ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Showing posts with label သရော်စာ…. Show all posts
Showing posts with label သရော်စာ…. Show all posts

Wednesday, March 16, 2016

=မြက်နုရာမှ ပဋိပက္ခ=

ဒီဆယ်ပေ ပတ်လည် အခန်းကျဉ်းကျဉ်းတွင် ဒေါက်တာ xxx ဟူသော ငါးလက်မသာသာ ရှိသည့် ဆိုင်းဘုတ်ကို သူအကြိုက်ဆုံးဖြစ်လေသည်။ ကြည့်လိုက်လျှင် ထင်းကနဲ လင်းကနဲ နေတတ်သော ထိုဆိုင်းဘုတ်ပေါ်မှ မိမိအမည်ကိုလည်း သဘောကျနေ၏။ ကြည့်စမ်း…၀င့်ထည်လိုက်တဲ့ နာမည်၊ ခေါ်ရတာပင် လေးလေးပင်ပင် ရှိလှသည်။ လောကကြီးမှာ ရှိသော အသိဥာဏ်အားလုံးတို့က ကိုယ့်စိတ်ထဲ ကိန်းအောင်းလာသလို အထင်မျိုးနှင့် ဒေါက်တာဖြစ်နေရသည်ကို မျောက်အုန်းသီး ရသလို ဂုဏ်ယူနေတော့၏။ ဆိုင်းဘုတ် ရကာစက ဆိုလျှင် တစ်နေ့ကို အခါနှစ်ဆယ်လောက် ဖုံသုတ်ရသည်။ နာမည်ဆိုတာ မှေးမှိန်လို့ ကောင်းတဲ့ အရာမျိုး မဟုတ်ဘူးလေ။ ကိုယ့်ကိုယ်ကို ဒေါက်တာဟု မေ့လောက်သော ပတ်ဝန်းကျင်မှာမို့ ထိုဆိုင်းဘုတ်ကို ပေးထားသည်ဆိုသည်ကိုတော့ သူထည့်မစဉ်းစားမိ။ ယနေ့မနက်တော့ ဒေါက်တာကြီးသည် ခေါင်းတဆစ်ဆစ် ကိုက်ခဲလို့ နေသည်။ ဘေးနားက ဖြတ်သွားသူတို့ကို အခါတိုင်းမှာလို ပြုံးပြုံးရွှင်ရွှင်နှင့် နှုတ်ဆက်ရန်ပင် စိတ်မပါပေ။ အကြောင်းမှာ မနေ့ညက အိမ်နီးချင်းကလေးသည် နံရံပါးပါးတို့ကိုမှ အားမနာပါးမနာ သံကုန်ဟစ်ကာ ငိုလေသောကြောင့် ဖြစ်သည်။ အိမ်နီးချင်းလင်မယားမှာ လေးလအရွယ် ကလေးတစ်ယောက်ရှိသည်ဟု သိထားရ၏။ ကလေးဆိုတော့လည်း အတင်းတိတ်ခိုင်း၍ မရ။ မျက်လုံးများ ကျယ်လျက်က အိပ်ချိန်လျော့ဦးမည်ကို ကြိုသိနှင့် ပြီးလေတော့ စိတ်တိုရသေးသည်။ နာရီကြည့်တော့ မနက်နှစ်နာရီ ဆယ့်ရှစ်မိနစ်။ အိပ်ယာထဲ လူးလူးလိမ့်လိမ့် ဖြစ်နေဦးမည့် ကိုယ့်အဖြစ်ကို သနားနေမိတော့သည်။ အိပ်ဖို့ရန် စိတ်စောနေလေ ပို၍အိပ်လို့ မရလေပေ။ ဒီတော့ ဒေါက်တာကြီးသည် အိပ်ဖို့ရာ အကူအညီယူဖို့ ဆုံးဖြတ်လိုက်သည်။ အိပ်ယာထဲမှ ခြေဖော့နင်းပြီး ဆင်းခဲ့သော် နိုးချင်လျက် လက်တို့ဖြစ်နေသော မိန်းမလည်း နိုးလေသည်။ ကလေးကလည်း ငိုလိုက်တာနော်ဟု ညီးညူလေသည်။ ပြီးလျှင်တော့ လင်မယားနှစ်ယောက်လုံး မီးဖိုထဲမှ ၀ိုင်ပုလင်းကို စိတ်တူသဘောတူ ဖွင့်လျက်က ၀ိုင်တစ်ခွက်ဆီ မော့ချလိုက်လေသည်။ ထို့နောက်တွင်တော့ ခပ်သုတ်သုတ်ပင် အိပ်ယာထဲ ၀င်ခွေကာ စောင်ခြုံလျက် တိတ်ဆိတ်နေကြသည်။ ခဏနေလျှင် သောက်ထားသော ၀ိုင်၏ အရှိန်ကြောင့် ရှိန်းတိန်းတိန်း နွေးတေးတေး ဖြစ်လာကာ၊ မူးလာကာဖြင့် အိပ်ချင် လာတော့မည့် အချိန်ကို မြန်မြန်ရောက်ပါစေတော့ဟု စိတ်စောနေကြသည်။ အိပ်ဖို့အရေးကိုသာ စိတ်ဖိစီးနေရသေးသည်။ ဆယ်နာရီကနေ ဆယ့်နှစ်နာရီလောက် အထိ ရှည်တတ်သော နေ့ကိုရင်ဆိုင်ဖို့ အရေးအိပ်ဖို့ လိုသည် မဟုတ်လား။ မနက်ကျလျှင် အစည်းအဝေးကလည်း ရှိသေးသည်။ ဒီလိုနှင့် ၀ိုင်၏ တန်ခိုးပြလာချိန်တွင်တော့ ဆိတ်ငြိမ်မှုငါးနာရီခန့် ရလေသည်။ ငါးနာရီအဆုံးတွင် ကျယ်လောင်၍ မုန်းတီးဖွယ်ကောင်းသော နှိုးစက်မြည်သံသည် တိတ်ဆိတ်ခြင်းကို ဖြိုဖျက်လေ၏။ ကျိန်းစပ်သော မျက်စိများနှင့် ကားကိုယ်စီမောင်းကာ အိမ်မှထွက်လာခဲ့ချိန်တွင်တော့ မနက်ခုနစ်နာရီ ရှိနေလေပြီ။ မနက်ယနေ့ အစည်းအဝေးကိုတော့ တက်ဖြစ်အောင် တက်ရမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချထား၏။ အကြောင်းမှာ ယနေ့အစည်းအဝေးမှာ ကော်ဖီကောင်းကောင်းနှင့် မနက်စာ ပူပူနွေးနွေးကို တည်ခင်းဧည့်ခံမည် ဟူသော သတင်းကို ကြိုတင်ပြီး ရထားသောကြောင့်တည်း။ ထို့ကြောင့်ပင် ယနေ့ မနက်စောစော ကတည်းက အစည်းအဝေးခန်းမှာ ရှေ့ဆုံးမှပင် နေရာယူခဲ့သည်။ အစည်းအဝေးစတော့ ဒေါက်တာကြီးသည် လွတ်လပ်စွာ ပြောဆိုတွေးခေါ် နိုင်ပါသည်ဟူသော စာတမ်းကြီးကို လက်မှာ ကိုင်၍ ယပ်ခတ်ရင်းက အထက်ကပြောသည်များကို ခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်လေသည်။ ဒီနေ့ လူများလို့ ထင်ပါရဲ့၊ အခန်းက နည်းနည်း လှောင်နေသည်။ အားလုံးက ကော်ဖီကို တစိမ့်စိမ့်သောက်လျက်က မနက်စာကို တစိမ့်စိမ့် စားလျက်ရှိကြသည်။ ပြောရေးဆိုခွင့် ရှိသူတစ်ယောက် ပြောသည့်ဆိုသည့် အရာကို သံယောင်လိုက်ကာ ပြောကြသူလည်း ရှိ၏။ ဘယ်အချိန်ကနေ စသည်မသိ၊ စိတ်ထဲရှိသည့် မကျေနပ်စရာများကို အစည်းအဝေးမှာ ကျဲကနဲ ချလိုက်သူလည်း ရှိ၏။ ပြောသမျှကို ဘုတော၊ မေးခွန်းများမေးကာ ပြောသူကို ချောက်ကျစေသူလည်း ရှိ၏။ မနက်စာ စားပြီးသည်နောက်မှတော့ အသံတိတ်၍ ဆိတ်ဆိတ်နေကာ ကော်ဖီသောက်ရင်း ဘေးထွက်ထိုင်နေသူကတော့ များပါ၏။ ဇာတ်လိုက်ကျော် ဒေါက်တာကြီးကတော့… “ကောင်းပါတယ်။ ကောင်းပါတယ်။” ဒါကတော့ သူ၏ လက်သုံးစကား ဖြစ်လေသည်။ အစစ အရာရာကို ဒီစကားနဲ့ ဖြေရှင်းလိုက်ရသည်မှာ လွယ်လေ၏။ ဒီမိုကရစ်တစ် အဖွဲ့အစည်း တစ်ခု၏ လက်အောက်မှာ ထိုစကားသည် နေသားကျကာ ၀ပ်ပြားသေသပ်လျက် ရှိလေသည်။ တကယ်တော့လည်း အာဏာရှင် စနစ်အောက်မှာ ကြီးပြင်းခဲ့ရသော ကလေး တစ်ဦး ဖြစ်လေတော့ ဇာတ်လိုက်ကျော် ဒေါက်တာကြီးသည် ကမ္ဘာပေါ်တွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာ တွေးခေါ်ခွင့် ဟူသော အခွင့်အရေးများကို ကြေငြာမောင်းခတ်လျက် လက်တွေ့လည်း အကောင်အထည်ဖော်သော အမေရိကန်နိုင်ငံတွင်မှ အသိပညာရှင်၊ အတတ်ပညာရှင် ဖြစ်လာရသည်ကို ဂုဏ်ယူမဆုံး ဖြစ်နေလေတော့၏။ ဆယ်စုနှစ်တစ်ခုစာမျှ နာမည်ကြီး တက္ကသိုလ်များတွင် ပညာဆည်းပူးပြီးနောက် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီးသည် အမေရိကန်တို့၏ အိပ်မက်ကို မက်နိုင်ပြီဟု တစ်ယောက်တည်း လက်ခမောင်းခတ်ခဲ့သည်။ ဒီနိုင်ငံ၏ စည်းမျဉ်း၊စည်းကမ်းများကိုလည်း နားလည်ခဲ့ပြီ။ ဒီစည်းများအတိုင်း ကစားနိုင်လျှင် သူသည်လည်း တစ်နေ့မှာ ထိပ်ဆုံးတစ်နေရာ ရရမည်ဟူသော မျှော်လင့်ချက်ကို မြဲမြဲဆုပ်ကိုင်ထားလေသည်။ စည်းချိုးနေသည့်လူများ အညွန့်တလူလူ ဖြစ်တတ်သည့် အစဉ်အလာမှာ သူ၏ အတိတ်မှာသာ ဝေေ၀၀ါးဝါးကျန်ခဲ့ပြီဟု တုံးအစွာ ယုံကြည်လျက်ရှိ၏။ ပညာရှိလျှင် ဘယ်နေရာ မဆို လူရာဝင်တယ်ဆိုသည့် ဆုံးမစကားသည် ဒေါက်တာကြီး၏ စိတ်ထဲတွင် သံမှိုနှက်သလို စွဲလျက်ရှိပေပြီ။ သို့ပေမယ့် ထိုပညာများကြောင့် ဦးနှောက်ဖောက်စား ခံရသည့် အကြောင်းကိုတော့ သူလေ့လာခဲ့သော စာပေကျမ်းဂန်များတွင် မဖတ်ခဲ့ရသည်မို့ ဒေါက်တာကြီးတစ်ယောက် မသိရှာပေ။ အစည်းအဝေး ခန်းမအလယ်တည့်တည့်မှ အရင်းရှင်ဟူသော အရိပ်၏ မျက်စောင်းဒဏ်ကိုတော့ ဒေါက်တာကြီးနှင့် အပေါင်းအပါအားလုံးတို့ ကောင်းကောင်းခံရလေသည်။

 ထိုအရိပ်မည်းမည်းက ခါးထောက်ကာ၊ စီးမိုးကာ ကြည့်နေသည်ကိုတော့ နေသားကျနေသဖြင့် ရှိလို့ရှိမှန်းပင် မသိတော့ချေ။ အခန်းလယ်က ဆင်ကိုမှ မမြင်နိုင်သူတည်း။ အဖြစ်က မျက်မမြင် ပုဏ္ဍား ခြောက်ယောက်ထက်ပင် ဆိုးတော့သည်။ ထောက်ပံ့ကြေးငွေ၊ ချီးမြှင့်ငွေ၊ ဘယ်လိုပင် ဆိုစေတော့ နိဂုံးချုပ်လေတော့ ပိုက်ဆံသည်သာ အားလုံး၏ တူညီသော ပန်းတိုင် ဖြစ်နေလေတော့သည်။ ပိုက်ဆံ၊ ပိုက်ဆံ၊ ပိုက်ဆံ…ဟူသော စကားကို လှလှပပနှင့် ပညာရှိတို့က ပညာရှိဆန်ဆန် တင်ပြကြလေသည်။ အသိပညာအတွက်၊ အတတ်ပညာအတွက်ဟူသော ခေါင်းစဉ်အောက်က ပြူထွက်လာတတ်သော အတ္တများသည် တခါတရံ ထိန်းမနိုင် သိမ်းမရအောင် ရှိလေ၏။ ဒီအတွက်ကြောင့် အရင်းရှင်စနစ်သည် အသိပညာဟူသော ပ၀ါပါးပါးကို လွှမ်းခြုံ၏။ အတတ်ပညာဟူသော မတော့်တတော့် အင်္ကျီကို မရမက ၀တ်ဆင်လေ၏။ ထိုပ၀ါပါး၊ အင်္ကျီပါးနှင့် မခို့တရို့ အရင်းရှင်စနစ်အောက်တွင် ဒေါက်တာကြီးနှင့် မျက်နှာဖြူ၊ မျက်နှာမည်း၊ မျက်နှာညို၊ မျက်နှာဝါ အပေါင်းအပါ ဒေါက်တာတို့သည် မျက်နှာကို အောက်ချကာ၊ လူသားအကျိုးကို မနိုင့်တနိုင် သယ်ပိုးကာသာဖြင့် ခေတ်သစ် ငွေဝယ်ကျွန်များ သဖွယ် တကုပ်ကုပ် အလုပ်ကြိုးစားကြလေသည်။ အခန်းလယ်က ဆင်ကိုတွန်းဖယ်ပြီးလျှင်ဖြင့် မည်သူကမျှ အသိအမှတ် မပြုလေသော်လည်း နှမ်းတစ်မှုန်တစ်ရွေး မဖန်တီးရသေးလျှင်…နေခွင့်ဟူသော တုတ်ဖြင့် ခြိမ်းခြောက်လား ခြောက်ရဲ့။ တက်လမ်းဟူသော ဓားကို မိုးလား မိုးရဲ့။ ကိစ္စလေးတစ်ခုလောက် ချွတ်ချော်တိမ်းစောင်းသွားခဲ့လျှင် အပြစ်ကို ပုံချရန် အတွက် ခေါင်းတစ်လုံးကို အလွယ်တကူ ရှာနေကြသော ပတ်ဝန်းကျင်တွင် ဒေါက်တာကြီးသည် နေသားကျလျက်ရှိ၏။ 

သို့ပေမယ့်လည်း ထိုကဲ့သို့ ခေါင်းလေးတွေကို ထိုးပေးနိုင်ဖို့ကိုပဲ အလုအယက် နေရာဝင်ယူရသည် မဟုတ်လား။ သို့နှင့်ပင် ဒေါက်တာကြီးနှင့် အပေါင်းအပါတို့သည် အိပ်ရေးပျက်လျက်က အစည်းအဝေးတွင် တိုက်သော ကော်ဖီကောင်းကောင်း ခါးခါးကိုပဲ ဖိသောက်ရင်း ပိုနေမြဲကျားနေမြဲ အနေအထားကို မပျက်စီးအောင် ကြိုးတန်း လမ်းလျှောက် ကာသာ နေကြလေတော့သည်။ (ထို့ကြောင့်ပင် အစည်းအဝေးများတွင် ကော်ဖီကောင်းကောင်း တိုက်သည် ထင်ပါရဲ့။) သို့နှင့်ပင် ဒေါက်တာကြီးသည် တစ်ခါတစ်ရံ သူ့မိန်းမကိုလည်းသူ မမှတ်မိသလောက် ဖြစ်ချင်လာသည်။ သို့ပေမယ့် နှစ်ဆယ့်တစ်ရာစုကြီးက တိုးတက်လေတော့ အိုင်ဖုန်း၏ အကူအညီဖြင့် မိန်းမဘယ်လိုပုံလဲဆိုသည်ကို အချိန်မရွေး ထုတ်ကြည့်နိုင်လေသည်။ မိန်းမကလည်း အိုင်ပက်၊ အိုင်ဝက် စသည့် ကိရိယာမျိုးစုံဖြင့် ဒေါက်တာကြီးကို လှမ်း၍ ဆက်သွယ်နိုင်လေသည်။ စက်ပစ္စည်းအစုံအလင်နှင့် နှစ်ဆယ့်တစ်ရာစု၏ အရင်းရှင် ယန္တရားအောက်မှ စက်ရုပ်လင်မယားသာတည်း။

 ဒီညတော့ မအားသေးဘူးမောင်ရေ…ပြန်တာ နောက်ကျမယ်နော် ဟူသောစကားကို အရုပ်မြင် အသံကြား စနစ်ဖြင့်လည်း ပြောနိုင်သည်။ အားသော တစ်နာရီလောက်လေးတွင် နေ့လည်စာစားရန်လည်း text ပို့ကာ ချိန်းနိုင်သည်။ (text နှင့်အတူ အသည်းလေးတွေ နှလုံးလေးတွေလည်း အပိုဆာဒါး ပါသေးသည်ပေါ့။) မိန်းမက ခုရိုက် ခုပို့ လုပ်လာသော ဓာတ်ပုံများကိုလည်း ချက်ချင်းပင် ကြည့်နိုင်သည်။ လူလစ်လျှင်ဖြင့် ဖန်သားပြင်ကိုတောင် ခိုးနမ်းနိုင်သေး၏။ အဲဒီတော့ ဘာများလိုသေးသနည်း။ အော်… နည်းပညာတိုးတက်မှုများ… အံသြဖို့ကောင်းလိုက်တာ… ငါတို့လို ပညာတတ်တွေကြောင့်ဟု ဂုဏ်ယူမဆုံး ရှိတော့သည်။ နည်းပညာကို ဂုဏ်ယူမဆုံး ရှိဆဲမှာပင် ဒေါက်တာကြီး၏ ဥာဏ်ဖုံးက ထမြည်လေသည်။ “ဟယ်လို…။ ခုပြောနေတာ ဒေါက်တာxx ပါ။”

 “သား…အဖေပါ။” 

မိသားစုအကြောင်း၊ ရာသီဥတုအကြောင်း စသည်ဖြင့် ပြောပြီးလျှင် သား၏ အောင်မြင်မှုကို ရိုးသားစွာ ဂုဏ်ယူနေတတ်သော အဖေသည် ခါတိုင်းလိုပင် သားလုပ်နေသော အရာများကို အထင်တကြီး မေးမြန်းနေ၏။ အဖေ့အတွက်တော့ သားလုပ်နေသော အရာများသည် ကြီးကျယ်ခမ်းနားကာ ထူးခြားနေတော့သည်။
 “ဒါနဲ့ မင်းက အခုဘာတွေ သုတေသနလုပ်နေတာလဲ။” 
“ကင်ဆာ ကြီးထွားမှု အကြောင်းလေ။ ကင်ဆာကို ဘယ်လို ကာကွယ်ရမလဲ။ ကင်ဆာကို ဘယ်လိုနှေးအောင် လုပ်ရမလဲ ဆိုတဲ့ အကြောင်း။ ကျွန်တော်တို့ အခုလုပ်နေတဲ့ သုတေသနက အောင်မြင်လို့ ရှိရင် နာမည်ကြီး ဆေးကုမ္ပဏီတစ်ခုက နည်းပညာအတွက် ငွေပံ့ပိုးပေးမယ်လို့ ကမ်းလှမ်းထားတယ် အဖေရ။ ကျွန်တော့်က အဲဒီအဖွဲ့ထဲမှာ ပါတယ်။ ကျွန်တော်တို့ လုပ်တာ အခုဆိုရင်…xxxx…။” 

 ဒေါက်တာကြီးက အားရပါးရ ဂုဏ်ယူစွာဖြင့် အဖေ့ကို ပြောပြလေသည်။ ဒါပေမယ့် သူ့အဖေပြောသော စကားကြောင့် ကြီးမားသော စကားလုံးတို့သည် လည်ချောင်းတွင် အားလုံးနင်ကုန်လေ၏။ “အေး ကောင်းတယ်ကွ။ အဲဒါပြီးလို့ရှိရင် မင်းတို့ တီဘီရောဂါတို့၊ ငှက်ဖျားရောဂါတို့ အကြောင်း သုတေသနလုပ်ဦးကွာ။ ကင်ဆာဆိုတာက သူဌေးနိုင်ငံက ရောဂါကွ။”
 “ပိုက်ဆံ….အဖေ… ပိုက်ဆံ…” 

 ဒေါက်တာကြီး ပြောသောစကားတို့ လမ်းခုလတ်မှာပင် ပျောက်ကုန်၏။ “ဘာပိုက်ဆံ တုန်းကွ။ မင်းနေတဲ့ နိုင်ငံက ဒီလောက်တိုးတက်နေတဲ့ နိုင်ငံကို။ ကဲ…လိုင်းကလည်း သိပ်မကောင်းဘူးကွာ။ ချလိုက်တော့မယ်။” 

အမြတ်မရှိလျှင် ဦးစားပေးနောက်ဆုံးဆင့် ထားခံရသော အရင်းရှင် နိုင်ငံလုပ် ဆီဘူးလေးများသည် ဒေါက်တာကြီး၏ နက်မှောင် ပြောင်လက်သော စားပွဲခုံပေါ်တွင် အစီအရီရှိနေကြသည်။ ရေကြည်ရာ မြက်နုရာ ရှာရင်းမှ ကောက်ရိုးများကိုချည်း ၀ါးရလွန်း၍ တိုနေသောအံကို ကြိတ်လျက်က ဒေါက်တာကြီးသည် ကော်ဖီခါးခါးတစ်ငုံကို ကျိုက်ချလိုက်လေတော့သည်။ /////////////////////////////////////////// 



+ပုံရိပ်+

Read More...

Sunday, March 6, 2016

=မပြောတော့ဘူး အို မပြောတော့ဘူးဆို ..မပြောတော့ဘူး=

ကြာလေကြာလေ ကိုယ်ဟာ ပါးစပ်ကို ပိုပိုပြီး ပိတ်ထားတတ် လာတယ်။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ကိုယ့်ဇာတိကို လူသိမခံချင်လို့လား၊ လူသိမခံရဲလို့လား၊ ကိုယ့်အပြောတွေမှာ မျောပါပြီး ထောက်ခံခေါင်းညိတ်မယ့် သူမရှိတော့လို့လား။ ပြောလဲ မထူးပါဘူး သူ့သဘောသူဆောင် ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ လို့များ တွေးပြီး အားလုံးကို နောက်ဆုတ်ကျောခိုင်းလိုက်တာလား။ လူပြောမသန် လူသန်မပြော .. ပြောကြ ပြောကြ တဲ့ လေလုံး တွေကို ဘယ်ညာတိမ်းရှောင်ရင်းနဲ့ ကိုယ်ပါမပြောဖြစ်တော့ လေသလား။ တခါတခါ လေလုံးမုန်တိုင်းသိပ်ထန်တဲ့အခါ ကိုယ်ဟာ ပြုံးရုံတင်မက ရယ်ပါ ရယ်မိသေးတာလား ။ အဲလို ဆိုရင်ရော ကိုယ်ဟာ လှောင်တတ်သရောတတ်သူလား သစ္စာမဲ့တတ်သူလား ။ ဆိတ်ငြိမ်ရာအရပ်ကို ထွက်လာရင်းနဲ့ ပြောချင်ရက်နဲ့ ဆိတ်ငြိမ်အသိုင်းဝန်းထဲ ကိုယ့်အသံများ ဟိန်း ထွက်သွား မလားစိုးရိမ်လို့ မပြောဖြစ်တော့တာလား ။ ကိုယ်ပြောမယ့် စကားတွေကို ကိုယ့်ဘာသာမယုံတော့လို့များ မပြောတော့တာလား။ ကိုယ့်နားဟာ ဘာမှမကြားတော့လို့ သူများပြောသမျှနားထဲမ၀င်တတ်တော့လို့ ကိုယ့်မှာ ဘာမှ ပြောစရာမရှိတော့တာလား ။ ကိုယ်ဟာ သူများပြောတာတွေပဲ နားထောင် ကိုယ်တိုင်တော့ လျှို့ ဝှက်တတ်သူလား။ ကိုယ့်အကြောင်းတွေ ကိုယ့်အတွေးတွေ ကိုယ့်ယုံကြည်ချက် တွေကို ကိုယ်တိုင်စိတ်မ၀င်စားလို့ သူများတွေကို ပြောပြဖို့စိတ်မပါလေသလား။ ကိုယ့်ရဲ့ နှုတ်ခမ်းတွေ တင်းတင်းစိလို့ ဆုံတွေ့ခိုက် အေးစက်စက်ပြုံးတတ်သလို ကိုယ့်အသည်းနှလုံးကရော အေးစက်စက်ထုံကျင်ကျင်နဲ့လား ။ ကိုယ့်ပါးစပ်က အသံမထွက်တော့သလို ကိုယ့်နှလုံးသားကလဲ နှလုံးခုန်သံလေးတောင်မပေးချင်တော့ဘူး လားကွယ် ။ ဟုတ်တယ် ၀ါနေတဲ့ ချတ်ဘောက်စ်လေးက ခပ်တည်တည်ပဲ ကိုယ့်ကိုကြည့်နေတယ် ။ ကိုယ်စောင့်ကြည့်နေတဲ့ တချိန်လုံး နည်းနည်းလေးမှ စိမ်းမလာခဲ့ဘူး၊ ဆိုလိုတာက ဘယ်သူကမှကိုယ့်ကိုမခေါ်ဘူး ၊ အေးခဲနေတဲ့ ကိုယ့်ရဲ့ ရင်ဘတ်ကို အသက်သွင်းမပေးဘူး ဆိုတဲ့သဘောပေါ့ ။ အဲလိုတွေမှ မဟုတ်ခဲ့ရင်တော့ ဘာဖြစ်လဲလေ ကိုယ်ပြောချင်ရင် တချက်ကလစ်လိုက်ရုံပဲလေ၊ ကိုယ့်ပါးစပ်က စကားမပြောပေမယ့် ကိုယ့်လက်နဲ့ ကီးဘုတ်က ကိုယ့်စိတ်ထဲကစကားတွေကို ဖွင့်ပြောပြလို့ရတာပဲလေ။ ဘာကို နှောင့်နှေးနေဦးမှာလဲ .... ဘာကို တွန့်ဆုတ်နေဦးမှာလဲ.... အာာား ကိုယ်ပြောချင်တာတွေ သိပ်များပြီး စုထားလို့ ဘယ်ကအစဆွဲထုတ်ရမှန်းမသိတော့ဘူးတဲ့လား ။ ။ ကဲ ဒါဆိုလဲ ပိတ်လက်စနဲ့ ဆက်ပြီး ပိတ်ထားလိုက်တော့ပေါ့ .....။ ။ 

////////////////////////////////////// 

+မယ်သံ+

Read More...

