကာ စဉ်ကာ တစ်ကွက်ချင်း ပေါ်လာကြတယ်။ နောက်တော့ မိဘတွေ အလုပ်ကိစ္စနဲ့ အဲဒီမြို့ကလေးကနေ အပြီးပြောင်းလာခဲ့လိုက်တာ နှစ်ပေါင်းများစွာ ကြာတဲ့အထိ မြို့ကလေးကို တစ်ခေါက်တစ်လေမှ ပြန်မရောက်ဖြစ်တော့ဘူး။ နားရွက်ဖျားတွေ ဖြတ်ပြီး စုဆောင်းတတ်တဲ့ ကြောက်စရာ လူထူးလူဆန်း စာပို့သမားကြီးတစ်ယောက်နဲ့ တရင်းတနှီး မိတ်ဆွေဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကတော့ နှစ်ပေါင်းများစွာကြာမြင့်တဲ့အထိ၊ ပြောရရင် ဒီအသက် ဒီအရွယ်ရောက်တဲ့အထိ တချက် တချက် သတိတရ ပြန်ပေါ်လာတတ်စမြဲ။ အထူးသဖြင့်တော့ အပေါ်အောက် ဆင်တူ ဝတ်စုံနဲ့ သားရေအိတ် စလွယ်သိုင်းထားတဲ့ စာပို့သမားတွေကို တွေ့ရတိုင်း၊ နားရွက်ဖုံးတဲ့ ဂျပန်ဦးထုတ်ဆောင်းထားတဲ့သူတွေကို တွေ့ရတိုင်း၊ ကုန်ကုန်ပြောရရင် မနက်အလုပ်သွားခါနီး နားထဲက နားကပ်ကို နောက် နားကပ်တစ်ခုနဲ့ အလဲအလှယ် လုပ်တဲ့ အချိန်တိုင်းမှာတောင် နားရွက်ဖျားလေးကို ကိုင်မိပြီး အထိတ်တလန့် ဖြစ်သွားတတ်သေးတာမျိုး။ 

* * * * * 

ကဲ… ရုတ်တရက်ကြားလိုက်ရတဲ့ တံခါးခေါက်သံ၊ တံခါးအပြင်ဖက်က စာပို့သမား၊ အဲဒီစာပို့သမားကနေ ကွေ့ဝိုက်ပြီး ထွက်လာတဲ့ တသီတတန်း အတွေးတွေကို ပြောချင်ဇောနဲ့ ဖြစ်ချင်ရာဖြစ်ဆိုပြီး အခုလို ချရေးလိုက်ရတာမို့ စာဖတ်သူကို နည်းနည်းတော့ အားနာပါတယ်။ ဒါပေမဲ့ ညာမပြောချင်ဘူး၊ စိတ်ထဲမှာတော့ ပြောချင်တာတွေကို နားထောင်မယ့်သူ တစ်ယောက်တလေမှ မရှိတော့ရော ဘာအရေးလဲ။ အခုလိုမျိုး ချရေးလိုက်တော့ ပြောချင်တာတွေလည်း ပြောရ၊ စာတစ်ပုဒ်လည်းရ တစ်ချက်ခုတ် နှစ်ချက်ပြတ် ကိစ္စမရှင်းပေဘူးလားဆိုပြီး ကျေနပ် အားရနေမိတာ အမှန်ပါ။ တဆက်တည်းမှာ နာမည်ကျော်ပန်းချီဆရာ ဗင်ဂိုးရဲ့ နားရွက်ဖျားကို ဘလိတ်ဓါးနဲ့ သူ ကိုယ်တိုင် ဖြတ်တာလား သူ့မိတ်ဆွေ ပန်းချီဆရာ ဂေါ်ဂင်နဲ့ ရန်ဖြစ် အငြင်းပွားရင်း ဂေါ်ဂင်က ဖြတ်လိုက်တာလား ဆိုတာကတော့ အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို ဆက်ပြီး တွေးနေ အဖြေရှာနေမိဦးမှာပဲ။ အဖြေရရင် အခုလို စာမျိုး နောက်တစ်ပုဒ် ဆက်ရေးတာပေါ့။ အခုတော့ ဒီလောက်ပါပဲ။ 

 ........................................................................

 +သက်ဝေ+

 (၂၆ မတ် ၂၀၁၆) - ၂၀၁၆ ဇွန်လ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

Read More...

Wednesday, May 25, 2016

=မိုးကိုမျှော်သည်...အယ်နီညိုရယ် ပြန်ပါတော့=

မိုးမရွာပုံများ ဒီနှစ် ပိတောက်ပန်းတောင် သိပ်မပွင့်လိုက်ဘူး လို့ကြားတယ်...။ အန်တီညိုရယ်... ပြန်ပါတော့ ကျေးဇူးပြုပြီး ပြန်ပါတော့ ကျွန်မတို့ အပူဒဏ်ကို တကယ်မခံနိုင်တော့လို့ပါလို့ တောင်းပန်လဲ အယ်နီညို ကတော့ သူမဟုတ်သလို အိနြေ္ဒရရနဲ့ ရွှေရောင်တ၀င်းဝင်းတောက်ပတဲ့ သူ့ဂါဝန်ကို ဖြန့်ကားလို့ပါပဲ...။ သူငယ်ချင်းတို့အားလုံးလဲ ကျန်းမာရေးဂရုစိုက်ကြပါ...။ အပြင်သွားရင် ရေဗူးဆောင်သွားကြပါ သီးစုံ ဓါတ်ဆားထုတ်လေး ဒါမှမဟုတ် 100 plus တို့ဘာတို့ဆောင်ထားကြပါ မတော်လမ်းမှာ heat stroke မိရင် ကြိုတင်ကာကွယ်နိုင်အောင်လို့...။ ရေများများသောက်ပါ..။ နေပူထဲ ချည်အကျီံလက်ရှည်ကို နည်းနည်းထူတာလေးဝတ်သွားပါ..။ ခရမ်းလွန်ရောင်ခြည်တွေက မနက် 10နာရီကနေ ညနေ သုံးနာရီထိရှိနေမှာ...။ နေပူပူထဲက ပြန်လာရင် ခြေလက်တွေကို ချက်ချင်းမဆေးကြပါနဲ့....။ ရေသောက် အမောအရင်ဖြေပါ....။ လက်ဆေးတာလောက်တော့ ဘာမှမဖြစ်ပါဘူးဆိုပြီးမပေါ့နဲ့...။ လက်ဆေးရင်း အေးသွားအောင် ဂုတ်ပိုးလေးပါ ရေကပ်လိုက်ဦး မှဆိုပြီး သွားမလုပ်နဲ့ အသက်ပါပါသွားမယ်....။ ညကြီးသန်းခေါင်ပူတယ်ဆိုပြီး ရေမချိုးပါနဲ့ သွေးတိုးရှိသူများ လေဖြတ် ဦးနှောက်သွေးကြောပြတ်တာတွေဖြစ်မှာစိုးလို့ပါ...။ နွေရာသီရဲ့ တုန်လှုပ်ခြောက်ခြားမှုကတာ့ အနှစ်သုံးဆယ်ကျော်လုံးလုံး ဒီတစ်ခါနဲ့ဆို နှစ်ကြိမ် ကြုံဖူးပြီ...။ ပြီးခဲ့တဲ့ 2010 တုန်းကတစ်ခါပေါ့..။ ဒါကြောင့် မိုးမြန်မြန်ရွာပါစေတော့လို့ မျှော်..မျှော်နေရတာ....။ လွန်ဆွဲပွဲလို့ခေါ်တဲ့ မိုးခေါ်ပွဲလေး မလုပ်ကြဘူးလားမသိ...။ အဲ...မိုးတွင်းပိုင်းမှာ အခမ်းအနားများရှိရင်မိုးမရွာအောင်လို့ မိုးတားပွဲတော့လုပ်တတ်ကြတယ်....။ မြန်မာတစ်ပြည်လုံး ရေခမ်းတဲ့နေရာတွေခမ်းနေပြီ...။ ရှမ်းပြည်လို အိမ်တိုင်းရေတွင်းရှိနေသူတွေတောင် ရေတွင်းတွေခမ်းလို့ ရေအလှူပေးတဲ့ ကားတွေကိုမျှော်နေရပြီ...။ ခုတစ်ခေါက်ဖြစ်တာက 2010တုန်းကထက် အဆပိုများလိမ့်မယ်ထင်တယ်...။ အန်တီညို(အယ်နီညို) ပြန်သွားပြီးရင် သူ့ညီမ လာနီညာက လာလည်ဦးမတဲ့ ဒေါက်တာထွန်းလွင်က ခန့်မှန်းထားတယ်...။ ဆိုတော့ အယ်လာနီကိုကြိုဆိုဖို့ အနွေးထည်တွေ စောင်တွေ ကြိုတင် စုထားကြပါလို့လည်း သတိပေးပါရစေ...။ နောက်ဆုံး ..မှာချင်တာကတော့ “နေအေးမှ ရေချိုးနော်... သရက်သီးမစားနဲ့နော်... ဒူးရင်းသီးမစားနဲ့နော်.. ဆိုးဆေးပါတဲ့ အချဉ်ထုပ်တွေမစားနဲ့နော်.. ရခိုင်မုန့်တီဆိုင်က ပင်လယ်စာတွေမစားနဲ့နော် ရေခဲရေ မသောက်နဲ့နော်... နော်... နော်....နော်...”လို့ မှာခဲ့ချင်ပါတယ်...။ ///////////////////////////////////////////////////////////////////////////// +မိုးငွေ့+

Read More...