Thursday, March 3, 2016

" သက်သတ်လွတ်စားတဲ့ကျား "

တစ်ခါတုန်းကကျားတစ်ကောင်မျက်စိလည်လမ်းမှားပြီးမြန်မာပြည် နယ်စပ်ကိုရောက်လာသတဲ့။ဖြစ်ချင်တော့ ကျားလောကမှာသတင်းတစ်ခုထွက်နေ တယ်။ တလောကပဲကျားတစ်ကောင်သေနတ်ပစ်ခံရပြီးသေသွားတယ်။ ဒါပေမဲ့မြန်မာပြည်ကလူတွေဟာအင်မတန် သနားကြင်နာတတ်ပြီးကျားကိုတောင်မသတ်ဖို့ပြောဆိုနေသံတွေ Facebookပေါ်မှာသတင်းထွက်နေတဲ့ဆိုတဲ့ အကြောင်းပါ။ ဒီတော့အဲဒီကျားကသူတို့အချင်းချင်းမေးရတယ်။တကယ်လားပေါ့။သူ့ မိတ်ဆွေကျားတောင်သေသွားပြီ။လူတွေကသူတို့ကျားတွေဟာရှားပါး မျိုးရိုးတွေမို့အခုအချိန်မှာသတ်ဖို့ထက်မေ့ဆေးပေးပြီးဖမ်းသင့်တယ် လို့ပြောနေတာဟုတ်ပါ့မလားပေါ့။ကျားအချင်းချင်းကလည်းပြန်ဖြေပါတယ်။သိချင်ရင် Facebookဖတ်တဲ့။ ဒါနဲ့အဲဒီကျားကသူတို့ဋ္ဌာနချုပ်ကိုလှမ်းမေးပြီးAccountဖွင့်ခိုင်းတယ်။ဋ္ဌာနချုပ်ကသူ့ကိုစာပြန်တယ်။ " မင်းကြားဖူးတယ်မဟုတ်လား။သေချင်တဲ့ကျားတောပြောင်းဆိုတာ။အေး-အဲဒါလူတွေပြောတာ။ မင်းလည်းသေချင်လို့လား။ငါတိုကျားလောက မှာတော့သေချင်တဲ့ကျားFacebookသုံးလို့ဆိုကြတယ်။ အဲဒီFacebookဆိုတာကြီးထဲမှာမဟုတ်တမ်းတရားတွေများတယ်။ထင်ရာမြင်ရာတွေရေးတယ်။အင်ထုတယ်။ တူရာတူရာပင်းတယ်။သူတို့အချင်းချင်းပြောတာတော့ ဘာမတယ်ဆိုလား။ငါတို့တော့နားမလည်ဘူး။ ဒီတော့အဲဒါကြီးကလူတွေသုံးတာ။ငါတို့နဲ့မအပ်စပ်ဘူး။တကယ်လို့မင်းဆန္ဒရှိရင်တော့Accountဖွင့်ပေး မယ်။ကတိတစ်ခုပေးရမယ်။မင်းဟာအဲဒီAccountရတဲ့နေ့ကစပြီးငါတို့ကျားလာကရဲ့ကောင်းကြောင်း ကိုပဲရေးရမယ်။ငါတို့ကျားတွေဟာလူသား မစားကြောင်းမင်းပြောရမယ်။ငါတို့ကိုအသေမသတ် သင့်ဘူး။မေ့ဆေးပေးပြီးဖမ်းရင်မျိုးရိုးထိန်းသိမ်းရာရောက်လို့ငါတို့ကိုအရှင်ဖမ်းမယ်ဆို အသာတကြည်လက်ခံတတ်တဲ့သဘောရှိတယ်ဆိုတဲ့ဝါဒကိုများများဖြန့်ရမယ်။ကျားဝါဒပေါ့ကွာ။ တစ်နည်းအားဖြင့်ကျားတို့၏မာယာလို့လည်းပြောလို့ရ တယ်။အဲဒါတွေကိုမင်းလက်ခံမယ်ဆိုရင် မင်းအတွက်Accountတစ်ခုဖွင့်ပေးမယ်။အဲဒီကတိနဲ့အလုပ်လုပ်နေတဲ့ကျားလောကကAccountတွေရှိတယ်။ အဲဒီကောင်တွေကိုမင်းသိစရာမလိုဘူး။သူတို့ဟာငါတို့ဋ္ဌာနချုပ်ကလုပ်သမျှဘာမှမသိလည်းအားလုံးထောက် ခံနေတဲ့ကောင်တွေ။သူတို့ကိုသိပ်မြန်မြန်ရှာစရာလည်းမလိုဘူး။အခုလူတွေပြောနေတဲ့ဆီသည်ဆိုလားစီလီ ဆိုလားဖြစ်နေပြီ။မင်းမသုံးတတ်ရင်သူတို့ဘာရေးလဲကြည့်ပြီးမှီးပြီးလိုက်ရေး။ မင်းနောက်မှာငါတို့ရှိတယ်။တစ်ခုခုဖြစ်ရင်မင်းကိုငါတို့လိုက်ရှာမယ်" ဒီတော့Facebookသုံးချင်တဲ့ကျားလည်းတွေဝေသွားတယ်။ဒါပေမဲ့လူတွေရဲ့သတင်းအချက်အလက်ကို လိုက်ဖို့ကဒီတစ်နည်းပဲရှိတော့သုံးမယ်ဆိုပြီးလက်ခံလိုက်တယ်။ဋ္ဌာနချုပ်ကFacebookသုံးနည်းစာရွက် စာတမ်းတွေပို့တယ်။အနီးဆုံးဋ္ဌာနကနေဖုန်းတစ်လုံးနဲ့လက်ပ်တော့ပ်တစ်လုံးလာယူခိုင်းတယ်။ သူ့Accountကိုဋ္ဌာနချုပ်ကရွေးပေးတယ်။ "သက်သတ်လွတ်"တဲ့။ တော်တော်လေးမိုက်တယ်။Accountဖွင့်တဲ့နေ့ ကတည်းကသူဟာအသားမစားသူပါလို့တင်လိုက်တာ လာAddတာတစ်ရာကျော်တယ်။ တဖြည်းဖြည်းနဲ့Friend Listထဲမှာလူတွေများလာတော့သတင်းတွေ လိုက်ကြည့်တာနောက်ဆုံးသူ့မိတ်ဆွေနာရေးကိုဖတ်လိုက်ရတယ်။ လူတွေဟာတော်တော်ခက်လွန်းတယ်လို့တွေးတယ်။သူ့မိတ်ဆွေ အသားရှာမလို့ထွက်တုန်း
လူနှစ်ယောက် ငါးဖော်နေတာတွေ့လို့စားမလို့လုပ်တယ်။အဲဒီလူနှစ်ယောက် လွတ်သွားတယ်။လူစုပြီးသူ့မိတ်ဆွေကိုပြန်လာ ရှာတယ်။ ပြီးတော့သတ်ပစ်လိုက်တယ်။ဒါဟာသူတို့ကျားလောကရဲ့ ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ဘူး။ သူတို့ဟာသားကောင်ရှာမယ်။ဒီလိုပဲတစ်ချိန်မှာသူတို့ဟာ သားကောင်ဖြစ် မယ်။မုဆိုးနဲ့တွေ့ ရင်တွေ့မယ်။တောဆင်ရိုင်းတွေ၊တောဝက်တွေ၊၀က်ဝံတွေ၊ မြွေတွေနဲ့တွေ့မယ်။အဲဒီအခါသူတို့ ခံရတဲ့အလှည့်တွေအများကြီးပဲ။ ထူးဆန်းတာကသူ့မိတ်ဆွေကိုသတ်ပြီးရွာမှာကျကျနနပြထားတယ်။ အရေခွံခွာတယ်။Facebookတင်တယ်။ စမိပြီဆိုကတည်းကသနားလိုက်တဲ့လူတွေ။ကြင်နာတတ်ကြတယ်။ ရှားပါးမျိုးရိုးမို့မသတ်သင့်တဲ့အကြောင်း ကမ္ဘာနဲ့ ချီပြီးပြောတယ်။မေ့ဆေးနဲ့ပစ်သင့်တယ်ဆိုတဲ့အကြောင်းပြောတယ်။ တချို့ကလည်းလူ့အသက်နဲ့မေ့ဆေး။အဲဒီအချိန်ဘယ်လို လုပ်မလဲပြောတယ်။စုံနေတာပါပဲ။ ပိုပြီးထူးဆန်းတာကအင်ထုတဲ့သတင်းလို့ပြောရမယ့်ကလေး တစ်ယောက်ကိုသူ့မိတ်ဆွေကျားက ၀င်ပူးတယ်ဆိုပြီးကျားအတွက်နေရာတောင်းတယ်တဲ့။ဒီလူတွေ သူ့မိတ်ဆွေကျားကိုခုတုံးလုပ်ပြီလို့ သိလိုက်တယ်။ ဘာပဲဖြစ်ဖြစ်လူတွေရဲ့သဘောကိုသေသေချာချာသိပြီမို့လူတွေနဲ့ အနီးဆုံးကိုသွားဖို့သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ရွာတစ်ရွာအနားမှာသားကောင်လေးတွေရလိုရငြား ရှာကြည့်တယ်။ဋ္ဌာနချုပ်ကသတင်းရောက်လာတယ်။ "တံတားတွေနားမှာအပေါ့မသွားရ"တဲ့။ကျားနားမလည်ဖြစ်သွားတယ်။ အပေါ့မသွားရဆိုတဲ့အမိန့်ကိုလွန်ဆန်ရင် ဋ္ဌာနပြန်ရောက်ရင်ငယ်ပါကိုအဖြတ်ခံရမယ်တဲ့။စတွန့်သွားတယ်။ စမုံတုံးမယ့်ကိန်းဆိုတော့ဒီညွှန်ကြားချက်ကို အတိအကျလိုက်နာပါမယ်လို့ပြန်လိုက်တယ်။နောက်မှ တခြားဘော်ဒါတွေဆီမေးကြည့်တော့တံတားတွေ ပျက်တာ ဆီးကြောင့်လို့လူတွေသံသယ၀င်နေတာကိုကျားကြောင့် အထင်မခံနိုင်လို့ တဲ့။ရှင်းသွားတယ်။ကျားတွေရဲ့ဂုဏ်သိက္ခာ ကျမယ့်ကိစ္စသူဘယ်တော့မှမလုပ်ဘူး။ ဖြစ်ချင်တော့ရွာကနေ လမ်းမှားရောက်လာတဲ့လူနှစ်ယောက်နဲ့တောအုပ်အလယ်မှာဆုံတယ်။ သူ့ကိုလည်းမြင်ရောသူတို့မှာပါတဲ့လက်နက်တွေထုတ် တယ်။သေသေချာချာကြည့်တော့ တစ်ယောက်ကသေနတ်၊တစ်ယောက်ကဖုန်းကိုင်ထားတယ်။ " ငါတို့ကိုစားတော့မယ်။မင်းပစ်မလား" သူတို့ချင်းကြည့်ပြီးလူနှစ်ယောက်ပြောတယ်။ကျားကနားမလည် ဘူးလို့ထင်ပုံရတယ်။Google Translate မှာသူတို့ဘာသာစကားကိုလေ့လာထားတာ အဲဒီလူတွေမသိဘူး။မတိကျပေမယ့်အနီးစပ်ဆုံးဘာသာ ပြန်လို့ ရတယ်ဆိုတာဋ္ဌာနချုပ်ကပြောထားတာ။ ပစ်မယ်ဆိုတဲ့လူကလက်တုန်နေတယ်။ကျားကငြိမ်နေတော့ ဘာလုပ်မလဲ လို့စောင့်ကြည့်နေပုံပဲ။ကျားကလည်းစဉ်းစားတယ်။ ငါလည်းဗိုက်ဆာနေပြီ။ ဒီတော့နှစ်ယောက်စလုံးကိုစားမယ်။ဒါပေမဲ့သေနတ်နဲ့  ကောင်ကငါ့ကိုပစ်နိုင်တယ်။ကြံစမ်းဆိုပြီး
ဥာဏ်စိမ်း၊ဥာဏ်နက် တွေထုတ်တယ်။ သူတို့လောကမှာအသားစိမ်းပဲစားလို့ဥာဏ်စိမ်းလို့ခေါ်တယ် ။ဥာဏ်နက်ဆိုတာတရားမ၀င်ရလာတဲ့အမဲ၊ သားကောင်မျိုးကိုတိုက်ခိုက်ဖို့စဉ်းစားရတာကိုခေါ်တာ။တမင် ချောင်းပြီးစားတာမဟုတ်ဘူးပေါ့။ဥာဏ်နီ ကျတော့ချောင်းပြီးစားတာ။ကျားဆိုတာသားကောင်ကိုချောင်းပြီးပဲ စားတယ်။ဒါဟာရိုးသားတယ်။ သတ္တိရှိတဲ့လုပ်ရပ်ဖြစ်တယ်။သွေးရဲတယ်။ဒါကြောင့်ဥာဏ်နီလို့ သတ်မှတ် တယ်။ အခုကသွားရင်းလာရင်းဖျတ်ခနဲတွေ့တာ။တိုက်ရတော့မယ်။ ဒါကြောင့်ဥာဏ်နက်ကိုထုတ်တယ်။ဒါပေမဲ့ကျား ကံကောင်းနေတာကသေနတ်သမားဟာချိန်သာထားတယ်သူ့ အခြေအနေကိုကြည့်ရင်းတွေဝေနေပုံပဲ။ဘေးက လူက လည်းပွားနေတာပါတယ်ထင်ပါရဲ့။ဟိုလူကဖုန်းကိုပွတ်နေတယ်။ "ဟေ့ကောင်။ရှားပါးမျိုး။ကျည်နဲ့ပစ်မလား။မေ့ဆေးနဲ့ပစ်မလား" ဖုန်းထဲကအချက်တွေကြည့်ပြီးတတွတ်တွတ်ပြောနေတယ်။ ဟိုလူကပြန်ပြောတယ်။ " တောထဲကိုလာတာ။မင်းကြီးဒေါ်မေ့ဆေးကပါမလား" " ဒါဆိုသစ်တောတို့၊တောရိုင်းတိရိစ္ဆာန်ထိန်းသိမ်းရေးတို့ခေါ်မလား" "မင်းနေခဲ့လေ။ငါသွားခေါ်လိုက်မယ်။မင်းအမေလင်ကအဲဒီပြန်ခေါ် နေတာကိုစောင့်မလား။ငါပြန်လာရင် မင်းအရိုးတောင်ဘယ်ကရှာရမှန်းမသိဖြစ်နေ မယ်" ဖုန်းပွတ်နေတဲ့လူမျက်လုံးပြူးသွားတယ "ဒါဆိုလည်းပစ်ကွာ" ဖုန်းပွတ်တဲ့လူပြောသလိုပဲသေနတ်ကိုင်ထားတဲ့လူက မောင်းတင်တယ်။ သိလိုက်ပြီ။ဒီလူတကယ်ပစ်တော့မယ်။ဒါနဲ့ကျားတို့ရဲ့မာယာသုံးပြီး လက်ကာပြလိုက်တယ်။ " နေပါဦး။ ကျုပ်ရှင်းပြပါမယ်" လူနှစ်ယောက်မျက်လုံးတင်မဟုတ်။အကုန်ပြူးသွားပုံရတယ်။ ကျားက လူစကားပြောပါလားဆိုပြီး။ "ကျုပ်ကအသားမစားပါဘူး" " ဘာ။ရူးကြောင်မူးကြောင်လာပြောနေတယ်။ပစ်ထည့်လိုက်ရ" "တကယ်ပါ။ကျုပ်ရဲ့Facebook Accountမှာဝင်ကြည့်ပါ။ သက်သတ်လွတ်ဆိုတာကျုပ်Accountပါ" ဖုန်းကိုင်ထားတဲ့လူကချက်ချင်းအလုပ်လုပ်တယ်။ပွတ်တာမှ စိမ်ပြေနပြေပဲ။ ခဏနေတော့သေနတ်နဲ့လူကိုရှင်းပြတယ်။ "သူတို့ကမေ့ဆေးနဲ့ဖမ်းတာတို့၊အရှင်ဖမ်းရင်တို့ဆိုလက်ခံ တယ်တဲ့။ရှားပါးမျိုးတွေပါတဲ့။တိရိစ္ဆာန်ထိန်းသိမ်းရေးတွေ၊ သစ်တောထိန်းသိမ်းရေးတွေကို အကြောင်းကြားသင့်တယ်ထင်တယ်။လူသားမစားဘူးတဲ့ကွ။ တော်သေး တာပေါ့" " ဟေ့ကောင်။သောက်ရူး။ကျားကလူသားမစားဘူးရှိလား" " ဟ-ဒီကောင့်Accountထဲမှာပြောထားတာလေ" "ဟုတ်ပါတယ်။ကျုပ်ကလူသားမစားပါဘူး" သေနတ်နဲ့လူနည်းနည်းတွေဝေသွားတယ်။ "ကောင်းပြီ။ဒါဆိုမင်းထွက်သွားတော့။ငါသေနတ်နဲ့ချိန်ထားမယ်။ လှည့်လာ ရင်ပစ်ပြီပဲ" ကျားလည်းနည်းနည်းတော့တွေဝေသွားတယ်။ "တစ်ခုတော့ရှိပါတယ်။ကျွန်တော့်သူငယ်ချင်းကျားသေသွားတဲ့ ဖြစ်စဉ်ကို သိရင်ပြောပြပေးပါလား။ အဲဒါသိချင်လို့ဒီနားကိုလာတာပါ" လူနှစ်ယောက်နည်းနည်းတွေဝေသွားတယ်။မင်းပြောလိုက်ဆိုပြီး ဖုန်းကိုင်ထားတဲ့လူကိုမေးငေါ့ပြတယ်။ပြောတာ ကတော့သူသိထားတဲ့သတင်းတွေအတိုင်းပဲ။နောက်ဆုံး သူ့မိတ်ဆွေကိုသေသေချာချာသင်္ဂြီုဟ်ပေးတာကအစ ရှင်းပြတယ်။အဲဒီအချိန်ကျားသတိထားမိတာကသေနတ်သမားရဲ့ လက်ကအောက်ကျသွားတယ်။ တစ်ပြိုင်တည်းမှာပဲသူလျင်လျင်မြန်မြန်နဲ့ခုန်အုပ်လိုက်တယ်။ သေနတ်သမားလက်ကသေနတ်လွတ်ကျပြီး လည်မြိုကိုတစ်ချက်ခဲလိုက်တာနဲ့သေနတ်သမားသွေးတွေထွက် လာတယ်။သေချာအောင်သေနတ်သမားရဲ့ လက်ကို တစ်ချက်ထပ်ကိုက်လိုက်တယ်။ အဲဒီအချိန်မှာဖုန်းသမားကပြေးဖို့ပြင်နေပြီ။ဒါနဲ့တစ်ပတ်လှည့်ပြီး ခုန်အုပ် လိုက်တယ်။မိတယ်။ကျောကုန်းကို တစ်ချက်ကိုက်ပြီးလက်သည်းနဲ့ခြစ်လိုက်တယ်။သူ့လက်ထဲက ဖုန်းကိုခပ်ဝေးဝေးရောက်အောင်ပုတ်ထုတ် လိုက်တယ် ။ပြီးမှကိုက်မယ်လုပ်တော့ဖုန်းသမားက၀ူးဝူးဝါးဝါးနဲ့အော်တယ်။ "မင်းပြောတော့လူသားမစားဘူးဆို။ပြီးတော့ငါကမင်းကိုသတ်ဖို့ လုပ်တဲ့လူ မဟုတ်ဘူး။ဟိုသေနတ်သမားကသာသတ်မှာလေ။ ငါ့ကိုလွှတ်ပေးပါ" သူ့မျက်နှာကြည့်ပြီးတည့်တည့်ပြောလိုက်တယ်။ " မင်းသူငယ်ချင်းပြောတဲ့သောက်ရူးဆိုတာဘာလဲ" ဖုန်းသမားကြောင်သွားတယ်။ "သုံးမရတဲ့ကောင်ပေါ့ကွာ။ပုံမှန်စိတ်မရှိဘူးပြောတာ။ဘာဖြစ်လို့လဲ" " အေး-အဲဒီအတိုင်းပဲ။သောက်ရူး။ကျားဆိုတာအသားစားတယ်။ မင်းဘာသာ Facebookသုံးပြီးရူးချင်ရူး။ ငါ့ခွင်ကိုမဖျက်နဲ့။ပြီးတော့မင်းကိုငါအရင်စားကိုစားရမယ်။ ဘာလို့လဲသိလား။သေနတ်သမားက တစ်ခါပစ်ရုံနဲ့သေမယ်။မင်းတို့ကအွန်လိုင်းဆိုတာကနေအကြိမ် ပေါင်းများစွာပစ်တယ်။ငါတို့ကျားကို အရှင်ဖမ်းဖို့လေး၊ဘာလေး။လျှောက်ပြောနေတယ်။ပြီးတော့ဖမ်းပြီး လှောင် အိမ်ထဲထည့်၊ဟိုဆပ်ကပ်ထဲပို့ပြီး လူတွေရှေ့ကစားခိုင်းလိုကစားခိုင်း၊ ငါ့မိတ်ဆွေဆိုအသတ်ခံ ရတဲ့အပြင် နတ်စိမ်းဖြစ်ပြီးနေရာတောင်းတယ် ဘာညာအပြောခံလိုခံရ။ဒီတော့ငါတို့ကျားသိက္ခာကျတယ်။ အဲဒီအတွက်မင်းတို့လိုအွန်လိုင်းလေကျယ် Facebookသုံးဖုန်းပွတ်တဲ့ကောင်တွေနဲ့တွေ့ရင်အရင်
ရှင်းရမယ် လို့ငါတို့ဋ္ဌာနချုပ်ကမှာထားတယ်။ ဒီတော့နောက်ဘ၀မှဆက်ပြီး ပုံတွေဆက်တင်။မင်းတို့ဘာလုပ်လဲသိလို့မင်းဖုန်းတောင် ငါဝေးဝေးပို့ထားတာကြည့်။ငါတို့ကိုက်တာတောင်မင်းတို့ ပုံတင်ချင်တင်မှာလေ။ဒီကျားပေါ့။ ကျွန်တော့်ကိုကိုက်ပါတယ်ဆိုပြီးပုံကြီးချဲ့မှာ။ကျားကိုဖမ်းတော့ သဘာဝ ၀န်းကျင်ထိန်းသိမ်းတယ်။တောရိုင်း တိရိစ္ဆာန် စောင့်ရှောက်တယ်တဲ့။ ကျားကိုက်တော့ကျားဆိုးတယ်တဲ့။သွားတော့။ဆီးယူနောက်ဘ၀" ပြောပြီးတစ်ကိုယ်လုံးကိုက်စားပစ်
လိုက်တယ်။အဲဒီအချိန် သေနတ်သမားဟာသူ့သေနတ်ကိုပြန်ကောက် ဖို့ကြိုးစားနေတယ်။ဒါပေမဲ့မမီတော့ဘူး။ သူ့သေနတ်ကိုကျားကနဂိုကတည်းကဝေးဝေးပို့ထားတာ။ "မင်းငါ့ကိုပြန်လွှတ်ပေးပါ။မင်းရဲ့ကောင်းကြောင်းတွေကိုပဲ ငါသတင်းလွှင့်ပေးပါမယ်" "လာပြန်ပြီ။နောက်တစ်ကောင်။သောက်ရူး။မင်းကိုလွှတ်ပေး လိုက်တော့မင်းတို့ပြောတဲ့ဘာထိန်းသိမ်းရေး၊ ညာထိန်းသိမ်းရေးတွေကငါ့ကိုတောခြောက်သလိုမောင်းထုတ် မယ်လေ။ဒါမှမဟုတ်ဖမ်းမယ်လေ။ ပြီးတော့မင်းတို့လူတွေကြည့်ဖို့ငါတို့ကလှောင်အိမ်ထဲမှာဆင်းရဲ ဒုက္ခခံပြီးမသဒ္ဓါရေစာစားပြီးနေရဦးမယ်လေ။ အခန့်မသင့်ရင်ကျွမ်းဘားပါကစားပြရဦးမယ်လေ။မင်းကောင်း ကြောင်းလောက်သတင်းလွှင့်တာလာ
မပြောနဲ့။ ငါ့လိုပဲကိုယ့်ဘာသာကောင်းကြောင်းလွှင့်နေတဲ့ကောင်တွေမင်းတို့ Facebookလောကမှာအများကြီးပဲ။မင်းတို့လူတွေကမင်းတို့ သာအကောင်း၊မင်းတို့သာဆရာတွေ။ဘာတဲ့။စဆရကတို့၊ ဘာတို့ဆိုတာ ငါအဘိဓာန် မှာတောင်ရှာလို့မရဘူး။ပြီးတော့ကွီးတို့၊ညေးတို့၊ခေးတို့ ရှိသေးတယ်။ မင်းတို့Facebookလောကဆိုတာမင်းပစ်တဲ့ သေနတ်ထက် တောင်ကြောက် ဖို့ကောင်းတယ်။မဟုတ်တာ အဟုတ်လုပ်နေကြတာ။အခုမင်းကိုလွှတ်ပေးလိုက်ရင်ငါ့ဋ္ဌာနချုပ် ကငါ့ကိုအရေးယူမှာ။မင်းကလည်း သတင်းမှားတွေတင်တော့မှာ။ငါကပဲကူလီကူမာလုပ်လို့မင်း ကခုခံရတာမျိုးလုပ်မှာလေ။နေရင်းထိုင်ရင်း ငါ့အမျိုးတွေပါတောပြောင်းနေရဦးမယ်။မင်းတို့လူတွေက လွယ်တာမဟုတ်ဘူး။လူအချင်းချင်းနေတဲ့အိမ်တောင် ဖျက်ဆီးနေကြတာ။ဒီတော့မင်းကိုလွှတ်မပေးတော့ဘူး။ ဖုန်းနဲ့ကောင်ကအန္တရာယ်များလို့အရင်စားလိုက်တာ။ မင်းကိုတော့ငါ့အမျိုးတွေစားဖို့ယူသွားမယ်" ပြောပြောဆိုဆို သေနတ်သမားကိုကိုက်ချီယူပြီးတောထဲကို
ဝင်တိုးသွားတော့တယ်။ နောက်နေ့မှာတော့ကျားတစ်ကောင်လူနှစ်ယောက်ကို သတ်ဖြတ်လိုက်တဲ့ အကြောင်းFacebookပေါ်မှာ သတင်းတွေပြန့်နေပြန်တယ်။အဲဒီအချိန်သက်သတ်လွတ်ဆိုတဲ့ Accountပိုင်ရှင်ကကျားကျားတွေကိုတွေ့ရင်မသတ်ဖို့၊အရှင်ဖမ်းဖို့ တဖွဖွပြောနေသေးရဲ့။ ။ 


//////////////////////////////////////////// 

+ဆူးသစ်+

Read More...

Monday, May 25, 2015

== ဖိစီးမှု ဒီဂရီ ===

ကားကြုံလိုက်စီးတဲ့ လှတပတ ကောင်မလေးတစ်ယောက်ကို ခင်ဗျားရဲ့ကားပေါ်မှာ တင်ခေါ်လာမိတယ်။ မကြာခင်ပဲ အဲဒီမိန်းကလေးဟာ ရုတ်တရက်ဆိုသလို ကားပေါ်မှာ သတိလစ်မေ့မြောသွားတာကြောင့် အနီးဆုံးဆေးရုံတစ်ရုံဆီ ခင်ဗျား အမြန်မောင်းသွားလိုက်ရတယ်။ ခင်ဗျား စိတ်ဖိစီးပြီး စိုးရိမ်စပြုလာပြီ...။ ဆေးရုံရောက်တဲ့အခါမှာ ဆရာဝန်တွေ၊ သူနာပြုတွေက မိန်းကလေးကို စမ်းသပ်စစ်ဆေးပြီး ကိုယ်ဝန်ရှိနေတာကို တွေ့ကြရတဲ့အတွက် ခင်ဗျားကို ချီးမွမ်းကြမယ်။ ဖအေတစ်ယောက်အဖြစ်ကို ရောက်ရတော့မှာမို့ ခင်ဗျားအတွက် ၀မ်းမြောက်ဂုဏ်ယူတယ်လို့ ၀ိုင်းပြောကြမယ်။ ခင်ဗျားကလည်း ခင်ဗျားဟာ ဒီကလေးရဲ့အဖေမဟုတ်ကြောင်း ပြောပြမယ်။ ဒါပေမယ့် သတိရလာတဲ့မိန်းကလေးက ခင်ဗျားဟာ ကလေးအဖေဖြစ်တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ ပြောနေမယ်။ ခင်ဗျား တော်တော်လေး စိတ်ဖိစီးပြီး စိုးရိမ်နေရပြီ...။ ဒါနဲ့ပဲ ခင်ဗျားဟာ ဒီကလေးရဲ့အဖေမဟုတ်ကြောင်း သက်သေပြနိုင်ဖို့ မျိုးဗီဇဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ပေးဖို့ ဆေးအဖွဲ့ကို ခင်ဗျားက တောင်းဆိုမယ်။ သက်ဆိုင်ရာ စစ်ဆေးမှုတွေ ကျကျနနလုပ်ပြီးတဲ့ အခါမှာ ဆရာဝန်က ခင်ဗျားဟာကလေးမရနိုင်တဲ့သူဖြစ်ကြောင်း၊ ဒါဟာမွေးရာပါချို့ယွင်းချက်ဖြစ်နိုင်ကြောင်း ရှင်းပြမယ်။ ခင်ဗျား တော်တော်ကြီး စိတ်ဖိစီး၊ စိုးရိမ်သွားမယ်... ဒါပေမယ့် မကြာခင်မှာ စိတ်သက်သာရာရသွားမယ်...။ ဆေးရုံကနေအိမ်ကို ကားမောင်းပြီးပြန်လာရင်း ခင်ဗျားရဲ့ကလေးသုံးယောက်အကြောင်းကို သွားစဉ်းစားမိမယ်။ အဲဒီမှာတင် တကယ့်ကို ကြီးအကျယ် စိတ်ဖိစီးပြီး၊ စိုးရိမ်စရာနဲ့ သွားတွေ့တော့တာပါပဲ... ။
 ( အင်တာနက်ပေါ်တက်ပြီး တွေ့သမျှစာကို မွှေနှောက်ဖတ်ရင်း သဘောကျတဲ့ ဟာသလေးတစ်ခုကို ပြန်ပြီးဖောက်သည်ချလိုက်ပါတယ် )

 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

+ဦးဟန်ကြည်+

Read More...

Saturday, January 24, 2015

==အလွန်လေးစားဂုဏ်ယူပါသည်==

**ရှုမှတ်ပွားများ
 ခေါ..ခေါတရားနှင့်
 အားထုတ်ကျင့်ကြံ
စည်းချက်မှန်သဗျ
 မြန်မာ့လွှတ်တော်....**

 တိုင်းပြည်နှင့်လူမျိုးအတွက်နေ့ မအား၊ညမနား၊လွှတ်တော်ထဲတွင်ပင်ဤမျှ ရှုမှတ်ပွားများအလုပ်လုပ်ကြသောမြန်မာ့လွှတ်တော်အမတ်များtအတွက် အလွန်လေးစားဂုဏ်ယူပါသည်။

 ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

+ဒီလျှပ်စီး+

Read More...

Friday, April 20, 2012

မြစ် (မြင့်သန်း)


ဖုန်းဆက်တုန်းက ဟိုကောင်ကပြောတယ်။ မင်းလာရင် ဟိုဘက်ကမ်းဆီ လှေလှော်သွားရအောင်တဲ့။ ကျွန်တော်လည်း ဟိုရောက်တာနဲ့ ၀ီစကီထိုင်သောက်ကြရင်း ဟိုကောင့်ကိုမေးတယ်။ မင်းဘယ်တော့သွားချင်သလဲလို့။ ဒီတော့ သူက ငါလှေစပ်ခိုင်းထားသတဲ့။ ရတာနဲ့ သွားမယ်။ ကျစ်လုံးလည်း လိုက်မယ်တဲ့။ ဘာလို့သူက လိုက်ချင်ရတာလဲဆိုတော့ သူ့ရည်းစား သူများနဲ့လိုက်သွားလို့တဲ့။ သူ့ရည်းစား သူများနဲ့လိုက်သွားတာနဲ့ မြစ်ဟိုဘက်ကို လှေလှော်ထွက်တာနဲ့ ဘာဆိုင်လို့လဲလို့ ကျွန်တော်ကမေးတော့ ဟိုကောင်က ငါဘယ်သိမှာလဲ၊ သူက လိုက်ချင်တယ်ပြောလို့လို့ပြောပြီး ပုခုံးတွန့်ပြတယ်။ မြစ်ဘက်ကိုလှမ်းကြည့်လိုက်ရင်း သူ့ဖန်ခွက်ထဲကို ၀ီစကီဖြည့်ပေးလိုက်ရင်း မေးလိုက်မိတယ်။ ဟိုဘက်ကမ်းမှာ အရက်ဆိုင်ရှိလားလို့။ သူက ပုခုံးတွန့်ပြရင်း ငါဘယ်လိုလုပ် သိမှာလဲ။ ငါမှ မရောက်ဖူးဘဲလို့ ပြန်ဖြေတယ်။ စားပွဲထိုးတဲ့ကောင်ကလေးကိုခေါ်ပြီး မေးကြည့်ဦးမလို့ပဲ၊ မမေးတော့ဘူး။ ခုခေတ် စားပွဲထိုးတဲ့ကောင်ကလေးတွေက အရက်ပုလင်းအကြောင်းထက် မိုဒယ်ကလေးတွေအကြောင်းပဲ ပိုသိတာများတယ်။ ခရမ်းချဉ်သီးဆော့နဲ့ ငရုတ်ဆီ သိပ်ကွဲကြတာမဟုတ်ဘူး။ ဘာဝိုင်ရှိသလဲလို့မေးရင် ၀ိုင်အဖြူ၊ ၀ိုင်အနီရှိပါတယ်လို့ဖြေပြီး ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးတတ်ကြတာ။

ကျစ်လုံးရောက်လာတယ်။ ဘာသောက်မလဲလို့မေးတော့ ဘီယာသောက်မယ်လို့ ဖြေတယ်။ မှာမလို့လုပ်နေတုန်း ၀ိုင်အနီကောင်းကောင်းကလေး သောက်ရရင် ကောင်းမယ်လို့ ပြောတယ်။ ပြောနေတုန်း စားပွဲပေါ်က ၀ီစကီပုလင်းကိုကြည့်လိုက်ရင်း မင်းတို့ ၀ီစကီသောက်နေကြသလားလို့ မေးပြီး ဘယ်သူကမှ ဘာမှပြန်မဖြေရသေးခင်မှာပဲ ငါလည်း ၀ီစကီသောက်တော့မယ်ကွာလို့ ပြောတယ်။ စားပွဲထိုးကောင်ကလေးက ၀ီစကီသောက်တဲ့ဖန်ခွက်တစ်လုံး ထပ်ချပေးတယ်။ ဟိုကောင်က ကျစ်လုံးကိုကြည့်ပြီး မင်းရည်းစားတွေ သူများနောက်လိုက်သွားတာလည်း သွားသင့်တာပဲလို့ အရင်းမရှိ အဖျားမရှိ ပြောလိုက်တယ်။ ကျစ်လုံးက ဘာမှပြန်မပြောတော့ ကျွန်တော်က ဟိုကောင့်ကို ဘာလို့လဲလို့ လှမ်းမေးလိုက်တယ်။ ဘယ့်နှယ်ကွာ တစ်ထိုင်တည်းအမျိုးမျိုး။ အခုပဲ ဘီယာသောက်မယ်၊ နောက်တော့ ၀ိုင်သောက်မယ်၊ နောက်တော့ ၀ီစကီသောက်မယ်လုပ်နေတာ မင်းမကြားဘူးလားလို့ ကျွန်တော့်ကိုပြောတယ်။ ကျွန်တော်က ပြုံးလိုက်ရင်း ကျစ်လုံးကို အခု သူများနောက်ပါသွားတာ မင်းရည်းစား ဘယ်နှစ်ယောက်မြောက်လဲလို့ မေးလိုက်မိတယ်။ မင်းက ဘာလုပ်မလို့လဲလို့ သူက ပြန်မေးတယ်။ ဒီတော့ ကျွန်တော်လည်း စဉ်းစားကြည့်မိတယ်။ သူ့ရည်းစား ဘယ်နှစ်ယောက်မြောက်မြောက် တခြားသူနဲ့ လိုက်သွားတာပဲ ကျွန်တော့်အလုပ်မှမဟုတ်ဘဲ။ ဒီတော့လည်း ဖန်ခွက်ထဲက ၀ီစကီကိုပဲ သောက်ချလိုက်မိတယ်။

မြစ်ဘက်ကို ကျွန်တော်ကြည့်နေလိုက်မိတယ်။ ဟိုနှစ်ကောင်လည်း မြစ်ဘက်ကိုပဲ ကြည့်နေကြတယ်။ မော်တော်တွေ ဘယ်နားဆီ ဆိုက်သလဲလို့ ကျွန်တော်က မေးမိတယ်။ ဟိုကောင်ကတော့ ပါးစပ်က ဘာမှပြန်မဖြေဘဲ ပုခုံးတွန့်ပြတယ်။ ဒီကောင့်ကြည့်ရတာ ဘာသာစကားကို စိတ်နာနေပုံရတယ်။ အဲဒီတုန်းမှာပဲ ကျစ်လုံးဆီက အသံထွက်လာတယ်။ မိန်းမတွေဆိုတာကတော့ မိန်းမတွေပဲတဲ့။ ဟိုကောင်ရောကျွန်တော်ပါ ကျစ်လုံးကို လှမ်းကြည့်လိုက်မိတယ်။ ဟိုကောင်ကတော့ ဘာမှမပြောဘဲ သီဟိုစေ့လှော်ကိုယူပြီး ပျင်းပျင်းရိရိဝါးနေတယ်။ ပါးစပ်ထဲက ၀ါးနေတာတွေ ညက်ပုံမရသေးဘူး။ နောက်ထပ် သုံးလေးစေ့ထပ်ယူပြီး လက်ထဲမှာ အသာဆနေတယ်။ ပါးစပ်ထဲလည်း မထည့်သေးဘူး။ ကျွန်တော်ကတော့ ခုလေးတင် ၀ီစကီခပ်များများလည်ချောင်ဲးစီးမျောသွားစေခဲ့ပြီပြီမို့ လည်ချောင်းသန့်နေတယ်။ ဘာသာစကားနဲ့တည်ဆောက်ရင် ပတ်ဝန်းကျင်နဲ သပ္ပာယဖြစ်နေတာပေါ့။ ကျစ်လုံးပြောလိုက်တဲ့စကားကိုတော့လည်း သိပ်မကြိုက်ဘူး။ မကြိုက်ရတာက ဒီကောင့်လိုအကောင်မျိုး မပြောသင့်တဲ့စကားမျိုး ဖြစ်နေလို့။ ဒီကောင်က အရပ်စကားနဲ့ပြောရရင် တန်းကုန်အောင်ထားတာ။ ပညာရှိစကားနဲ့ပြောရရင်တော့ ပီအိတ်ခ်ျဒီဆိုသလားပဲ ရထားတာတဲ့။ ဒါပေတဲ့ ပြောလိုက်ပုံက ဆင်ခြင်တုံတရားမရှိတဲ့ ငတိတွေ ပြောပုံမျိုး။ ဈေးထဲမှာ ကစော်ဆိုင်ထဲမှာ ခပ်တုံးတုံးကောင်တွေ ပြောတာမျိုး။ ယုတ်စွအဆုံး ၀ီစကီကောင်းကောင်းလေးသောက်နေတဲ့အခါမျိုးမှာ ၀ီစကီမျက်နှာကိုထောက်ပြီး မပြောသင့်တဲ့စကားမျိုး။ ၀ီစကီသောက်တယ်ဆိုတာက ဆင်ခြင်တုံတရားအခြေခံနဲ့ သောက်ကြတာမဟုတ်လား။

ဘာဖြစ်လို့မင်းက ဒီလိုပြောရတာလဲ။ `မိန်းမများသည် ယောက်ျားများဖြစ်ကြ၏´ လို့ တစ်ယောက်ယောက်က ယုတ္တိနည်းလမ်းတကျပြောတာများ မင်းကြားလိုက်မိလို့လားလို့ ကျွန်တော်က မေးလိုက်မိတယ်။ ကျစ်လုံးက ပညာရှိပြုံးပြုံးတယ်။ ပညာရှိပြုံးဆိုတာက ဟိုလိုလိုဒီလိုလိုပြုံးတာ။ မှန်တယ် မမှန်ဘူးလို့ ၀န်မခံဘဲ ငါသိပါသော်ကောဆိုတဲ့ မျက်နှာထားမျိုးနဲ့ ပြုံးတာ။ ဒီတော့ တော်ရုံလူတွေက ဘာဆက်ပြောရမှန်းမသိဘူး ဖြစ်သွားတတ်တယ်။ ဒီကောင်က စနစ်တကျပညာတတ်။ ၁၈၁၂ အိုဗာချာကို အနည်းဆုံး အွန်ကယိုလောက်နဲ့ နားထောင်မှ ဝေဒနာပေါ်တယ်ဆိုတဲ့အကောင်။ ကျွန်တော့်ကိုတော့ ဒီလိုသူလုပ်လို့ ဘယ်ရလိမ့်မှာလဲ။ ဟိုကောင်ရယ်၊ ကျစ်လုံးရယ် ကျွန်တော်ရယ်က အတူတူကြီးကြတာ။ ဒီပြင် သူ့လို ပညာတတ်ဆိုတဲ့ငတိတွေကို သုံးခွက်တစ်ခွက်တင်ကြို ဆားမီးဖုတ်ကလေးခတ်ပြီး လေကြေအောင်သောက်လာတာ။ ဒီတော့ ကျစ်လုံးရဲ့ပညာရှိအပြုံးဟာ ကျွန်တော့်အပေါ်မှာ မထိရောက်ဘူး။ မင်းက ဘာဖြစ်လို့ မိန်းမတွေဆိုတာကတော့ မိန်းမတွေပဲလို့ ပြောရတာလဲ။ မင်းအစကတည်းက အဲဒီအကြောင်း မသိဘူးလား။ မိန်းမတွေဟာ မိန်းမတွေဆိုတာ တန်းကုန်အောင်ကာမှ မင်းသိသလားလို့ ကျွန်တော်က ထပ်မေးလိုက်မိတယ်။ ဒီတော့သူက ပ်ပြီးပြုံးရင်း ဖန်ခွက်ကို သူ့နှုတ်ခမ်းနဲ့ အသာတေ့ထားပြီး ၀ီစကီကို လျှာအဖျားကလေးကနေတစ်ဆင့် ၀မ်းခေါင်းထဲကို လျှောချလိုက်တယ်။ ပြီးမှ မင်းပြောတာ မမှားတော့မမှားဘူးလို့ပြောပြီး ဘာမှဆက်မပြောသေးဘူး။ ခုနကလိုပဲ ၀ီစကီကို အရသာခံပြီး သောက်နေပြန်တယ်။ ကျွန်တော်က ဟိုကောင့်ကို လှမ်းကြည့်လိုက်မိတယ်။ ဟိုကောင်က ကျွန်တော်တို့ပြောနေတာကို စိတ်ဝင်စားပုံမပေါ်ဘူး။ စားပွဲထိုးကောင်ကလေးကို ဟိုကောင်ဘာများ မေးနေတာလဲဆိုတာကို ကျွန်တော် နားစွင့်လိုက်မိတယ်။


တောင်ကြီးပဲလှော်ရလားလို့ မေးနေတယ်။ ကောင်ကလေးက အူကြောင်ကြောင်ရယ်။ အန်ကယ်စားနေတဲ့ ကဏန်းလက်မက မကောင်းလို့လားလို့ ပြန်မေးတယ်။ ကဏန်းလက်မမကြိုက်ရင် ကျွန်တော်တို့ဆီက ကြက်တောင်ပံကြော်စားကြည့်ပါလားလို့ ပြောတယ်။ မေးတာနဲ့ဖြေတာ တခြားစီ။ ရည်ရွယ်ချက်တွေဆုံစရာ နေရာမရှိတော့ဘူး။ မဆီမဆိုင် ဘ၀ဆိုတာ အဲသလိုပဲထင်တယ်လို့ ကျွန်တော် တွေးလိုက်မိတယ်။ ကျစ်လုံး ကျွန်တော်ပါ မတိုင်ပင်ထားဘဲ ဟိုကောင်နဲ့ စားပွဲထိုးကောင်ကလေးကိုကြည့်ရင်း သူတို့ပြောတာတွေကို နားထောင်လိုက်မိတယ်။ ဟိုကောင်ကပြောတယ်။ တောင်ကြီးပဲကြော်ဆိုတာက ဘရာဇေလျံ ဘရော့(ဒ)ဘီး(န)လို ဟာမျိုးကွာလို့ ရှင်းပြတယ်။ ကောင်ကလေးခမျာ အူကြောင်ကြောင်ဖြစ်နေတယ်။ ကျစ်လုံးက နေနိုင်ပုံမရတော့ဘူး။ တောင်ကြီးပဲကြော်မှမသိဘဲ ဘရာဇေလျံဘီး(န)ကို သိမတဲ့လားကွ။ နည်းနည်းပါးပါးများ ခေါင်းသုံးပါဦးဟလို့ ၀င်ပြောလိုက်တယ်။ ဟိုကောင်က ကျစ်လုံးကို ဘာမှပြန်မပြောဘဲ စားပွဲထိုးကောင်ကလေးကိုပဲ ထပ်မေးတယ်။ မင်း ထူးကြီးပဲလှော်ကိုရော သိသလားတဲ့။ ကောင်ကလေးက ဘာလို့လဲလို့ပဲ ပြန်မေးတယ်။ ကျွန်တော်လည်း ကြားကဖြတ်ပြီး စားပွဲထိုးကောင်ကလေးကို မေးလိုက်မိတယ်။ မင်း ဟိုဖက်ကမ်းရောက်ဖူးသလားလို့ ဘာလို့မေးလိုက်မိသလဲတော့ မသိဘူး။ ကောင်ကလေးက မရောက်ဖူးဘူးလို့ ဖြေတယ်။ ပြီးတော့ ဟိုဖက်ကမ်းရှိမှန်းတောင် ကျွန်တော် မသိဘူးလို့ ပြောတယ်။ ကျွန်တော်တို့သုံးယောက်စလုံး တိုင်ပင်မထားဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားကြတယ်။ ဟကောင် မြစ်ဆိုတော့ ဟိုဖက်ကမ်းတော့ရှိမှာပေါ့ကွာလို့ ကျွန်တော်က ထပ်ပြောလိုက်တယ်။ ကောင်ကလေးက ခဏလောက်တွေးနေတယ်။ ပြီးမှ ဒါက အန်ကယ့်အထင်ကိုးလို့ ပြောတယ်။ မြစ်ဆိုတော့ ဟိုဖက်ကမ်းတော့ရှိမှာပေါ့ကွာလို့ ကျွန်တော်က ပြန်ပြောလိုက်တယ်။ စားပွဲထိုးကောင်ကလေးက ကျွန်တော့်ကို သေသေချာချာပြန်ကြည့်နေတယ်။ ဒါလည်း အန်ကယ့်အထင်ပဲမဟုတ်လားလို့ ထပ်မေးတယ်။ ပြီးတော့ ဆက်ပြောပြန်တယ်။ အန်ကယ်ကိုယ်တိုင်လည်း မရောက်ဖူးဘူး၊ ဘယ်လိုလုပ်ပြီး အန်ကယ်က ဟိုဖက်ကမ်းရှိတယ်လို့ အာမခံနိုင်ရတာလဲလို့ ပြန်မေးတယ်။

မြစ်ဆိုတာ ကမ္ဘားနှစ်ခုအကြားမှာ စီးသွားရတာပဲလို့ ကောင်ကလေးကိုကြည့်ရင်းပြောလိုက်တော့ ကောင်ကလေးက ဘာမျှပြန်မပြောသေးဘဲ ပြုံးပြုံးကလေးလုပ်နေတယ်။ ဘယ်သူကမှ ဘာမျှဆက်မပြောတော့ စားပွဲထိုးကောင်ကလေးက ပြောတယ်။ အန်ကယ်ပြောတာက လူတွေသိထားတဲ့အတိုင်း၊ ထင်ထားကြတဲ့အတိုင်း ပြောလေ့ပြောထရှိတာမျိုးပဲ မဟုတ်ဘူးလား။ ကျွန်တော့်ဘွားအေကြီးရှိတုန်းက ဆေးသောက်တိုင်း ရေနွေးကြက်သီးနွေးကလေးနဲ့ သောက်တယ်လို့ ပြောလေ့ရှိတယ်။ ဟိုတုန်းကတော့ တကယ်ရှိသလိုပဲ။ ခုပြန်စဉ်းစားကြည့်တော့ ဘယ်လိုမှန်းကိုမသိဘူး။ ကြက်သီးနွေးဆိုတာ စကားထဲမှာပဲရှိတာ မဟုတ်ဘူးလား။ အခု အန်ကယ်ပြောတဲ့ ဟိုဖက်ကမ်းဆိုတာလည်း အဲဒီလိုပဲ မဖြစ်နိုင်ဘူးလားတဲ့။ ကျွန်တော်ရော ကျစ်လုံးပါ ကောင်ကလေးပြောတာ နားထောင်နေမိတယ်။ ဘာမျှ ပြန်မပြောဖြစ်ဘူး။ ဟိုကောင်ကတော့ စားပွဲထိုးကောင်ကလေး စကားဆုံးသွားတာနဲ့ မင်း ပဲကြီးလှော်တော့ သိသလားလို့ မေးတယ်။ ကောင်ကလေးက ခေါင်းငြိမ့်ပြတယ်။ သွားပြီးဝယ်ကွာ၊ ခပ်ကောင်းကောင်းဝယ်ခဲ့။ လိမ္မော်ရောင်ရရင် ပိုကောင်းတယ်လို့ ပြောတာနဲ့ ကောင်ကလေးလည်း ကျွန်တော်တို့အခန်းထဲက ထွက်သွားတော့တယ်။ ကျွန်တော်က မင်းက ပဲကြီးလှော်ရဲ့အရသာကို အရောင်နဲ့ခံစားမှာလားလို့ မေးတော့ ဟိုကောင်က ဘာမျှပြန်မဖြေဘူး။ ကျစ်လုံးကတော့ ပြုံးနေတယ်။ ဟိုကောင်က ကျစ်လုံးကိုကြည့်ပြီး သူများနောက်ပါသွားတဲ့ မင့်ဟာမတွေကို သတိရလို့ ပြုံးနေတာလားလို့ လှမ်းမေးတယ်။ ကျစ်လုံးကတော့ သူ့ထုံးစံအတိုင်းပဲ အပြုံးကိုသတ်မပစ်ဘူး။ တို့တစ်တွေဟာ အထင်နဲ့ နေနေကြတာပဲမဟုတ်လား။ ဘ၀ဆိုတာ အထင်နဲ့တည်ဆောက်ထားတာပဲ မဟုတ်လား။ သိတယ်အထင်နဲ့ ရှိတယ်အထင်နဲ့ လက်ခံထားကြတာတွေ အများကြီးပဲလို့ ပြောတယ်။