Friday, May 20, 2016

=ရော့ခ်သီချင်းဆိုတဲ့ကစ်တုန်=

ကစ်တုန်က ငါးတန်းတက်နေတဲ့ ကျောင်းသားလေး တစ်ယောက်ပါ။ ကစ်တုန်ရဲ့ ကျောင်းနာမည် က ဝေဟင်ထွဋ်ခေါင် ဖြစ်ပေမဲ့ မွေးကာစက အသားဖြူဖြူ ပါးဖောင်းဖောင်းကစ်ကစ် မျက်လုံး ၀ိုင်းဝိုင်းလေးနဲ့မို့ ကစ်တုန်ရဲ့ဖေကြီးနဲ့မေကြီးက ချစ်စနိုးနဲ့ ကစ်တုန်လို့ အိမ်နာမည်ပေးထားတယ်။ ကစ်တုန်က တစ်ဦးထဲသော သားဖြစ်တယ်။ မျောက်ရှုံးအောင်ဆော့တယ်။ ဥာဏ်ကောင်းပေမဲ့ အတန်းထဲမှာ စာအတော်ကြီးမဟုတ်ဘူး။ တီထွင်ကစားရတာ၊ စွန့်စားရတာ ၀ါသနာပါတယ်။ အကြောက်အလန့်မရှိဘူး။ ပေါင်းသင်းဆက်ဆံရေး ဆန့်တယ်။ အထူးခြားဆုံးက ငယ်စဉ်ထဲက သီချင်းတွေကို ကြားရုံနဲ့ မှတ်မိနေတတ်ပြီး၊ စည်းဝါးကိုက်အောင် အလွယ်တကူ ပြန်ဆိုနိုင်တယ်။ ကစ်တုန်ရဲ့ ဖေကြီးနဲ့မေကြီးကလဲ သီချင်းတွေကြိုက် တော့ အိမ်မှာဖွင့်နားထောင်ရင်း ကစ်တုန်ပါ နားယဉ်လာပြီး သီချင်းတွေ ကြိုက်တတ်လာတယ်။ သီချင်းကြိုက်တဲ့ ကစ်တုန်က သီချင်းလေး အမြဲညည်းနေတတ်တယ်။ ကျောင်းမှာ စာရေးစားပွဲခုံကို ပေတံနဲ့ ခေါက်ပြီး သီချင်းအဆိုကောင်းလို့ ခနခန ဒဏ်ပေးခံရတယ်။ ကစ်တုန်က သီချင်းတွေထဲမှာ ရော့ခ်သီချင်းတွေဆို အရမ်းကြိုက်တယ်။ ရွှေတိဂုံဘုရားစောင်း တန်းက ဖေကြီး ၀ယ်ပေးထားတဲ့ သစ်သားဂစ်တာလေးကို ဟန်ကျပန်ကျတဗြန်းဗြန်း တီးရင်း ရော့ခ်သီချင်းတွေကို အာပြဲအောင် အော်ဆိုရတာကို သိပ်သဘောကျတယ်။ ကစ်တုန်အကြိုက်ဆုံး နာမည်ကြီး အမျိုးသမီး ရော့ခ်ကာတစ်ဦး ရှိတယ်။ သူ့နာမည်က ရှိန်းမြင့်မိုရ်ထက်တဲ့။ သူ့ရဲ့ ထူထူရှရှအသံနဲ့ ရော့ခ်သီချင်းတွေဆို ကစ်တုန်အသည်းစွဲပဲပေါ့။ သူ့သီချင်းတွေဆို အိမ်မှာ အာပြဲနဲ့ အော်ဆိုလွန်းလို့ ကစ်တုန်ရဲ့ ဖေကြီးနဲ့မေကြီး တင် နားငြီးတယ် ပြောတာမဟုတ်ဘူး၊ ကစ်တုန်ရဲ့ အသည်းကျော်တယ်ရီယာခွေးလေး ဘူဘူးကတောင် နားငြီးလွန်းလို့ တ၀ုတ်ဝုတ် ထိုးဟောင်ပြီး အားပေးတာခံရတယ်။ ပြီးခဲ့တဲ့ နွေရာသီကျောင်းပိတ်ရက်တုန်းက ကစ်တုန်ရဲ့ဖေကြီး အလုပ်တွေမအားလို့ ခရီးမထွက်ရတာမို့၊ ဒီနှစ်တော့ ကစ်တုန်ရယ်၊ ဘူဘူးရယ်၊ ဖေကြီးမေကြီးတို့နဲ့အတူ မြို့သာယာကို အလည်သွားကြတယ်။ မြို့သာယာမြို့လေးက ပင်လယ်ရေမျက်နှာပြင်ထက်က တောင်ပေါ်မြို့လေး ဖြစ်တယ်။ ကစ်တုန် သိပ်ကြိုက်တဲ့ နွားနို့ လတ်လတ်ဆတ်ဆတ်တွေ၊ နီရဲချိုမြနေတဲ့ စတော်ဘယ်ရီသီး အကြီးကြီးတွေ ပေါပေါ များများရတဲ့ ဒေသဖြစ်တယ်။ပန်းရောင်စုံတွေ ဝေေ၀ဆာဆာနဲ့ မွှေးမြဖူးပွင့်ကြပြီး၊ နွေရာသီလို အချိန် မျိုးမှာတောင် နှင်းတွေ ခဲနေအောင်ကျတဲ့ဒေသဆိုတာကို ခရီးမထွက်ခင် ကစ်တုန်က ဖေကြီးနဲ့အတူ အင်တာနက်ကနေ သတင်း အချက်အလက်တွေ ကြိုတင်ရှာထားလို့ သိထားနှင့်ပြီးပြီ။ ဒါကြောင့် မြို့သာယာမြို့လေးကို အခုမှ ပထမဆုံးရောက်ဖူးလို့ အင်တာနက်ထဲက ကြိုတွေ့ထားတဲ့ ပတ်ဝန်းကျင် မြင်ကွင်းအသစ်တစ်ခုကို တွေ့လိုက်ရတိုင်း ကစ်တုန်တစ်ယောက် သူ့ဖေကြီးမေကြီး တို့ကို ပြပြီး အပျော်ကြီး ပျော်နေမိတယ်။ ပန်းခြံထဲက နှင်းပြင်ကြီးထဲမှာ နှင်းလျှောစီး ရင်း နှင်းဘော လုံးလေးတွေနဲ့ ဘူဘူးလေးကို ပစ်ပေါက်ရင်း စိမ်ပြေးတမ်း ကစားကြတယ်။ ဘူဘူးလေးလဲ တ၀ုတ်ဝုတ်ဟောင်ရင်း ဟိုပြေးဒီပြေးနဲ့ မမောပမ်းနိုင်အောင် အပျော်လွန်နေရှာတယ်။ ခွေးလေးဘူဘူးထက် အပျော်လွန်နေတဲ့သူတစ်ဦး ရှိပါတယ်။ အဲ့တာက ကစ်တုန်ပါပဲ။ ဘာလို့ဆိုတော့ တိုက်တိုက်ဆိုင်ဆိုင် ကစ်တုန်တို့မိသားစု ရန်ကုန်မပြန်ခင် နောက်ဆုံးညမှာ ကစ်တုန်သိပ်ကြိုက်တဲ့ အမျိုးသမီး ရော့ခ်ကာ ရှိန်းမြင့်မိုရ်ထက် မြို့သာမြို့လေးမှာ တကိုယ်တော်အထူးဖျော်ဖြေပွဲ လာလုပ်မယ်၊ အဲ့ဒီ ဖျော်ဖြေပွဲကို ကြည့်ဖို့ ဖေကြီးက လက်မှတ်ကြိုတင် ၀ယ်ထားပါတယ်။ တီဗီထဲမှာ၊ ဗီစီဒီထဲမှာသာမြင်ဖူးတဲ့ ရော့ခ်ကာ ရှိန်းမြင့်မိုရ်ထက်ရဲ့ စတိတ်ရှိုးကို ကစ်တုန် တစ်ယောက် အပြင်မှာ အရှင်လတ်လတ် ကြည့်ဖူးရတော့မှာမို့ ၀မ်းသာလုံးဆို့နေပါတယ်။ ည(၈)နာရီတိတိမှာ စတိတ်ရှိုးစမှာမို့ ကစ်တုန်တို့မိသားစု တည်းခိုတဲ့ လမင်းတာရာတည်းခိုခန်းကို ညနေစောစော ပြန်လာခဲ့ပါတယ်။ ညစာစားပြီးမှ စတိတ်ရှိုးကိုသွားမှာမို့ ရေချိုးအ၀တ်အစားလဲပြီးတဲ့ ကစ်တုန်တစ်ယောက် ဖေကြီးနဲ့မေကြီး ရေမိုးချိုးတာကို စောင့်ရင်း တည်းခိုခန်းရဲ့ခြံဝင်းထဲမှာ ခွေးလေး ဘူဘူးနဲ့ ဟိုဟိုသည်သည် လမ်းလျှောက်ကြည့်နေမိပါတယ်။ ခြံဝင်းထဲမှာ ပန်းတွေအများကြီး စိုက်ထားလို့ ညနေခင်းရဲ့ လေပြည် အေးအေးလေး တိုက်ခတ်လိုက်ချိန်မှာ ပန်းရနံ့မွှေးမွှေးလေးတွေရဲ့ မွှေးရနံ့ကို ကစ်တုန် ရှူရှိုက် မိပါတယ်။ အဲ့ဒီအချိန်မှာ ခြံထဲကို အဖြူရောင်ကားလှလှလေးတစ်စီး ၀င်လာပါတယ်။ ကားက တည်းခိုခန်းရဲ့ ပေါ်တီကိုဘေးမှာ ရပ်လိုက်ပါတယ်။ ကားပေါ်ကနေ တီရှပ်အဖြူ၊ ဂျင်းဘောင်းအပြာနဲ့ လျှာထိုးပါတဲ့ ဦးထုတ် အပြာရောင်ကို ခပ်စိုက်စိုက်ဆောင်းထားတဲ့ အမျိုးသမီးတစ်ယောက် ဆင်းလာပါတယ်။ ကစ်တုန်တစ်ယောက် ဘူဘူးလေးကို ပွေ့ပိုက်ရင်း တည်းခိုးခန်းထဲကို အပြေးပြန်လာချိန် အဲ့ဒီအမျိုးသမီးနဲ့ အမှတ်မထင် ၀င်တိုက်မိရင်း ချော်လဲကျ သွားပါတယ်။ ဒူးခေါင်းမှာ နီရဲသွားပြီး အနည်းငယ်ပွန်းသွားပေမဲ့ ကစ်တုန် ရှက်ရှက်နဲ့ ချက်ချင်းပြန်ထမလို့ လုပ်ချိန်မှာပဲ၊ အမျိုးသမီးက ကစ်တုန်ကို ဆွဲထူပေးလိုက်ပါတယ်။ “အို… ကလေး.. ချော်လဲတာ နာသွားပြီ၊ မမ တောင်းပန် ပါတယ်၊ ထနော် ထ” ကစ်တုန် ဒူးခေါင်းက နာနေတာ မေ့သွားပါတယ်။ အမျိုးသမီးက နေကာမျက်မှန်အမည်း တပ်ထားပြီး ခြေထောက် မှာ ဇစ်တွေ သံဆူးလေးတွေ တတ်ထားတဲ့ ခွာမြင့်လည်ရှည် ဖိနပ်ကြီး စီးထားပါတယ်။ ကစ်တုန် ဒီအပြင်အဆင် အ၀တ်အစား မျိုးကို ရင်းရင်းနှီးနှီး သိနေပါတယ်။ လူမကြောက်တတ်တဲ့ ကစ်တုန်တစ်ယောက် ချက်ချင်းပဲ အမျိုးသမီးကို မေးလိုက်မိပါတယ်။ “မမ… မမက အဆိုတော် ရှိန်းမြင့်မိုရ်ထက် မဟုတ်လား” “ဟယ်.. သားက သိပ်တော်တာပဲ၊ မမ ရုပ်ဖျက်လာတောင် မှတ်မိတယ်” သူသိပ်ကြိုက်လွန်းတဲ့ ရော့ခ်အဆိုတော်က သူ့ရှေ့မှောက် ရောက်လာပြီး စကားပြောခွင့်ရနေတာမို့ ကစ်တုန်တစ်ယောက် အရမ်းဝမ်းသာသွားပြီး “ဟုတ်ကဲ့၊ သားက မမသီချင်းတွေ အရမ်းကြိုက်တယ်၊ အကုန် အလွတ်ရတယ်၊ မယုံရင် ဆိုပြရမလား” အဆိုတော် ရှိန်းမြင့်မိုရ်ထက်က သဘောကျစွာနဲ့ ကစ်တုန်ကို “ကဲ.. ဒါဆို ဆိုပြပါဦး၊ ဟုတ်မဟုတ် မမ နားထောင်မယ်” လို့ ပြောပါတယ်။ “စာနာပါ… နားလည်ပါ… မေတ္တာတွေထားပါ… ကမ္ဘာမြေဟာ လှနေမှာ… ချိုသာစွာ…ပြောဆိုပါ… အကြင်နာတွေ မျှဝေပါ လူသားတို့အတူတူ ငြိမ်းချမ်းမှုအောက်မှာ ” စပ်ကျမတ်ကျသီချင်းကို ဆိုပြလိုက်ယုံမကပဲ ဒူးခေါင်းက နာနေတာကိုတောင် ကစ်တုန်မေ့သွားပြီး ရှိန်းမြင့်မိုရ်ထက် အဲ့ဒီသီချင်းဆိုတိုင်း လုပ်နေကျအိုက်တင်ဖြစ်တဲ့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်ပြီး ခါးလေးပါ ညွတ်ပြလိုက်တယ်။ ရှိန်းထက်မြင့်မိုရ်က သဘောကျလွန်းလို့ လက်ခုပ်တီးပြီး အားပါးတရ ရယ်မောပါတယ်။ ကစ်တုန်လဲ အဲ့ဒီတော့မှ ရှက်ယမ်းယမ်းပြီး ခြံဝကို ပြေးထွက်ခဲ့ပါတယ်။ ခွေးလေး ဘူဘူးက ကစ်တုန်ရဲ့ နောက်ကနေ အမြီးလေး လှုပ်ယမ်းပြီး အပြေးလိုက်လာပါတယ်။ ခြံအပြင်ရောက်တော့ ခွေးလေးဘူဘူးက ဟိုးအဝေးမှာ လှမ်းမြင်နေရတဲ့ လမ်းကြားလေးဆီ မပြောမဆို တ၀ုတ်ဝုတ် ဟောင်ရင်း ထွက်ပြေးသွားပါတယ်။ ရန်ကုန်က ခြံထဲမှာလို ဘူဘူးလေးတစ်ကောင် စိန်ပြေးတမ်း ဆော့ချင်နေပြီ ထင်ပါရဲ့။ ကစ်တုန်လဲ ပြေးသွားတဲ့ ဘူဘူးလေးနောက်ကို မျက်ခြေမပြတ် အပြေးလိုက်ပါတယ်။ ခုန ချော်လဲထားတဲ့ ကစ်တုန်ရဲ့ဒူးခေါင်းက ဒဏ်ရာက အခုမှ ပြေးရင်း နာစပြုလာပါပြီ။ “ဘူဘူးရေ… မပြေးနဲ့… လိမ်မာတယ်… ပြန်လာ.. ငါ့ခြေထောက်နာနေတယ်ကွ… အဝေးကြီး မပြေးနိုင်ဘူး… အခုလို လျှောက်သွားတာ မေကြီးသိရင် ငါတို့ ဆူခံရလိမ့်မယ်နော်” လမ်းလေးအတိုင်း ဘူဘူးနောက်ကို အော်ခေါ်ရင်း ပြေးလာ လိုက်တာ လမ်းကွေ့လေးနားလဲ ရောက်ရော တ၀ုတ်ဝုတ်သူ့ကို ဟောင်နေတဲ့ ဘူဘူးလေးကို ပွေ့ဖမ်းလိုက်နိုင်ပါတော့တယ်။ အမိခံလိုက်ရတဲ့ ဘူဘူးလေးက တ၀ုတ်ဝုတ်ဟောင်ရင်း ထုံးစံအတိုင်း ကစ်တုန်ရဲ့မျက်နှာကို လျှာနဲ့လှမ်းလျက်ပါတယ်။ ဘူဘူးနောက် ပြေးလိုက်လာခဲ့တာ ဘာလိုလိုနဲ့ တည်းခိုခန်းနဲ့ နည်းနည်းတောင် လှမ်းသွားခဲ့ပါပြီ။ ဒါနဲ့ လာရာလမ်းအတိုင်း ဘူဘူးလေးကို ပွေ့လို့ တည်းခိုခန်းကို ပြန်ဖို့ ခြေဦးနောက်ပြန်လှည့်လိုက်ပါတယ်။ အဲ့ဒီအချိန်မှာ ကစ်တုန်ရဲ့ ရှေ့နားမှာတွေ့လိုက်ရတာက အမျိုးသမီးကြီးတစ်ယောက်နဲ့ အမျိုးသားကြီး တစ်ယောက်။ ဗလကောင်းကောင်းနဲ့ အမျိုးသားကြီးရဲ့မျက်နှာက တင်းမာခက်ထန်နေလိုက်တာများ ကစ်တုန်မပြောနဲ့ ဘူဘူးတောင် ကြောက်လန့်ပြီး ဟောင်သံတိတ်သွားတယ်။ အဲ့ဒီမှာ အမျိုးသမီးကြီးက “သားလေး.. ဒေါ်ကြီးတို့က သားလေးရဲ့ ဖေဖေနဲ့မေမေ ခေါ်ခိုင်းလိုက်လို့ သားလေးတို့ကို လိုက်ခေါ်တာ၊ လာ… ဒေါ်ကြီးတို့နဲ့ ပြန်လိုက်ခဲ့၊ ကြည့်စမ်း ဒူးခေါင်းမှာလဲ ချော်လဲထားတဲ့ ဒဏ်ရာနဲ့၊ လမ်းလျှောက်နိုင်မယ် မထင်ဘူး၊ ချီသွားမှဖြစ်မှာပါ” ပြောပြောဆိုဆို မျက်နှာတင်းတင်းနဲ့ ဦးလေးကြီးက သူ့ဗလကြီးနဲ့ ဘူဘူးလေးနဲ့သူ့ကို လက်တစ်ဘက်တစ်ချက်ဆီကနေ စွေ့ခနဲပွေ့ချီလိုက်ပြီး မလှမ်းမကမ်းမှာ စက်မသပ်ပဲ ရပ်ထားတဲ့ ကားအစုတ် တစီးပေါ်ကို ခပ်သွက်သွက် တွန်းတင်လိုက်တယ်။ ကစ်တုန်စိတ်ထဲ တစ်ခါမှ မမြင်ဘူးတဲ့ ဒီလူတွေက ဖေကြီးမေကြီးတို့ရဲ့ မိတ်ဆွေတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အန္တရာယ်အငွေ့အသက်ကို ခံစားမိလိုက် ပါတယ်။ “သားကိုလွှတ်ပေး… သားကိုလွှတ်ပေး” လို့ ရုန်းကန်ရင်း အော်နေတဲ့ ကစ်တုန်ရဲ့ပါးစပ်ကို ဒေါ်ကြီးက လက်နဲ့ပိတ်ထားလို့ ကစ်တုန်တစ်ယောက် ၀ူးဝူးဝါးဝါးဖြစ်နေတော့တယ်။ သေချာပါပြီ။ ဒီလူတွေက ကစ်တုန်မိဘတွေရဲ့ မိတ်ဆွေ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ကားနောက်ခန်းထဲကို ကစ်တုန်၊ ဘူဘူးနဲ့အတူ အဒေါ်ကြီးရောက်ချိန်မှာ ဦးလေးကြီးက ကားကို အလျင်စလို မောင်းထွက်လိုက်ပါတယ်။ ကားက ဖေကြီးနဲ့ မေကြီးရှိရာ တည်းခိုခန်းဆီမဟုတ်ပဲ ဆန့်ကျင်ဘက်လမ်းကို မောင်းနေလို့ ကစ်တုန် အရမ်းကို ကြောက်လန့်မိ သွားတယ်။ “ပြန်ပို့ပေး… ပြန်ပို့ပေး… သားကို ပြန်ပို့ပေး…” “၀ုတ်… ၀ုတ်…၀ုတ် ” ကားက စုတ်ပြီးဟောင်းနေတော့ စက်သံတဂွီးဂွီးနဲ့ ကားဘေးမှာ မီးခိုးငွေ့တွေ တထောင်းထောင်း ထွက်နေပေမဲ့ ဦးလေးကြီးက ရအောင်မောင်းလာပါတယ်။ ကစ်တုန်နဲ့ ဘူဘူးလေးကတော့ ကားပေါ်ကနေ အအော်မပျက် အဟောင်မပျက်ပါပဲ။ ကားပေါ်မှာ တောက်လျှောက် တွေးလာပါတယ်။ မေကြီးက “ခြံထဲမှာပဲ ကစားနော်၊ ခြံပြင်မထွက်ရဘူး” လို့ သေချာမှာတာကို နားမထောင်လို့ အခုတော့ အဖမ်းခံရပြီ၊ မေကြီးတစ်ခါပြောပြတဲ့ ကလေးတွေကို လိုက်ဖမ်းပြီး သူတောင်းစားလုပ်ခိုင်းတယ်၊ တခြားတိုင်းပြည်ကို ရောင်းစားတယ်ဆိုတာမျိုး ကစ်တုန်တော့ အလုပ်ခံရပြီထင်တယ်၊ ခုလောက်ဆို