သူပြောတာကို ဘယ်သူကမှ မတုန့်ပြန်ဘူး။ ကျွန်တော်ကတော့ ဟိုကောင့်ကို မင်းရော ဟိုဖက်ကမ်းရှိနေတယ်ဆိုတာ သေသေချာချာ သိရဲ့လားလို့ လှမ်းပြီးမေးလိုက်တယ်။ သူက ပခုံးအသာတွန့်လိုက်ရင်း ရှိတယ်လို့ထင်တာပဲလို့ ပြောတယ်။ မော်တော်တွေက ဟိုဖက်ကမ်းသွားတာမဟုတ်ဘူးလားလို့ ကျွန်တော်က ထပ်မေးမိတယ်။ မြစ်ကြောင်းအတိုင်း အထက်အောက်သွားကြတာ။ ဟိုဖက်ကမ်းကိုသွားတယ်ရယ်လို့ မကြားမိဘူးလို့ ပြန်ဖြေတယ်။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ ဘာလိုလိုဖြစ်မိတယ်။ ဘာမှန်းတော့ မသိဘူး။ ကျစ်လုံးကို ကြည့်လိုက်တယ်။ ကျစ်လုံးက ကျွန်တော့်ကိုကြည့်ရင်း သွားမယ်လို့ဆိုပြီးကာမှ မင်းက ဟိုဖက်ကမ်းရှိ မရှိဆိုတာက အရေးကြီးတယ်လို့ ထင်လို့လားလို့ မေးတယ်။ ကျွန်တော်လည်း ဘာဖြေရမှန်းမသိဘူး။ မပြောတတ်ဘူးလို့ပဲ ပြန်ပြောရင်း ဖန်ခွက်ထဲက ၀ီစကီလက်ကျန်ကို မော့ချလိုက်မိတယ်။ ကျစ်လုံးက ဟိုကောင်ကိုကြည့်လိုက်ရင်း ဟိုဖက်ကမ်း ရှိရှိမရှိရှိကွာ၊ မင်းက ဘာလို့သွားချင်ရတာလဲလို့ မေးလိုက်တယ်။ မြစ်ဖက်ကိုလှည့်ကြည့်နေရင်း ဟိုကောင်က ဖြေတယ်။ ဟိုဖက်ကမ်းမှာ သာယာလှပတဲ့အတိတ်တွေ ရနိုင်မလားလို့တဲ့။ ဒီတော့မှ ကျွန်တော်လည်း သူသွားချင်ရတဲ့အကြောင်းရင်းကို သိလိုက်ရတယ်။ ဟုတ်တယ်၊ ဟိုကောင်မှာ သာယာတယ်ဆိုတဲ့အတိတ် မရှိခဲ့ဖူးဘူး။ သူ့ရဲ့အတိတ်ဆိုတာတွေဟာ ပျော်ရွှင်စရာ မရှိခဲ့ဘူး။ ဒီတော့လည်း သူ့ခမျာ အနာဂတ်ဆိုတာထဲမှာ ၀င်ဝင်ပုန်းနေရတယ်။ သူ့ရဲ့အတိတ်ဟာ မကောင်းခဲ့၊ မသာယာခဲ့တော့ ပစ္စုပ္ပန်ဆိုတာကို သူက ကြောက်နေတတ်တယ်။ ဒီတော့ အနာဂတ်ထဲကနေ အတိတ်ကို မျှော်နေတတ်တာ။ သူက သူ့ရဲ့အနာဂတ်တွေကို ပစ္စုပ္ပန်ယောင် ဆောင်ခိုင်းထားတာ။ ကျွန်တော်က ဟိုဖက်ကမ်းဆီမှာ မင်းအတွက် သာယာလှပတဲ့အတိတ်တွေ ရနိုင်မယ်ထင်သလားလို့ မေးလိုက်မိတယ်။ သူကတော့ ထုံးစံအတိုင်း ပုခုံးနှစ်ဖက်ကို တွန့်လိုက်ရင်း မပြောတတ်ဘူးလေလို့ပဲ ဖြေတယ်။

လိမ္မော်ရောင်ပဲကြီးလှော် တစ်ပန်းကန်ပြားနဲ့ စားပွဲထိုးကောင်ကလေး ပြန်ရောက်လာတယ်။ ဒီပဲကြီးလှော်က အကောင်းဆုံးပဲတဲ့ အန်ကယ်။ ပဲကြီးလှော်ထည့်တဲ့အိတ်တောင် နိုင်ငံခြားကလာတဲ့ ပလတ်စတစ်အိတ်တဲ့လို့ ပြောတယ်။ ဘယ်သူကမှ ဘာမှမပြောဘူး။ သူက ဆက်ပြောတယ်။ မြစ်စပ်နားဆီက လှေစပ်တဲ့လူကြီးနဲ့တွေ့လို့ သူက မှာလိုက်တယ်။ အန်ကယ်စပ်ခိုင်းထားတဲ့လှေ အသင့်ပဲတဲ့။ ဟိုကောင့်မျက်နှာ ကျွန်တော် လှမ်းကြည့်လိုက်မိတယ်။ အတော်ကလေး ပျော်သွားပုံရတယ်။ ပဲကြီးလှော်ပန်းကန်ပြားကို ကျွန်တော့်ဖက်အသာတိုးပေးရင်း ပြီးရင် လှေသွားယူပြီး တစ်ချီတည်းထွက်ကြရအောင်လို့ ပြောတယ်။ ကျစ်လုံးဆီက ကောင်းသားပဲဆိုတဲ့အသံ ထွက်လာတယ်။ ကျွန်တော်ကတော့ ပဲကြီးလှော်ပန်းကန်ပြားကို ကျစ်လုံးဖက် တိုးပေးလိုက်ရင်း ခေါင်းညိတ်ပြလိုက်တယ်။ ပြီးမှ ၀ီစကီကို ပဲကြီးလှော်နဲ့သောက်ရတယ်လို့ကွာလို့ နောက်ဆက်တွဲအနက်မပါဘဲ ပြောလိုက်မိတယ်။ ကျွန်တော့်စိတ်ထဲမှာ ၀ီစကီခမျာ မလိုအပ်ဘဲ သိက္ခာအချခံလိုက်ရတယ်လို့ ထင်လိုက်မိတာကိုး။ မိုးထဲလေထဲကွာလို့ ဆက်စပ်မှုမရှိတဲ့ စကားသံ ကျစ်လုံးဆီက ကြားရပြန်တယ်။ ကျွန်တော်တို့သုံးယောက်သား အကြားမှာ ဘာသာစကားအရ ဆက်သွယ်မှုရှိပုံမရဘူး။ တကယ်တော့လည်း ဘာသာစကားက ကျွန်တော်တို့အကြားမှာ အရေးမကြီးဘူး။ နေ့စဉ်ဘ၀ဆိုတာက စနစ်တကျဘာသာစကားနဲ့ တည်ဆောက်ထားတာမှ မဟုတ်ဘဲ။ ဆုတ်ဖြဲကားယားနိုင်တာတွေ အားလုံးနဲ့ ကစဥ့်ကလျားဖြစ်နေတာဟာ ဘ၀ပဲမဟုတ်ဘူးလား။ ရေရာခြင်းမရှိတာဟာ ဘ၀ပဲမဟုတ်ဘူးလား။ စားပွဲထိုးကောင်ကလေးပြောသလို မြစ်မှာ ဒီဖက်ကမ်းရှိလို့ ဟိုဖက်ကမ်းရှိရမယ်ဆိုတာ အထင်ပဲဖြစ်နေသလိုပဲပေါ့။ အဲဒီတုန်းက မင်းကရော ဟိုဖက်ကမ်းကို ဘာရည်ရွယ်ချက်နဲ့ သွားချင်တာလို့ ဟိုကောင်က မေးတယ်။ မင်းကပဲ ငါ့ကိုပြောတယ်မဟုတ်လား။ မင်းလာရင် ဟိုဖက်ကမ်းသွားရအောင်လို့ မင်းမပြောဘူးလားလို့ ကျွန်တော်ကဖြေရင်း ပြန်မေးလိုက်တယ်။

သူက ကျွန်တော့်ကို သေသေချာချာကြည့်နေရင်း ငါပြောတာတော့အမှန်ပဲ။ မင်းမှာများ ရည်ရွယ်ချက်တစ်ခုခု ရှိနေသလားလို့ပါလို့ ပြန်ပြောတယ်။ မရှိဘူးလို့ ကျွန်တော်က ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်။ အသက်နဲ့ကိုယ် တွဲနေတာ၊ မြဲနေတာတောင် ဘာရည်ရွယ်ချက်မှမရှိဘူးလို့ ငါထင်တယ်။ ဖြစ်နေခြင်းတစ်ခုပဲ။ ဖြစ်နေတာဟာ မဖြစ်နဲ့လို့ ပြောလို့ တားလို့မဖြစ်တဲ့ အနေအထားတစ်ခုပဲ။ လေရှူနေတာမျိုးပဲ။ သူ့အလိုလိုဖြစ်နေတာပဲ။ မြစ်လိုပဲ။ စီးနေတာဟာ သူ့ဘာသာသူ ဖြစ်ရှိနေတာပဲ။ စီးဆင်းမှုမရှိတော့ရင် မြစ်ဟာ မြစ်မဟုတ်တော့ဘူး။ ဒါပေတဲ့ လူရဲ့ဖြစ်နေခြင်းဟာမြစ်လိုမဟုတ်ဘူး။ မြစ်ဟာ မြစ်မဟုတ်တော့တဲ့အခါ မြစ်ရဲ့ကမ်းပါးဟာ မြစ်ရဲ့ကမ်းပါးအဖြစ် ကျန်သေးတယ်။ မြစ်ရဲ့ကမ်းပါးဟာ မြစ်ရဲ့ရှိနေခြင်း၊ မြစ်ရဲ့ရှိနေခဲ့ခြင်းနဲ့ မဆိုင်ဘူး။ လူရဲ့ဖြစ်နေရခြင်းဟာ မြစ်ရဲ့ကမ်းပါးလိုပဲ။ ဖြစ်နေတာ၊ စီးမြောနေတာမဟုတ်၊ လူရဲ့ အားထုတ်မှုဟာ သွားဖို့ပဲ။ ရောက်တာမရောက်တာက တခြား။ ကျွန်တော်က မြစ်ကို လှမ်းကြည့်ရင်း အရှည်ကြီးရှင်းပြနေမိတယ်။ သူတို့နှစ်ယောက်သား ကျွန်တော့်ကိုစိုက်ကြည့်ရင်း နားထောင်နေကြတယ်။ ကျွန်တော်စကားပြောတာပြီးသည့်တိုင် သူတို့ ဘာမျှ ၀င်မပြောကြဘူး။ အတော်ကလေးကြာမှ ဟိုကောင်က သွားစို့လို့ပြောတာနဲ့ ကျွန်တော်တို့လည်း ဆိုင်က ထွက်ခဲ့ကြတယ်။ ဆိုင်ကအထွက်မှာ ၀ီစကီနှစ်ပုလင်း လိုရမယ်ရ၀ယ်ခဲ့တယ်။ ကျစ်လုံးကတော့ မြနဒီကို လေချွန်နေတယ်။ ကျွန်တော်တို့လည်း လှေကိုသွားယူပြီး မြစ်စပ်မှာ ချကြည့်လိုက်ကြတယ်။ နွားရေလာချတဲ့လူနှစ်ယောက်က ကျွန်တော်တို့ကို လာကြည့်ရင်း တစ်ယောက်က ဘယ်သွားကြမလို့တုန်းလို့ မေးတယ်။ ဟိုကောင်က ဟိုဖက်ကမ်းဆီပဲလို့ ဖြေတော့ အဲဒီလူကပဲ ရောက်ဖူးကြသလားလို့ ထပ်မေးတယ်။ မရောက်ဖူးဘူး၊ ခင်ဗျားရော ရောက်ဖူးသလားလို့ ကျစ်လုံးက ၀င်ဖြေရင်း ပြန်မေးတယ်။ မရောက်ဖူးဘူးလို့ အဲဒီလူက ဖြေတယ်။ သူကပဲ ဟိုဖက်ကမ်းရော ရှိရဲ့လားလို့ ထပ်မေးပြန်တယ်။ ရှိရှိမရှိရှိဗျာ ခင်ဗျားအလုပ်လားလို့ ကျွန်တော်က အမြင်ကပ်ကပ်နဲ့ပြောလိုက်တော့မှ အဲဒီလူလည်း မကျေနပ်တဲ့မျက်နှာနဲ့ကြည့်ရင်း လှည့်ထွက်သွားတော့တယ်။

ညနေမှောင်ရီပျိုးတာနဲ့ ကျွန်တော်တို့ထွက်လာကြတယ်။ တက်က နှစ်ချောင်းတည်းမို့ နှစ်ယောက်လှော်တုန်း တစ်ယောက်က နားနေချိန်ရတယ်။ ခုတော့ ကျွန်တော့်အလှည့်၊ ဒီတော့လည်း တောတွေးတောင်တွေး တွေးမိတယ်။ ဟိုဖက်ကိုများရောက်ရင် ဟိုကောင့်အတွက် သာယာလှပတဲ့အတိတ်အသစ်တွေ ရကောင်းရလိမ့်မယ်။ ကျစ်လုံးအတွက်လည်း သူနဲ့သင့်တော်တဲ့ ကောင်မလေးတစ်ယောက် ရလိမ့်မယ်။ ကျွန်တော့်အတွက်တော့ ဟိုဖက်ကမ်းဆိုတာကို ရောက်မှာပဲ။ ဟုတ်တယ်၊ ဟိုဖက်ကမ်းကို ရောက်ခဲ့ရင်ပေါ့။ ခုဆို ၀ီစကီသောက်ပြီးကတည်းက ကျွန်တော်တို့ထွက်လာခဲ့ကြတာ အတော်ကြာပြီ။ ထွက်လာခဲ့တဲ့ ကမ်းဖက်ဆီတောင် လှမ်းကြည့်လို့ မမြင်ရတော့ဘူး။ ကြယ်တွေ၊ လတွေ၊ နေတွေ ပြောင်းသာပြောင်းသွားတယ်၊ ဟိုဖက်ကမ်းဆိုတာကို မတွေ့ရသေးဘူး။ မနက်တုန်းက ဟိုကောင်က သူ့အလှည့်နားနေတုန်း ကျစ်လုံးကို လှမ်းမေးတယ်။ ဘယ်လောက်ရှိသွားပြီလဲတဲ့။ ကျစ်လုံးက နာရီအမြဲပတ်တာကိုး။ ငါ့နာရီ ဘက်ထရီကုန်သွားတာ ကြာပြီလို့ ကျစ်လုံးက ပြန်ပြောတယ်။ ငါ့အထင်တော့ နှစ်နှစ်သုံးနှစ်လောက် ရှိရောပေါ့လို့ ကျွန်တော်က ၀င်ပြောလိုက်မိတယ်။ ကျွန်တော့်မုတ်ဆိတ်တွေ ရင်ဘတ်ထိကုန်ပြီ၊ ကျစ်လုံးဆံပင်တွေလည်း ကျောထိကုန်ပြီ။ ခုထိတော့ ကျွန်တော်တို့ လှော်နေကြတုန်းပဲ။ ဟိုဖက်ကမ်းဆိုတာရှိခဲ့ရင် ရောက်လိမ့်မယ်။ ဒီလိုမပြောဘဲ ဟိုဖက်ကမ်းဆိုတာဆီကိုရောက်ခဲ့ရင် ဟိုဖက်ကမ်းဆိုတာ ရှိလိမ့်မယ်။ တကယ်တော့ ဘယ်လိုပြောပြော သိပ်တော့မထူးဘူး ထင်တယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ မြစ်ကို ကန့်လန့်ဖြတ်လှော်နေကြတုန်းပဲ။

-မြင့်သန်း
ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၁၅၊ ဧပြီ ၂၀၀၇


Posted by တေဇာ (လရောင်လမ်း)

Read More...

Wednesday, April 18, 2012

--ငါ့ဖက်မှာ တစ်ယောက်တော့ရှိတယ် (မြင့်သန်း)---


တိုက်အုပ်အနေတော့ သူ့တပည့်တွေ၊ တကာတွေဆီက အကြံယူဖို့စဉ်းစားရတယ်ဆိုပေတဲ့လည်း စိတ်ထဲကတော့ သိပ်ဖြောင့်လှတာမဟုတ်ဘူး။ ဘုန်းကြီးပြန်ပွဲလုပ်တုန်းက၊ ဘုရားပွဲလုပ်တုန်းက၊ ချောင်းထိပ်က တံတားတိုင်လဲတုန်းက စတာတွေမှာလည်း သူ့တပည့်တွေ၊ တကာတွေရှိလို့ပဲ။ စိတ်မထင်လို့ သူ့တပည့်တွေ၊ တကာတွေက ကြိမ်းရင်လည်း သူက ခံရသေးတာကိုး။ ဘုန်းကြီးပြန်လုပ်တုန်းကဆို ကိုယ်တော်က ဘာမှမသိဘဲ ဘာလို့ တင်ပါ့လို့ ၀န်ခံခဲ့ရတာတုန်းရယ်လို့ သူ့လက်ငုတ်လက်ရင်းတပည့် သောင်းစိန် အကြိမ်းတောင် ခံလိုက်ရသေးတယ်။ တံတားတိုင် လဲတုန်းကများဆိုရင် ပင်ပန်းသမှ၊ ညနေမတိုင်ခင်ကပဲ တိုက်အုပ်ခမျာ အပူတွေဘာတွေပျံပြီး ယဲ့ယဲ့ကျန်တော့တာ။ အဲဒီတုန်းက အလုပ်ပြီးကြလို့ ကျောင်းအောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်နေကြတုန်း ကျောင်းပေါ်ဘက်ကနေ ဆရာတော်ကြီးက လှမ်းမေးသေးတယ်။ တိုက်အုပ်ကတော့ တံတားတိုင်ကို ဘယ်လိုလုပ် လဲကြတယ်။ ဘယ်သူက ဘာလုပ်တယ် စသည်ဖြင့် သူ့တပည့်တွေရဲ့ အားထုတ်မှုကို ဆရာတော်ကြီးသိအောင် အရှည်အကျယ် ပြန်လျှောက်တယ်။ ပြီးသွားတော့ ဆရာတော်ကြီးက ထပ်မေးပြန်တယ်။ မောင်ဉာဏ် မင်းကကော ဘာလုပ်သတုန်းတဲ့။ ဒီတော့ တိုက်အုပ်က တပည့်တော်ကတော့ဘုရား၊ ဒီအောက်နားဆီကပဲ ဒီကောင်တွေ အလုပ်ဖြစ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင် ဉာဏ်ကူရပါတယ်ဘုရားလို့ လျှောက်လိုက်တယ်။ ဒီတော့ ဆရာတော်ကြီးက သာသာပြုံးတယ်။ ပြီးတော့ အေးအေးသာဓုလို့ခေါ်ပြီး မင်း သိပ်လည်း အပင်ပန်းမခံနေနဲ့ဦး။ တို့ကျောင်းမှာ မင်းမရှိလို့ မဖြစ်ဘူး။ အေးအေးသာသာနေဦးလို့ မိန့်ပြီး ထွက်သွားတော့တယ်။ အဲဒီတုန်းကများဆို ဆရာတော်ကြီးမိန့်လို့သွားတာနဲ့ တိုက်အုပ်ရဲ့ တပည့်တွေ တကာတွေဆီက ခွိကနဲ အသံထွက်လာသေးတယ်။ မျက်နှာတွေက ပြုံးစေ့စေ့ လုပ်နေကြသေးတာ။ တိုက်အုပ်အဖို့တော့ လျစ်လျူရှုနိုင်ခြင်းဟာ ငြိမ်းချမ်းမှုတစ်မျိုးပဲ ဆိုတာကို လေ့ကျင့်ပျိုးထောင်ထားခဲ့တာ ကြာပြီပဲ။ ဘယ်မှာ တုန်လှုပ်ပါတော့မလဲ။ ဥပေက္ခာတရား များများထားနိုင်တာဟာ နိဗ္ဗာန်နဲ့နီးမယ်လို့ ဘယ်သူမှ အာမခံထားတာ မဟုတ်ပေတဲ့လည်း အလုပ်တော့ ဖြစ်တယ်လို့တော့ တိုက်အုပ်က သိပြီးသားပဲ။

ကျောင်းပေါ်ကဆင်းလာတာနဲ့ တိုက်အုပ်ဟာ ဆွမ်းစားဆောင်ဘက်ဆီကို ထွက်လာခဲ့တယ်။ ဆွမ်းစားဆောင်ဘက်ဆီ လျှောက်လာရင်း ခပ်လှမ်းလှမ်းက အရိပ်ထဲဆီမှာ ကျည်းသားရိုက်နေတဲ့ ကျောင်းသားကလေးတစ်သိုက်ကို တွေ့လိုက်ရတာနဲ့ တိုက်အုပ်က လက်လှမ်းပြလိုက်တယ်။ နှုတ်ကတော့ ဘာမျှ မပြောပေတဲ့ ကျောင်းသားလေးတွေက တိုက်အုပ်က သူတို့ကိုခေါ်တာပဲရယ်လို့ သိလိုက်တယ်။ ဘုန်းကြီးကတော့ ရပ်မစောင့်ဘူး။ ဆွမ်းစားဆောင်ဘက်သွားနေတဲ့ ခြေလှမ်းကို မပြင်ဘူး။ ဆွမ်းစားဆောင်ထဲ လှမ်းတက်လိုက်တော့ အတွင်းနားဆီမှာ အကြမ်းသောက်နေကြတဲ့ ကပ္ပိယကြီးဦးကြွိနဲ့ ကိုရင်ကြီးစံမောင်ကို တွေ့လိုက်ရတယ်။ ဦးကြွိကတော့ သူ့ထုံးစံအတိုင်း သမာဓိသတင်းစာကိုဖတ်နေရင်းက မော့ကြည့်ပြီး၊ ကိုယ်တော် ကြွ၊ အကြမ်းက ကျနေပြီ အတော်ပဲလို့ လှမ်းလျှောက်လိုက်တယ်။ ပြီးမှ ကိုရင်ကြီး ကြံသကာသွားချိုးချေ။ သေတ္တာအသစ်တစ်လုံး ရောက်နေတယ်လို့ ကိုရင်ကြီးစံမောင်ကို ညွှန်ကြားချက်ပေးလိုက်တယ်။ ကိုရင်ကြီးကတော့ တိုက်အုပ်ကို အသာလက်အုပ်ချီရင်း နောက်ဘက်ထဲ အသာထသွားတယ်။ ဦးကြွိက တိုက်အုပ်ကိုကျော်ပြီး နောက်နားဆီလှမ်းလိုက်တော့ ကျောင်းသားလေး သုံးလေးယောက် အပြင်နားဆီမှာ လက်ကလေးပိုက်ပြီးရပ်နေကြတာ တွေ့လိုက်ရတာမို့ ဘာကိစ္စရှိပြန်သတုန်းကိုယ်တော်လို့ လှမ်းမေးလိုက်ပြန်တယ်။ ဘုန်းကြီးလေးက ချက်ချင်းမဖြေသေးဘဲ ရေနွေးကြမ်း လင်ပန်းဆီမှာ ထိုင်ချလိုက်တယ်။ ဦးကြွိက အကြမ်းတစ်ခွက်ထည့်ပြီး ဘုန်းကြီးလေးကို ကပ်လိုက်ရင်း အဖြေစောင့်နေပုံရတယ်။ ဘုန်းကြီးလေးကတော့ ဦးကြွိဖတ်လက်စသတင်းစာ ထိပ်နားဆီကရက်စွဲကို လှမ်းကြည့်လိုက်ပြီး ရက်တွက်နေပုံရတယ်။ ပြီးမှ ခင်ဗျားသတင်းစာက နှစ်ဆယ့်တစ်ရက်လောက် ရှိတောင်နေပြီလို့ လှမ်းပြောလိုက်တော့ ဦးကြွိက ဘာမျှမပြောဘဲ ဘုန်းကြီးလေးမျက်နှာကို ကြည့်နေတယ်။ အကြည့်ကတော့ လာပြန်ပလားဒီအပြော ဆိုတဲ့ပုံပဲ။ တိုက်အုပ်ကတော့ ရက်စွဲအရသာ တွက်ပြောတာ။ အဖြေလိုချင်လို့တော့ မဟုတ်ဘူး။ အရင်ကတည်းက ဦးကြွိက ပြောထားဖူးတာကိုး။ ကျုပ်က သတင်းစာဖတ်တယ်ဆိုတာ သတင်းသိချင်လို့၊ ကမ္ဘာကြီးမှာ ဘာဖြစ်တယ်သိချင်လို့။ တစ်ပတ်နောက်ကျကျ တစ်လနောက်ကျကျ ကျုပ်အတွက် အရေးမကြီးဘူး။ ကျုပ်အတွက်က ဆီတော်၏ဆားတော်၏ သိရင်ပြီးတာပဲ။ သတင်းစာဖတ်ပြီးသိချင်တာက အပျင်းပြေအောင်လို့ပဲ။ ကိုယ်တော့်လို အာဂုံဆောင်ထားတာတွေ ပြန်ပြီးရွတ်ပြဖို့မဟုတ်ဘူးလို့ ကြေငြာချက်ထုတ်ထားတယ်။ ဒီကတည်းက တိုက်အုပ်လည်း စကားမရှည်ရဲတော့ဘူး။

အကြမ်းကို နည်းနည်းငုံပြီး ပါးစောင်းအသာကျင်းလိုက်တယ်။ ပြီးမှ ဆရာတော်ကြီးက ကျောင်းမှာ ကိစ္စတွေပါးနေတုန်း ရေနံလေးဘာလေးသုတ်၊ ကုဋီအသစ်၊ အိမ်သာအသစ်တွေဆောက်ထားရင် ကောင်းမယ်ပြောလို့ဗျာ။ ကျုပ် ဟိုကောင်တွေ အခေါ်ခိုင်းလိုက်ဦးမယ်လို့ အပြင်ဘက်ကို ကြည့်နေရင်း ဦးကြွိကို ဦးတည်ပြောလိုက်တယ်။ ပြောရင်း ကောင်လေးတွေ လာစမ်းလို့ ကျောင်းသားလေးတွေကို လှမ်းခေါ်လိုက်တယ်။ ဦးကြွိကတော့ ဘာမှပြန်မပြောတော့ဘဲ ဦးစံသိန်းရဲ့ ကုန်ဈေးနှုန်းသတင်း ဖတ်နေတယ်။