ဖေကြီးနဲမေကြီး ဘယ်လောက်များ စိတ်ပူနေမလဲဆို တွေးမိလိုက်၊ ဒီလောက် အခက်အခဲ အကျပ်အတည်းကြားက “ သွားပါပြီ ဒီညတော့ မမရှိန်းထက်မြင့်မိုရ်ရဲ့ စတိတ်ရှိုးကိုလဲ မကြည့်ရတော့ဘူး” ဆို စိတ်ရှိုးကြည့်ဖို့ကို သတိရလိုက် ဖြစ်နေပါတယ်။ ကစ်တုန်က ခေသူမဟုတ်ပါဘူး။ ကစ်တုန်က သတ္တိရှိတယ်။ စွန့်စားရတာ ကြိုက်တယ်။ မတရား အနိုင်ကျင့်ရင် မခံတတ်ဘူး။ ကြောက်စိတ်တွေဖြစ်နေပေမဲ့ သူတို့လက်က လွတ်နိုင်ဖို့ လိုတယ်ဆိုတာ သတိပြုမိသွားတယ်။ ဒါနဲ့ ကားရဲ့ ပြူတင်းပေါက်ကနေ ခေါင်းထွက်ပြီး ရော့ခ်သီချင်း အော်ဆိုသလို အသံဗြဲကြီးနဲ့ “သားကို လူဆိုးတွေ ဖမ်းသွား တယ်၊ သားကို ကယ်ပါ” ဆို မရပ်မနား အော်လာတယ်။ အားကျမခံ တ၀ုတ်ဝုတ်နဲ့ လိုက်ဟောင်ပေးတယ်။ ကားမောင်းနေတဲ့ မုန်းစရာ ကြောက်စရာကောင်းတဲ့ ဦးလေးကြီးက “ ဟိတ် ကောင်လေး တိတ်စမ်း၊ အော်မနေနဲ့၊ ၊ ငါ့ကို ဘာများ မှတ်သလဲ၊ လျှာဖြတ်ပစ်လိုက်မယ်၊” လို့ ကားမောင်းနေလျက်က မျက်လုံးကြီး ပြူးပြီး လှမ်းအော်တယ်။ ကစ်တုန်တို့ တည်းခိုခန်းက မြို့ပြင်နားမှာဆိုတော့ အခုဆို မြို့အပြင်ဘက် ပိုလို့တောင် ရောက်တော့မယ် ထင်ပါရဲ့။ လမ်းတလျှောက် လူရော ကားရော ရှင်းနေတယ်။ အဲ့ဒီအချိန်မှာ ကစ်တုန်တို့ ကားစုတ်ကြီး ဘေးကနေ ပြိုင်ဘီးလေးတစ်စီး ၀ှစ်ခနဲ ဖြတ်မောင်းသွားတာ တွေ့လိုက်ရတယ်။ ဒါနဲ့ ကယ်သူတွေ့ပြီဆိုပြီး ကစ်တုန်တစ်ယောက် အသံဗြဲနဲ့ ။ စက်ဘီးမောင်းသူက စက်ဘီးမောင်းတဲ့ ခေါင်းစွတ်သံဦးထုပ်ဆောင်းထားလို့ သူ့မျက်နှာကို ကစ်တုန်မမြင်ရဘူး။ အဲ့ဒီဦးထုပ်ကြောင့် ကစ်တုန်ရဲ့ အကူအညီအော်တောင်းသံကို စက်ဘီးသမား ကြားမကြား မသေချာဘူး။ “သား ဖမ်းခံနေရတာပါ၊ သားကို ကယ်ပါ” ရှိသမျှအသံကို အစွမ်းကုန်ညှစ်ထုတ် အော်လိုက်သံကြောင့် ပြိုင်ဘီးလေး အရှိန်လျှော့ သွားတယ်။ ကားစုတ်ကြီးက စက်ဘီးဘေးကနေ ဟွန်းတီးပြီး ဖြတ်ကျော်တက်တယ်။ အဲ့ဒီအချိန်မှာ သတ္တိရှိတဲ့ ကစ်တုန်က ကားပြူတင်းပေါက်ကနေ ကိုယ်တစ်ပိုင်းထွက် လက်လှမ်းပြပြီး ကားအနောက်မှာကျန်ခဲ့တဲ့ ပြိုင်ဘီးနင်းနေသူ ဆီကို အကူအညီ လှမ်းအော်တောင်းပြန်ပါတယ်။ “သား ဖမ်းခံနေရတာပါ၊ သားကို ကယ်ပါ” “၀ုတ်… ၀ုတ်… ၀ုတ်” ဘူဘူးကလဲ ကစ်တုန်ဘေးကနေ ခေါင်းဝင်ထိုးရင်း တ၀ုတ်ဝုတ်နဲ့ ၀ိုင်းကူဟောင်ပေးပါတယ်။ အဒေါ်ကြီးက ကစ်တုန်နဲ့ဘူဘူးလေး အော်နေတာကို နားညည်းလာတယ် ထင်ပါရဲ့၊ ကစ်တုန်တို့ကို ကားပြူတင်းပေါက် ကနေ ဆွဲချပြီး၊ ကစ်တုန်ရဲ့ခေါင်းကို ဒေါက်ခနဲ အာလူးသီးထွက်သွားအောင် ခေါက်လိုက်ယုံမကပဲ၊ ဘူဘူးလေးရဲ့နှာခေါင်းကိုလဲ လက်နဲ့ရိုက်ထည့်လိုက်တာမို့ တအိုင်အိုင်နဲ့အော်ရင်း ဘူဘူးလေး အသံတိတ်သွားပါတယ်။ ကစ်တုန် မျက်ရည်ဝဲလာပါတယ်။ စက်ဘီးလေးက အနောက်မှာ အဝေးကြီး ကျန်ခဲ့ပါပြီ။ ကစ်တုန် သိပ်ချစ်ရတဲ့ ဖေကြီးနဲ့မေကြီးကို ပြန်တွေ့ဖို့ မလွယ်တော့ပါဘူး။ ကားက မြို့ပြင်ရောက်လာတော့ လမ်းဘေးမှာ အိမ်တွေ လူတွေ မတွေ့ရတော့ပဲ သစ်ပင်တွေပဲ တွေ့ရပါတယ်။ မျက်ရည်ကျတာ လူပျော့လူညံ့တွေရဲ့ အလုပ်လို့ ဖေကြီးပြောတာကို သတိရလိုက်မိလို့ ၀မ်းနည်းပြီး ငိုချင်စိတ်ကို ကစ်တုန် မနည်းအောင့်ထားရပါတယ်။ ကားက တစ်နာရီနီးပါး မောင်းသွားပြီးချိန်မှာ လမ်းဘေးဇရပ်ပျက်တစ်ခုနားမှာ တဖွတ်ဖွတ်မြည်ပြီး ရပ်သွားပါတယ်။ ဦးလေးကြီးက “ကားကို ရေဖြည့်ဖို့ တအောင့်နားမှဖြစ်မယ် ” ဆိုပြောပြီး ညေင်ပင်ရိပ်အောင်မှာ ကားကို ထိုးရပ်လိုက်ပါတယ်။ နေ၀င်ချိန်ရောက်ပြီမို့ ပတ်ဝန်းကျင်မှာ မှောင်စပျိုးနေပါပြီ။ ဦးလေးကြီးက ရေသွားရှာ ချိန် ဒေါ်ကြီးက ကစ်တုန်ကို ထွက်မပြေးနိုင် အောင် သေချာစောင့်ကြည့်နေပါတယ်။ ဦးလေးကြီး ပြန်အလာ ကို ဇရပ်ပေါ်က တိုင်တစ်တိုင်မှာ မှီပြီး စောင့်နေရင်း ကစ်တုန်မှေးခနဲ အိပ်ငိုက်သွားပါတယ်။ “၀ုတ်.. ၀ုတ်.. ၀ုတ်” ဘူဘူးရဲ့ စူးစူးဝါးဝါး ထိုးဟောင်လိုက်သံကြောင့် ကစ်တုန် ငိုက်နေရာက လန့်နိုးသွားပါတယ်။ ခပ်လှမ်းလှမ်းမှာ ရေခပ်ပြီးပြန်လာနေတဲ့ ဦးလေးကြီးကို ဒေါ်ကြီးက မြန်မြန်လာဖို့ လှမ်းအော်ခေါ်ရင်း ကစ်တုန်တို့ကို ကားပေါ် အမြန်ပြန်တက်ခိုင်းပါတယ်။ ခုန ဘူဘူးထိုးဟောင်နေတဲ့ လာရာလမ်းကို ကြည့်လိုက်တော့ အရေးပေါ်ဥသြစွဲသံနဲ့အတူ မီးလုံးအနီလေး ၀ဲလည်လှည့်ပြီး လာနေတဲ့ ရဲကားတစ်စီးကို ၀မ်းသာစဖွယ် လှမ်းမြင်လိုက်ရလို့ ကစ်တုန် ထခုန်လိုက်ပါတယ်။ ကစ်တုန်တို့ကို ကယ်တင်မဲ့ သူတွေ ရောက်လာပါပြီ။ ရဲကားရဲ့အနောက်မှာ ကပ်ပြီး ပါလာတာကတော့ ပြိုင်ဘီးလေးတစ်စီး။ ကစ်တုန် အသံကုန်ခြစ် အော်လိုက်ပါတယ်။ “သား ဖမ်းခံနေရတာပါ၊ သားကို ကယ်ပါ” “သား ဖမ်းခံနေရတာပါ၊ သားကို ကယ်ပါ” “သား ဖမ်းခံနေရတာပါ၊ သားကို ကယ်ပါ” ကယ်တင်သူတွေ သေချာပေါက်လာပြီမို့ ၀မ်းသာစိတ်နဲ့ တင်းထားတဲ့မျက်ရည်တွေ ကစ်တုန်ရဲ့ မျက်ဝန်းက တလိမ့်လိမ့် ကျလာပါတယ်။ ရဲအရာရှိကြီးတွေ ကားအနားရောက်လာပြီး ဦးလေးကြီးနဲ့ ဒေါ်ကြီးကို ဖမ်းနေတုန်း စက်ဘီးပေါ်ကနေ ကစ်တုန်ရဲ့ ကယ်တင်ရှင် ဆင်းလာပါတယ်။ စက်ဘီးစီးခေါင်းစွတ် ဦးထုတ်ကို ချွတ်လိုက်ချိန်မှာတော့ ကစ်တုန် စိတ်မထိမ်းနိုင်တော့ပဲ သူ့ကို ပြေးဖက်လိုက်မိရင်း မျက်ရည်တွေ တတွေတွေ စီးကျ လာပါတယ်။ ဘူဘူးလေးကလဲ ၀မ်းသာလို့လားမသိ၊ ခုန်ဆွခုန်ဆွနဲ့ သူ့ခန္ဓာကိုယ်ပေါ် ခုန်တက်ရင်း မျက်နှာကို လျှာနဲ့လျက်ပါတယ်။ ကစ်တုန်ကိုတစ်ဘက်၊ ဘူဘူးကိုတစ်ဘက် ပွေ့ချီထားရင်း သူလည်း ပျော်နေပါတယ်။ ကစ်တုန် ဖေကြီးနဲ့မေကြီးရှိတဲ့ တည်းခိုခန်းကို ပြန်ရောက်ခဲ့ပါပြီ။ ဧည့်ခန်းထဲမှာ ဖေကြီးနဲ့မေကြီးကို မမရှိန်းမြင့်မိုရ်ထက်က ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြနေပါတယ်။ မမရဲ့ဘေးက ခုံလေးမှာ ကစ်တုန်နဲ့ဘူဘူး က အပြစ်ရှိသူတွေလို ငြိမ်ငြိမ်ကုပ်ကုပ်လေး ထိုင်နေပါတယ်။ တည်းခိုခန်းအပြင် မှာတော့ မှောင်ရိပ်က ကြီးစိုးနေပါပြီ။ “ရှိန်းက တည်းခိုခန်းရောက်ရောက်ချင်း ကစ်တုန်နဲ့ ခြံထဲမှာ ဦးဆုံးတွေ့ပြီး ဘော်ဒါဖြစ်ခဲ့ပြီးသား၊ နောက်ပြီး ဒီမြို့လေး ရောက်တိုင်း ရှိန်းက လူသူရှင်းတဲ့ ဒီတည်းခိုခန်းလေးမှာတည်းပြီး၊ ညနေတိုင်း မြို့ပတ်လမ်းတလျှောက် ပြိုင်ဘီးစီးနေကျလေ၊ ကစ်တုန်ကားပေါ်ကနေ လှမ်းအော်တော့ ဒီအသံကြား ဖူးပါတယ်ဆို ကောင်းကောင်းမှတ်မိသွားတယ်၊ ဒါနဲ့ မင်္သကာပြီး ရဲစခန်းကို ဖုန်းလှမ်းဆက်ပြီး ကားအနောက်ကနေ နောက်ယောင်ခံလိုက်ခဲ့တာ” မမ ရှင်းပြပြီးတော့ ဖေကြီးနဲ့မေကြီးက မမကို ကျေးဇူးစကားအထပ်ထပ် ပြောပါတယ်။ မမက “ကစ်တုန်လေးက တခြားကလေးတွေလို မဟုတ်ပဲ သတ္တိရှိတယ်၊ ဖြတ်ထိုးဥာဏ်ကောင်းလို့ လူဆိုးတွေလက်က အခုလို လွတ်တာပါ၊ နောက်ဆို ဖေဖေမေမေရဲ့စကားကို နားထောင်နော်”လို့ ကစ်တုန်ရဲ့ ခေါင်းလေးကို ပွတ်ပြီး ပြောပါတယ်။ မေမေက “ သား မမက သားရဲ့  ကျေးဇူးရှင်၊ သူသာ မကူညီခဲ့ရင် သားကို အခုလိုတောင် တွေ့နိုင်မှာမဟုတ်ဘူး၊ မမကို ကန်တော့လိုက် သား”လို့ ပြောလို့ ကစ်တုန်တစ်ယောက် မမကို ဦးချကန်တော့ မိပါတယ်။ မမက ကစ်တုန်ကို ကန်တော့နေရာက ထူမလိုက်ပါတယ်။ အဲဒီအချိန်မှာ မမရဲ့လက်ကိုင်ဖုန်း အဆက်မပြတ် မြည်လာပါတယ်။ “ကျွန်မ အခုလာခဲ့ပါမယ်၊ ကိစ္စလေးတစ်ခုရှိလို့ နောက်ကျသွားတာ တောင်းပန်ပါတယ်၊ ခနလေးပဲ စောင့်ပါနော်” လို့ ဖုန်းပြန်ဖြေအပြီးမှာ မမက ကစ်တုန်၊ ဖေဖေနဲ့မေမေကို နှုတ်ဆက် ရင်း နေရာက ထပါတယ်။ ဒါနဲ့ ကစ်တုန်က “မမ… မမက သီချင်းသွားဆိုမလို့ မဟုတ်လား၊ သားတို့လဲ မမရဲ့ စတိတ်ရှိုးကြည့်ဖို့ လက်မှတ်ဝယ်ထားတယ်၊ သွားကြည့်မှာ” လို့ ၀မ်းသာအားရ ပြောလိုက်မိတယ်။ ဖေကြီး၊ မေကြီး၊ မမ၊ ဘူဘူးနဲ့အတူ ကစ်တုန်တို့ စတိတ်ရှိုးကျင်းပမဲ့နေရာကို မမရဲ့ကားနဲ့ အတူသွားကြပါတယ်။ ဟိုရောက်တော့ အားလုံးက မမ အချိန်မီရောက်မလာပဲ ပျောက်နေလို့ဆို ၀ိုင်းပြီး စိတ်ပူနေကြတယ်။ မမက အပြုံးနဲ့ တောင်းပန်ရင်း ကစ်တုန်နဲ့ ဘူဘူးကို ဖေကြီးမေကြီးတို့လို ပွဲခင်းထဲကနေ စတိတ်ရှိုးကိုမကြည့်စေပဲ သူနဲ့အတူ စင်ပေါ်ကို ခေါ်လာတယ်။ စတိတ်စင်ကြီးက သားနားလွန်းတယ်။ မမရဲ့ပုံတွေနဲ့ လှနေအောင် ပြင်ဆင်ထားတယ်။ ကစ်တုန်တို့ စင်ပေါ်ရောက်တော့ လက်ခုပ်သံတွေနဲ့အတူ စင်အောက်မှာ ပရိတ်သတ်တွေ အများကြီးကို တွေ့လိုက်ရ တယ်။ သတ္တိရှိတဲ့ ကစ်တုန် လူသံလက်ခုပ်သံကြောင့် ပျော်သလို ခံစားရတယ်။ မမက လက်ထဲက မိုက်ခရိုဖုန်းနဲ့ စတိတ်စင်ရဲ့နောက်ခံမှာပေါ်နေတဲ့ စာတမ်းကို ကစ်တုန်ကို အသံထွက် ဖတ်ခိုင်းတယ်။ ပွဲခင်းတစ်ခုလုံး မီးကို ရေနဲ့ဖျန်းလိုက်သလို တိတ်ဆိတ်သွားတယ်။ ကစ်တုန် သတ္တိရှိတယ်။ မမ စကားနားထောင်မယ်။ စိတ်ကို တည်ငြိမ် အောင်ထားပြီး အသံအကျယ်ကြီးနဲ့ သေချာဖတ်ပြလိုက်တယ်။ “ နိုင်ငံကျော် ရော့ခ်အဆိုတော် ရှိန်းမြင့်မိုရ်ထက်၏ မိဘမဲ့ကလေးများအတွက် တကိုယ်တော် ရန်ပုံငွေ ဖြေဖျော်ပွဲ” ကြည်လင်ပြတ်သားတဲ့ ကစ်တုန်ရဲ့ အသံအဆုံးမှာ လက်ခုပ်သံတွေ ဆူညံသွားပါတော့တယ်။ ဘူဘူးက ကစ်တုန်ရဲ့ရင်ခွင်ထဲကနေ နားလည်နေသလို တ၀ုတ်ဝုတ်နဲ့ ဟောင်ရင်း ဂုဏ်ပြုပေးနေပါတယ်။ မမက ကစ်တုန်ရဲ့ ပုခုံးကိုဖက်ရင်းက ပရိသတ်ကြီးကို ပြောပြပါတယ်။ “ ကျွန်မပွဲစချိန် နောက်ကျရခြင်းကို နည်းနည်း ရှင်းပြချင်ပါတယ်၊ ကစ်တုန်လေးတို့ မိသားစုနဲ့ ကျွန်မက တည်းခိုခန်းတစ်ခုမှာ အတူတူတည်းကြတာပါ၊ ဒီညနေမှာ မြို့ပြင်မှာ ကျွန်မ စက်ဘီးစီးနေတုန်း ကစ်တုန်လေးကို ကလေးခိုးတဲ့ဂိုဏ်းက လူတွေ ဖမ်းသွားခြင်းခံနေရာကနေ အမှတ်မထင် ပြန်လည် ကယ်တင်ပေးခွင့် ရခဲ့ပါတယ်၊ ဒါကြောင့် ကျွန်မ ဒီကိုလာဖို့ နောက်ကျနေရတာပါ၊ နောက်ကျမှုအတွက် ချစ်ပရိသတ်ကြီးကို တောင်းပန်ပါ တယ်၊ ကျွန်မကိုယ်တိုင်က မိဘမဲ့တစ်ယောက်ဖြစ်တဲ့အတွက် ကလေးများဆို အင်မတန်ချစ်ပါတယ်၊ သူတို့ဟာ အင်မတန်မှ နုနယ်ဖြူစင်လှပါတယ်၊ ဒီတော့ ပရိသတ်ကြီးလဲ မိမိတို့  ပတ်ဝန်းကျင်က ကလေးများကို ချစ်ခင်ကြပါ၊ ကာကွယ် စောင့်ရှောက်ကြပါလို့ တိုက်တွန်းချင်ပါတယ်၊ ဒီနေ့ ပွဲကရရှိတဲ့ လက်မှတ်ရောင်းခ အားလုံးကို မိဘမဲ့ကလေးသူငယ်များအတွက် တစ်ပြားမကျန် ပြန်လည်လှူဒါန်းပါမယ်၊ အခု ပထမဆုံးအနေနဲ့ ကစ်တုန်နဲ့ သီချင်းတစ်ပုဒ် အတူတူ ဆိုပြပါမယ်၊ ရော့ခ်ကာကြီး ကစ်တုန်ကို အားပေးကြပါဦးနော်” ကစ်တုန်နဲ့ မမ တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်လိုက်တယ်။ ဟိုင်းဖိုက်လုပ်ပြီး လက်ဝါးချင်း ရိုက်လိုက်ပါတယ်။ လက်ခုပ်သံတွေ ထပ်မံထွက်ပေါ်လာပါတယ်။ ကစ်တုန် အားပါးတရ ပြုံးရင်း မမရဲ့သီချင်းကို သေချာ ဆိုပြလိုက်ပါတယ်။ ခနနေတော့ ပရိသတ်ကြီးလဲ မနေနိုင်တော့ပဲ လိုက်ဆိုကြတယ်။ ရော့ကာကြီး ကစ်တုန်နဲ့ အတူ ပရိသတ်များရဲ့ သံပြိုင်လိုက်ဆိုသံတွေက မြိုင်သာယာမြို့လေးရဲ့ ညဥ့်ယံမှာ ပျံ့လွင့်လို့နေပါတော့တယ်။ “စာနာပါ… နားလည်ပါ… မေတ္တာတွေထားပါ… ကမ္ဘာမြေဟာ လှနေမှာ… ချိုသာစွာ…ပြောဆိုပါ… အကြင်နာတွေ မျှဝေပါ လူသားတို့အတူတူ ငြိမ်းချမ်းမှုအောက်မှာ ”

 ............................................................................ 

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေ။

 +မြသွေးနီ+ 

Mom & Baby Magazine, အတွဲ (၁)၊ အမှတ် (၁)

Read More...

Monday, April 25, 2016

=ရင်ကွဲနာ=

ဒီအနာဟာ မပျောက်နိုင်တော့ဘူးလား။ ဒီဒဏ်ရာဟာ ခုထိမကျက်နိုင်သေးတာ။ အချိန်ဆိုတဲ့ သမားတော်ကြီးလဲ မကယ်နိုင်။ ဒီဒဏ်ရာဒီအနာဟာ ခုထိရင်မှာ လှိုက်နာနေတုန်းပဲဆိုတာ ဘယ်သူယုံနိုင်မလဲ။ ဒီအနာရှိခဲ့တယ်ဆိုတာရော ဘယ်သူခံစားနားလည်ပေးနိုင်မလဲ။ တဆစ်ဆစ်နာကျင်နေတဲ့အနာအတွက် ဘယ်ဆေးမှလဲ မထည့်နိုင်ဘဲ ခုထိထောင်ချောက်မိနေသေးတာ။ မသိလို့မှားတာပဲဖြစ်ဖြစ် သိသိကြီးနဲ့မှားတာပဲဖြစ်ဖြစ် အမှားဟာ အမှားသာ။ ကိုယ်ကရော မသိလို့ မှားခဲ့တာပေမယ့် ဒီအမှားတစ်ခုအတွက် မသိလို့ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံချင်တာ။ ဟုတ်ပါတယ်။ ကိုယ်လိပ်ပြာမလုံပါဘူး။ ခြောက်နှစ်ကျော်ကာလအတွက်တော့ ဒီလို ကိုယ့်ကိုယ်ကို ချောင်ပိတ်မထားသင့်ဘူးလို့ ပြောချင်လဲပြောကြရော့။ အိပ်မက်။ အိပ်မက်ဆိုးတွေ။ အဖွားဆုံးပြီးကတည်းက ညစဉ်ရက်ဆက်ဆိုသလို မက်နေခဲ့တာ။ ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ့်မသိခြင်းအမှားတွေအတွက် ခွင့်လွှတ်ပါ။ တကယ်ပါ။ အဲဒီနေ့က တကယ်မသိခဲ့တာပါ။ ကိုယ်နလန်ထစ။ လူတွေရဲ့ စိတ်အရောင်တွေ စုံလင်လှကြောင်း လောကကြီးက ကိုယ့်ကို ကောင်းကောင်းလက်ချာရိုက်ပြီးခါစ။ မျက်စိသူငယ်နားသူငယ်နဲ့ လူတွေအကြောင်း ရင်နာနာနဲ့ သိပြီးခါစ။ ကိုယ်ဟာ သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်သလို မြိုသိပ်ရတာတွေများလွန်းရင်လဲ တခါတခါ ထထပေါက်ကွဲတတ်တဲ့သူပါ။ အိပ်ယာပေါ်လှဲနေတဲ့ အဖွားရှေ့မှာ အော်ဟစ်ငိုယိုပြီး ကိုယ်ပေါက်ကွဲခဲ့ပါတယ်။ ကိုယ်တကယ်ကို နာကျင်လွန်းလို့ပါ။ ကိုယ့် အိပ်မက်တွေ၊ ကိုယ့်ရဲ့ ပညာရေးရည်မှန်းချက်တွေ ။ ကိုယ်ရသင့်ရထိုက်တာတွေတောင် စွန့်လွှတ်ပြီး အနစ်နာခံပေးခဲ့တဲ့ သွေးသားအရင်းခေါက်ခေါက်။ ဒါကိုယ့်အဒေါ်အရင်းကြီးတဲ့လား။ နှလုံးသားမရှိလိုက်ပုံများ။ အသဲမာလိုက်ပုံများ။ သွေးအေးရဲ လိုက်ပုံများ။ အဲဒီကတည်းက ကိုယ်ဟာ စက္ကူပေါ် ကိန်းဂဏန်းတွေရိုက်နှိပ်ထားတဲ့ ငွေစက္ကူကို အမုန်းကြီးမုန်းခဲ့တာ။ လူဟာ ဘာမဟုတ်တဲ့ ကိန်းဂဏန်းပါတဲ့ စက္ကူတွေလောက်တောင် အရေးမပါတော့ဘူးလား။ ကိုယ်တန်ဖိုးထားတာ လူပါ။ ပြီးတော့ ကိုယ့်သူငယ်ချင်းတစ်ယောက် အများရှေ့မှာတော့ ကိုယ့်အပေါ် ကောင်းသယောင်ပြပြီး လူကြီးတွေ ကွယ်ရာမှာ ကိုယ့်ကို စကားတစ်ခွန်းနဲ့ ထိုးနှက်သွားခဲ့တာ။ စိတ်နဲ့ ကိုယ့်ကို အသေသတ်သွားတာ။ “ ” ဒီလိုပြောသွားတယ်လို့ ကိုယ်က ပြောရင် လူကြီးတွေက ဒါဟာ နာလန်ထစသွေးအားနည်းနေလို့ ထင်ယောင်ထင်မှားဖြစ်တာပါလို့ ဆိုချင်ဆိုကြမယ်။ မဆိုချင်ကြပါနဲ့။ သူငယ်ချင်းက လူမပီသခဲ့တာ အမှန်ပါ။ အဲဒီကတည်းက ကိုယ့်အပေါ် ကောက်ကျစ်တယ်လို့ ခံစားမိတဲ့သူတွေကို လွယ်လွယ်ကျောခိုင်းတတ်လာတာ။ အဲဒီနေ့က အဖွားရှေ့မှာ မျက်ရည်ပေါက်ပေါက်ကျအောင် ကိုယ် ပေါက်ကွဲခဲ့ပါတယ်။ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပါတယ်။ ဘယ်သူမှ ကိုယ့်ကို မတားကြဘူး။ ကိုယ့်ကို လွတ်လပ်စွာ နာကျင်ခွင့်ပေးခဲ့ကြတယ်။ ကိုယ့်မျက်ရည်တွေကို ရင်နာနာနဲ့ အားလုံးက ငေးကြည့်နေကြတယ်။ ပြီးတော့ အဖွားမျက်ဝန်းမှာလဲ မျက်ရည်စတွေနဲ့လားလို့ပါ။ အဲဒီမြင်ကွင်း ခုထိ ကိုယ်မြင်ယောင်နေတုန်းပါ။ နောက်မှ နောက်မှ သိရတာကလေ။ အဲဒီနေ့က အဖွားဆေးရုံက ဆင်းခါစ။ အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံမှာ သွေးတွေ အများကြီးအန်ခဲ့တယ်ဆိုတာ။ ပြောရမယ်ဆိုရင် တော်တော်ကြီးကြာမှ ကိုယ် လုံးဝ လူကောင်းပကတိပြန်ဖြစ်မှ သိခဲ့ရတဲ့ အမှန်တရားပါ။ အဲဒီအမှန်တရားဟာ ကိုယ့်ကို တဆစ်ဆစ်နာကျင်စေတာ။ နောက်မှသိရတဲ့ အမှန်တရားက ကိုယ့်ကို
ပိုနာကျင်စေပါတယ်။ နောက်ပြန်ဆုတ်လို့ မရမှန်းသိပေမယ့် ပြင်ခွင့်ရှိရင် အဲဒီနေ့က မြင်ကွင်းကိုသာ နည်းနည်းလောက်ပြင်လိုက်ချင်တာ။ အဖွားက အိပ်ယာပေါ်မှာလှဲလို့။ ကိုယ်က နေမကောင်းသေးပေမယ့် အဖွားကို ခြေဆုပ်လက်နယ်ပြုစုလို့။ နာကျင်နေပေမယ့်လဲ ရင်ပွင့်မတတ် ဖွင့်ထုတ်ချင်နေပေမယ့်လဲ အဖွားရဲ့ နေထိုင်မကောင်းခြင်းအတွက် မျက်ရည်တွေရော ခံစားချက်တွေကိုရော မြိုသိပ်ထားခဲ့မိမှာ။ ခုတော့ သေကောင်ပေါင်းလဲ ဝေဒနာနဲ့ မချိမဆန့် ခံစားနေရတဲ့ အဖွားကိုမှ ကိုယ့်ရဲ့ မျက်ရည်စတွေနဲ့ ထပ်ပြီး ၀န်ပိစေခဲ့တာ။ အဖွားတွေမကောင်းကြောင်းပြောတဲ့ မြေးတွေကို မြင်ရတဲ့အခါမျိုးမှာ ကိုယ်က ဟက်ဟက်ပက်ပက်ရယ်ချင်ပါရဲ့။ ရှိခြင်းရဲ့ တန်ဖိုးဟာ မရှိခြင်းနောက်မှသာ သိရတတ်တာ။ အဖွားမရှိတော့ဘူးဆိုမှ ကိုယ်ဟာ အဖွားကို တကယ်ချစ်မှန်းသိလာရတာ။ ကိုယ့်ဘာသာပြန်စာမူတွေပါရင် ရပ်ကွက်ထဲ ကျူပ်မြေးရေးတာဆိုပြီး လည်ကြွားတတ်တဲ့ အဖွားကို ကိုယ်ပြန်မရနိုင်တော့ပါဘူး။ အချိန်ဆိုတဲ့ သမားတော်ကြီးလဲ ကိုယ့်အနာကို မကျက်စေနိုင်ပါဘူး။ ကြာခဲ့ပါပြီ။ ခြောက်နှစ်ကျော်ဆိုတဲ့ ကာလတစ်ခုမှာ ဒဏ်ရာဟာ သွေးစိမ်းထွက်နေတုန်းဆိုတာ ဘယ်သူစာနာပေးနိုင်မလဲ။ ဘယ်သူယုံကြည်ပေးနိုင်မလဲ။ အိပ်မက် အိပ်မက်ဆိုးတွေနဲ့ ကိုယ်ဟာ ထောင်ချောက်မိနေတုန်းသာ။ ကိုယ် ချစ်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်ရတဲ့သူတွေအပေါ် တန်ဖိုးထားတတ်လာအောင် ဂရုစိုက်တတ်လာအောင် သင်ကြားပေးခဲ့တာတော့ အဖွားပါပဲ။

...........................................................

 +ရိုးမြေကျ(မုံရွာ)+

Read More...

Friday, April 22, 2016

=ပြဇာတ်=

ကံ ဆိုတဲ့ ခဲတံကို ကိုင်ပြီး ဘဝ စာရွက်ပေါ်မှာ ဇာတ်လမ်းတစ်ပုဒ် အသာလေး ရေးခြစ်နေတယ်။ ဒီလို ရေးနေရင်း လိုအပ်တဲ့ ဇာတ်ကောင်တွေ ရွေးဖို့စဉ်းစားတယ်။ ကိုယ်တိုင် ဇာတ်လမ်း ကောင်းကောင်း တစ်ပုစ် ကို နှစ်နှစ် ကာကာ စိတ်တိုင်းကျ ဖန်တီးချင်ခဲ့တာ။ ဖြစ်ချင်တာတွေ များနေတယ်။ ဖြစ်စေချင်တာတွေ ရှိနေတယ်။ လုပ်ချင်တာတွေက ဒုနဲ့ဒေး...။ တဖြည်းဖြည်းချင်းသဲ့ယူ လုပ်ယူနေရတော့ အားမရဘူး။ ရလာလေ ပိုလုပ်ချင်လာလေပဲ။ ဒါကြောင့် လောဘကြီးတယ်လို့ ဖြစ်လာတယ်။ လောဘ ဆိုတာ တကယ့်တော့ ဗီလိန် ဆန်တဲ့ လူကြမ်းကြီးတွေ..။ လောဘကြီးတယ်ပဲ ထား..။ ဖြစ်သင့်တာကို ဖြစ်လာအောင် အကောင်ထည်ဖော်ရင်း ဖြစ်လာတဲ့ နောက်ကို တကောက်ကောက် လိုက်နေရတယ်။ လောဘနောက် တကောက်ကောက်လိုက်နေရတဲ့ မောဟတွေ။ လူကြမ်းတွေ နောက်ကို တကောက်ကောက် လိုက်နေရတဲ့ လူရွှင်တော်တွေ။ ဖြစ်လာတဲ့ အပေါ် ပျော်နေလားလို့ မေးကြမလား။ ပြုံးရယ်နေတာကို မြင်ရပေမယ့် ဝမ်းနည်းမှုတွေ ရင်မှာပြည့်ကျပ်နေတာကို မြင်ရင်မြင်နိုင်မှာပါ။ ကိုယ်က မြင်စေချင်နေရင် ကိုယ်က အတ္တ တွေ များနေပြန်ပြီး..။ သူကတော့ မင်းသားပေါ့။ ဒေါသတွေကြီးနေတယ်။ ထစ်ခနဲ ဆို ဒေါသထွက်နေပြီ။ ဒေါသကထွက်ပြီး ထိန်းလို့သိမ်းလို့ မရ။ မရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထုနှက်။ ရလာဒ်က ကိုယ်ပဲနာတယ်။ နာလဲ မတတ်နိုင်ဘူးလေ။ ကိုယ့်ဒေါသကို ကိုယ်ထိန်းဖို့က ကိုယ့်အသားနာမှပဲ ငြိမ်းမှာကိုး။ ဘာကြောင့် ဒေါသထွက်လဲ မေးရင်လဲ ကိုယ့်အတ္တ အတွက်ပဲ။ ဒေါသကြီးတတ်မှန်း သိလို့ ထိန်းသိမ်းပြီးနေပါတယ်။ ပျော့ပျောင်းစွာ ဆက်ဆံပါတယ်။ အမြဲတမ်းပြုံးနေပြီး အပျော်နဲ့ ဖုံးနေတတ်ပါတယ်။ ဒါပေမယ့် ဒေါသထွက်ရင်တော့ မျက်စိထဲ ဘာမှ မမြင်တော့ဘူး။ မျက်စိထဲရှိတာ လုပ်ချင်တာကို ဒေါသနောက် လိုက်မိတယ်။ နောင်တရလားမေးရင် မရဘူး။ နောင်တ ရနေတဲ့ နောက်တော့ ဒေါသ ဘယ်ထွက်တော့မလဲ။ ဒါကလည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲလေ..။ မင်းသားနဲ့ တွဲရမယ့် မင်းသမီးဟာ ဒေါသ ပါပဲ။ “တရားလေးထိုင်၊ ဘုရားများများရှိခိုး” ပေါ့လို့ ဆိုတော့လဲ အတိုင်းအတာ တစ်ခုထိပဲ လုပ်နိုင်ပါတယ်။ တကယ်တမ်း နဖူးတွေ့ ဒူးတွေ့ မှာ အတ္တ၊ ဒေါသ၊ မောဟ တွေ က ထင်သလောက် မထိန်းသိမ်းနိုင်သေဘူး။ မာနကတော့ မရှိသလောက် ဖြစ်နေပြီး။ အဲဒီအတွက်တော့ ဇာတ်က နည်းနည်းနာတယ်။ “ကိလေသာ ကုန်ခမ်းသွားပြီး” ဆိုတော့လည်း ကျန်တာက တဏှာ လို့ပဲ ပြောရမလိုလို...။ တကယ်တော့.... အတ္တမင်းသားက ဒေါသ မင်းသမီးကို မောဟ လူပျက် အကူအညီကိုယူ လောဘလူကြမ်းတွေလက်က ကယ်တင်ဖို့ ကိလေသာ ဆိုင်းတီးပြီး တဏှာဆန်တဲ့ လောက ဇာတ်ကြမ်းကြီးကို ဘဝဇာတ်ခုံပေါ်မှာ ဆုံးခန်းတိုင်တဲ့ အထိတော့ ကကြရမှာ။ တကယ်တော့... ဘဝဟာ ပြဇာတ်ဆန်တယ်။ မင်းသား၊ မင်းသမီး၊ လူကြမ်း၊ လူရွှင်တော် တွေနဲ့ ဆိုင်းတီးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ကရတဲ့ ဇာတ်လမ်းတစ်ပုဒ်။ တကယ်တော့ ကိုယ်တိုင်က ဇာတ်ညွန်းရေးဆရာ...။ ကိုယ်တိုင်က ဒါရိုက်တာ..။ //////////////////////////////////////////////////////////////////////////////////

 ချစ်ခင်လေးစားစွာဖြင့် 



+ဖိုးစိန်+

Read More...