ကိုရင်ကြီးစံမောင်က ကြံသကာထည့်ထားတဲ့ ကြွေရည်သုတ်ပန်းကန်ကို ဘုန်းကြီးလေးကို ကပ်လိုက်တယ်။ ဘုန်းကြီးလေးကတော့ ပန်းကန်ကို အကြမ်းအိုးထည့်ထားတဲ့ လင်ပန်းထဲချလိုက်ပြီး ကောင်လေးတစ်သိုက်ကို ညွှန်ကြားချက် ပေးနေတယ်။ မင်းက ဘယ်သူ့ဆီသွား၊ မင်းကတော့ ဘယ်ဝါ့ဆီသွား၊ ငပိန် မင်းကတော့ မင်းဘကြီး ဦးကံရဆီသွား ဘုန်းကြီးက မှာလိုက်တယ်လို့ပြော။ မနက်ဖြန်ကျောင်းမှာ ထမင်းစားကြချေလို့။ ဟိုကောင်နှစ်ကောင် မင်းတို့ အခုနေသွားလို့ မောင်ဆင်တို့ သောင်းစိန်တို့က အိမ်မှာရှိမယ်မထင်ဘူး။ သောင်းရင်တဲ ရောက်နေလိမ့်မယ်။ အဲဒီကိုသာ တန်းသွား။ မောင်မူတို့မောင်တာတို့တောင် အဲဒီမှာ မီနိုင်တယ်။ မတွေ့လည်း သောင်းရင်တို့သားအဖကို မှာခဲ့။ အေး.. အရေးကြီးတာက ချမ်းသာအိုးပဲ။ တွေ့အောင်ရှာပြီး သေသေချာချာပြော။ ဒီမယ် လာ ထမင်းစားချေလို့၊ မလာရင် ငါက ကြိမ်နဲ့လာမယ်လို့ ပြော။ တိုက်အုပ်ကတော့ သေချာအောင် အရှည်ကြီး ပြောနေတယ်။ ဦးကြွိကတော့ ဘုန်းကြီးလေးပြောတာ နားထောင်ရင်း ဘုန်းကြီးလေးကို ကြည့်နေပေတဲ့ မျက်နှာမှာတော့ အံ့သြနေပုံ ပေါ်နေတယ်။ ကိုရင်ကြီးစံမောင်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ ကိုရင်ကြီးစံမောင်က ဘာမျှပြန်မပြောပေတဲ့ ကျုပ်ကိုမကြည့်နဲ့ ကျုပ်ဘာမှမသိဘူးဆိုတဲ့ မျက်နှာပေးနဲ့ ဦးကြွိကို ပြန်ကြည့်လိုက်တယ်။ ဘုန်းကြီးလေးလည်း ပြောဆိုလို့ပြီးသွားကာမှ လင်ဗန်းထဲက ကြံသကာပန်းကန်ကို အသာယူလိုက်ပြီး ကြံသကာ ဖြူဖြူပါးပါးတစ်ချပ်ကိုရွေးရင်း ထောင့်ချိုးလေးကို အသာဖဲ့လိုက်တယ်။

ဒီတော့ ဦးကြွိဆီက အသံထွက်လာပြန်တယ်။ မနက်ဖြန်ကျောင်းမှာ အလှူရှိသလားကိုယ်တော်လို့ မေးတယ်။ ဘုန်းကြီးလေးက အမေးကိုမဖြေသေးဘဲ လက်ထဲက ကြံသကာထက်ပိုင်းကျိုးကို ကြည့်နေရင်း ဦးကြွိ ဒါ ဖြူးဆရာတော်ဆီက ပို့လိုက်တာလားလို့ မေးတယ်။ ဘာအဖြေမှ မကြားရသေးခင်မှာပဲ ဆက်ပြီး မေးလိုက်ပြန်တယ်။ နေပြည်တော် ပျဉ်းမနားဆရာတော်ကြီးဆီက ထင်တယ်လို့ မေးသလိုလို၊ ဖြေသလိုလို ပြောပြန်တယ်။ ဦးကြွိကတော့ စိတ်ရှည်ပုံမရဘူး။ ဘယ်ရယ်ကလို့ ကျုပ်အမှတ်မထားလိုက်မိဘူး။ ဖြူး-ဖြူး၊ နေပြည်တော် ပျဉ်းမနား- နေပြည်တော် ပျဉ်းမနား၊ ကြံသကာ-ကြံသကာပေါ့ ကိုယ်တော်ရာ။ ကျုပ်သိချင်တာက မနက်ဖြန်ကျောင်းမှာ အလှူပွဲရှိသလားလို့ပါလို့ အတော့်ကို သည်းခံစိတ်ထားပြီး မေးလိုက်ပြန်တယ်။ အေးဗျာ ခင်ဗျားကိုအရင် ကျုပ်ပြောဦးမယ်လို့ လုပ်ရင်း သတိလက်လွတ်ဖြစ်သွားတယ်လို့ တိုက်အုပ်က စကားစလိုက်တယ်။ ဦးကြွိကတော့ မျှော်လင့်ချက်တစ်ခုခုနဲ့ ဘုန်းကြီးလေးကို ကြည့်နေတယ်။ ဒီကောင်တွေကို ဆရာတော်ကြီးလုပ်စေချင်တာတွေ ခိုင်းဖို့၊ ထမင်းကလေးကျွေးပြီး ပြောမယ်လို့ပါ။ ခုနေက ကျောင်းသား စာချကိုယ်တော်တွေ၊ စာလိုက်လာတဲ့ ကိုယ်တော်တွေလည်း ပါးနေခိုက်ဆိုတော့ လူ လေး၊ငါး၊ ဆယ်ယောက်စာလောက်ချက်ဖို့ ခင်ဗျားအတွက် အပန်းမကြီးဘူးဆိုတာ ကျုပ်သိတယ်။ ခုနေဆို ကိုရင်ကြီးစံမောင်လည်း ကူနိုင်တာပဲမဟုတ်ပေဘူးလား ကိုရင်ကြီးလို့ တိုက်အုပ်က သူ့အမေးသူဖြေရင်း ပြောလိုက်တယ်။ ကိုရင်ကြီးစံမောင်ကတော့ တိုက်အုပ်မျက်နှာကြည့်နေရတော့ တင်ပါ့ဆိုတဲ့အသံ သိပ်ကျယ်ကျယ် ထွက်မလာဘူး။ ဦးကြွိကတော့ ဘာမျှ ပြောမနေတော့ဘူး။ ဖတ်လက်စသတင်းစာကိုပဲ သူ့မူအတိုင်း အပျင်းပြေ တော်ရောပေါ့ဆိုတဲ့သဘောမျိုး ဆက်ဖတ်နေလေရဲ့။

နောက်နေ့တော့ ဘုန်းကြီးလေးဆင့်ထားတဲ့ သူ့တကာတွေ ရောက်လာကြတယ်။ ကျောင်းက ကိုယ်တော်လေးတချို့ ဆွမ်းဘုန်းပေးပြီးချိန်လောက်ဆိုတော့ မွန်းတည့်ဦးလောက်ပဲ။ တိုက်အုပ်မှာထားတဲ့အတိုင်း ဦးကြွိနဲ့ ကိုရင်ကြီးစံမောင်က ထမင်းနှစ်ဝိုင်းပြင် ကျွေးထားနှင့်တယ်။ ဘာကြောင့် ထမင်းခေါ်ကျွေးတယ်ဆိုတာတော့ တိတိကျကျ မသိကြပေတဲ့၊ တို့ဘုန်းကြီးကတော့ ခိုင်းစရာရှိလို့ ခုလိုလုပ်တာပဲဆိုတာ ရိပ်မိနေတယ်။ ဗျို့ ဦးကြွိ ခင်ဗျားက မင်္ဂလာဆွမ်းကျွေးတာလားလို့ ကာလသားတွေထဲကတစ်ယောက်က နောက်သေးတာ။ ဦးကြွိက ဘယ်ခံမှာတုန်း။ ဟကောင်တွေ စားထားကြ၊ ပြီးရင် ချီးကျင်းတူးရမယ်လို့ လှမ်းပြောလိုက်တယ်။ ထမင်းဝိုင်းက စိုတယ်။ ဦးကြွိက ထမင်းဟင်းအချက်ကောင်းရုံမကဘူး ဟင်းစပ်တည့်အောင် ချက်တတ်တဲ့လူမျိုး။ တိုက်အုပ်ကတော့ ကျောင်းကြီးပေါ်မှာ ဆရာတော်ကြီးနဲ့အတူ ဆွမ်းဘုန်းပေးပြီးတော့ အချိုပွဲတည်ရင်း နာရီဝက်၊ တစ်နာရီကြာအောင် ကျောင်းကိစ္စ၊ အရပ်ကိစ္စ နှီးနှောလေ့ရှိတတ်တာကိုး။ ကိစ္စ၀ိစ္စပြီးကာမှ ကျောင်းကြီးပေါ်က အောက်ဖက်ကို ကြွလာတယ်။ ဒီတော့ ဆွမ်းစားဆောင်ထဲက အဖွဲ့လည်း ထမင်းစားပြီးသလောက် ဖြစ်နေကြပြီ။ တိုက်အုပ်ရောက်လာတော့ သူ့တပည့်တွေက တစ်ပြိုင်တည်းလိုလို ၀ိုင်းပြီး လက်အုပ်ချီရင်း ဦးချကြတယ်။ ဘုန်းကြီးလေးလည်း သူ့အတွက်ချထားတဲ့ အကြမ်းအိုးလင်ဗန်းနားဆီမှာ ထိုင်ချလိုက်ရင်း အေးအေးဆေးဆေးနေကြကွာလို့ ပြောရင်း လေပြေထိုးသလို ချိုချိုသာသာ ချစ်ဖွယ်သောစကးကို ဆိုလိုက်တယ်။ ဒီတော့လည်း ချက်ဆိုနားခွက်ကမီးတောက်နေကျ သူ့တပည့်ကျော် သောင်းစိန်ဆီက အသံထွက်လာတယ်။ သောင်းစိန်က သူ့ဆရာကို တိုက်ရိုက်ပြောနိုင်တဲ့လူ။ ဘုန်းကြီး ခိုင်းမှာဖြင့် တည့်တည့်သာပြော။ ခုအချိန်က ထမင်းလုံးစီချိန် ရောက်နေပြီတဲ့။ အားလုံးက ရယ်ကြတယ်။ ဘုန်းကြီးလေးကတော့ ခေါင်းတငြိမ့်ငြိမ့် လုပ်နေပြီးကာမှ ဆရာတော်ကြီးရဲ့ဆန္ဒကို ပြောပြတယ်။ ဘုန်းကြီးလေးကျွေးထားတာကလည်း ဗိုက်ကားအောင် စားသောက်ပြီးထားပြီမို့ အားလုံးက ကုဋီအသစ်၊ အိမ်သာအသစ်ဆောက်ဖို့ကိစ္စအတွက် ၀ိုင်းလုပ်ကြဖို့ သဘောတူကြရုံပဲ ရှိတော့တာပေါ့။ ဘယ်နေ့ဘယ်ရက် လုပ်ကြမယ်ပေါ့။ အမှန်မှာတော့ ဒီကိစ္စက ဒီလိုနဲ့ပြီးသွားဖို့ကောင်းတာ မပြီးဘူး။

အာ့စိန်ကြီးလှူတဲ့ အငြိမ့်ပွဲတုန်းကလိုပဲ ဆွမ်းစားဆောင်နဲ့ ဘယ်လောက်နီးမယ်၊ စည်းရိုးဘက် ဘယ်လောက်ကပ်မယ်ဆိုတာ ပြဿနာဖြစ်ကရော။ ဆွမ်းစားဆောင်နဲ့နီးရင် လေပင့်လိုက်တိုင်း ကျုပ်ချက်တဲ့ ပြုတ်တဲ့ဆီမှာ ချီးနံ့သေးနံ့ရနေမယ်။ စည်းရိုးဘက်ဆီမှာဆောက်လို့ ဦးကြွိဝင်ပြောရာက စတာပဲ။ စည်းရိုးနားဆီဆိုပြန်တော့လည်း သိပ်ဝေးပါသကွာ၊ တစ်ပိုတစ်ပါးသွားချင်တဲ့လူတွေက နေပူကြီးထဲ အဝေးကြီးလျှောက်ကြရမှာလို့ ဦးကံရက မသိမသာ ကန့်ကွက်တယ်။ ဒီတော့ မောင်တာကြီးက ၀င်ပြောတယ်။ ဦးကြွိပြောတာ ဟုတ်တယ်။ ဒါပေတဲ့ အနံ့အသက်တင်မဟုတ်ဘူး၊ တခြားကျန်းမာရေးနဲ့ဆိုင်တဲ့ ကိစ္စတွေကိုလည်း ထည့်စဉ်းစားဖို့ လိုသတဲ့။ လွတ်လပ်ရေးရပြီး ပထမ လေးငါးရှစ်နှစ်လောက်အတွင်း ကျေးလက်နေလူထုအတွက် အကြီးမားဆုံးသောပြောင်းလဲမှုကြီးဟာ ကျင်းအိမ်သာကို အသုံးချလာတာပဲဆိုပြီး အိမ်သာရဲ့ စနစ်တကျဖွံ့ဖြိုးတိုးတက်မှုကို သမိုင်းဆိုတာနဲ့ယှဉ်ပြီး ရှင်းတော့တာ။ သူကတော့ လောကကြီးကို စိမ်းလန်းစေ၊ ငြိမ်းချမ်းစေ လုပ်ချင်တဲ့လူကိုး။ ဒီတော့ကာမှ ရှုပ်ကုန်တော့တာ။ အမှန်မှာတော့ လောကကြီးဆိုတာက နင်နေငါသွားလို သဘောထားမှ ကောင်းတာ။ နည်းနည်းကလေး အရေးပေးတယ်ဆိုတာနဲ့ လောကကြီးက ရောင့်တက်ချင်တာ။ ဒီတော့လည်း ဆိုင်ဆိုင်မဆိုင်ဆိုင် ၀င်ပြောကုန်ကြတော့တာပဲ။ နွားရှေ့ထွန်ကျူးသွားတော့ ၀ိုင်းခွေ့ကြတော့တာပေါ့။ မောင်တာကြီးပြောတာတွေက အဟုတ်ချည်းပဲ၊ အကောင်းချည်းပဲ။ ဒါပေတဲ့ ကိစ္စက အိမ်သာဆောက်ဖို့ကိစ္စ။ ဆင်ခြင်တုံတရားတို့၊ သမိုင်းအမြင်တို့၊ အမှန်တရားတို့ သိပ်မလိုဘူး။ ဒေါက်တာနှောင်းကြီး ပြောသလို ပြောရရင်တော့ `တောနဲ့လောဂျစ်နဲ့ကတော့ ပြောမဖြစ်တဲ့ကိစ္စ´ လို့ပဲ ပြောရမှာ။ မောင်တာကြီးကတော့ ကိစ္စပြတ်အောင် အာ့စိန်ကြီးအလှူပွဲအတွက် ဆုံးဖြတ်ရတာမျိုး လုပ်ချင်ပုံပေါ်တယ်။ မောင်မူကိုလှည့်ကြည့်တယ်။ မောင်မူက မြင်လိုက်ပေသိ ဒီတစ်ချီတော့ မသိချင်ယောင်ဆောင်နေတယ်။ မဆောင်လို့ကလည်း မဖြစ်ဘူးကိုး။ သူ့မှာလည်း သူ့အကြောင်းနဲ့သူ။

အာ့စိန်ကြီးအငြိမ့်ပွဲကိစ္စတုန်းက မောင်တာဖက်ကလိုက်မိလို့ သူ့ခမျာ ခုထိ အပြောခံရလို့ မဆုံးသေးဘူး။ အဆိုးဆုံးက သူ့အိမ်က သူ့ယောက္ခမ။ အိမ်မှာစကားပြောလို့ အမြီးအမောက်မတည့်လေတိုင်း သူ့ယောက္ခမအထီးကြီးက မင်းတို့က အာဏာရှင်ဆန်သကိုးကွ ဆိုတာကိုအစချီပြီး မောင်တာရဲ့အဆုံးအဖြတ်ကို မောင်မူက ထောက်ခံတဲ့အကြောင်း အပ်ကြောင်းထပ်အောင် စမြုံ့ပြန်ပြတော့တာ။ ဆိုင်၏မဆိုင်၏ မသိဘဲ ကမ္ဘာမှာ တိုက်ကြီးငါးတိုက်ဆိုလား ခုနစ်တိုက်ဆိုလား ရှိတဲ့အထဲက ငါတို့များ ပဒေသရာဇ်ကို တိုက်လာတာ၊ ဖက်ဆစ်ကိုတိုက်လာတာ၊ ကိုလိုနီကို တိုက်လာတာဆိုတော့ တိုက်ကြီးသုံးတိုက်ကို တိုက်လာတာ။ လွတ်လပ်ရေးကြီးရပြီးလို့ ဘာကြာသေးသလဲ၊ မင်းတို့က ဖက်ဆစ်အာဏာရှင် ပြန်ဖြစ်ချင်ကြတာကိုးကွဆိုပြီး ပြောတော့တာပဲ။ ဘယ်လိုမျှ ပြန်ရှင်းပြလို့ မရဘူး။ ခက်နေတာတစ်ခုက ဒီလိုယောက္ခမမျိုးကလည်း တည့်အောင်ပေါင်း၊ ကျောင်းကိုထုတ်၊ ဥပုသ်ရက်ရှည်စောင့်ခိုင်းမှလို့ လုပ်ပစ်လို့မရဘူး။ လုပ်လိုက်မိရင် ကိုယ်ပဲ နေ့စဉ်ထမင်းချိုင့်သွားပို့နေရမှာ။ ယောက္ခမနဲ့ သိပ်မျက်နှာကြောမတည့်ပေတဲ့ သူ့သမီးမျက်နှာက ရှိသေးတာ။ ရှင့်မှာက ခက်ပါတယ်။ အဖေက ရှင့်ကို စေတနာနဲ့ အကောင်းပြောတာကို ရှင်က အကောင်းလို့ကိုမထင်ဘူးလို့ အိပ်ယာဝင်ခါနီးတိုင်း မိန်းမက ပြောပြနေသေးတာ။ ပြဿနာက အိပ်ယာဝင်တယ်ဆိုတာ ဟိုတုန်းက ဘုရင်ခံဒါဘာပွဲလို ပြောချင်ရာလျှောက်ပြောရတဲ့နေရာမဟုတ်ဘူး။ အချိန်မဟုတ်ဘူး။ အိပ်မလို့လုပ်တုန်းဆိုတဲ့ အချိန်မျိုးမှာက အာရုံထွေပြားစရာ စကားပြောအပ်တဲ့ အချိန်မျိုးမှ မဟုတ်ဘဲ။ ပြောမယ်ဆိုရင်တော့ တစ်သီကြီးပဲ။ မောင်တာကြီးရဲ့ တစ်သွေးတစ်သံတစ်မိန့်ကိစ္စက မောင်မူမှာ ပြောစရာ အပုံကြီး။ စဉ်းစားစရာတွေ အပုံကြီး။ သူငယ်ချင်းချင်း ထောက်ခံအားပေးချင်ပေတဲ့ ယောက္ခမမျက်နှာက မြင်နေတယ်။ အချိန်မတော် သူ့မိန်းမပြောတဲ့ သူ့ယောက္ခမ စေတနာတရားက နားထဲကြားနေတယ်။ ဒီတော့ မောင်မူက ချောင်းသံပြင်းပြင်းတစ်ချက်ဟန့်လိုက်တယ်။ အားလုံးငြိမ်သွားကြတယ်။

ဒီလိုလုပ်ကြဗျာလို့အစချီရင်း ဘယ်သူ့ကိုမျှမကြည့်ဘဲ ခပ်လှမ်းလှမ်းဆီက နံရံမှာ လွှားပြီးအခြောက်ခံထားတဲ့ လက်သုတ်ဝတ်တွေကို ကြည့်လိုက်တယ်။ အားလုံးမျှမျှတတကလေးဖြစ်သွားအောင် မဲခွဲကြတာပေါ့ဗျာ။ ကျုပ်တို့ကိုယ်တော်နဲ့ကျုပ်က ဒိုင်ပေါ့ဗျာ။ မဲရေမယ်။ ဦးကံရတို့လူသိုက် သဘောကျတဲ့နေရာ၊ မောင်တာကြီးပြောတာ သဘောကျတဲ့နေရာ နှစ်နေရာရှိတဲ့အနက် သဘောကျရာကို မဲပေးပေါ့ဗျာလို့ပြောပြီး အကြမ်းခွက်ထဲက အကြမ်းလက်ကျန်ကိုမော့လိုက်ရင်း ပါးစောင်ကို ကျင်းလိုက်တယ်။ မောင်တာကြီးကတော့ အတော့်ကို အူကြောင်ကြောင် ဖြစ်သွားပုံရတယ်။ စိတ်ထဲမှာ ကြိတ်ပြီး ဘုရားတလိုက်ပုံရတယ်။ ဒီကောင်ကများ အများသဘောကျ အဟောဝတဆိုတာကို ရှေ့နေလိုက်သတဲ့လားလို့လည်း တွေးကြည့်နေပုံရတယ်။ မောင်မူကတော့ ဘယ်သူ့ကိုမျှမကြည့်ဘဲ ဦးကံရတို့လူသိုက်ပြောတာ သဘောတူတဲ့လူတွေ လက်ထောင်လို့ ပြောလိုက်တယ်။ မောင်တာကြီးနဲ့ ချမ်းသာအိုးတို့နှစ်ယောက်သားပဲ လက်မထောင်ကြတာ။ ချမ်းသာအိုးကတော့ ကျောက်တိုင်ကိုမှီပြီးထိုင်နေတာ လှုပ်တောင်မလှုပ်ဘူး။ တိုက်အုပ်က ထောင်ထားတဲ့လက်တွေကို ရေတယ်။ ဟုတ်ပြီ၊ မောင်တာကြီးပြောတာ သဘောတူတဲ့လူတွေ လက်ထောင်လို့ပြောတော့၊ မောင်တာတစ်ယောက်ပဲ လက်ထောင်တယ်။ ဒီတော့မောင်မူက သူ့အနားဆီက တိုင်ကိုမှီရင်းထိုင်နေတဲ့ ချမ်းသာအိုးကို ဟကောင် မင်းကဘာတုန်း၊ ခုနလည်း လက်မထောင်ဘူး၊ ခုလည်း လက်မထောင်ဘူး။ ဘာဖြစ်နေတာတုန်းလို့ ခပ်ကျယ်ကျယ် လှမ်းငေါက်တော့မှ ချမ်းသာအိုးက လက်ထောင်လိုက်တယ်။ ဒီလိုနဲ့ပဲ ဦးကံရတို့လူသိုက်ဖက်က အနိုင်ရလို့ အတည်ဖြစ်သွားတယ်ဆိုပါတော့။ နောက်ဆုံး ဘုန်းကြီးလေးကပဲ အားလုံးကို သင့်သင့်မြတ်မြတ်နဲ့ဝိုင်းလုပ်ဖို့၊ သူပြောနေကျအတိုင်း ရွှေပြည်အေးတရားကလေး မြွက်တယ်။ ပြောဆိုပြီးတော့ မောင်မူနဲ့မောင်တာလည်း သောင်းရင်တို့တဲဘက်ဆီ ထွက်လာခဲ့ကြတယ်။ ဟကောင်၊ ချမ်းသာအိုး လာလေကွာလို့ မောင်တာကြီးက လှမ်းခေါ်တော့ ချမ်းသာအိုးက နှစ်ခါမခေါ်ရဘူး။ တကယ်တော့ ချမ်းသာအိုးက မောင်တာကြီးဖက်က ရပ်တဲ့လူ မဟုတ်ပေဘူးလား။

မောင်တာနဲ့မောင်မူက ယှဉ်ပြီးလျှောက်လာကြပေတဲ့ စကားမပြောဘူး။ မကျေနပ်တော့ ဖြစ်စရာပေတဲ့ သူတို့နှစ်ယောက်က သူတို့ချင်း နားလည်မှုရှိတယ်လို့ ပြောရလိမ့်မယ်။ မကျေနပ်တာရှိလည်း အချင်းချင်း ဖွင့်ပြောတတ်ကြတော့၊ သူတို့ကြားထဲမှာ အတွင်းကြိတ်နဲ့ ကောက်တာမျိုး၊ တေးထားတာမျိုး မရှိဘူး။ အတော်ကလေးကြာကာမှ မောင်တာက မောင်မူရာ၊ မင်းကကွာ ချီးယိုအိမ်သာဆောက်တဲ့ကိစ္စကို ဘာလို့ သဘောတူ၊ မတူ လုပ်နေတာတုန်း။ ဘာစိတ်ကူးပေါက်လို့ အဲဒီလို လုပ်တာတုန်း။ သိကြားသာသနာနဲ့ နီးပြီထင်လို့လားလို့မေးပြီး ခွီးတဲ့မှပဲလို့ ပြောတယ်။ မောင်မူက ဘာမျှပြန်မပြောရသေးခင် သူ့ဘာသာ ခေါင်းခါရင်း ရယ်နေတယ်။ ငါရှင်းပြပါ့မကွာလို့ အစချီပြီး ဖြစ်ကြောင်းကုန်စင် ရှင်းပြတယ်။ မောင်မူပြောတာနားထောင်နေရင်း မောင်တာကြီးနဲ့ ချမ်းသာအိုးတို့ကတော့ ပြုံးရင်း၊ တစ်ချီတစ်ချီ အသံထွက်အောင်တောင် ရယ်မိကြတယ်။ မောင်မူပြောတာ ပြီးသလောက်ရှိသွားတော့ သူတို့နှစ်ယောက်သားနောက်ကလျှောက်လာတဲ့ ချမ်းသာအိုး အားရပါးရ ရယ်လိုက်တယ်။ မင်းဆရာနှောင်းကြီးပြောတာ မကြားဖူးဘူးလား၊ မြောက်ဘက် စိနတိုင်းဆီက ဒေသတစ်ခုမှာ ဆိုရိုးစကားရှိတယ်တဲ့။ ယောက္ခမဆိုတာ နောက်ချေးနဲ့တူတယ်တဲ့။ နောက်ချေးဟာ နံတော့နံမှာပဲ။ ပန်းကလေးတွေကို ပွင့်စေသတဲ့။ သစ်ပင်ဝါးပင်တွေကို စိုပြေစေသတဲ့လို့ မောင်တာကြီးက ပြောတယ်။ ပန်းပွင့်၊ မပွင့်တော့ မသိဘူးငါ့လူ၊ ငါတော့ နောက်ချေးနံ့လောက်နဲ့တင် နှာနုထဲစွဲနေတာ ခုဆို ခဲတောင်နေပြီလို့ပြောရင်း မောင်မူက ရယ်တယ်။ အဲဒီတော့မှ မောင်မူက နောက်ဖက်ကိုလှည့်ကြည့်လိုက်ရင်း ချမ်းသာအိုး မင်းက ဘာစိတ်ကူးနဲ့ ငါပြောတာကိုသဘောတူရတာတုန်းလို့ လှမ်းမေးလိုက်တယ်။ ကျုပ်က ကျောင်းတိုင်ကိုမှီပြီး ငိုက်နေတာလို့အစချီပြီး ချမ်းသာအိုးက ပြန်ပြောတယ်။ ဦးကြွိလက်ရာက ကောင်းကောင်းဆိုတော့ စားသောက်ပြီး ကိုရင်သောင်းစိန်ပြောသလို ထမင်းလုံးစီနေတာ။ ဘယ်အချိန်အိပ်ပျော်သွားလိုက်မှန်း မသိဘူး။ နောင်ကြီးမူက ဟကောင်လို့ ပြောလိုက်ကာမှ လန့်နိုးသွားတာ။ လန့်နိုးလို့ ကြည့်လိုက်တော့ နောင်ကြီးတာက လက်မြှောက်ထားတာတွေ့လို့ ကျုပ်လည်း လက်မြှောက်လိုက်တာပဲလို့ ချမ်းသာအိုးက ဆက်ပြီးရှင်းပြတယ်။ ဒီတော့မှ မောင်တာကြီးက ကောင်းကွာလို့ ပြောတယ်။ မောင်မူကတော့ မောင်တာ့ကိုတစ်လှည့် ချမ်းသာအိုးကိုတစ်လှည့် ကြည့်နေတယ်။ ချမ်းသာအိုးက ဆက်ပြောနေသေးတာ၊ ကျုပ်အတွက်ကတော့ဗျာ၊ ဘယ်နားဆီဆောက်ဆောက် တူးတာကတော့ တူးရမှာပဲ မထူးပါဘူးတဲ့။ မောင်မူကတော့ ပြုံးနေတယ်။ မောင်တာကတော့ ဘာမျှမပြောတော့ဘဲ ခေါင်းခါလိုက်တယ်။ ပြီးတော့မှ မောင်တာကြီးဆီက တောက်ခေါက်သံတစ်ချက် ခပ်ကျယ်ကျယ် ထွက်လာတယ်။ ဒီတောက်ခေါက်သံက အတော်ကလေးပြင်းတယ်လို့ ပြောရပေမယ့်လည်း အရင့်အရင်က တောက်ခေါက်သံတွေလိုပဲ ကမ္ဘာ့လေထုကြီးဝင်ပြီး ပျောက်ကွယ်သွားတာမို့ ဘယ်သူကမျှ စနစ်တကျ မှတ်တမ်းမှတ်ရာ လုပ်မထားလိုက်မိဘူးလို့ ထင်ရတာပဲ။

-မြင့်သန်း
ချင်းတွင်း၊ မေလ၊ ၂၀၀၉

Read More...