Friday, April 15, 2016

=မှတ်တိုင်များ အကြောင်း=

တောင်ခြေတွင် နေဝင်သည်က အခြားနေရာတွေမှာထက် စောလွန်းသည်။ ဒီနှစ် နွေရာသီသည် ယခင့် ယခင် နှစ်တွေထက် အပူချိန် ပိုများနေသလို ခံစားရသည်။ မိုးဇလ ပညာရှင်များ၏ ပြောစကားအရ ယခင်နှစ်တွေထက် ပို၍ အပူချိန်များကြောင်း သိရသော်လည်း သူတို့ပြောသည်ထက် ပိုသကဲ့သို့ပင်။ လမ်းတို့သည် တံလျှပ်ရောင်ဖြင့် အလျှံတညီးညီး တောက်နေသည်။ အဝေးမှကြည့်လျှင် ရေအိုင်များကဲ့သို့ ဖြစ်နေသည့် ကတ္တရာ ခင်းထားသော တာလမ်းမ၏ အချို့ နေရာများသည် ပျော့ပျောင်းကာ ခြေရာ ထင်ကျန် မတတ် ဖြစ်နေသည်။ အဘယ့်ကြောင့် ဤမျှ ရာသီဥတုက ပြောင်းလဲသွားသည်ကို ကျွန်မ မသိပါ။ ကမ္ဘာအနှံ့အပြားတွင် ဖောက်ပြန်နေသော ရာသီဥတုများကို ကြုံတွေ့နေကြရသည်။ သဘာဝ၏ ဘေးဒဏ်များကိုလည်း ရင်ဆိုင်နေကြရသည်။ ၂၀ ရာစု၏ သည်မှာဘက်ပိုင်း ၁၀ စုနှစ် ၂ ခုအတွင်း ပြင်းထန်သော၊ ရက်စက်သော သဘာဝ၏ ဘေးအန္တရာယ်များသည် လူသားတို့ အပေါ်တွင် ကျိန်စာတိုက်ထားသည့်အလား တစ်ခုပြီးတစ်ခု ကျရောက် နေသကဲ့သို့ပင်။ အပူလွန်ခြင်း၊ အအေးလွန်ခြင်းများသည် လူကြီးလူငယ်တို့၏ အသက်ဇီဝကို ခြွေချနေသေးသည်။ ရင်ဆိုင်ရန် အဆင်သင့် မဖြစ်သေးသော ၊ မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို မသိသော နေရာဒေသ၊ တိုင်းပြည်များမှ လူသားများသည် ထိုဒဏ်များကို အကွယ်အကာမဲ့ ရင်ဘတ်နှင့် ထီးတည်းရင်ဆိုင်ကြရသည်။ မညီမျှသော ဘဝများ၊ ရပ်တည်မှုများကြားတွင် ကွာဟလာသော အခြေအနေများသည် အမှန်စင်စစ်တွင် ကျွန်မတို့၏ ဖန်တီးမှုများသာဖြစ်သည်။ ထို အချင်းအရာကို ကံတရားဟု သတ်မှတ်ကာ ကံတရား၏ လက်တွင်းတွင် မလူးသာ မလွန့်သာ နှင့် ကျွန်မတို့ ရေစုန်မြှောလိုက်နေသည်မှာ ကျွန်မတို့၏ အားနည်းချက်သာ ဖြစ်သည်။ ကံတရားသည် အလုပ်ပင် ဖြစ်သည်ဟု ကျွန်မတို့ မြတ်စွာဘုရား ဟောကြားခဲ့သည်။ ကံတရားသည် ပြုပြင်၍ ရသည်။ ထို အရာမှာ အလုပ်ပင် ဖြစ်သည်။ စိတ်နှင့် အလုပ်များကို လုပ်ကြမည်။ ကိုယ်နှင့် အလုပ်များကို လုပ်ကြပြီး နှုတ်နှင့် လုပ်သော အလုပ်များကို လျှော့ ချကြမည်။ ဝီရိယနှင့် ကြိုးစားမှုသည် မည်သည့် အခါတွင်မှ အချည်းနှီး မဖြစ်ပါ။ ဝမ်းစာကံတရား ပြည့်ဝသူများ အချိန်တိုနှင့် အောင်မြင်သွားသည်ကို ကြည့်ပြီး ကျွန်မတို့ရဲ့ ကံတရား အကျိုးပေးမှု နှောင့်နှေး နေမှု အပေါ်တွင် အားမလိုအားမရ ဖြစ်ပြီး စိတ်ဓာတ်ကျရန်လည်း မဖြစ်သင့်ပေ။ အရွေ့ကလေး တစ်ခု ရှိရုံနှင့်ပင် တချိန်ချိန်တွင် ခရီးတစ်ခုကို အောင်မြင်စွာ ကျော်ဖြတ် သွားနိုင်သည် မဟုတ်ပါလား။ အဓိက မှာ အရွေ့တစ်ခု အမြဲရှိနေရန် ကြိုးစားလိုစိတ် နှင့် အားထုတ်မှု ရှိရန်ဖြစ်သည်။ ချမ်းသာခြင်း ဆင်ရဲခြင်းကို အများစုသော သူများက ငွေကြေးများ၊ ဥစ္စာဓနများ၊ ပိုင်ဆိုင် မှုများနှင့် တိုင်းတာကြသည်။ ထိုကဲ့သို့ စည်းစိမ်ဥစ္စာ ရတနာများနှင့် အတိပြီးသော ဘဝတိုင်းတွင်လည်း စစ်မှန်သော ချမ်းသာကို ရရှိသူများကား နည်းပါးလှသည်။ ကျွန်မတို့ မည်၍ မည်မျှ ခရီး ပေါက်ခဲ့သည်ကို ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် အားမနာစတမ်း၊ မညှာတာစတမ်း ပြန်လည်း စမ်းစစ်ကြည့်သင့်သည်။ ကျွန်မတို့ သူတပါး၏ ထမင်းအိုးကို မည်မျှ တည်ပေးဖူးသနည်း၊ သူတပါး၏ ထမင်းအိုးကို မည်မျှ ရိုက်ချခဲ့ဖူးသနည်း။ စစ်မှန်သော စိတ်စေတနာများ မည်မျှ ထားရှိခဲ့ဖူးသနည်း၊ အကျိုးလို၍ ညောင်ရေလောင်းခြင်းလား၊ အကျိုး ဖြစ်စေချင်၍ ညောင်ရေလောင်းခြင်းလား ကို ကျွန်မတို့မှ အပ အခြားမည်သူမျှ ပိုမသိနိုင်ခဲ့ပါ။ တစ်ရာရှိ၍ တစ်ကျပ် မျှဝေပေးခြင်း သည် ကျွန်မတို့အတွက် ကြီးစွားသော နစ်နာဆုံးရှုံးမှု မဟုတ်ပါ။ သို့သော် ပမာဏ များလာလျှင် ပေးကမ်းကူညီလိုသော စေတနာသည် လျှော့ နည်း ပါးရှားလာတတ်သည် မဟုတ်ပါလား။ တိုင်းပြည်တစ်ပြည်၏ ချမ်းသာခြင်းသည် တစ်ဦးတစ်ယောက်၏ ချမ်းသာမှုကိုကြည့်၍ သတ်မှတ်ခြင်း မဟုတ်ပါ။ ထိုတိုင်းပြည်တွင် နေထိုင်သူတိုင်၏ မျှတသော ဘဝရပ်တည်မှုအပေါ်တွင် ကြည့်ခြင်း ဖြစ်သည်။ ချမ်းသာသော သူများက နွမ်းပါးသူများကို ကူညီကြသည်။ ချမ်းသာသော တိုင်းနိုင်ငံများက နွမ်းပါးဆင်းရဲသော တိုင်းနိုင်ငံ များကို ကူညီကြသည်။ သူတို့သည် သူတို့၏ လှုဒါန်းမှုများကို အယူဝါဒများ နှင့် မကန့်သတ်ပါ၊ ဘာသာတရားများနှုင့် မချိန်ဆပါ။ မပြည့်စုံသည့်သူကို ပေးကမ်းလှူဒါန်းခြင်းသည် မည်သည့် ဘာသာတရားတွင် မဆို မင်္ဂလာရှိသည်။ ကျွန်မတို့သည် အလှူခံ ဘဝမှ လှူဒါန်းသူများ ဖြစ်အောင် ကြိုးစားကြရမည်။ စေတနာ အားကောင်းသော ကျွန်မတို့သည် မေတ္တာတရား အားကောင်းရန်၊ မုဒိတာစိတ် အားကောင်းရန်လည်း ကြိုးစားကြရမည်။ ရုန်းကန် ကြိုးစားခြင်းသည် လွတ်မြောက်ခြင်း ဆီသို့ ဦးတည်ပါတည်။ အမိဝမ်းမှ မွေးဖွားလာစဉ် ဘာမှ အသိမရှိစဉ်ကတည်းက ရုန်ကန်ခဲ့ရသော ကျွန်မတို့သည် ရှင်သန် ရပ်တည်နေစဉ် ကာလတစ်လျောက်လုံး ကြိုးစား ရုန်ကန်ခြင်းအတွက် ပို၍ ပင်ပန်းခြင်း ရှိတော့မည် မဟုတ်ပါ။ ရှင်သန်နေစဉ်မှ သေဆုံးချိန် အထိ ကျွန်မတို့အားလုံး ရုန်ကန်ခဲ့သည်၊ ကြိုးစားခဲ့ကြသည်။ သို့သော် သေဆုံးပြီးချိန်တွင် ကျန်ရစ်သော မှတ်တိုင်များကား တစ်ဦးနှင့်တစ်ဦး မတူညီ၊ ကွာခြားလှသည်။ ခြေရာထင်ထင် ကျန်စေရန် ပျော့သော မြေကို နင်းရန် မလိုပါ။ ကျွန်မတို့ စိတ်နှလုံးသား ကြီးမားရန်သာ လိုအပ်သည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ 


+ပျိုးယုဝသုန်+

Read More...

Sunday, April 10, 2016

= ထွက်ပေါက်=

တိမ်တခင်းလဲ နေမင်းရိပ်သိမ်းတဲ့ဆီပါသွားတဲ့နေ့က ပြိုင်ဘက်ကင်းကင်း နေမင်းက ပူလောင်ခြင်း တွေဒီကမ္ဘာမြေပေါ်ဖြန်းကြဲချိန် ကျနော်တစ်ယောက်လဲ အလုပ်အကိုင်မရှိယောင်ချာချာ ဦးလေးဆရာ တစ်ယောက်ထံသွားလည်ခဲ့တယ် ။သူ့အိမ်ကိုရောက်တော့ အိမ်ထဲမှာဘယ်သူမှမရှိကြဘူး ဒါနဲ့အော်ခေါ် လိုက်တော့ အိမ်နောက်ဘေးခြံထဲက ဦးလေးက ငါခြံထဲမှာလို့အော်ပြောတယ်။နေပူပူဒီဦးလေးတစ်ယောက် တော့ခြံထဲဘာလုပ်နေလဲလို့တကိုယ်တည်း
ရေရွတ်ပြီးသူရှိရာ သို့အိမ်ထဲကိုဖြတ်ပြီးခြံထဲကိုဆင်းလာခဲ့သည် ။ ဟော..တွေ့ပါပြီ ကုန်းကွကုန်းကွနဲ့သူစိုက်ထားတဲ့ ငရုတ်သီးခင်းက ငရုတ်သီးတွေခူးလို့ သူ့နားလျှောက်သွားရင်း "ဦးရယ်နေကပူပူဒါတွေလုပ်နေရလား နေအေးမှဆရာမ (သူ၏အမျိုးသမီး)နဲ့အတူတူခူးပါ့လား" "ဒီမယ် မောင်ရင် နေအေးတဲ့အထိအချိန်ကိုစောင့်နေရင် ကုန်သွားတဲ့အချိန်တွေကို မောင်ရင်ပေးနိုင်လား မောင်ရင်းမပေးနိုင်သလိုဘယ်သူမှလဲမပေးနိုင်ဘူး" စကားသာပြောနေပေမယ့် မျက်လုံးနဲ့လက်က ငရုတ်သီးအပင်ပေါ်မှာရှိနေသောသူ့ကို "ဦးကလဲ ကျနော်က စေတနာနဲ့နားနားနေနေ နေဖို့ပြောတာပါ။ ဦးတို့မှာ ဒီသီးပင်စားပင်တွေမစိုက်လဲ ဈေးထဲမှာကြိုက်သလောက်ဝယ်စားနိုင်နေတာပဲ ဦးတို့တမိသားစုလုံးအလုပ်အကိုင်နဲ့ နေနိုင်စားနိုင်သူတွေပဲ ဘာကြောင့်ဒါတွေအပင်ပန်းခံလုပ်နေရတာလဲ" ကျနော်အဲ့လိုပြောတော့ သူတစ်ချက်ကျနော့် ကိုလှမ်း ကြည့်ပြီး "မောင်ရင်ဒါတွေကိုဘယ်လိုမြင်လဲ" "ငရုတ်ပင်နဲ့ငရုတ်သီးလို့မြင်တယ်လေ"ချက်ချင်းဖြေလိုက်တော့ " ဦးလေးကကျနော့် ဘက်လှည့်ကြည့်ပြီး "အင်း မောင်ရင်မြင်တာလဲမမှားပါဘူး ဒါပေမယ့် ဦးအမြင် ကဒါတွေဟာ ဦးလေးရဲ့စိတ်ထွက်ပေါက်ကွ" "ဗျာ ထွက်ပေါက်ဟုတ်လား ကျနော်ကြားဖူးတဲ့ ထွက်ပေါက်ဆိုတာ ကတချို့က စိတ်ထွက်ပေါက်ကိုအရက် တချို့က သီချင်းစသဖြင့်ကိုယ်ကြိုက်တာနဲ့ထွက်ပေါက်ပေး လိုက်ကြတယ် ဦးလေးကြတော့တမျိုးနော်" သူကတချက်ရီပြီး-" လူအမျိုးမျိုးစိတ်အထွေထွေပေါ့ကွာ ဦးလေးမောင်ရင့်ကိုစိတ်ထွက်ပေါက်ရှာတာလေးပြောပြမယ်။ ဥပမာကွာ အရက်သောက်ပြီး ထွက်ပေါက်ရှာတာသူ့အတွက်ရော ပတ်ဝန်းကျင်အတွက်ရောကောင်းလား" "ဟုတ် ဘယ်သူ့အတွက်မှမဟုတ်ပါဘူး" ကျနော်ဖြေတော့"ဒါပေါ့ ဘယ်သူ့အတွက်မှမကောင်းတဲ့ထွက်ပေါက်ရှာတော့ သူဘာဖြစ်မယ်ထင်လဲ ထွက်ပေါက်ရှာပေမယ့် ၀င်ပေါက်မြန်မြန်နီးသွားတာပေါ့ " "ဗျာ ....ဘာဝင်ပေါက်လဲဗျ့" "မောင်ရင်ကလဲ ၀င်ပေါက်ဆိုတာ သေမင်းဆီဝင်တဲ့ဝင်ပေါက်လေကွာ အရက်သောက်တော့မြန်မြန်သေတာကိုပြောတာကွ" "ဟုတ် ဒါလဲဟုတ်တာပဲ ဒါနဲ့ဦးလေးရဲ့ အပင်လေးတွေနဲ့စိတ်ထွက်ပေါက်အကြောင်းလေးလဲပြောပြပါအုံး" "ဒီလိုကွ အပင်လေးတွေစိုက်တော့ စစိုက်ပြီဆိုကတည်းက ဒီမျိုးစေ့က ဒီမြေမှာပေါက်ပါ့မလား ငါပေါက်းထားတဲ့မြေကညက်မှညက်ပါ့မလား ပျိုးထားတဲ့ မျိုးစေ့တွေက အညှောင့်ထွက်ပါ့ထွက်ပါ့မလားနဲ့ တချိန်လုံးစိတ်တွေကဒီအပင်ပေါ်ရောက်နေတာ ဒီတော့တခြားမဟုတ်တာလုပ်ဖို့ခေါင်းထဲရောက်တော့ဘူး ပေါ့ကွာ အရက်ဆိုရင်တော့ တခွက်နှစ်ခွက်သောက်ပြီးတာနဲ့မဟုတ်တာလုပ်ဖို့နှိုးဆော် နေတော့တာပဲ မဟုတ်ဘူးလား"မေးတော့ ချက်ချင်း " ဟုတ်ပါတယ်" လို့ကျွန်တော်ထောက်ခံတော့ ဦးလေးကဆက်ပြီး" " ပျိုးစေ့လေးတွေမြေချအပင်လေးတွေထွက်လာတော့ စိုက်ရသူကစိတ်ချမ်းသာလာတယ် ဒါနဲ့အပင်တွေ ကြီးထွားလာအောင်ရေလောင်းပေါင်းသင်နဲ့အချိန်တွေဟာ ကုန်မှန်းမသိကုန်သွားတာပေါ့ တိုတိုပြောရရင် အသီးတွေရတော့ အိမ်လဲစားချင်သလောက်စား မိတ်ဆွေတွေလဲပေးချင်သလောက်ပေး ဘယ်လောက် စိတ်ချမ်းသာဖို့ကောင်းလဲကောင်း ပိုက်ဆံလဲမကုန်ဘူး (ရေဖို့တော့ကုန်တာပေါ့)အသီးလေးတွေ ဘုရားလှူတော့ကုသိုလ်ရ ပိုလျှံတော့ရောင်းစားရတော့မိသားစုလဲအပိုဝင်ငွေရ မိတ်ဆွေတွေပေးစားတော့သူတို့လဲ ပျော် ကဲကြည့် အားလုံးဟာကောင်းကျိုးတွေပဲမဟုတ်လား ဒါကြောင့်စိတ်ထွက်ပေါက်ရှာတယ်ဆိုတာ ကိုယ်ရော ပတ်ဝန်းကျင်အတွက်ရောအားလုံးအကျိုးရှိဖို့လိုတယ်ကွ ဦးလေးကိုကြည့်မောင်ရင်တို့ဆရာမ အလုပ်သွား သားသမီးတွေကျောင်းသွားနဲ့အိမ်မှာတယောက်တည်း ကျန်နေပေမယ့်ပျင်းဖို့အချိန်တောင်မရှိဘူး ဒီထွက်ပေါက်လေးနဲ့အချိန်ကုန်သွားတာ ညနေမိသားစုပြန်ရောက်လာတော့သူတို့နဲ့အချိန်ကုန် ဘ၀ဆိုတာဒါပဲ ထွက်ပေါက်မမှားဖို့ပဲလိုတယ် မောင်ရင်လဲထွက်ပေါက်ရှာမယ် ဆိုကောင်းတဲ့ထွက်ပေါက်ရှာတတ်ဖို့ လိုတယ်နော်"လို့ စကားအရှည်ကြီးပြောပြီးမောလို့ထင်တယ်ဘေးမှာချထားတဲ့ ရေနွေးကြမ်းအေးစက်စက်ကို မော့သောက်ပြီး ငရုတ်ခင်းမှထကာ ကန်စွန်းခင်းဘက်ထွက်သွားလေတော့သည် ။ ကျနော်လဲဦးလေးကျောပြင်ကိုငေးရင်း အိမ်အပြန် ကုန်တိုက်သို့ဝင်ကာဝယ်ရန်စဉ်းစားထားသော ဘီယာဘူးနှင့် မျိုးစေ့ထုတ်တလှည့် ငရုတ်သီးတောင့်နှင့် အမြည်းလုပ်စားမည့်အားလူကြော်တပြန်စဉ်စား တွေးတော ဆုံးဖြတ်ကာ ဦးလေးကိုနှုတ်ဆက်ပြီး အိမ်အပြန်ဝယ်နေကျကုန်တိုက်ထဲသို့ဝင်ကာ...........။ 

/////////////////////////////////////////// 

+လွင်ပြင်လှိုင်းငယ်+

Read More...

Friday, April 8, 2016

=စက်ဘီးစီးတဲ့ ဥသြငှက်ငယ်=

ဥသြသံကြားပေမယ့် မနွမ်းလျသောသူရှိပါသလား။ ဥသြငှက် လေးသည် သူ့ကြည်နူးချမ်းမြေ့မှုများကို ဖွင့်အံနေခြင်းဖြစ်နိုင် သော်လည်း သူမကတော့ ဥသြသံလေးကြားတိုင်း ဥသြငှက်လေး မပျော်ရွှင်ဘူးလား။ အဖော်မဲ့လွမ်းဆွတ်နေသလား။ မြည်တမ်းရင်ဖွင့်နေသလားလို့ ထင်ယောင်မြဲဖြစ်သည်။ တစ်ခါတစ်ရံ ဥသြငှက်ကလေးမှာ ဝမ်းနည်းနာကျင်မှုကို မခံမရပ်နိုင်လွန်းသဖြင့် စူးစူးဝါးဝါးအော်ဟစ်ပေါက်ကွဲနေသည် ဟု ထင်မိသည်။ အဆွေးဓာတ်ခံနဲ့သူမို့ ကိုယ်ချင်းစာရင်နာမိခြင်းလည်း ဖြစ်မည်။ ခက်တာက သူမသည် ထိုမျှကြေကွဲဖွယ်မြည်တမ်းသံကို တစ်ကြိမ်တစ်ခါထက်ပိုကာ ကြားနာခြင်းငှာ မစွမ်းနိုင်သူဖြစ်သည်။ သို့သော် ရက်စက်တတ်သော ဥသြငှက်သည် နံနက်ငါးနာရီခွဲ ကစကာ စက်ဘီးစီးကာ သူမပတ်ဝန်းကျင်သို့ ရောက်လာတတ် သည်။ ဥသြငှက်ငယ်သည် ဥသြဟု မမြည်တွန်ပါ။' ပဲပြုတ်၊ အီကြာကွေး' လို့သာ ရွတ်ဆိုလေသည်။ ထိုအသံသည် သူမရဲ့ နားတွင်းအမြှေးပါးကို ထိုးဖောက်ကာ သွေးကြောထဲသို့ ဝင်ရောက်ပြီး နှလုံးသားကို လှုပ်ရမ်းစေလေသည်။ ဥသြငှက်ငယ်ရဲ့ အသံမှာ ဘာကြောင့်ဆွေးမြေ့ တုန်ခါနေသနည်းဟု သူမ နားမလည်နိုင်အောင် ရှိရသည်။ သူမသည် ဥသြငှက်ငယ်ကို ဖမ်းရန်ကြိုးစားသည်။ မူလအစ မှာတော့ မအောင်မြင်ချေ။ ဥသြသံကြားခိုက်မှာ သူမက တိုက်ခန်းအတွင်းပိုင်းကို ရောက်နေတတ်ပြီး လသာဆောင်ကို အပြေးအလွှားခြေချမိချိန်မှာတော့ စက်ဘီးလေးနဲ့ ဥသြက အဝေးကို ရောက်နှင့်နေပြီ။ သက်ပြင်းချသည်။ နာရီကြည့်သည်။ နောက်ထပ်တစ်နာရီ ဥသြငှက်လေးကို ထပ်စောင့်ရဦးမည်။ ခြောက်နာရီခွဲခန့်တွင် ဥသြငှက်ကလေးသည် တစ်ခေါက်ပြန်လည်လာတတ်သည်။ လက်ခုပ်တီးကာ ဥသြငှက်လေးရဲ့ ရွေ့လျားမှုကို နှောင့်ယှက် လိုက်သည်။ ဥသြငှက်လေးက မပြုံးမရယ်ခပ်တည်တည်ကြည့်ကာ ခေါင်းငြိမ့်သည်။ လိမ္မော်ရောင်စက်ဘီးပေါ်မှ ဆင်းသည်။ 'ဘာယူမလဲ အစ်မ' ဟု မေးသည်။ ရန်ကုန်မှာ ဈေးရောင်းသူအများတို့ရဲ့ စံအတိုင်း နူးညံ့ချိုသာခြင်းအလျဉ်းမဲ့သည့် အသံနှုန်းဖြင့် ဆိုသည်။ ခုနက အော်သံနဲ့ စကားပြောသံ ဘာဖြစ်လို့ ဒီလောက်တောင်ခြားနားရတာလဲဟု မေးချင်ပေမယ့် ' ပဲပြုတ်တစ်ရာဖိုး၊ အီကြာကွေးတစ်ချောင်းပေးပါ' လို့သာ ဆိုဖြစ်သည်။ ဥသြငှက်ငယ်ရဲ့ စကားပြောသံမှာ မညက်ညောပေမယ့် ဝတ်ပုံစားပုံမှာ ပြေပြစ်လှသည်။ သွယ်လျသောကိုယ်မှာ တီရှပ်နဲ့ ဒူးအထက်ဘောင်းဘီတိုကို အချိုးတကျဝတ်ဆင်ထားသည်။ သူမသည် ဥသြငှက်ငယ်ရဲ့ ဝတ်စုံအရေအတွက်ကို မခန့်မှန်းတတ်ပေမယ့် တစ်နေ့တစ်မျိုးမရိုးသောဆင်ယင်မှုကြောင့် ဥသြငှက်ငယ်သည် သူမထက် အဝတ်အစားပေါကြွယ်သူဖြစ်ကြောင်း သတိထားမိသည်။ သူမသည် ပဲပြုတ်နဲ့အီကြာကွေးကို တွဲဖက်စားသုံးတတ်သော ရန်ကုန်သူမဟုတ်ချေ။ ပဲပြုတ်ကို နံပြား၊ပလာတာနဲ့သာ အီကြာကွေးကို လက်ဖက်ရည်နဲ့သာ ဆက်စပ်စားသောက်တတ်သူသာ ဖြစ်သည်။ သူမသည် နောက်ထပ်လမ်းလျှောက်ဈေးရောင်းသူတစ်ယောက် ကို စောင့်ကာ ပလာတာဝယ်ရဦးတော့မည်။ ထိုမျှအစားအသောက်ကရိကထကတော့ ဥသြငှက်ကို အနီးကပ်စောင့်ကြည့်နိုင်ခြင်းရလာဒ်အတွက် ပေးဆောင်ရမည့် အဖိုးအခဟု သဘောထားရမည်။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့် ဥသြငှက်သည် သူမရဲ့စိတ်ဝင်စားမှုအာရုံအတွင်းရောက်လာသနည်း။ သူမသည် အသံတွေကို စွဲလမ်းခုံမင်တတ်သူ မဟုတ်ချေ။ အထူးသဖြင့်လိင်တူမိန်းကလေးတစ်ယောက်ရဲ့အသံက သူမကို ဘယ်တုန်းကမျှ မလွှမ်းမိုးခဲ့ဖူးပေ။ သို့သော် ဥသြငှက်ငယ်နဲ့ ဆုံလိုက်ချိန်မှစကာ ထိုသမာရိုးကျဖြစ်တည်မှု၊အတွေ့အကြုံ အားလုံးမှာ ခြွင်းချက်ရှိလာသည်။ ဥသြငှက်သည် အရှိန်ပြင်းပြင်းဖြင့် သူမ မရောက်ဖူးသော တစ်နေရာသို့ တွန်းပို့နေသည်။ ထိုနေရာမှာ သူမ ကူရာမဲ့၊ ကယ်ရာမဲ့ ခံစားရသောနေရာဖြစ်သည်။ ဒီလောကကြီးမှာ သူမ တတ်နိုင်သောအရာမျာရှိကြောင်း နားလည်စိတ်ဓာတ်ကျစေသော အသံဖြစ်သည်။ ဥသြငှက်ရဲ့ ဝမ်းနည်းနာကျင်မှုစွက်နေသော အသံကို သူမက ဖြေလျှော့သက်သာအောင် မလုပ်ဆောင်နိုင်ကြောင်း သိသာစေသော နေရာဖြစ်သည်။ သူမရဲ့ စွမ်းအင်မဲ့မှုကို အထူးပြုမြင်သာအာင် မီးမောင်းထိုးပြနေသာ နေရာလည်း ဖြစ်သည်။ အဘယ်မျှ ကြေကွဲစရာကောင်းလိုက်ပါသနည်း။ သိပ်မကြာမီမနက် ၇ နာရီခွဲခန့်တွင် ဥသြငှက်အသံကို ထပ်မံကြားရဦးမည်။ ဥသြက သူမ၊ သူမက ဥသြဖြစ်နေသည်။ ဥသြငှက်လေးသည် သူမရဲ့ဖွင့်ထုတ်မဆိုနိုင်သောဝေဒနာများကို ကိုယ်စားဖော် ပြပေးနေသည်ဟု ခံစားရသည်။ အသံလှိုင်းမဖြတ်သန်းနိုင်သည့် လေဟာနယ်တစ်ခုဆီ သူမ ထွက်ပြေးချင်သည်။ဘယ်အရပ်တွင် သူမ လုံခြုံမည်နည်း။လေပြင်းတွေ တိုက်ခိုက်ကာ သူမ လွင့်သွားချင်သည်။ ဘယ်အရပ်သို့ ရှောင်ပုန်းရမည်နည်း။ ဥသြငှက်သံကြောင့် နာကျင်မှုများသည် ကမ်းခြေသို့ တလိမ့်လိမ့်ရွေ့လာသော လှိုင်းများလို ရင်ခွင်သို့ ပြန်ရောက်လာသည်။ မိုးခြိမ်းသံတွေ ကြားသည်။ မိုးရွာတော့မည်။ မိုးရွာလျှင် စက်ဘီးနှင့် ဥသြငှက်ငယ်အတွက် ဈောင်းရောင်းရာမှာ ကသီလင်တဖြစ်ပေတော့မည်။ ဥသြငှက်ငယ်သည်အရင်လို အီကြာကွေးချောင်းများကို စက်ဘီးလက်ကိုင်မှာ ချိတ်နိုင်တော့မည်မဟုတ်ပေ။ မိုးကာအကျီံဝတ်ကာ စက်ဘီးစီး လာသည့် ဥသြငှက်ငယ်လေးကို သူမတွေ့ရပေတော့မည်။ ဘယ်ရာသီမှာ ဥသြသံကို နားဆင်ရခြင်းက သင့်ကို ပိုလို့ ဆွေးမြေ့စေပါသလဲဟု သူမ မေးချင်သည်။ သူမအတွက်တော့ ဆောင်းကုန်စ အေးစိမ့်ရာသီမှာ ကြားရသော နွေဦးရဲ့ ပူပြင်းခြောက်သွေ့မှုအကြား လွင့်ပျံလာသော ဥသြသံထက် ကောင်းကင်မည်းမှောင်ကာ ထစ်ချုန်းမိုးရွာနေစဉ်မှာ နားဆင်ရသော ဥသြသံက ပိုလို့ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်စေသည်။ မမြင်ရသော်လည်း အတောင်ဖျားမှာ မိုးရေ စိုစွတ်နေသော ဥသြငှက်လေးပုံရိပ် စိတ်ဝယ်ထင်လာကြီး ကြေကွဲဝမ်းနည်းခဲ့ဖူးသည်။ အခုတော့ မိုးစက်တွေကြားမှာ ဖြတ်သန်းဈေးရောင်းနေသည့် ဥသြငှက်ငယ် အတွက် စိတ်မကောင်းခြင်းကြီးစွာ ခံစားရပေဦးတော့မည်။ ဂီတနက်သန်ကိုစောငြိမ်းရဲ့ နွေဦးသီချင်းကို ပြန်နားထောင် မိပြန်သည်။ ‘ဥသြငှက်ကလေးတို့ရယ်၊ ဟိုပင်ယံရွှေယင်းမာက၊ တေးသံသာဖွဲ့ကာ ကျီစယ်၊ ရယ်ရွှင်ပါလို့ မောင့်ကိုညွှန်းသည့်နှယ်၊ ပူပူဝန်ကြွေးရယ်နဲ့၊ ဆွေးရတဲ့မိန်အကျန်ဝယ်၊ ရော်ရွက်ဝါတို့ သက်ကြွေဆဲ၊ ဖော်နည်းသူမို့ မျက်ရည်ဝဲပြီကွယ်။’ ဥသြငှက်ငယ်လေးကြောင့် ဖြေမဆည်နိုင်ဖြစ်ရခြင်းက ဖော်နည်း ခြင်းကြောင့်ဆိုလျှင် သူမအတွက်တော့ အပေါင်းအသင်းသူငယ်ချင်း မိတ်ဖက်နည်းခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူငယ်ချင်းမရှိသော သူမတစ်ယောက် ဥသြငှက်ကလေးကို မိတ်ဆွေရင်းလို စိတ်ထားကာ ဥသြငှက်လေးရဲ့ လိုအပ်ချက်၊ဖော်ပြလိုချက်၊ မကျေနပ်ချက် မှန်သမျှကို မျှဝေချင်ပေမယ့် မစွမ်းနိုင်တဲ့ ဘဝပိုင်ဆိုင်ထားလေသည်။ သို့သော် သူမက မျက်ရည်မဝဲပါ။ နာကျင်လှိုင်းရိုက်ခတ်ခံရ သော်လည်း မျက်နှာစူပုတ်ပုတ်နှင့် လူသိခံသူ မဟုတ်ပါ။ ဥသြငှက်လေးလို ရင်တွင်းခံစားမှုကို ဖော်ပြနိုင်စွမ်းလည်း ရှိသူမဟုတ်ပါ။ ဥသြမဖြစ်ရခြင်းရဲ့ ဆိုးကျိုးတစ်ခုရယ်လေ။ ။


 ////////////////////////////////////////////////////////////////// 

+မယ့်ကိုး+ 

 နှင်းဆီဖြူဂျာနယ် ၊ အတွဲ၁၊ အမှတ်၂၊ ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅

Read More...

Tuesday, April 5, 2016

=လွဲလွဲလေးနဲ့ကျမ=

လောကမှာ အချိန် -အသက်အရွယ်နုပျိုမှု့ ဆိုတာကို ငွေနဲ့ဝယ်ယူလို့မရပါဘူး ။ ဒါပေမဲ့ ကျမတို့တွေ အားလုံး ဟာ ငွေရှာဖို့အတွက် အချိန်ဆိုတာနဲ့ အသက်အရွယ် ဆိုတာကို သတိမထားမိဘဲ ငွေ ..ငွေ.. ဆိုတဲ့ အသိတခုနဲ့ ဖြတ်ကျော်လာကြပြန်သည် ။ လူတိုင်းတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။ မိဘအသိုင်းအဝိုင်း ချမ်းသာတဲ့သူအဖို့ကတော့ ငယ်စဉ်ကထဲက အပူပင်ကင်းကင်းနဲ့ ဘဝကိုစတင်လို့ရပါလိမ့်မည် ။ လူဦးရေ ပမာဏနဲ့ အချိုးကျရင် သုံးပုံနှစ်ပုံသော လူတွေဟာ ကျမဆိုသလိုပါဘဲ ငွေဆိုတာကို အချိန်နဲ့ အသက်အရွယ်ကို မေ့ထားပြီး ရှာခဲ့ကြတာပါ ။ ငွေတခုထဲနဲ့ဘဝ တခုတည်ဆောက်လို့ရလားဆိုတော့လည်း မဟုတ်ပြန်ဘူး ။ဒါဆိုငွေထက်ပိုအရေးကြီးတာ ကဘာလည်းဆိုတော့ စစ်တမ်းကောက်သလိုရေတွက်ကြည့် ပြန်ရင်လည်း ငွေနဲ့ဝယ်လို့ မရ ငွေထက်အရေးပါတာတွေက ရှိနေပြန်ရော ။ မုန့်လုံးနဲ့ဂျာအေး အပြန်အလှန် စက္ကူကပ်နေသလို ပါဘဲ ။ပထမအရွယ် ပညာရှာ..အခုခေတ်မှာတော့ ပထမ ပညာရှာတဲ့အရွယ်မှာတင် တချို့တွေကပညာရှာရင်းနဲ့အလုပ်တဘက်တွဲလုပ်လို့ ပညာနဲ့အတူ ငွေပါ ရှာနေကြရသည် ။ ငွေဆိုတာကလည်း အလွယ်တကူရှာလို့မရတဲ့ အရာဝတ္ထု တခုဖြစ်လေတော့ ပညာရှာရမဲ့အရွယ် ပညာသာသေချာရှာပါလို့ မပြောရဲကြဘူး ။ ကျမဆို ပညာရှာတဲ့အရွယ်မှာ direction တခုသေချာမထားဘဲ flow တခုအတိုင်းဘဲ စီးဆင်းခဲ့တာ ။ ဘွဲ့လေးတခုရတော့ သူများနည်းတူ ငွေ ..ငွေ ဆိုပြီးငွေနောက်လိုက်ခဲ့တယ် ။ တကယ်တမ်း ဘဝကိုသေချာ နားလည် ဆန်းစစ် မိတဲ့အချိန်မှာတော့ ကျမဖြစ်ခဲ့တဲ့ ဆန္ဒနဲ့ ကျမ ရွေးချယ်လိုက်မိတဲ့ ဘဝက လွဲနေခဲ့ပြီ ။ဒီအချိန်ကျမှ တည့်မတ်အောင် ပြန်လုပ်လို့လည်း မဖြစ်နိုင်တော့ပြန်ဘူး ။ကျမ ရှာဖွေနေတယ်ဆိုတဲ့ ငွေကလည်း ကျမလိုချင်သမျှ ဆန္ဒတွေအကုန်ပြည့်အောင် ဖန်တီးပေးနိုင်သလားဆိုတော့လည်း .... လိုအပ်နေတာတွေကတခုမဟုတ်တခု ရှိနေခဲ့တာဘဲ ။ ဒီအချိန်ကျမှ ဘာဆက်လုပ်မလည်းဆိုပြီး အစအဆုံး ပြန်လှန်ကြည့်ပြန်ရင်လည်း အသက်အရွယ်ကလည်း နောက်ပြန် လှည့်လို့မရ .... အချိန်တွေကလည်း တော်တော်လေးကုန်ခဲ့ပြီး ..ငွေတွေရော အများကြီးရှိနေပြီလားဆိုတော့ ဦးနှောက်ရဲ့စာရင်းအင်းဌာနက သတင်းပို့တယ်... NOOOOOOOO တဲ့လေ ....။ ကဲ...အဲဒီတော့ ဟိုးအစကထဲက လွဲခဲ့တဲ့ အလွဲ တခုကို အခုချိန်မှ ပြန်တည့်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး... ။ အဲဒီတော့လည်း သက်ပြင်းလေး အသာချလို့ အခု အနေအထားလည်း ကိုယ်တိုင်ရွေးချယ်ခဲ့တာဘဲလေ.. သူများတွေလိုပါဘဲ..အေးအေးဆေးဆေး ဖြတ်သန်းလို့တော့ ရနေသားဘဲ..မဆိုးပါဘူးလေလို့ ကိုယ့်ဘာသာကို မချိပြုံးလေး ပြုံး ...ပြန်အားပေးရတယ်.. အဲဒီတော့မှ မချိသွားဖြဲ ဆိုတဲ့ စကားရဲ့ အနက်အဓိပ္ပါယ်ကို သေချာသဘောပေါက်သွားသည်။ တကယ်တော့ ဘဝမှာ ငွေ ..အသက်အရွယ်..အချိန်ကာလ ... ဒီသုံးခုက မျဉ်းပြိုင်လိုဘဲ... တခုနဲ့တခုက ပြိုင်ပြီးတာထွက်လာတာ..အဲဒီတော့ ပန်းတိုင်ကိုလည်း သုံးခုစလုံး ပြိုင်ပြီး ရောက်လာမှာ ။ ငွေကအရင်ရောက်ပြီး အသက်အရွယ်နဲ့ အချိန်က အများကြီးနောက်ချန်ပြီး နေခဲ့မှာတော့ မဟုတ်ဘူး.။ ငွေရှာရင်းနဲ့ အသက်တွေကြီးအချိန်တွေလည်း တဖြည်းဖြည်းတိုက်စားလာမှာ... ။ လွဲလွဲလေး ဖြစ်သွားတယ်ဆိုတဲ့ ကျမလိုအနေအထားနဲ့ စာရင် သေချာတွက်ချက်ထားတဲ့ စီစဉ်မှု့တခုနဲ့ ဖြတ်သန်းလာနိုင်တာပိုကောင်းပါတယ်။လွဲတယ်ဆိုတာ ..ရည်းစားနဲ့လွဲရင်လည်း မကောင်းဘူး..။ ဖြစ်ချင်တဲ့ဆန္ဒတွေလွဲရင်လည်း မကောင်းဘူး ။ သူငယ်ချင်း နဲ့ချိန်းထားပြီးလွဲရင်တောင် မကောင်းဘူး ။ အလွဲဆိုတာဘယ်အလွဲမှ မကောင်းဘူး ။ကျမကတော့ ဆန္ဒတွေတော်တော်များများလွဲခဲ့တယ် ။ အဲဒီတော့ လူငယ်တွေ ကိုကျမလို မလွဲစေချင်ဘူး .. ... ။ ကျမကတော့ ဒီအလွဲလေးအတိုင်းကိုဘဲ အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ ကြိုးစား နေဆဲပါ ။။။ ...................................................... 