* ထိုနေ့က ဆိုင်ကယ်လ်ဘီးပေါက် ၍ တွန်းရပါသည်၊ အသိအိမ်ကျမှ ပိုက်ဆံခဏချေးရပါသည်*


* *(အများအကျိုးဆောင်-ကိုယ့်ပုဆိုးပေါင်နှင့် အခြားဆောင်းပါးများ)**

ဂုရုဆန်(ခေါ်) ဆရာမိုးသည် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကို ဗဟိုပြု၍ုဖုတ်ဖရ၊ မယ်ရမတ်၊ တာ့(ခ်) စသည့် ဧရိယာများကို အဓိကထား၍ လှုပ်ရှားပုံဖော်တည်ဆောက်နေသူဖြစ်သည်။ “ထိုးဖောက်-ထပ်မံထိုးဖောက်၊ ဆက်စပ်-ထပ်မံဆက်စပ်၊ တည်ဆောက်-ထပ်မံတည်ဆောက်” ဟူ၍လည်း ပေါ်လစီချမှတ်ရေးဆွဲထားသူဖြစ်သည်။ သို့ရာတွင် မည်မျှပင် အလုပ်ကြီး၊ အကိုင်ကြီးသမား ဖြစ်နေသော်လည်း နေ့စဉ်ဆိုင်ကယ်လ်ဆီဖိုးကိုပင် အနိုင်နိုင်နှင့် ချိန်ဆကာ သွားလာလှုပ်ရှားနေရသူ တစ်ယောက်ဖြစ်မှန်း မည်သူမျှယုံနိုင်ကြအံ့မထင်။ အကြောင်းမှာ ဂုရုဆန်သည် နေ့စဉ်မဆိုထားနှင့်။ လစဉ်ပုံမှန်ဝင်ငွေပင်လျှင် (၁၀၀၀) ဘတ် ပြည့်အောင်ရရှိသူ မဟုတ်သောကြောင့်ပင် ။ အချို့က မဲဆောက်မြို့၍ ကလေး ၅၀၀ ကျော်တက်ရောက်နေသော အလကကျောင်းတစ်ကျောင်းမှလည်းကောင်း၊ မယ်ရမတ်မြို့ဧရိယာ၊ မယ့်ချရောင်း တိုက်နယ်မှ ကလေး ၆၀ ကျော်တက်ရောက်နေသော အမကကျောင်းတစ်ကျောင်းမှလည်းကောင်၊ မဲဆောက်သောင်ရင်းမြစ်ကမ်းနဖူးဒေသ၊ အမှတ် (၁၇) ကုတို့ဆိပ်အနီးရှိ စာကြည့်တိုက်တစ်ခုမှလည်းကောင်း၊ ဖုတ်ဖရမြို့နယ် မြို့ထဲပိုင်းမှ ကျောင်းသား ၃၀ ကျော်တက်ရောက်နေသော စာသင်ဝိုင်းမှလည်းကောင်း၊ တစ်နည်းနည်းတဖုံဖုံဖြင့် ၀င်ငွေတော့ရကောင်းရနေသူတစ်ယောက်ဟု ထင်မှတ်မှားတာရှိပါသည်။ အမှန်စင်စစ်၌မူ နိုက်တင်ဂေးလ်ဂျာနယ်မှ ၅၀၀ ဘတ်နှင့် မက်(ပ်) ရေဒီယိုမှ လမ်းစရိတ် ၃၀၀ ဘတ်၊ နှစ်မျိုးပေါင်း (၈၀၀) ဘတ်သည်ပင် ဂုရုဆန်၏ ၀င်ငွေအစစ်ဖြစ်ပါသည်။ ဤဘတ် ၈၀၀ မျှဖြင့် ရက် ၃၀ လုံးလုံးအလုပ်သမားပြဿနာအမှုသည်များအား ကြိုပို့အပါအ၀င်အကျိုးဆောင်ရေးကိစ္စ၊ ထိုင်းရှေ့နေရုံး၊ ထိုင်းအလုပ်သမားရုံး၊ ဒေသဆိုင်ရာရဲစခန်း စသည်တို့နှင့် ဆက်စပ်ဆောင်ရွက်ရေးကိစ္စတို့တွင် အနှီးဘတ် ၈၀၀ မျှဖြင့် မည်သို့လုံလောက်ပါမည်နည်း။ ဟော…မနေ့တစ်နေ့ကပဲ (၁၅ ရက်လောက်ကပဲ) မဲဆောက်မြို့ ထဆိုင်လွတ်ရပ်ကွက်ကြီး၊ ရပ်ကွက်(၁)ဘတ်မှ ပရိဘောဂ စက်ရုံက လုပ်အားခမရပဲ မောင်းထုတ်ခံရသော လုပ်ငယ်အလုပ်သမား ၂ ဦးကို မဲဆောက်ရှိ ထိုင်းအလုပ်သမားရုံး၊ ထိုင်းရှေ့နေရုံးတို့ကို လွန်း ပျံပို့ဆောင် ကူညီရင်း ထိုင်းအလုပ်သမားရုံးက ရသင့်ရထိုက်သောလုပ်အားခများ (၂ဦးပေါင်း ဘတ် - ၁၄၀၀၀ခန့်) ပေးစေဟု အလုပ်ရှင်အား ညွှန်ကြားချက်ပေးသောနေ့တွင်မူ အဆိုပါလူငယ် ၂ ဦင်္းသည် ဂုရုဆန်ကို အကြောင်းမကြားပါတော့ချေ။ ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) မှ စကားပြန်မက ဂုရုဆန်ထံဖုန်းဆက်ပြီး ဒီလို၊ ဒီအကြောင်းရှိကြောင်းသတင်းပို့ရာ ခါတိုင်းဤသူငယ် ၂ ဦးကို ဆိုင်ကယ်လ်ဖြင့် လွန်းပျံပို့ဆောင် ကူညီရင်း “မင်းတို့ဆီက ငါတို့ဘာမှ မလိုချင်ဘူး၊ ငါတို့လိုချင်တာ အောင်မြင်မှုရရှိတဲ့ အတွက် မှတ်တမ်းအတိအကျတော့ ပြန်လိုချင်တယ်။ ဥပမာ-ငွေပမာဏဘယ်လောက်ကို ဘယ်နေ့မှာ ဘယ်လိုရရှိတယ်ပေါ့ကွာ၊ ဒါကိုတော့ မမေ့ ကြပါနဲ့” ဟူ၍ အတန်တန်မှာကြားထားပြီးဖြစ်ပါသည်။ သို့ရာတွင် မည်မျှပင်အတန်တန်မှာကြားထားသော်လည်း ဂုရုဆန်ကို လုံးဝညဉ်ရခါနီးတွင် လုံးဝအကြောင်းမကြားပဲ ၄င်းတို့ဖာသာရယူပြီး ပြန်လစ်မည့်အကြံရှိသည်ကို ရိပ်မိသည်တွင် ဂုရုဆန်သည် ဆိုင်ကယ်လ်ကို မဲဆောက်မြို့အလုပ်သမားကာကွယ်ရေးထံ ဦးတည်ရပါတော့သည်။ ဤတွင်ပင် ကံဆိုးမိုးမှောင်ကျကာ ဘီးပေါက်ပါသည်။ ပေါက်သည်မှ ကျွတ်ပင်မကောင်းတော့လောက်အောင် ၂ ပေါက် ၃ ပေါက် ပေါက်လျက်၊ (ခဲစူးတစ်စူးက စိမ့်ဝင်ထိုးဖောက်) ကျွတ်အသစ်ဝယ်ရန် ပိုက်ဆံကမရှိ၊ ဘီးဖာဖို့ပင် ၃ ပေါက်စာ မရှိ။ တစ်ပေါက် ၂၀ ဘတ်ဆိုတော့ကာ ၆၀ ဘတ်ကျသင့်ပါသည်။ ယခင်နေ့များတွင် ဤသူငယ် ၂ ဦးကို ကြိုလိုက်၊ ပို့လိုက်နှင့် ၃ ရက်ခန့် ဂုရုဆန်အလုပ်ရှုပ်ခဲ့ရပါသည်။ ဟော…ယခု မှတ်တမ်းကလွဲလို့ ဘာမှမယူပါဆိုသူကို ၄င်းတို့က အကြံအဖန်ကောင်၊ အတုအယူကောင်၊ စေတနာ့ဝန်ထမ်းအယောင်ဆောင်ကောင်တွေနှင့် ရောယောင်ကာ မိမိတို့ရလာသည့်ပိုက်ဆံကို ကျစ်ထားလျက် အကျိုးဆောင်သူက ရယူလိုသည့် မှတ်တမ်းကိုပင် ၄င်းတို့မပေးလိုတော့ပြီ။ ဂုရုဆန်မှ နေပူပူတွင် ချေးတစ်လုံးလုံးနှင့် ဆိုင်ကယ်လ်တွန်းကာ ယခင်မြို့လယ်အိမ်ဟောင်းအနီးရှိ အသိအိမ်မှ ပိုက်ဆံချေးလျက်ဆိုက်ကယ်လ်ပြုပြင်ရပါသည်။ သြော့်…သြော်၊ ထိုနေ့က ဆိုက်ကယ်လ်ဘီးပေါက်၍ အဝေးကြီးတွန်းရပါသည်။ တလက်စထဲ အသိအိမ်ကျမှ ပိုက်ဆံခဏချေးရပါသည်။
ဒါ့ကြောင့်…ပြောတာပေါ့။ အများအကျိုးဆောင် ကိုယ့်ပုဆိုးပေါင်တဲ့လေ။


စုစည်းတင်ပြသူ-ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)

Read More...

Sunday, April 15, 2012

ကျနော့် မိန်းမကိုယ်ဝန်ပျက်ကျလို့ အမြန်လာခဲ့ပါ ဆရာ…တဲ့....


**(အများအကျိုးဆောင်-ကိုယ့်ပုဆိုးပေါင် နှင့် အခြားဆောင်းပါးများ)**

ဂုရုဆန် (ခ) ဆရာမိုးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းဥပဒေမျိုးစုံတို့ဖြင့် ဥပဒေ လမ်း ကြောင်းအရ ရသင့်ရထိုက်တာတွေကို ဥပဒေထောက်ကူနေသူတစ်ဦး ဖြစ်မှန်း၊ ရွှေ့ပြောင်း အလုပ်သမား အကျိုးဆောင်၊ မဲဆောက်နှင့်မယ်ရမတ်မြို့နယ် ၂ တစ်ခုတွင် ရွှေ့ပြောင်းအလုပ်သမားမိသားစုဝင်ကလေးများ ပညာသင်ကြားရေးဌာနကို ဦးစီးအုပ်ချုပ်နေသူတစ်ဦးမှန်းသိကြသူတွေလည်း ရှိ၏။ တချို့ဝေေ၀၀ါးဝါးနှင့် “မယ်တော်ဆေးခန်း (၀ါ) ကျောင်းသားဆေးခန်း” ကနေပြီးတော့ ငါတို့ဒေသထဲမှာ တစ်လ ၂ ခေါက်၊ ၃ ခေါက်၊ ၄ ခေါက် လာလာပြီးတော့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ သတင်းအချက်အလက်၊ ပြဿနာနှင့် ကိုင်တွယ် ဖြေရှင်းရမည့် လုပ်ထုံးလုပ်နည်းစတာတွေကို ဟောပြောနေသူဟူ၍ ထင်သူကထင်ကြသေးသည်။ သြ…ထိုင်း-မြန်မာနယ်စပ်တလွှား တာ့(ခ်)ခရိုင်တလွှာမှာတော့ ဗျောက်ကိုင်ထား (အဲလေ) ဒေါက်တိုင်အလားခွန်အား တွေ ဖြန့်ဝေပေးနေတဲ့ မယ်တော်ဆေးခန်း ကျောင်းသားဆေးခန်းကိုတော့ဖြင့် ဘယ်သူက ကျော်နိုင်မှာတုန်း။ ဒီတော့ကာဘယ် စီဘီအို၊ စီအက်စ်အိုပဲ ဖြစ်ဖြစ် မယ်တော်ဆေးခန်းက ကျောင်းသားဆေးခန်းကလို အရင်ဆုံး ပဲ ဖြစ်ဖြစ်၊ သူတို့ပြောဆိုလှုပ်ရှားပြီးတော့ ပြန်သွားရင်ပဲဖြစ်ဖြစ် ထင်ပစ်လိုက်ကြ မြင်ပစ်လိုက်ကြတာဟာ ဘာ ဆန်း လို့တုန်း။ ဒါက မယ်တော်ဆေးခန်းသြဇာလေးဗျာ။ ပြည်သြဇာကြို့ပင်ကောက်-ခုနှစ်ရွာ သြဇာတို့လို သိပ်ကိုအရသာရှိတဲ့ ချိုမြိန်လွန်းလှတဲ့ သြဇာရှိနေတာကိုးဗျ။
အဲသလိုနဲ့ ဂုရုဆန် (ခေါ်) ဆရာမိုးဟာလည်း ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘက်ပေါင်းစုံကနေ တက်အစုံနဲ့ လက်ကုန်ဖွင့်ပြီးတော့ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ၉ မြို့နယ်ရှိတဲ့ အထဲက (မဲဆောက်- တာ့(ခ်)-ဖုတ်ဖရ-မယ်ရမတ်) အဓိက ၄ မြို့နယ်နဲ့ ၅လ၊ ၆လာကြာ တစ်ခါ ကွင်းဆင်းဖြစ်တဲ့ အခြား ၅ မြို့နယ် မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရယ်၊ သူတို့ရဲ့ မိသားစုဝင်ကလေးတွေရယ် အကြောင်း မီးမောင်းရော၊ ဆလိုက်ရှိုးရော ထိုးပြ ချင်လို့ ဖောက်သည်ချရတာပါဗျို့။
ဤသို့၊ ဤပုံ၊ ဤနည်း ရင်ထဲကစကားသံများကို စုစည်းနေသည့်အခိုက် မဲဆောက်မြို့၏ တောင် ဘက်ရှိဖုတ်ဖရမြို့နယ်၊ မြို့ထဲပိုင်းလမ်းကြောင်း၊ မြို့နယ်ခွင်နှင့် နီးကပ်စွာတည်ရှိနေသော မော်ကဲရွာဘက်မှ ဟမ်းဖုန်းဆက်သွယ်သံမြည်ဟီးလာတာတွေ့ရပါ၏။ “ဗျို့…ဂုရုဆန်(ဆရာမိုး)…အခုဘယ်မှာလဲ၊ ဒီကိုလာလို့ ရမလား။ ကျနော့်မိန်းမအခုပဲ ကိုယ်ဝန်ပျက်ကြလို့၊ လာလို့ရရင်အမြန်လာခဲ့ပါဆရာ၊…” တဲ့။

ဟမ်းဖုန်းသံ၏အဆုံး နိဂုံးမှာ ဂုရုဆန်တစ်ယောက်မှာ မယ်တော်ဆေးခန်း၊ သားဖွားဆောင်ရှိအသိ ကျန်းမာ ရေးမှူးတစ်ဦးဦးထံမှ ဆေးအိတ်ပဲ ပြေးဆွဲရနိုးနိုး၊ အသိမိတ်ဆွေဒေါက်တာရေမီးရှား (နိုက်တင်ဂေးလ်ကျန်းမာ ရေးဂျာနယ်ပင်တိုင် ဆောင်းပါးရှင်) အိမ်ခန်းကိုပဲ ပြေးခေါ်ရနိုးနိုးနှင့် “သြော်…ငါဟာ၊ ငါဟာ၊ ငါဟာ ဘာကောင်ကြီးပါလိမ့်၊ ငါဟာငါဘာကောင်၊ ညာကောင်၊ ဘာညာကောင် ထင်နေပေမယ့် လူထဲကတချို့ သိပုံသိနည်းက ဂလို၊ဂလိုကိုး…။ ဟူ၍…။


စုစည်းတင်ပြသူ-ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)

Read More...

Thursday, April 12, 2012

**နတ်ကတော်များကို မစေလွှတ်ကြပါနှင့်**


“Right man and Right place” ဆိုတာ အလကားထားသော ဆိုရိုးမဟုတ်ချေ။ နတ်ဒေ၀တာနေရာကို နတ်ဒေ၀တာနေ၍ မနုဿ (လူသား) နေရာ ကိုမနုဿနေရန် ညွှန်းဆိုဖော်ပြနေရုံမက မတန်တရာ အလုပ်တွေလုပ်ပြီး ၀င်မရှုပ်ရန်ကိုလည်း သတိပေးထားခြင်း ဖြစ်တန်ရာ၏။ ဆိုရလျှင် ထိုင်းနိုင်ငံတွင် မီဒီယာများက ဖော်ပြနေလျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်သည် “၂သန်းခန့်” ဟူ၍ပင် ဖြစ်မြဲဖြစ်နေလျက်ရှိသည်။ မိမိ (ကိုမိုးကြိုး) နှင့် တခင်တမင်ရှိပြီး အမှန်တကယ်လည်း အလွန်အလုပ်လုပ်သော ကိုထူးချစ် (GHRE/ FED)၊ ကိုမိုးဆွေ (ရောင်ခြည်ဦး)၊ ကိုကျော်သောင်းး (BAT) စသူတို့နှင့် “ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် မည်မျှရှိမည်ထင်သနည်း”ဟု စကားစပ်မိလေတိုင်း ကျနော်တို့အားလုံး တသဘောထဲရှိသော အရေအတွက်မှာ “၃ သန်းထက်မနည်းနိုင်” ဟူ၍ ဖြစ်သည်။ ဤနေရာတွင် ဤလိုလူစားမျိုးများကပင် လျှင်ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်နှင့် ယင်းတို့အလွှာတစ်ခုချင်းစီ၏ သဘောသဘာဝကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိမည်ဟု ဆိုလိုရင်းဖြစ်သည်။
ဤဆောင်းပါးကို ရေးဖြစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အခြေခံလူထုလူတန်းစား (၀ါ) ရွှေ့ပြောင်းအလုပ်သမားများ အပေါ်အမှန်တကယ်လည်း အကျိုးဆောင်နေကြပြီး အာဆီယံကဲ့သို့သော ဒေသဆိုင်ရာအစည်းအဝေး၊ အလုပ်ရုံဆွေးနွေးပွဲ စသည်တို့တွင် “ဦးမိုးဆွေ၊ ဦးထူးချစ်၊ ဦးမြင့်ဝေ၊ ဦးကျော်သောင်း၊ ဦးသံဒုတ်၊ ဦးမင်းလွင်” စသည်ဖြင့် ရွှေ့ပြောင်းလုပ်သားထုအပေါ် အမှန်တကယ်ကိုယ်စားပြုနိုင်သူများ (၀ါ) ရွှေ့ပြောင်းအလုပ်သမားရေးရာအခင်းအကျင်းများကို ရှင်းလင်းထင်ရှားစွာ (၀ါ) ထဲထဲဝင်ဝင် သိမြင်ကာ ပြောဆိုတင်ပြနိုင်သူများ၊ ဖိတ်ကြားသော အဖွဲ့အစည်းများကလည်း “ဒီလူကဖြင့် အမှန်စင်စစ်၊ အကျိုးဆောင်ဖြစ်နေသူပါလား.. “ဟု အချက်အလက်ပိုင်နိုင်သဖြင့် ချီးကျူးရသည့်လူမျိုးသာ (၀ါ) ကိုယ်စားလှယ်မျိုးသာ ဖြစ်စေလိုပါသည်။
ယခုနောက်ပိုင်း ADRA – Thailand၏ ထောက်ပံ့ကူညီမှုဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဆွေးနွေးပွဲများကို မိမိတို့တက်ရောက်ခွင့်ရရှိခဲ့ရာ မိမိတို့မဲဆောက်ဒေသမှ “တကယ့် စီဘီအို၊ စီအက်စ်အိုစစ်စစ်များ” နှင့် အတူတကွခရီးသွားရကာ ဆွေးနွေးပွဲတွင်လည်း ရှင်းလင်းတင်ပြခွင့် ရရှိသဖြင့် များစွာစိတ်သက်သာရာ ရမိပါသည်။ (မိမိဆိုလိုချင်သည်မှာ “ယုန်နှင့်သာအတူပြေးလိုပါသည်။ ခွေးနှင့်အတူမလိုက်လိုပါ”ဟူသည့် ယုန်နှင့်အတူပြေး၊ ခွေးနှင့်အတူလိုက် ခေါင်းစဉ်တပ်ထားသော ဆရာမောင်သာရ၏နာမည်ကျော် ၀တ္ထုစာအုပ်ခါင်းစဉ်ကို ဤနေရာတွင် အတိအကျယူသုံးလိုက်ပါသည်)။


ဆိုရရင် မြန်မာမှုမြန်မာ့နယ်သဘင်အခင်းအကျင်းများတွင် နောက်ပိုင်းဇာတ်တော်ကြီးနှင့် ရှေ့ပိုင်းအော်ပရာ
ဇာတ်တော်ကြီးများ ပီပီပြင်ပြင်တင်ဆက်ရမည့်နေရာတွင် “နတ်ကတော်များက တောင်ပြုံးပွဲ၊ ရတနာ့ဂူအမှတ်ဖြင့်
မတ်တပ်ရပ်ကာ သူတို့လည်းပါဝင်ပါရစေ”ဟု စီဘီအို၊ စီအက်စ်အို၊ ယောင်ဆောင်လျက် ကိုယ်စားပြုချင်နေကြ
တာတွေ့ရပါသည်။
ဘန်ကောက်မြို့တော်အစည်းဝေးအပါအ၀င် အခြားဆက်စပ်ဆွေးနွေးပွဲများကို တက်ရောက်ရသည့်အခါ တနေ့တခြားကြီးထွားလာနေသော ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အာဆီယံဒေသ
(အာဆီယံ ၁၀ နိုင်ငံ) အတွင်းတွင် အထူးတလည် အလေးထားကာ သဘောတူညီချက်များတစ်ခုပြီး တစ်ခု
ရယူကြရုံမက လာမည့် (၂၀၁၅) နှစ်တွင်လည်း တစတစပွင့်လင်းလာသော မြန်မာပြည်မှ အာဆီယံ အသိုင်း
အ၀ိုင်းတွင် အလှည့်ကျခေါင်းဆောင်နေရာကိုလည်း ရယူရန်အဆင်သင့်ပြင်လျက်ရှိပေသည်။
အဆိုပါ အာဆီယံဒေသ၊ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အလုပ်ရုံဆွေးနွေပွဲတွင်ဖြစ်စေ၊ အာဆီယံဒေသဆိုင်ရာ လူထုအခြေပြုအဖွဲ့အစည်းများ၏ အလုပ်ရုံဆွေးနွေးပွဲတင်ဖြစ်စေ မိမိတို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ (၀ါ) မနုဿလူသားစင်စစ် ဧကန်ဖြစ်ကြသူများကို မနုဿလူသားပီပီသစ္စာကိုယ်စားပြု ပြောဆိုနိုင်မည့် “ဒေါက်တာစင်သီယာမောင်၊ ဒေါ်အေးအေးမာ(SAW)၊ နော်လေးဒီ(BWU)၊ ဦးထူးချစ်၊ ဦးမိုးဆွေ၊ ဦးသံဒုတ်၊
ဦးမြင့်ဝေ(TACDB)၊ ဦးကျော်သောင်း (BAT)၊ ဦးမင်းလွင်(FTUB-မဲဆောက်) စသူတို့သည်သာ အထူးသင့်တော်ပါကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားတည်းဟူသော လူထုလူတန်းစားရေးရာကို ဆွေးနွေးကြမည့်နေရာတွင် အောက်ခြေလွတ်လျက်ရှိသော လူမမည်၊ နတ်မပီနှင့်
စကောစက နတ်ကတော်များကို ကိုယ်စားပြုမလွှတ်မိစေရန် (ရွေးချယ်မှုမမှားကြစေရန်) အထူးတလည်သတိပေး လိုက်ရပေသည်။ ဖိတ်ကြားသူများဘက်ကရော၊ ဖိတ်ကြားခံများဘက်ကပါ အပြန်အလှန်လေးစားမှုထားကြသောအားဖြင့် လူသားဆိုင်ရာ ဆွေးနွေးပွဲများတွင် လူလိုသူလိုနားလည်သော လူပုဂ္ဂိုလ်များကိုသာ တက်ရောက်ဆွေးနွေးစေရန် အထူးတလည်လိုအပ်နေသည်မဟုတ်ပါလား။ လူဆိုတာ ကိုယ့်နေရာကိုယ်သိဖို့လိုသည်။ ကိုယ့်နေရာမဟုတ်လျှင်
ဝင်မရှုပ်ချင်ပါနှင့်။


မှတ်ချက်။ ။ နတ်ကတော်များကို အထူးသတင်းပေးလိုသည်မှာ ယခုအခါမြန်မာပြည်တွင် တောင်ပြုံးပွဲ၊ ရတနာ့ဂူပွဲ
များသာမက အနယ်နယ်အရပ်ရပ်တွင် သွပ်ပြားများ၊ သွပ်မပြားတပြားများ ပေါများလာပြီဖြစ်ပါသဖြင့် (သင်တို့၏ ဆွဲဆောင်စည်းရုံး၊ ထိုးဖောက်၊ လှုပ်ရှား၊ စိမ့်ဝင်၊ ကောက်ကြောင်းဆွဲ၊ ပူးသတ်…….စသည်ဖြင့်) နည်းဗျူဟာများအောင်မြင်လာပြီဖြစ်ပါသဖြင့် ရာသီမရွေးကပြအသုံးတော်ခံနိုင်သော နတ်ကတော်ပွဲများ ခြိမ့်ခြိမ့်သဲသဲကျင်းပနိုင်ကြပါကြောင်း………….။



**ရဲဘော်မိုးကြိုး(JACBA)**
ရွှေ့ပြောင်းအလုပ်သမားအကျိုးဆောင်
ထိုင်း-မြန်မာနယ်စပ်

Read More...