+ပစ်ပစ်+

Read More...

Wednesday, March 9, 2016

=အုတ်ခုံလေး၏နံနက်ခင်း=

လမ်းကလေးများ၏ အဆုံးတွင် အုတ်ခုံလေးတွေ ရှိနေတတ်သည်။ သို့သော် လမ်းလေးတိုင်း၏ အဆုံးတွင် အုတ်ခုံလေးများ ရှိနေရန်ဆိုသည်မှာ မသေချာလှပါ။ အုတ်ခုံလေးများ မရှိနေတတ်ပါ။ သို့သော် မနက်ခင်းတိုင်း ကျွန်မ ဖြတ်သန်းနေရသည့် လမ်းကလေး၏အဆုံးတွင်တော့ အုတ်ခုံလေးတစ်ခု နေရှိပါသည်။ ထိုလမ်းကလေးသည် ကျွန်မနှင့် မစိမ်းပါ။ ညနေဈေးသို့ သွားလျှင်ဖြစ်စေ၊ မုန့်သွားစားလျှင် ဖြစ်စေ၊ မြို့ထဲသို့သွားလျှင် လိုင်းကားစောင့်စီးရန်ဖြစ်စေ၊ မကြာခဏဆိုသလို ထိုအုတ်ခုံလေးရှိသော လမ်းကို ဖြတ်သန်းနေကျဖြစ်ပါသည်။ သို့သော် ထိုဖြတ်သန်းခဲ့သည့် အချိန်ကာလများစွာတို့တွင် အုတ်ခုံကလေးကို သတိမထားမိကြောင်း ၀န်ခံချင်ပါသည်။ ထိုအုတ်ခုံလေးကို စတင် သတိပြုမိချိန်သည် ကျွန်မ၏ အလုပ်၊ မြို့ထဲမှသည် ရုံးချုပ်ရှိရာ ကမာရွတ်မြို့နယ်သို့ ရွှေ့ပြောင်းလိုက်ချိန်မှ စတင်ခဲ့ပါသည်။ မနက် (၈)နာရီစွန်းစွန်းဆိုလျှင် ကျွန်မသည် ထမင်းချိုင့်၊ ဖုန်းဘက်ထရီချာ့ဂျာ၊ တစ်ရှူးထုတ်၊ ရံဖန်ရံခါ ကော်ဖီမစ်ထုတ်၊ ဘီစကစ်ထုတ် အနည်းငယ် ထည့်ထားသည့် ကြိမ်ခြင်းတောင်းလေးက တစ်ဘက်၊ ရုံးအလုပ်မှန်သမျှနှင့် ကျွန်မရေးထားသည့်စာမူမှန်သမျှ သိုသိမ်းထားတတ်သည့် လက်စွဲတော် ကွန်ပျူတာ အစုတ်လေးထည့်ထားတတ်သည့် အိတ်ကတစ်ဘက်၊ ပုခုံးပေါ်တွင် မတော့ ဆလင်းဘက်အိတ် ခပ်ကြီးကြီး တစ်လုံးဖြင့်၊ ကျွန်မ၏မနက်ခင်းတိုင်းသည် ၀န်စည်စလည်များစွာဖြင့် အိမ်မှ ခုနှစ်မိနစ်သာသာ လမ်းလျှောက် လျှင်ရသော ရုံးဖယ်ရီကားစောင့်ရမည့်နေရာသို့ လမ်းကလေးမှတစ်ဆင့် ခေါ်ဆောင် သွားလေသည်။ လုပ်ငန်းခွင်ဝင်နေရသည့် အိမ်ရှင်မတစ်ယောက်၏ မနက်ခင်းက ဗာဟီရများလွန်းလှသည်။ ရုံးထမင်း၊ ကျောင်းထမင်းချိုင့်များအမီ ချက်ပြုတ်ရသလို၊ အိမ်မှာ ကျန်ရစ်ခဲ့သည့် အသက်ရှစ်ဆယ် ဖခင်ကြီး အတွက်လည်း တစ်နေ့စာဆေး၊ စားစရာ၊ ဖတ်စရာ အစစ ပြင်ဆင်ပေးခဲ့ရသည်။ မနက်ရှစ်နာရီထိုးရန် ၁၅မိနစ်ခန့်တွင် လုပ်စရာများ လက်စသတ်၍ ရေချိုးရသည်။ ရှစ်နာရီထိုးကာနီးလျှင် အိမ်ပေါ်မှ ကမူးရှူးထိုး ဆင်းကာ လမ်းကလေးအတိုင်း လျှောက်လာချိန်မှာတော့ တသုန်သုန်တိုက်နေသည့် နံနက်ခင်း လေ အေးမြမြ၏ မျက်နှာပြင်ကို တို့ထိခြင်းအား နှစ်သက်စွာခံယူရင်း၊ ခြေလှမ်းခပ်မှန်မှန်ဖြင့် လမ်းကလေးအတိုင်း လျှောက်ခဲ့၏။ ရုံးကားက ကျွန်မကို တဖန်ပြန်စောင့်ရသည်မျိုး ကျွန်မဖြစ်မှာ အင်မတန် အားနာမိသည်။ ကျွန်မကို ရုံးကားက တဖန် ပြန်မစောင့်စေရ။ သို့ဖြစ်၍ ကျွန်မ၏ ရုံးတက်ရက် မနက်ခင်းတိုင်းသည် ကသုတ်ကယက်ဖြင့် ဟောဟဲလိုက် မနက်ခင်းမျိုး ဖြစ်နေခဲ့သည်။ ကျွန်မသည် ကျွန်မနှင့်အတူပါမြဲ ၀န်စည်စလည်များဖြင့် လမ်းထိပ်ပလက်ဖောင်းရောက်လျှင် ခြေလှမ်းကိုအရှိန်သပ်ကာ၊ အမြန်လျှောက်လာ သည့်အရှိန်ဖြင့် ခုန်လှိုက်နေသောအမောကို ဖြေရင်း ရုံးဖယ်ရီအလာကို မျှော်၏။ ဤသို့ မျှော်ရင်း၊ လက်နှစ်ဘက်က ဆွဲကိုင်ထားသည်များကြောင့် မကြာမီလေးလံလာလျှင်၊ ကျွန်မသည် ဟိုသည်ကို မျှော်၍ လက်ထဲက ခြင်းတောင်းဖြစ်စေ ခေတ္တတင်ထားနိုင်ရန် နေရာကို ရှာမိလေသည်။ ထိုသို့ရှာမိချိန်တွင် ကျွန်မ ရပ်နေရာ လမ်းထိပ်နှင့် မလှမ်းမကမ်းတွင် ငြိမ်တိတ်စွာတည်ရှိနေသော အုတ်ခုံလေးကို စတင် သတိပြု မိလိုက်လေသည်။ ကျွန်မ ဟန်ပင် မဆောင်နိုင်တော့ပါ။ အုတ်ခုံလေး ရှိရာသို့ အပြေးသွား၍ လက်ထဲမှာ ကြိမ်ခြင်းတောင်းနှင့် ကွန်ပျူတာအိတ်ကို အသာချကာ၊ အုတ်ခုံလေးပေါ်တွင်ထိုင်ချမိရင်း၊ ရုံးကား အလာကို အေးအေးလူလူ ထိုင်စောင့်နေမိတော့သည်။ အုတ်ခုံလေးသည် ရေမြောင်းကို အုပ်မိုး၍ခင်းထားသော လမ်းကလေး၏ထိပ်တွင် ရှိနေ၏။ အုတ်ခုံလေးသည် အချို့လမ်းသွယ်များကဲ့သို့ ဘယ်တစ်ဘက် ညာတစ်ဘက် အစုံမရှိချေ။ လမ်း၏ထိပ် ညာဘက်တစ်ဘက်ထဲ၌သာ ရှိ၏။ အုတ်ခုံလေး၏ အချို့နေရာများ၌ အင်္ဂတေများ အချပ်လိုက် ကွာလျှက် အောက်မှ အုတ်ခဲအရာကိုပင် မြင်နေရ၏။ အုတ်ခုံလေးက မသစ်လွင်ပါ။ မှိုင်းမှိုင်းညစ်ညစ် ရှိသည်။ ထို့ထက်ဆိုရလျှင် အုတ်ခုံလေးက အိုဟောင်းနေပေပြီ။ သို့သော် ထိုင်၍ ရသည့် အနေအထား ရှိနေသေးသည်။ အုတ်ခုံလေး၏အကျယ်သည် အလျားသုံးပေ၊ အနံတစ်ပေ၊ အမြင့်နှစ်ပေခန့်သာ ရှိသည်။ အုတ်ခုံလေးသည် လမ်းထိပ်ရေမြောင်းပေါ် အုပ်မိုး၍ တည်ရှိ၏။ အုတ်ခုံလေး၏အောက် တွင် မြောင်းရေညစ်ညစ်သည် စီးဆင်းလျက်ရှိသည်။ အုတ်ခုံလေးတည်ရှိရာ တိုက်နံဘေးတွင် ဂရုစိုက်သူမဲ့နေပုံရသည့် ပုဏ္ဍရိပ်ပန်းခြုံလေး ကျိုးတိုးကျဲတဲ ရှိနေသည်။ အုတ်ခုံလေးနှင့် ကပ်လျက်အဆောက်အဦသည် တချိန်တခါက နာမည်ကျော် ဘဏ်တစ်ခုဖြစ်ခဲ့ပြီး၊ ဒေ၀ါလီခံပြီးချိန်တွင် ကုမ္ပဏီတစ်ခုမှ ပြန်ငှားထားသော သုံးထပ်တိုက်တစ်လုံးဖြစ်၍၊ ကျွန်မရုံးဖယ်ရီ စောင့်ချိန်တိုင်း အောက် ထပ် တံခါးကို သော့ခလောက် ခတ်လျက်သားတွေ့ရ၏။ မည်သို့ပင်ဖြစ်စေ အုတ်ခုံလေးသည် နံနက်ခင်းတိုင်း ကျွန်မ အတွက် အမောဖြေစရာ နေရာလေး ဖြစ်သည်။ အုတ်ခုံလေးသည် ကျွန်မ၏အမောတကော နံနက်ခင်းတွင်း အတူပါဝင်ပေးသည့် သက်မဲ့ ပစ္စည်းတစ်ခုဖြစ်သည်။ ကျွန်မတစ်ယောက်ထဲအတွက် အုတ်ခုံလေး က အေးအေးလူလူ၊ ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။ ရုံးကားဟွန်းသံမကြားရမချင်း အုတ်ခုံလေးတွင် အမောဖြေထိုင်ခြင်း ဖြင့်၍ ကျွန်မ၏မနက်ခင်းတိုင်း သည် ဇိမ်ကျလျက်ရှိသည်။ မနက် လမ်းထိပ်ရောက်သည်နှင့် အုတ်ခုံလေးပေါ်မှာရှိနေနိုင်သည့် ဖုန်မှုန်များကို လေဖြင့် ဖူးကနဲ မှုတ်၍ ဖယ်ရှားသည်။ ပြီးလျှင် လက်ထဲက ကြိမ်ခြင်းနှင့် ကွန်ပျူတာအိတ်ကို အုတ်ခုံလေးပေါ်တင်၍ ရုံးဖယ်ရီမလာမချင်း ၁၀မိနစ်ခန့် အချိန်တွင် လမ်းသွားလမ်းလာများကို ဤအုတ်ခုံလေးတွင် ထိုင်ကာ ကျွန်မ ငေး၏။ အတွေးကွန့်မြူး၏။ ရံဖန်ရံခါ အိမ်နားကဆိုင်မှ ၀ယ်လာသည့် သတင်းစာဖြစ်စေ၊ ဂျာနယ်တစ်စောင်စောင်ဖြစ်စေ အုတ်ခုံလေးမှာ ထိုင်ဖတ်ရင်း ရုံးကားစောင့်သည်။ အုတ်ခုံလေးရှေ့မှ ပုံမှန်ဖြတ်သွား နေကျအဖြူအစိမ်းဝတ် ကျောင်းသူ တစ်ဦးနဲ့လည်း ကျွန်မတို့ချင်း အပြန်အလှန် မှတ်မိနေချေပြီ။ မနက်ခင်းတိုင်း အသက်၆၀ကျော်သားဖြင့်သူနှင့် လမ်းလျှောက်ရင်း အုတ်ခုံလေးမှာ အမောဖြေ ၀င်ထိုင်တတ်သည့် အသက် ၈၆နှစ် အဘွားနှင့်လည်း ကျွန်မ ခင်နေလေပြီ။ ချစ်သူကောင်မလေး၏ စလင်းဘက်အိတ်ကို လွယ်ပေးယုံမျှမကပဲ ကောင်မလေး ခိုမှီတွယ်ထားသည့် လက်မောင်း ကိုပါ အားတင်းရင်း ကြည်ကြည်နူးနူး ယှဉ်တွဲလျှောက်သွားသည့် သမီးရည်းစားစုံတွဲနှင့်လည်း မျက်မှန်းတမ်းနေလေပြီ။ “ဒီနေ့ လူတွေ ဒီလို အရိပ်အောက်မှာ ထိုင်နေနိုင်တာဟာ၊ ဟိုးအရင်ကထဲက လူတွေ အပင်တွေ စိုက်ခဲ့လို့ဖြစ်တယ်” ဟု ဆိုစကား ရှိခဲ့ဖူးသည်။ ဤအုတ်ခုံလေးမှာ ယခုလို ထိုင်နေနိုင်အောင် မည်သူက စတင်ပြုလုပ်ခဲ့ပါသလဲဟု ကျွန်မ အတွေးနက်မိသည်။ အုတ်ခုံလေးက မြောင်းတစ်ခု၏ အရံအတားတစ်ခုမျှ သာမကပဲ၊ စောင့်မျှော်နေချိန် ခေတ္တထိုင်စောင့်နိုင်သည်။ မောလာလျှင်အမောပြေ ထိုင်နားနေနိုင်သည်။ ညဘက်အချိန်တွင် ဤအုတ်ခုံလေးမှာ သမီးရည်းစား စုံတွဲများ လာတွတ်မထိုးဘူးဟု မည်သူပြောနိုင်ပါသနည်း။ ခေတ်လူငယ်များ ဂစ်တာတစ်လက်ဖြင့် ညတေးများ လာရောက် ဟစ်ကြွေးနိုင်သေးသည်။ သို့နှင့် အုတ်ခုံလေးက ကျွန်မ၏မနက်ခင်းများတွင် မရှိမဖြစ် ပါဝင်နေခဲ့သည့် သက်မဲ့ အရာဝတ္တု တစ်ခု ဖြစ်လာသည်။ တစ်မနက်ခင်းတွင် ဖြစ်သည်။ ထုံးစံအတိုင်း လမ်းထိပ်တွင် ရုံးဖယ်ရီစောင့်ရန် ထွက်လာခဲ့သည်။ လမ်းထိပ်သို့ လျှောက်လာစဉ် ကျွန်မ၏ မြင်နေကျလမ်းထိပ်မြင်ကွင်းသည် အပြောင်းအလဲများ ဖြစ်နေ၏။ ထိုင်နေကျအုတ်ခုံလေး၏ မလှမ်းမကမ်း ပုဏ္ဍရိပ်ခြုံနေရာတွင် ဆိုင်ခပ်သေးသေးတစ်ခုနှင့်၊ ဆိုင်နားတွင် လူအချို့လည်း ရှိနေသည်ကို ထူးခြားစွာ တွေ့လိုက်ရ၏။ ဆိုင်နေရာ နားက ပုဏ္ဍရိပ်ခြုံလေးလဲ ခုတ်လိုက်သည် လားမသိ၊ ပြောင်ရှင်း နေပေပြီ။ အနားရောက်လျှင် ဆေးလိပ်ကွမ်းရာဆိုင်မှန်း သိလိုက်ရသည်။ ဆိုင်နာမည် မတပ်ထားသော်လဲ ကွမ်းရွက်၊ ထုံးအိုးနှင့် ကွမ်းထဲ ထည့်စားသည့် ဆေးဗူးများ စီရရီ စီထားသည်ကို တွေ့ရ၏။ ထို့ပြင် ဖုန်းကဒ်မျိုးစုံရသည်ဆိုသည့် ဆိုင်းဘုတ်လေးလဲ ချိတ်ထားသေးသည်။ ကွမ်းယာဆိုင်အသစ်လေး၏ ပတ်ပတ်လည်တွင် အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး ကြော်ငြာဗီနိုင်းများဖြင့် အလှဆင်ထားသည်။ မည်သို့ကြောင့်မသိ၊ ကျွန်မ၏ နံနက်ခင်းသည် ၀န်စည်စလယ်များအား အုတ်ခုံလေးပေါ်တွင် ယခင်လိုချထားပြီး ၀င်ထိုင်လိုက်ရသော်ငြား၊ အမောမပြေသလိုလိုနှင့် နံနက်ခင်း၏ လွတ်လပ်ပေါ့ပါးသည့် စိတ်များက ယခင်နှင့်မတူ၊ ကွယ်ပျောက်၍နေ၏။ အုတ်ခုံလေး၏အနားတွင် အဖော်အဖြစ် ကွမ်းရာဆိုင်လေး ရှိလာသော်ငြား ကျွန်မ၏ စိတ်ထဲတွင် နှမျောသလိုလို ခံစားချက် ၀င်လာမိသည်။ နောက်တစ်နေ့နံနက်တွင် ကျွန်မသည် ထုံးစံအတိုင်း ရုံးဖယ်ရီစောင့်ရန် အိမ်မှ ထွက်လာခဲ့ သည်။ အုတ်ခုံလေးနားအရောက်တွင် ကျွန်မ စိုးရိမ်ထားသည်များက ဆီး၍ ကြိုနေလေသည်။ အုတ်ခုံလေးတွင် ယောကျာ်းနှစ်ဦးထိုင်နေ၏။ တစ်ဦးက ကွမ်းရာဆိုင်က အမျိုးသမီးကို ကျယ်ကျယ်လောင်လောင် စကားလှမ်း ပြောနေသည်။ ယောကျာ်းနှစ်ဦးလုံး၏ ပါးစပ်ထဲတွင် ကွမ်းများ ပလုပ်ပလောင်းနှင့်။ ကွမ်းတံတွေးကို ပျစ်ကနဲ အနားတွင် အလွယ်တကူ ထွေးချလိုက်သည်။ အုတ်ခုံလေး၏ ရှေ့မျက်နှာစာသည် ကွမ်းသွေးနီနီများဖြင့် စွန်းထင်းနေလေပြီ။ ကျွန်မသည် ယောကျာ်းနှစ်ယောက်ထိုင်နေသော အုတ်ခုံလေးတွင် ယခင်လို ထိုင်ရန် မဖြစ်နိုင်တော့ချေ။ အနားမှ ကျော်ဖြတ်ခဲ့ရပြီး၊ မလှမ်းမကမ်း ပလက်ဖောင်းနေရာတွင် သွားရပ်၍ ရုံးဖယ်ရီကားကို စောင့်နေ ရတော့၏။ ဖယ်ရီစောင့်ရင်း ဤအုတ်ခုံလေးတွင် အရင်လို ကျွန်မထိုင်ရန် မဖြစ်တော့သည်ကို သတိပြုမိလာသည်။ သည်လိုနှင့် ကျွန်မ၏ မနက်ခင်းလေးတွင် အုတ်ခုံလေးမပါဝင်တော့သည်မှာ အတော်ပင် ကြာလာခဲ့သည်။ ကျွန်မနှင့် မျက်မှန်းတမ်းနေသည့် မနက်ခင်း လမ်းသွားသူများ သည်လည်း စစတွေ့ချင်း တစ်ရက်နှစ်ရက်သာ ကျွန်မ ယခင်လို အုတ်ခုံတွင် မထိုင်သည်ကို သတိပြုမိပေလိမ့်မည်။ သိပ်မကြာခင် အချိန်ကာလတွင် သူတို့သည် ကျွန်မအား သတိပြုမိချင်မှ သတိပြုမိပေတော့မည်။ ကျွန်မသည် အုတ်ခုံလေးအပေါ် သံယောဇဉ်ရှိပေသော်ငြား၊ ယောကျာ်းသားတွေ တရုန်းရုန်းဖြင့် ရှိနေတတ်သည် အနှီအုတ်ခုံလေးကို ယခင်လို စေ့စေ့မကြည့်ရဲတော့ပြီ။ အုတ်ခုံလေးကတော့ ကွမ်းသွေးများညစ်စွန်းခံလျက်က ကွမ်းဖောက်သည်များနှင့် ရင်းနှီးနေလေပြီ။ ကွမ်းရာဆိုင်က အမျိုးသမီးကို ထိကပါးရိကပါးပြောသော အမျိုးသားများနှင့်လဲ အုတ်ခုံလေး အကျွမ်းဝင်နေလေပြီ။ အုတ်ခုံလေးသည် ယခင်က အိုဟောင်းနေပေသော်ငြား ထိုင်ရန် သင့်တော်သေး၏။ ယခုမူ ကွမ်းရာဆိုင်လာ ယောကျာ်းများ၏ ဆေးလိပ် ထိုင်သောက်ရာ၊ ကွမ်းထိုင်စားရာနေရာ ဖြစ်နေလေပြီ။ တစ်နေ့မနက်တွင် ဖြစ်သည်။ ရုံးသွားရန် လမ်းထိပ်သို့ ထုံးစံအတိုင်း ကျွန်မထွက်လာခဲ့သည်။ အုတ်ခုံလေးကို လှမ်းမြင် ရချိန်တွင် ထိုအနား၌ လူသုံးလေးယောက် စုစုရုန်းရုန်းတွေ့ရ၏။ အနားသို့ရောက်သော် အုတ်ခုံလေးပေါ်တွင် လူတစ်ယောက် ဆောင့်ကြောင့် တက်ထိုင်နေသည် ကို တွေ့ရ၏။ ထိုလူ၏လက်ထဲတွင် အိတ်ဆောင်ရေဒီယိုတစ်လုံး ကိုင်ထားပြီး ပြည်ပသတင်းဋ္ဌာနတစ်ခုမှ သတင်းကြေညာနေသည်ကို လမ်းသွား လမ်းလာများ ကြားလောက်သည့် အသံနှုန်းဖြင့် ဖွင့်ထား၏။ ထို့နောက် စွာကျယ်ကျယ်အသံဖြင့် ကွမ်းရာဆိုင်ဘက်သို့ ‘လာမဲ့ တနင်္ဂနွေ အမှိုက်ကောက် ရမယ်နော်၊ ကြေညာထားတယ်၊ မင်းတို့ အားလုံး မှတ်ထားကြဦး၊ မေ့မယ်၊ တို့တိုင်းပြည်မှာ အမှိုက်တွေချည်းပဲ၊ တာဝန်သိစိတ်နဲ့ ကောက်မှဟေ့ ’ ဟု လှမ်းပြော၏။ ‘ခင်ဗျားပဲ ကျုပ်တို့အတွက် ပိုကောက်လိုက်’ ‘ခင်ဗျားလို လူမျိုးက ပိုကောက်သင့်တယ်၊ စောစောစီးစီးေ-ာက်ရှူးက တစ်မူးလာ ပိုရှူနေတယ်’ ဟု တစ်ဘက်မှ ပြန်အော်ပြော၏။ မနက်ခင်းလေးသည် ရေဒီယိုမှ အသံများ၊ ဆဲရေးသံများဖြင့် ညစ်ပေသွား၏။ ထိုရေဒီယိုနှင့်လူမှာ အုတ်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်နေရာမှ လမ်းပေါ်သို့ ခုန်ချလိုက်ပြီး၊ သူကို မထေမဲ့မြင်ပြောဆိုဆဲရေးသည်ကို ဂရုပင်မပြုပဲ ‘ အမှိုက်တွေ ကောက်ရမယ်နော်၊ မမေ့ကြနဲ့၊ မမေ့ကြနဲ့’ ဟု ထပ်မံ၍ ပွစိပွစိပြောကာ နေရာမှထွက်သွား၏။ ကွမ်းရာဆိုင်ရှေ့တွင် ကွမ်းရာရပ်ဝယ်နေသည့် လူက ‘ ဒီလူက အစဉ်အဆက် ဆယ်အိမ်ခေါင်းလေ၊ ရပ်ကွက်မေတ္တာ အမြဲခံယူနေသူပေါ့၊ အခုတော့ ရေဒီယို တစ်လုံးနဲ့ လိုင်းပေါင်းစုံဖွင့်နားထောင်ပြီး၊ နိုင်ငံရေးပဲ စိတ်ဝင်စားသယောင်ယောင်နဲ့၊ ရပ်ကွက်တစ်ခုလုံး သူပဲ ကယ်တင် ထားရပုံနဲ့၊ သတင်းထဲက ကြားတာတွေ ဟိုလူ့ ဟိုဟာလိုက်ပြော၊ ဒီလူ့ ဒီဟာလိုက်ပြောနဲ့၊ ကြောင်သလိုလို ဖြစ်နေတာလေ’ ဟု ကွမ်းရာဆိုင်မှ အမျိုးသမီးအား လှမ်းပြော၏။ ကွမ်းရာဆိုင်မှ အမျိုးသမီးက ထိုလူ၏ စကားကို ကွမ်းရာနေသည်လောက်မျှတောင် စိတ်မ၀င်စားပေ။ အုတ်ခုံလေး၏ ပတ်ပတ်လည်တွင် ကွမ်းတံတွေးများဖြင့် ပေပွ ညစ်ထပ်နေယုံမျှမက၊ ဆေးလိပ် ခိုးဆေးလိပ်ငွေ့များဖြင့် မွှန်ထူနေလေပြီ။ ကွမ်းရာဆိုင်မှ အမျိုးသမီးနှင့် သူ့ဖောက်သည်များ၏ ဟီးဟီးဟားဟား ရယ်သံများကလည်း အုတ်ခုံလေး၏ နံနက်ခင်း တိတ်ဆိတ်မှုကို ဖြိုခွင်းလေ၏။ ဤအုတ်ခုံနေရာလေးသည် ယခင်က အိုဟောင်းယုံမျှသာဆိုသော်လည်း၊ ယခုအခါ ညစ်ထေးမှုပါ ထပ်ဆောင်း လာချေပြီ။ တစ်နေ့ မနက်ခင်းတွင် ဖြစ်သည်။ တစ်ကြိမ် ကျွန်မကြုံခဲ့ဖူးသည့် ရေဒီယိုနှင့် လူသည် ရေပုံးကတစ်ဘက်၊ အုန်းတံမြက်စည်းကတစ်ဘက်နှင့် အုတ်ခုံလေးရှေ့ရှိ ကွမ်းတံတွေးများကို တရှဲရှဲ လှည်းနေ၏။ ထိုလူ၏ ပါးစပ်မှလည်း ‘ အသိစိတ်၊ တကိုယ်စာ တာဝန်ယူစိတ်လေးတွေ မရှိကြဘူး၊ ကိုယ့် ပတ်ဝန်းကျင်တောင် သန့်ရှင်းဖို့ တာဝန်မယူနိုင်သေးရင် ကျန်တာကတော့ ဝေးပါသေးကွာ’ ဟု ပြောနေ ပြန်သည်။ ကွမ်းရာဆိုင်က အမျိုးသမီးက ထိုသူပြောနေသည်ကို ကြားသွားပုံရ၏။ ‘ ရှင်နေ့တိုင်း ရေဆေးတောင် အလျဉ်မီမှာ မဟုတ်ဘူး၊ ထွေးနေကျလူက ပျစ်ဆို ထွေးထည့်လိုက်မှာပဲ၊ ဘာပဲဖြစ်ဖြစ် အခုလို ရှင် သန့်ရှင်းအောင် လုပ်ပေးတာ ကောင်းပါတယ်၊ ရော့ ရော့ ကျေးဇူးတင်လို့ ဒီမှာ ကွမ်းတစ်ရာ လာဝါးချေ ’ ဟု ပြောလည်းပြော ကွမ်းတစ်ရာပါ လှမ်းပေးလိုက်၏။ ထိုလူလည်း ကွမ်းကို ပါးစောင်ထဲ ထည့်ဝါးလိုက်သည်ကို ရုံးဖယ်ရီပေါ်မတက်မီ ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်ရသည်။ ရုံးတာဝန်ဖြင့် ကျွန်မ ပြည်တွင်းခရီး တစ်ပါတ်ခန့် ထွက်ရသည်။ နံနက်ခင်း အုတ်ခုံလေးနှင့် ကျွန်မ အခိုက်အတံ့ ဝေးနေရချိန် ဖြစ်သည်။ နောက်တစ်နေ့ နံနက်ခင်း ရုံးသွားရန် ဖယ်ရီစောင့်ချိန်တွင် ကျွန်မသည် အံ့သြစဖွယ် မြင်ကွင်းကို တွေ့လိုက်ရ၏။ ရေဒီယိုနှင့်လူသည် ထိုင်နေကျအုတ်ခုံပေါ်တွင် ဆောင့်ကြောင့် ထိုင်မနေတော့ပေ။ သူနှင့်အတူ ယှဉ်တွဲတွေ့ရတတ်သည့် အိတ်ဆောင်ရေဒီယိုလေးကိုလဲ မမြင်ရပါ။ တံမျက်စည်းလည်း လှည်းပုံမရတော့ပါ။ သူသည် ကွမ်းရာဆိုင်နံဘေးတွင် ထိုင်ခုံတစ်လုံးဖြင့် ထိုင်လျက်၊ ကွမ်းရာဆိုင်က အမျိုးသမီးနှင့် အကြည့်ချင်းဆုံ စကားလက်ဆုံကျနေ၏။ ထိုသူ၏ ပါးစပ်သည် တလှုပ်လှုပ်ဖြင့် ရှိ၏။ ထိုသူသည် ကွမ်းကိုမြိန်ရည် ယှက်ရည် မြုံ့နေရာမှ ကွမ်းတံထွေးကို အနား၌ ပျစ်ခနဲ ထွေးချလိုက်၏။ ကျွန်မ မျက်နှာကို လွှဲလိုက်မိသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လမ်းလေးတလျှောက် စည်ပင်မှဝန်ထမ်းများက အများပြည်သူ ဖြတ်သန်းသွား၍ မရအောင် ကာရံနေသည်ကို အိမ်ပေါ်မှ တွေ့နေရ၏။ ကျွန်မ အဖေ့ကို မေးကြည့် လျှင် လမ်းချဲ့ပြီး ပြန်ခင်းရန် လုပ်နေခြင်းဟု သိရ၏။ ‘ဘယ်သူက ခင်းပေးတာလဲ အဖေ’ဟု မေးမိရာ၊ ‘အခုတလော လမ်းတွေ တံတားတွေ အပြီးသတ် ခင်းနေ ပြင်နေကြတာ သမီးမသိဘူးလား’ ဟု မေးခွန်းပြန်ထုတ်ခြင်း ခံရ၏။ ကားများ ဖြတ်၍မရ။ လူအများလည်း တစ်ဘက်လမ်းမှ ကွေ့ပတ်သွားရ၏။ သို့နှင့် ကျွန်မလည်း အများ နည်းတူ တစ်ဘက်လမ်းမှ ပတ်ကာ လမ်းထိပ်သို့ သွားရ၏။ လမ်းထိပ်သို့ ခြေလှမ်းမှန်မှန်ဖြင့် လျှောက်နေစဉ် ကျွန်မ တစ်စုံတစ်ရာကို သတိရသွားလျက် စိတ်လှုပ်ရှားသွားရ၏။ သို့နှင့် ခြေလှမ်းများကို သွက်သွက်နှင်လိုက်မိသည်။ တစ်ဘက်လမ်းမှ ပတ်၍ ရုံးဖယ်ရီစောင့်နေကျ လမ်းထိပ်သို့ ရောက်ခဲ့ချိန် ကျွန်မ၏ မနက်ခင်းမြင်ကွင်းသည် အသစ်ဖြစ်နေသည်။ လမ်းထိပ်တွင် ကျောက်ပုံများ ပုံထားသည်။ လမ်းခင်းရန် အလုပ်သမားများဖြင့် စည်ကားနေပေပြီ။ ကွမ်းရာ ဆိုင်လေးလည်း ဘယ်ရွေ့သွားသည်မသိ၊ လမ်းပြင်ရန် ဖယ်ရှားခံလိုက်ရပြီ။ ကွမ်းရာသည်အမျိုးသမီးနှင့် ရေဒီယိုနှင့်လူရော ဘယ်နေရာရောက်သွားသည်မသိ။ ကွမ်းရာစားရင်း ဆဲရေးတတ်သူများလဲ နောက်ကွမ်းရာ ဆိုင်တစ်ဆိုင်သို့ ကူးချေရော့မည်။ ထို့ထက်ပိုဆိုးသည်က ကျွန်မ၏ အုတ်ခုံလေးအား တူအကြီးကြီး တစ်လက်ဖြင့် လမ်းခင်း အလုပ်သမားတစ်ဦးက ထုနှက် ဖြိုဖျက်နေလေပြီ။ အားနှင့်မာန်နှင့် လွှဲ၍ ထုဖျက်နေသဖြင့် အုတ်ခုံလေးမှာ မွမွကြေကာ ပုံသဏ္ဍာန်ပျက်နေလေပြီ။ ကျွန်မ မျက်နှာကို လွှဲထားလိုက်မိပြန်၏။ လမ်းကလေးများ၏အဆုံးတွင် အုတ်ခုံလေးတွေ ရှိနေတတ်သည်။ သို့သော် လမ်းလေးတိုင်း၏ အဆုံးတွင် အုတ်ခုံလေးများ ရှိနေရန်ဆိုသည်မှာ မသေချာလှပါ။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၂၀၁၆ ခုနှစ်၊ မတ်လ၊ ရတီမဂ္ဂဇင်းအထူးထုတ်) 

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျပါစေ။ 


+မြသွေးနီ+

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)