Saturday, April 7, 2012

ကျားဆိုး



(နိဒါန်း)
ကျားဆိုတာ မိန်းခလေးတွေထံ နည်းအမျိုးမျိုးနဲ. ချဉ်းကပ်ကြမှာပဲလေ။ပထမ.....ခင်မင်ခွင်ရအောင် ကြိုးစားမယ်...ကိုယ်ချဉ်းကပ်မယ်. မိန်ခလေးရဲ.အားနည်းချက်ကို ရှာဖွေပြီး အားသာချက်နဲ.ထောက်ပံ.တယ်။ဒုတိယ.......ဘာညာ ကွာစေ.နဲ.ချောမယ်....။တတိယ.....ခင်မင်မှုအထိမ်းအမှတ်အဖြစ်...´ သကြားလုံး..`ကျွေးတယ်..ဒါကို......ကြည်နူးစွာပဲ
...မိန်းခလေးက ပြုံးတယ်။
(၁)
` ၀င်ခွင်.ပြုပါ ခင်ဗျာ...´
ကျားက ချစ်စွာသောစကားကိုဆိုပြီး မိန်းကခလေးကိုစတင်စူးစမ်းတယ်...။စာမဖွဲ.လောက်တဲ.ပုံစံမျိုးနဲ. လိုအပ်တဲ.အကူအညီတွေ သူ.ဘာသာရှာပြီး ပေးတယ်။ ဒါကိုပဲ မိန်းခလေး
ရဲ.အသိုက်အမြုံက သဘောကျတယ်။ကျားက ရွှေလမ်းငွေလမ်းတွေဖောက်တယ်..နောက်ပြီး မြစ်ကူးတံတားတွေပါဆက်ဖောက်တယ်။ ဒါ...ဖြစ်လေ.ဖြစ်ထရှိတဲ. လူဓလေ. လူထုံးစံပဲလေ။
မြေခွေးမှာအကြံရှိသလို ကျားမှာလည်းကျားအကြံနဲ.လေ...။(လောကကြီးဟာ မယာတွေနဲ.တခန်းတနားလှပနေတယ်)ဒီလိုလိုက်လျောမှုတွေနဲ.လိုအပ်ချက်တွေဖြည်.စီးပေးနေတာ ၀ါသနာပါလို.
မဟုတ်ဘူး။သူ.ရဲ.အစုရှယ်ယာတွေအဖြစ် တရင်းတနှီးမြှပ်နှံထားရတာလေ အကျိုးအမြတ်သိနေလို. မဟုတ်ဘူးလား.......။
(၂)
ဒီလိုနဲ. ကျားဟာ....ငါးရံ.လေးလည်းဖမ်းမိရော....တကောင်.သားက ဘယ်အလှကြည်.နေပါ.မလဲ....ငါးလေးကို အချိန်ကုန် ငွေကုန် လူပန်းကြိုးစားပြီး ဖမ်းထားရတာ ငါ.ရံ.ဆိုတာ သူ.အတွက်
အလှမွေးထားဖို.မဟုတ်တာ.....အလှကြည်.ဖို.လည်းမဟုတ်ဘူးလေ ပွဲတော်တည်ဖို......................။
(၃)
ကျားကြီးရဲ.လက်ခုပ်ထဲဖမ်းမိမှ....ငါ.းရံ.မလေးခဗျာ.....နောင်တတွေရနေရှာတယ်။ ငနဲကျားက..ရေနည်းပါတယ်ဆိုပြီး ရေဖြည်.ပေးနေတာ.... သဘာဝတီကောင်လေးတွေအစား...ကန်စွန်းရွက်
ပေါက်ပေါက် ကလေးတွေဝယ်ချကျွေးနေတာဟာ မဟုတ်မဟတ် လုပ်ဇာတ်တွေမှန်းလည်းသိရော.....ချုန်းချုန်းချငိုကြွေးတော.တာပေါ.။ငါးရံ.မလေးမျက်နှာမှာ နှပ်ချေးတွေပါထွက်ပြီး..ရှုံ.မဲ.
နေလိုက်ပုံများ ကြည်.ရက်စရာတောင်မရှိပါဘူး။
` ကျွန်မကို နဂို..ဘ၀လေးအတိုင်းလွတ်လွတ်လပ်လပ် နေထိုင်ပြုပါ..´
တွေးမိ တွေ.ရာတွေလျောက်တိုင်တည်ပြီးအော်နေတော. ငနဲကျားက ဟား....တိုက်လို.ရယ်တာပေါ. ကောက်ကျစ်စွာပဲ...။

(နိဂုံး)
ငါးရံ.ဆိုတော.အခက်သား.....ငါးခူးလိုဆိုရင်တော. အဲဒီငနဲကျားကို မိမိရရသွက်ပစ်ရမှာ.....ဒါမှ ငနဲကျားတစ်ကောင် တစ်ပတ်လောက်အဆိပ် တက် အပြင်းဖျားသွားမှာပါ။အဲဒီလို လောက အလှတရားဖျက်တွေ တစ်ရက်လောက်နားသွားရင်ဖြင်.့ ......။








**kdar kdar**

Read More...

Tuesday, April 3, 2012

**မြန်မာ-မြန်မာချင်း၊ အချင်းချင်း၊ ၀ိုင်းဝန်းရိုက်နှက်ရာ**


ယမန်နေ့ (၂-၄-၂၀၁၂) နေ့က ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရှေ့နေများကောင်စီဥပဒေအထောက်အကူပြုဋ္ဌာန (LLC) ဆီကို ရောက်ရှိလာတဲ့ မြန်မာပြည်သားတိုင်း ဂုဏ်ယူဖွယ်ရာ..မဟာ သတ္တိရှင်တွေရဲ့ ရိုက်မှုတစ်ခုအကြောင်း ပြောပြချင်လို့ပါဗျာ။ မဲဆောက်မြို့တနေရာက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မူးယစ်သောက်စားကြပြီးတော့ ထွေလာကြတဲ့အခါမှာ ပြဿနာကို မီးခွက်ထွန်းရှာကြပြီး မြန်မာနဲ့ မြန်မာချင်း၊ ၀ိုင်းဝန်းရိုက်နှက်ကြတဲ့ အမှုတစ်ခုပါပဲဗျာ။ ဂုဏ်ယူစရာပါပဲ။ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတစ်ခုအတွက် စစ်သားတစ်ယောက်၊ ရဲတစ်ယောက်၊ ကြံ့ဖွတ်တစ်ယောက်၊ စွမ်းအားရှင်တစ်ယောက်ကိုများ မတရားတာတစ်ခုခုလုပ်လို့ သင်းတို့ကို ရိုက်ခိုင်းရင် ရိုက်ကြမယ်လို့ ထင်ပါသလား။ (ဝေးသေး)


**ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)**

Read More...

Friday, March 16, 2012

မရယ်နဲ့..


နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေညာလိုက်ရာဝယ်…

လက်ထပ်ထားပြီးငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက်
ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။

ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။

ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။
ကိုယ်ကမှအဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။
....ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်းတစ်ယောက်ပါ။

အမျိုးသမီးက တံခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…

"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "

"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "

"ကျနော့်နာမည် ဝေယံ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "

"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "

"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "

"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…"


"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "

"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "

"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "

"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "

"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)

"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ "

"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "

"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "

"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "

"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…။

**thurein lay**

Read More...

လုံးဝမပြောင်းလဲသေးသော အာဏာရှင်စရိုက်များ

(U Tint San-Sports Minister)


လမ်းထိပ်တွင်ရှိသော ဆိုင်ငယ်ကလေးများ ဒီနေ့အားလုံး ဖျက်ထားတာကိုတွေ့ရသည်။ ဒါဆို လူကြီးတစ်ယောက်ယောက် လာမည်ဟူသည်ကို ကလေးကအစ သိနေသည်။ မနက်စောစော အဝါရောင် ဝတ်ထားသော စည်ပင်သာယာ ဝန်ထမ်းအချို့ လမ်းပေါ်ရှိ အမှိုက်များကို အရေးပေါ်သန့်ရှင်းရေး လုပ်နေတာလည်း မမြင်ဘူး တော့ထူးဆန်းနေသည်။ လမ်းမကြီးဘေး ရေအိုင်ထဲက စိမ်းစိုနေသော ကန်ဇွန်းခင်းမှာ သင်္ခါရ၏ သဘောအရ ဖျက်ဆီးထားတာကိုလည်း နှမြောတသစိတ်ဖြင့် ကြည့်နေမိသည်။

``သြော် --------- အာဏာတွင် ယစ်မူးပျော်နေသော အရာရှိများနှင့် ဖော်လန်ဖားတတ်သည့် တပည့်များ လိုက်လဲလိုက်ပေစွ``

ဒီလိုစိတ်ဓါတ်ဖြင့် မြန်မာပြည်ကို ဘယ်လိုတိုးတတ်အောင် ဆက်လုပ်ကြမည်နည်း။ ပြည်သူအပေါ်ထားသော အကြင်နာတရားကား ခေါင်းပါးလွန်းလှပေသည်။ လမ်းဘေးဆိုင်ကလေးများမှာ လူကြီးလမ်းကြောင်းလာမှာကို အင်မတန် ကြောက်ကြသည်။ ပုံမှန် ဆိုင်ထွက်နေရလျှင်တောင် အကြွေးနှင့် အတိုးတို့၏ သံသရာဝယ် နစ်ချည် မြုတ်ချည်ဖြင့် ပေါလောပေါ်တဲ့ဘဝ တောင် မရှိရတဲ့ကြား လူကြီးမင်းများ၏ ကျေးဇူးတရားကြောင့် စုန်းစုန်းမြုတ်ရမည့် အဖြစ်။

အရင်က ကျွန်တော်သည် ``ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ``ပါကွာ ဟု ဝန်ကြီးများထက် ဖားချင်သော အောက်လက်ငယ်သား အာဏာရှင်ရူးများကို ပိုပြီး အမြင်ကတ်မိသည်။ တစ်နေ့ ကျွန်တော်လုပ်နေသော စက်ရုံသို့ ဝန်ကြီးတစ်ဦးလာမည် ဟု ကျွန်တော့ဆီ ဖုန်းဝင်လာသည်။ ``ဘာတွေ လုပ်ပေးထားရမလဲ`` ဟု ကျွန်တော်က ဝတ္တရားအရ မေးရသည်။ ``ဘာမှ မလိုပါဘူး ဧည့်ခံမယ့်အခန်းလေးတော့ ပြင်ပေးထားပါ`` ဟုပြောသည်။ ``ကောင်းပါပြီ`` ဟု ကျွန်တော်က ကတိပေးလိုက်သည်။

ကျွန်တော်တို့ အလုပ်နှင့် မဆိုင်သောဝန်ကြီး သည် သူဖိတ်ကြားထားသော နိုင်ငံခြားမှ ဧည့်သည်များကို ကျွန်တော်တို့ စက်ရုံသို့ လိုက်ပြမည် ဖြစ်၍ ကြိုတင် စက်ရုံကို လာကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အထူးတလည် အလုပ်ပျက်ခံပြီး ခရီးဦးကြိုလုပ်စရာမလို ဟုပဲ ခံယူထားသည်။ လမ်းကြောင်းကားတွေဖြင့် ဝန်ကြီးရောက်လာသည်။ စက်ရုံမှ ကြိုမည့်သူ တစ်ယောက်မှမရှိ။ စက်ရုံက အလုပ်သမားတွေကလည်း တစ်ယောက်မှ စိတ်မဝင်စား ကိုယ့်အလုပ် ကိုယ်လုပ်နေသည်။ မကြာခဏ လာတတ်၍လည်း မထူးဆန်း။ ထိုနေ့က အိတ်စ်ပို့ အရေးကြီးနေသဖြင့် ကွန်တိန်နာကားများ အိတ်စ်ပို့ ပုံးများ စက်ရုံရှေ့တွင် ပွနေသည်။


ဂိတ်က ဧည့်သည်ကားတွေဝင်လာပြီဖြစ်ကြောင်း ကျွန်တော့ဆီသတင်းပို့မှ ကျွန်တော်ထွက်ပြီး ထိုဝန်ကြီးနှင့် အဖွဲ့ကို ရုံးပေါ်ဧည့်ခန်းသို့ ပို့ပေးလိုက်သည်။ ကျွန်တော့သူဋ္ဌေး လက်အပ်လိုက်ပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သည်။ ဝန်ကြီးပြန်သွားသောအခါ ဝန်ကြီးက သူ့ကို ကြိုမယ့်သူမရှိသဖြင့် ရှုးရှုးရှားရှား ဒေါပွနေကြောင်း သူ့နောက်လိုက်အချို့ အပြစ်တင်သလို ဘာလိုလိုပြောသည်။ ထိုဝန်ကြီး၏ လုပ်ပိုင်ခွင့်ဖြင့် စက်ရုံကို ဒုက္ခပေးနိုင်ကြောင်းကိုပါ အရိပ်အမြွက် အာဏာပြသွားသေးသည်။ သြော် ဧည့်သည် ---ဧည့်သည် အိမ်ရှင်ကို စော်ကားသွားလေခြင်း။ အရည်အချင်းမရှိသော အာဏာရူး ခေါင်းဆောင်များ ဖယ်ထုတ်၍ အရည်အချင်းရော စိတ်ထားရောပြည့်ဝသည့် မျိုးချစ် နိုင်ငံရေး ခေါင်းဆောင်များ အစားဝင်မည့်အခါမှသာ တိုင်းပြည်ကြီးတိုးတတ်ပေလိမ့်မည်။ အခုတော့ေ၇ွှပြည်တော် မျှော်တိုင်းဝေးနေဦးမည်သာ----

**ကိုစိုးနိုင်**
(၁၆-၃-၁၂)

Read More...

Sunday, March 11, 2012

ကြည်ညိုလွန်းလို့


ကျနော်တို့ရွာဘေးနားမှာ ရိုးလယ်ကုန်းရွာ ရှိပါတယ်။
အဲဒီရွာမှာ ကိုကံထူးဆိုတဲ့သူ တယောက်လည်းရှိပါတယ်။
ကိုကံထူးဟာ ရပ်ရေးရွာရေးကိစ္စတွေမှာ အင်မတန်တာဝန်သိတတ်သူပါ။
ရွာမှာသာရေးနာရေးကိစ္စရှိပြီဆိုရင် သူမပါလို့ ပွဲမစည်၊ အမြဲလိုလို သူကူညီနေကျ။ မင်္ဂလာဆောင် အလှူတခုခု ရှိပြီဆိုတာနဲ့ ဖိတ်စာကမ်းတဲ့အချိန်ကစပြီး မဏ္ဍပ်ဖျက်တဲ့အချိန်ထိ ဖိဖိစီးစီးကို ကူညီတာ။ နာရေးကိစ္စ ဆိုရင်လည်း အိမ်ရှင်မျက်နှာမညှိုးငယ်ရအောင် ၇ ရက် ၇ လီ တိုင်တိုင် နာရေးကိစ္စ လိုအပ်သမျှ ဒိုင်ခံလုပ်ပေး တတ်တယ်။
ရေနွေးအိုးတည်၊ ရေခပ်၊ တိုလီမိုလီဈေးဝယ်ပေး၊ ဘာကိုပဲခိုင်းခိုင်း မညည်းညူတမ်း ဖင်ပေါ့တဲ့သူ။ ဒါကြောင့် သူ့ကို တရွာလုံးရှိ ကလေးလူကြီးမကျန် အားလုံးက ချစ်ခင်ကြတယ်။ အကူအညီလိုအပ်ရင် သူ့ကို ထိပ်ဆုံးကထား အားကိုးကြတယ်ပေါ့။
သူ့မှာပြောစရာဆိုလို့ အရက်သောက်ခုံမင်တာလေး တခုပါပဲ။ ယောက်ျားတို့သဘာဝ သောက်သောက်စားစား လူ့မင်းသား အနေအထားမျိုးလောက်မက၊ ယစ်ရွှေရည်နှစ်ပါးသွားနဲ့ ဝမ်းလျားထိုးအိမ်ပြန်ရတဲ့အထိ အရက်ကို ကြိုက်တာ။ ဒါပေမဲ့ အရက်မူးပြီး ဆူပူသောင်းကျန်းတာ၊ သူတပါးကိုပုတ်ခတ်စော်ကားတာမျိုး လုံးဝ(လုံးဝ) ကင်းရှင်း သူဗျ။ သူကြိုက်တဲ့အရက်ကို ရေချိန်ကျသောက်ပြီးရင် ပုဆိုးစလွယ်သိုင်း(အောက်မှာ ဘောင်းဘီတို ပါတယ်)၊ သူ့အသံဝါကြီးနဲ့ ကိုလွှမ်းမိုးရဲ့ “ဂုဏ်ဆိုတာငွေကိုခေါ်တယ်” သီချင်းကို တရွာလုံးကြားအောင်
အော်ဆိုရင်း အိမ်ပြန်လေ့ရှိတယ်။ မနက်မိုးလင်းတိုင်း မောနင်းပက်နဲ့ မျက်နှာသစ်ရမှ နေသာထိုင်သာရှိသူ။
တနေ့မနက်တော့ သူအိပ်ရာကထပြီး ဘုံဆိုင်ကိုရောက်လို့ အရက်တဂေါ်ဖိုး(ငါးကျပ်ဖိုး) မှာနေချိန်မှာ သတင်းတခု ကြားရတယ်။ ညတုန်းက ရွာလယ်ပိုင်းမှာနေတဲ့ ဒေါ်ညှက်မ ဆုံးပြီတဲ့။ ဒီသတင်း ကြားတော့ ကိုကံထူး ဘာစဉ်းစားနေမလဲ။ မှာပြီးသား အရက်ခွက်ကို ဂွပ်ခနဲမြည်အောင် မော့ချလိုက်ပြီး ဒေါ်ညှက်မတို့အိမ် ရှိရာ ခြေဦးလှည့်လိုက်တယ်။ ဒီကိစ္စမျိုးမှာ အချိန်မှီသူရောက်မသွားဘူးဆိုရင် အိမ်ရှင်တွေ မျက်နှာငယ်၊ အလုပ် ထောင့်မစေ့မှာကို တွေးပြီးပူနေတာ။ အသုဘအိမ်ကို သူရောက်သွားချိန်၊ လူတချို့အလုပ်ရှုပ်နေကြပြီ။ ဒေါ်ညှက်မရဲ့ ရုပ်ကလာပ်ကိုတော့ ဝါးခြမ်းပြားခုံပေါ်မှာ တင်ထားတာတွေ့ရတယ်။ ဘယ်အပိုင်းကစပြီး ကူညီရ မလဲ စဉ်းစားနေတုန်း သူ့ခေါင်းထဲ အကြံတခုပေါ်လာတယ်။ ဒါနဲ့ ဒေါ်ညှက်မရဲ့သားကြီး ကိုအုန်းမောင်အနား ကပ်ပြီး တိုးတိုးလေးမေးလိုက်တယ်။
“ကိုအုန်းမောင်ကြီးရ... သက်ပျောက်တရားနာဖို့ စီစဉ်ပြီးပလား” ပေါ့။ အဲဒီတော့မှ ကိုအုန်းမောင်လည်း ပြာပြာသလဲ ဖြစ်သွားတယ်။
“ဟာ...ကိုကံထူးပြောမှပဲ သတိရတော့တယ်.. သက်ပျောက်တရားနာဖို့ ရွာဦးကျောင်းက ဆရာတော်ကို သွားမလျှောက်ရသေးဘူးဗျ... အဲဒါ ကိုကံထူးပဲ တာဝန်ယူပေးပါနော်..”
“အင်း.. ဒါဆို ကျနော်ခုပဲ ဆရာတော်ကိုသွားလျှောက်လိုက်တော့မယ်”


ကိုကံထူး ချာခနဲလှည့်အထွက် ကိုအုန်းမောင်က ကိုကံထူးရဲ့ အင်္ကျီစကိုအသာဆွဲထားလိုက်ပြီး ကျန်တဲ့လက် တဖက်နဲ့ အိပ်ကပ်ထဲကိုနှိုက်တယ်။ လက်ပြန်အနှုတ်ပါလာတဲ့ ဆယ်တန်နှစ်ရွက်ကို ကိုကံထူးရဲ့လက်ထဲထည့် ပေးလိုက်တယ်။ ရုတ်တရက်ဆိုတော့ ကိုကံထူး နားမလည်..။
“ဒီငွေနှစ်ဆယ်နဲ့ ဘာဝယ်ခဲ့ရမလဲ ကိုအုန်းမောင်”
“အိမ်အတွက် ဝယ်ဖို့မဟုတ်ပါဘူးဗျာ.. ကိုကံထူးဆီဖြည့်ဖို့အတွက် ဆီဖိုးထည့်ပေးတာ.. ဒါပေမဲ့ ဆရာတော်ဆီ အရင်သွားလျှောက်ထားပြီးမှ ဘုံဆိုင်ကိုသွားနော်..” ခေါင်းတချက် ညိတ်ပြပြီး ကိုကံထူး ထွက်လာခဲ့တယ်။
ကိုအုန်းမောင် အတန်တန်မှာကြားလိုက်ပေမဲ့ ညတုန်းကများထားတဲ့ဒဏ်ကို ပြန်ဖြေဖို့ တဂေါ်ဖိုးနဲ့ ဘယ်လိုမှ အရာမရောက်တာက တကြောင်း၊ လက်ထဲမှာ ငွေယားလေးအဆင်သင့်တာက တကြောင်း၊ ပြီးတော့ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းမှာ ယမကာရောင်းတဲ့ အိမ်ကလည်း အရံသင့်ရှိနေတာလေ။ ပါးပါးလေး ဝင်ပုတ်လိုက်အုံးမှ ခြေလှမ်းတွေ သွက်လာမယ်ဆိုပြီး အကြံဖြစ်မိတယ်။ ဆိုင်ရှေ့ရောက်ရင် ခြေထောက်တွေက နောက်ပြန်ဆွဲသလို တန့်တန့်နေတော့တာကိုး။
ဆိုင်ရှင် မအေးဆီမှာ အရက်တဂေါ်ဖိုး မှာလိုက်တယ်။ အဲဒီမှာ ဇာတ်လမ်းက ဆက်တော့တာ။ သူ့အရင် ဆိုင်ထဲကိုရောက်နေနှင့်တဲ့ ဖိုးထောင်နဲ့အောင်ကြီးတို့က အတူထိုင်ဖို့လှမ်းဆွယ်တယ်။ ပထမပိုင်းမှာ သူအကြောက်အကန် ငြင်းသေးတယ်။ ဒါပေမဲ့ ဘာရမလဲ...။ ယမကာသမားတို့ထုံးစံ လေသံနှစ်ချက် အပြောင်းမခံဘူး၊ ဝိုင်းထဲကို သူရောက်လာတယ်။ တခွက်သောက်ပြီးထမယ်လုပ်လိုက် ဟိုက ဖမ်းဆွဲထားလိုက်၊ နောက်တခွက်ပြီး သွားမယ် ကတိပြုလိုက်၊ မထဖြစ်လိုက်နဲ့ ပုလင်းခွံ သုံးလုံးလဲမှ သူတို့လည်း လူစုခွဲဖြစ် တော့တယ်။ သုံးယောက်လုံး အတော်ကွဲနေကြပြီ။
မူးနေပေမဲ့ ကိုကံထူးက သူ့တာဝန်ကို မမေ့ဘူး။ အချိန်မီ ရွာဦးကျောင်းကို အရောက်သွားမှဖြစ်မယ် ဆိုတာ သူသိတယ်။ ဘုန်းကြီးကျောင်းကို သွားမှာဆိုတော့ ပုဆိုးကွင်းသိုင်းလို့မဖြစ်၊ ဖရိုဖရဲမဖြစ်အောင် ပုဆိုးကို ကျစ်ကျစ်ပါအောင် လိမ်ပြီး ဝတ်လိုက်တယ်။ ခြေလှမ်းကို အတတ်နိုင်ဆုံး ထိန်းကာ ကျောင်းဝင်းထဲကို လျှောက်ဝင်လာချိန်မှာ ကပ္ပိယကြီးနှုတ်ဆက်တာကို သူမသိတော့ဘူး။ သူ့စိတ်ဇောက ဆရာတော်ကို ဦးတင်လျှောက်ထားဖို့ကိစ္စမှာပဲ အာရုံရောက်နေတာ။ ကျောင်းအဝင်တံခါးပေါက်နား အုတ်ခုံလှေကားခြေရင်းမှာ ခဏလေးထိုင်၊ နဖူးပေါ်က ချွေးသီးချွေးပေါက်တွေကို ပုဆိုးစနဲ့ အသာအယာသုတ်၊ မျက်နှာကို ရှိုင်းနီးဂွိုင်းနီး လုပ်တယ်။ ပြီးတော့မှ မင်သေသေလေးနဲ့ ကျောင်းပေါ်ကို တက်လာတယ်။ ပြတင်းပေါက်နားမှာ တင်ပလ္လင်ခွေ သီတင်းသုံးတော်မူနေတဲ့ ဆရာတော်ရဲ့ ရှေ့ကိုရောက်တဲ့အခါ လက်အုပ်ချီကာ လာရင်းကိစ္စကို မဆိုင်းမတွ လျှောက်ထားတယ်။
ဆရာတော်မလည်း အရက်မသောက်ဖို့ ဆိုဆုံးမရခက်ခဲပေမဲ့ တခြားကိစ္စတွေမှာ ပြောစရာမလိုအောင် အားကိုး ရတဲ့ တပည့်ကျော် ဒကာမိုက်ဆိုတော့ မသိဟန်ပြုနေရတယ်။ ကိုကံထူးက သက်ပျောက်တရားတော် ချီမြှင့် ပေးဖို့ လျှောက်ထားအပြီး ဆရာတော်ကို ခြေစုံဦးခိုက် ဝတ်ဖြည့်ကန်တော့လိုက်တယ်။ တကြိမ်သာ ဦးချ လိုက်ပြီး ခေါင်းပြန်မထောင်နိုင်တော့...။ ဆရာတော်ခမျာ သင်းပျံ့ပျံ့ ယမကာနံ့ကို မသက်မသာရှူရှိုက်ရင်း ဦးခေါင်းပြန်မတ်လာနိုးနဲ့ ကိုကံထူးရဲ့ဇက်ပိုးကို ငုံ့ကြည့်ရင်း စိတ်ကသိကအောက် ဖြစ်နေရှာတယ်။ နောက်ကို ရွှေ့ထိုင်ဖို့ကလည်း သင်္ကန်းအစက ကိုကံထူးရဲ့ နဖူးအောက်ရောက်နေတာမို့ ဆွဲယူဖို့ အခက်။
ကြာတော့ ဆရာတော် စိတ်မရှည်နိုင်။
“ဟဲ့.. ဒကာကံထူး တကြိမ်ပဲဦးချပြီး ဘာဖြစ်လို့ လေးဘက်ဝပ်နေတာတုန်း..”
ကိုကံထူးက ဦးစိုက်လျက်အနေအထားနဲ့ ပြန်လျှောက်ထားလိုက်တယ်။
“မှန်ပါ့ဘုရား.... တပည့်တော် ကြည်ညိုလွန်းလို့ပါ ဘုရား”
သဒ္ဓါတရားအပြည့်နဲ့ ကြည်ညိုပေမဲ့ ကြည်ညိုမတတ်တော့ ကြည်ညိုသူမျက်နှာပျက်ရသလို အကြည်ညိုခံရသူ လည်း အနေခက်တာပေါ့ဗျာ....။
(နာမည်တွေ အနည်းငယ်ပြောင်းလဲထားတာမှအပ ကျနော်တို့ရွာက တကယ့်အဖြစ်အပျက်လေးတခုပါ)


**ဝေမော်**
၇ မတ် ၂၀၁၂

--
Posted By Blogger လူဗိုလ်

Read More...

ကျွန်တော်ထင်မိသလိုရေးကြည့်ပါသည် (၁) “Open society”


(ရေးသူ..ဘုန်းကြီးကျောင်းသားမိုးလုံး)


ဟယ်………..
ဘုန်းကြီးကျောင်းသားကရာရာစစ၊ ထင်သလိုရေးကြည့်မယ်ဆိုပါလား-ဟု
အပြစ်တင်မည်ဆိုလျှင် တရားခံမှာ ကျွန်တော်မိုးလုံး မဟုတ်ပါ။ ဆရာမောင်သစ်
(ဆရာရှေ့နေကြီးမောင်ကိုယု)၏ “ကျွန်တော်တွေးမိသလိုပြောဆိုပါမည်” ဟူသော
ခေါင်းစဉ်ကို ကျွန်တော်ထင်ယောင်ထင်မှားခိုးချထားခြင်းဖြစ်သဖြင့်
ဆရာမောင်သစ်ကိုသာ အပြစ်တင်စေလိုပါသည်။ (ခိုးချလို့ကောင်းလိုက်တာ.. ဟီဟီ)။
ခိုးချလက်စနှင့် ဆက်လက်၍ မှီငြမ်းခိုးချပြီး ဤ “open society” ဟူသော
ဆောင်းပါးယောင်ယောင် စာယောင်ယောင်ကို ရေးပါသည်။ (ဤမှန်သောသစ္စာ
စကားကြောင့် အစိုးရသစ်လက်ထက်တွင် ငါးထောင်တန်ဖုန်းကိုင်ရပါစေ
သတည်း။)
တောင်ပေါ်တွင် သစ်ပင်များခုတ်လှဲခံရပြီး
တောင်ကတုံးများချည်းဖြစ်ကုန်၍ တောင်ယာမစိုက်နိုင်တော့ဘဲ
မန်နေဂျာကြီးလုပ်နေသော လေးဘ၀ပြန်
ချင်းအကိုကြီးတစ်ဦးမှ (ချင်းဆိုတော့ မျှစ်ဘ၀၊ ၀ါးဘ၀၊ နှီးဘ၀၊ ခြင်းဘ၀-
စုစုပေါင်းလေးဘ၀ပြန်ပေါ့နော်.. ဟီဟီ) ဟေ့ကောင် သူများတွေ အိုးပန်းဆိုဇိုင်တီနဲ့
ပြောပြောနေသမင့်ဟာ၊ မင်းရောဘယ်လို အိုးပန်းချင်သတုန်းဟု အတင်းအဓမ္မမေး
လာသဖြင့် တပေါင်းလပြည့်နေ့တွင် ဘုန်းကြီးကျောင်းနားကပ်လျက် ဆွမ်းကျန်
ကွမ်းကျန်လွေးရန် ချောင်းနေသော ဘုန်းကြီးကျောင်းသားခမျာ မနေနိုင်မထိုင်နိုင်
ရေးလိုက်ရပါသည်။ ဘုန်းကြီးကျောင်းသားထင်မိသည်မှာ open ဆိုသည်မှာ
closed နှင့်ဆန့်ကျင်ဘက်ဖြစ်သည့်အတွက် open society ဟူသည်
closed society မဟုတ် ဟူသောအချက်ပင်ဖြစ်ပါသည်။ (ထိုကဲ့သို့ အတွေးအခေါ်
မြင့်မားလွန်းသောမိုးလုံးဖြစ်သည့်အတွက် ဆရာတော်ကကွမ်းအစ်ဖြင့် မကြာခဏ
ထုလေ့ရှိပါသည်။)
ကမ္ဘာနှင့်ချီလျက် ကြီးကြီးကျယ်ကျယ်ပြောရလျှင် အရှေ့အနောက်စစ်အေး
တိုက်ပွဲပြင်းထန်ချိန်တွင် နိုင်ငံအများစုသည် တစ်ဦးနှင့်တစ်ဦးမယုံကြည်ရသည့်
အတွက် ၄င်းတို့သည် closed society ပုံစံရှိခဲ့ကြသည်ဟု မိုးလုံးထင်ပါသည်။
ဆိုဗီယက်တို့က သံကွန်ချာ (iron curtain)ဟု ဟစ်ကြွေးချိန်တွင် အမေရိကန်တို့က
ကြယ်တာရာစစ်ပွဲ (star war)ဟု မိမိတို့အာဏာစက်ပြန့်နှံ့ရာဒေသကြီးများကို
နိုင်ငံရေးအရ closed society ပုံစံတည်ဆောက်ခဲ့ချိန်တွင် သက်ဆိုင်ရာနိုင်ငံများ
အတွင်းတွင်လည်း ကြိုးနီစနစ်၊ တစ်သွေးတစ်သံတစ်မိန့်စနစ်၊ အထက်အောက်
ညွှန်ကြားအမိန့်ပေးစနစ်တို့ဖြင့် closed ဖြစ်နေခဲ့ကြပါသည်။ သို့သော်
၁၉၉၀ပြည့်နှစ် ဆိုဗီယက်ယူနီယံပြိုကွဲခြင်း၊
ဘာလင်တံတိုင်းဖြိုချခြင်းစသည်တို့ဖြင့်
စစ်အေးတိုက်ပွဲနိဂုံးချုပ်သွားသည့်အခါ defence ဟူသောစကားလုံးနေရာတွင်
development ဟူသောစကားလုံးဖြင့်အစားထိုးရန်ကြိုးစားလာသည့်အတွက်
open society သဘောတရားသည် social value တစ်ခုပုံစံ စတင်ဖြစ်ပေါ်လာ
ခဲ့သည်ဟုလည်း ထင်ပါသည်။ “ပွင့်လင်းမှတိုးတက်မည်”ဟူသော သဘောတရားကို
လူသားတို့နားလည်ခဲ့သည်မှာ မကြာသေးဟုလည်း မိုးလုံးအနေဖြင့် ထင်ပါသည်။
(မင်း.. အဲဒီလို လူတတ်ကြီးလုပ်ပြီး မဟုတ်တရုတ် ကြပ်ကြပ်ပြော၊ ခွေးတောင်
မင်းကိုကိုက်တော့မှာမဟုတ်ဘူး၊ သနလို့- ဟု အဖေက
မိုးလုံးကိုချီးကျူးလေ့ရှိပါသည်။)
ဒီမိုကရေစီစံနှုန်းများကို
ပိုမိုတိုးတက်ကျင့်သုံးနေသောနိုင်ငံများတွင် open society
သဘောတရားကို မည်မျှဖော်ဆောင်နိုင်ပါသနည်း။ မုဒိမ်းမှုဖြင့် တရားရုံးအတင်ခံရသော
သမ္မတ၊ လာဘ်စားမှုဖြင့် အရေးယူခံရသော ၀န်ကြီးချုပ်၊ CEO ရာထူးမှနှုတ်ထွက်သွား
ရသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ထောင်ချခံရသောဘဏ်ဥက္ကဌများ စသည်
တို့ကိုထောက်ပြပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်တွင် အထက်အောက်
ပွင့်လင်းမှုရှိပုံ transparency ကို အချို့က ညွှန်းပြကြပါသည်။
ယှဉ်ပြိုင်မှုအားကောင်း
သော global market ပုံစံပေါ်အောင် တစ်နှစ်ထက်တစ်နှစ် ဖော်ဆောင်လာနိုင်ပုံ၊
ရွေးချယ်မှုအခွင့်အလမ်းများ များပြားသော လူမှုသက်မွေးဝမ်းကျောင်းပုံစံများ
ချပြပေးထားသည့် နယ်ပယ်တွင လုပ်သလောက် အကျိုးခံစားမှု ရရှိနိုင်သော
အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပုံတို့ကိုလည်း အချို့က open society ၏
သရုပ်များအဖြစ် အချို့က ထောက်ပြကြပြန်ပါသည်။ ပွင့်လင်းသောလူ့အဖွဲ့အစည်း၏
အခြေခံအချက်အလက်များအဖြစ် နိုင်ငံရေးပွင့်လင်းမှု၊ စီးပွားရေးပွင့်လင်းမှု၊
လူမှုရေးပွင့်လင်းမှု၊ တရားစီရင်ရေးဆိုင်ရာပွင့်လင်းမှု
စသည့်မဏ္ဍိုင်များပေါ်တွင် အခြေတည်ရမည်ဟုလည်း အချို့ကသုံးသပ်ကြပါသည်။
(မိုးလုံးအနေဖြင့်
ဧည့်စာရင်းမတိုင်ဘဲ ပွင့်ပွင့်လင်းလင်းအိပ်နိုင်သည့် အခြေအနေရလျှင်တော်ပါပြီဟု
ထင်ပါသည်။ စာရွက်စာတမ်း မစုံလင်၍၊ အိုးပိုင်အိမ်ပိုင်မရှိ၍
ရန်ကုန်မြို့ကြီးတွင်မိုးလုံး ဧည့်စာရင်းတိုင်ခဲ့ရသည်မှာ ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီဖြစ်ပါသည်။)

မြန်မာလူထုအတွင်း open society ဟူသောစကားကိုမည်သည့်အချိန်က
စတင်သုံးစွဲခဲ့ပါသနည်း။ အမှန်အတိုင်းဖြေရလျှင် မိုးလုံးမသိပါ။
မိုးလုံးတစ်ဦးတည်းအနေဖြင့် စတင်သိခဲ့ရချိန်ကို ဇာတ်ကြောင်းပြန်ရလျှင် ၁၉၉၈- ၂၀၀၀ နှစ်များ
ဝန်းကျင်တွင် ဆရာကြီးမောင်ဆုရှင်က မိုးမဂ္ဂဇင်း (ဆရာကြီးနတ်နွယ် တာဝန်ခံ
အယ်ဒီတာ) တစ်အုပ်တွင် ရေးခဲ့သည်ဟု ထင်ပါသည်။

ထို့နောက် ၂၀၀၂ခုနှစ်၊ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်၊ သမိုင်းစာသင်ခန်းတစ်ခုတွင် ကထိက
ဆရာကြီးတစ်ဦးက ကိုလိုနီခေတ်မြန်မာ့သမိုင်းကို ရှင်းပြရင်း ရန်ကုန်မြို့တော်ဝန်
အနေဖြင့် ဘုရင်ခံကို ညစာကျွေးရန်စီစဉ်မှုငွေစာရင်းတင်ပြချက်အပေါ်
သိမ်ကြီးဈေးဈေးသူဈေးသားများကမကျေနပ်၍ ဘုရင်မပန်းခြံ (ယခု မဟာဗန္ဓုလ
ပန်းခြံ)အတွင်း ခွေးများကိုအစာကျွေးပြီး ငါတို့ပေးတဲ့အခွန်အကောက်တွေကို
ညစာစားပွဲမှာ မဟုတ်တရုတ်သုံးတဲ့ဘုရင်ခံ.. စားဟဲ့၊ မြို့တော်ဝန်.. စားဟဲ့- ဟု
ခွေးများကိုပိတ်ရိုက်ပြီး အစာကျွေးဆန္ဒပြခဲ့သောအချက်ကိုရှင်းပြရင်း
လွတ်လပ်ပွင့်လင်းသောလူ့အဖွဲ့အစည်း၏ သရုပ်သကန်များကိုရှင်းပြခဲ့ပုံ
ကိုလည်းမှတ်မိနေပါသေးသည်။ ( အခုတော့ နိုင်ငံတော်ရဲ့ငွေကြေးသုံးစွဲဖြန့်ခွဲမှု
အခြေအနေ Statistical Year Book ကြီးတွေ မဖတ်ရတာနှစ်ပေါင်းများစွာ
ကြာတော့ လွမ်းတောင်လွမ်းမိပါသေးသဗျာ)
သို့သော်.. ပွင့်လင်းလွတ်လပ်ခြင်းနှင့်ကပ်လျက် အကြီးမားဆုံးအတွင်း
အန္တရာယ်များနှင့် အပြင်အန္တရာယ်များလည်း ရှိနေပါသေးသည်ဟု မိုးလုံး
ထင်ပြန်ပါသည်။ အကြီးမားဆုံးအတွင်းအန္တရယ်များမှာ အသိပညာမဲ့ခြင်း
(uneducated)၊ စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်း (disordered)၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊
တိုင်းပြည်စွဲများထားရှိခြင်း (wrong patriotism) တို့ပင်ဖြစ်သည်ဟုလည်း
ဆိုချင်ပါသည်။ တိရိစ္ဆာန်များလည်းပွင့်လင်းကြပါသည်။ သို့သော် open society
မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ပါ။ ကြီးနိုင်ငယ်ညှဉ်း၊ ရှုံးသူက
အသက်ပေးရသည့် wild life သာဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်
ခံယူချက်များ (beliefs)၊ စံနှုန်းများ (norms)၊ လုပ်နည်းလုပ်ဟန်များ
(procedures)
စသည်တို့သည် တိရိစ္ဆာန်လောကတွင် မရှိသောကြောင့်ဖြစ်ပါသည်။
အဆင်းမှာအချွန်လေးနဲ့မပြီး အသာလေးဘီးတပ်ပေးလိုက်မှ၊
ငတေမာပြီးရော၊ သာကူးမှန်ပြောင်း၊ ဆိတ်လဇိ ဖြစ်ချင်ရာဖြစ်ကွာ၊ ဒင်းတို့အဆင့်နဲ့
ငါ့ကိုများ ရာရာစစ၊ အနူလက်နဲ့ရွှေခွက်နှိုက်ချင်တဲ့ကောင်တွေကို ပညာပေးလိုက်မှ၊
ငါတို့ကတော့ ဆင်းရဲလည်းပြောင်ပြောင်ဘဲ ချဉ်ပေါင်နဲ့ဝက်သား လဲရနည်းလား..
စသည့် လူဆန်လွန်းသော စည်းမဲ့ကမ်းမဲ့ ၀ိသမစည်းကမ်းပျက်မှုများမှာလည်း
သတိထားရမည့်အချက်များပင် ဖြစ်ပါသည်။ ငါ့ဖာသာမူးတာ ဘာဖြစ်လဲ၊
စမ်းချောင်းသားကွ မီးပွင့်သွားမယ်၊ ပါတီဥက္ကဌကြီးရဲ့မိန့်မှာချက်အရနော်..
ဘာမှတ်သလဲ နာသွားမယ်၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ၊
မူနော်..ပြန်မပြောနဲ့၊ အမေစုက ချပြထားတဲ့လမ်းကြောင်းနော်..လာမထိနဲ့၊
သမ္မတကြီးရဲ့ road map နော်..ဝေဖန်မယ်မကြံနဲ့ ၊ မြန်မာကွမြန်မာ..
နိုင်ရင်နိုင် မနိုင်ရင် ရေသန့်ဘူးနဲ့ ချမယ်၊ ဖိနပ်နဲ့ပေါက်မယ်
လေးခွနဲ့ဆွဲမယ်...စသည့် အစွဲမှားများသည်လည်း open society ကို ကဖျက်ယဖျက် လုပ်နိုင်မည့်
အချက်များဟုမိုးလုံးထင်ပါသည်။ (ထို့ကြောင့် ယခု မိုးလုံးမူးလျှင်
ငှက်အော်စမ်းသားကွဟု မအော်တော့ဘဲ ကမ္ဘာသားကြီးမိုးလုံးကွ၊ လာမထိနဲ့ 
အရှုံးပေးလိုက်မယ် ဟု ပြောင်းလဲပြီးအော်ရန် လေ့ကျင့်နေပါသည်။)
အကြီးမားဆုံး အတွင်းအန္တရာယ်များလုံးဝကင်းစင်မှ open society ၏
သရုပ်သကန်များကိုဖော်ဆောင်ရပါမည်လား။ မိုးလုံး ဤသို့လုံးဝမထင်ပါ။
ပြည်သူလူထုအနေဖြင့် educated ဖြစ်ရန်၊ စည်းကမ်းရှိပြီး
အစွဲမှားများကင်းစင်သောအဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် statesmen များ၊
politicians များ၊ able persons များက ၀ိုင်းဝန်း ကြိုးစားအနစ်နာခံပေးပြီး
ယနေ့တွင်ပင် open society လမ်းကြောင်းကို စတင်ဖော်ဆောင်သင့်သည်ဟု
ထင်ပါသည်။ (အဆိုပါ ကြိုးစားအနစ်နာခံမည့်အထဲတွင် မိုးလုံးမပါပါ။
ဆရာတော်ကြီးအနေဖြင့် နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့ထူးဂုဏ်ထူးများရရှိမှ
ဘုန်းကြီးကျောင်းသားအနေဖြင့် အနေရ၊ အစားရချောင်မည်ကို တွက်ဆပြီး
ယခုအခါ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေရသောကြောင့် မအားလပ်ပါခင်ဗျာ။)
အပြင်အန္တရယ်ကြီးများအနေဖြင့်
မိုးလုံးရှုမြင်မိသည်မှာမပွင့်လင်းသောနိုင်ငံရေး
အခင်းအကျင်းနှင့် မဖွံ့ဖြိုးသောလူမှုလူ့အဖွဲ့အစည်းများပင်ဖြစ်သည် ဟူသော
အမြင်ပင်ဖြစ်ပါသည်။

open society ကို တည်ဆောက်ရာတွင် မပွင့်လင်းသော၊
မိမိအကျိုးစီးပွားကိုမိမိကာကွယ်သော၊ ယုံကြည်ချက်ဟောင်းများ၊
လုပ်ထုံးလုပ်နည်းဟောင်းများမစွန့်လွှတ်နိုင်သောနိုင်ငံရေးအခင်းအကျင်း၊
ပြည်သူလူထုအပေါ်တွင် တစ်စုံတစ်ရာ (သို့မဟုတ်) တစ်စုံတစ်ဦးရှိနေသေးသော
နိုင်ငံရေးတည်ဆောက်ပုံ၊ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) ပါတီတစ်စုံတစ်ရာက
ဗိုလ်ကျလွှမ်းမိုးရေး ကြီးစိုးနေသောလွှတ်တော်၊သ၀ဏ်လွှာများ၊
ဗီတိုအာဏာများပလူပျံနေသောညီလာခံတို့သည် “ပွင့်လင်းရဲပွင့်လင်း ကြည့်စမ်း”
ဟုopen society ဖော်ဆောင်ရေးကို စိန်ခေါ်လျက်ရှိကြပါသည်။
ထောင်တို့စည်ကားနေသမျှ၊ မည်သည့်ပုဒ်မဖြင့်ဆွဲပြီး
မည်သည့်လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လွတ်ရမှန်းမသိရသေးသမျှ၊ မည်သည့်ပါတီကို မည်သည့် အတွက်
မဲပေးရမှန်းမသိရသေးသမျှ၊ အမတ်များ၊ ၀န်ကြီးများကို တစ်ရုံးထဲတွင်စုပြုံထားပြီး
လွှတ်တော်တက်ရုံမှလွဲ၍ ဘာလုပ်ရမှန်းမသိအောင် ယောင်ချာချာပစ်ထားနေသေးသမျှ၊
တဖောင်ဖောင်အော်ပြီး လက်ကျန် ဒေါင်းတောင်ကိုမချွတ်ဘဲ ကျီးကန်းပါဟု
ဝန်မခံသေးသမျှ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိ၏ပိုင်ဆိုင်မှုကို
ပြည်သူလူထုသို့ကြေငြာပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို
ရဲရဲဝံ့ဝံ့ မဆောင်ရွက်နိုင်သေးသမျှ ဘယ်ရွေ့ဘယ်မျှ ပွင့်လင်းကြပါမည်နည်း။
ပွင့်လင်းသောနိုင်ငံရေးအခင်းအကျင်းကို ချပြ တည်ဆောက်ရန်မှာ လက်တစ်ဆုပ်စာ
လူစု၏ မူဝါဒနှင့် လုပ်ဆောင်ချက်မျှသာဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအဖို့
တော်တော်ကို မပွင့်လင်းခဲ့တဲ့ခေတ်အဆက်ဆက် လူတစ်စုတွေဟုသာ
မိုးလုံးအနေဖြင့် စွပ်စွဲလိုက်ချင်ပါသည်။ ( road map သည် mad road
မဖြစ်စေရန်သာ သြကာသကန်တော့ခန်းတွင် ထည့်သွင်း၍ ဘုရားဝတ်ပြုရေးအဆိုပြုရန်
ရွှေတိဂုံစေတီတော် နှစ်(၂၆၀၀)ပွဲတွင် မိုးလုံး ကြိုးစားခဲ့သော်လည်း ဆရာတော်ကြီးက
အဲဒီ ဆောက်ရူးကို ကျောင်းပေါ်ကမောင်းချလိုက်ဟု ချီးကျူးသဖြင့် အမြီးကုပ်ပြီး
ပြန်လာခဲ့ရပါကြောင်း။)
မဖွံ့ဖြိုးသောလူမှုလူ့အဖွဲ့အစည်းဟူသည်ကိုသုံးသပ်မိသည့် မိုးလုံး၏အထင်ကို
ဖော်ပြလိုပါသည်။ အိုကွာ.. ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရမှာ၊
ဘယ်အမေ့လင်မှ လာကျွေးမှာမဟုတ်ဘူး စသည့် နိုင်ငံရေးအမြင်၊ ပြည်ပ
တိုင်းပြည်တွေက စီးပွားရေးကိုဘယ်လိုပိတ်ပိတ်..ဂရုစိုက်စရာ တစ်ကွက်မှမရှိ၊
ရွှေမြန်မာကွ..သဘာဝသယံဇာတတွေပြည့်စုံတဲ့ တကောင်းအဘိရာဇာသာကီမျိုး၊
ရာဇ၀င်မှာ ဂုဏ်မညှိုးတဲ့ကောင်တွေ၊ ဒုန့်ကဲယား..၀တ်သောက်ဆောက်ဂရု ဟူသော
စီးပွားရေးအမြင်၊ တော်(၂)တော်ရှိရင် အလုပ်လုပ်လို့ရပါပြီကွာ၊
အဖားတော်မလား.. အမျိုးတော်မလားဟူသည့် လူမှုရေးအမြင်၊ ထိုကဲ့သို့ ဤကဲ့သို့
စသည့်အမြင်များရှိနေသည့် လူ့အဖွဲ့အစည်းတွင် အဘယ်ကဲ့သို့ပွင့်လျက် အဘယ်ကဲ့သို့လင်းရပါ
မည်နည်း။ ဖွံ့ဖြိုးသောလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန်ကား
လူတိုင်းလူတိုင်းတွင် တာဝန်ရှိသည်ဟု မိုးလုံးအနေဖြင့် မ၀ံ့ရဲရဲအကြံပြုလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးသည့် “ခင်ဗျားတို့ဆောက်ကျင့်တွေကိုပြင်ကြ” ဟူသော
အသံကို အဝေးမှနေ၍ မပီမသ ကြားလိုက်ရသလိုပင် မိုးလုံးခံစားမိပါသည်။
(မိုးလုံး၏ဆောက်ကျင့်များကို မိုးလုံးပြင်နေပါပြီ။
ပြင်နေသည်မှနိုင်ငံပိုင်သတင်းစာ
များတွင်ပါဝင်နေသည့် အကြောင်းအရာများနှယ် ခုတစ်မျိုးတော်ကြာတစ်မျိုး
ပြင်နေပါသည်။ မိုးလုံးကိုလည်း ရပ်ကွက်ထဲမှ လူငယ်များကချောင်းရိုက်ရန်
ပြင်နေကြသည်ဟုသိရပါသည်။)
ကျွန်တော်ထင်မိသလို open society အကြောင်းရေးမိသည်များကို
ဤနေရာတွင် မရပ်ချင်ရပ်ချင်နှင့် ရပ်ပါသည်။ နိုင်ငံတော်သမ္မတမိန့်ခွန်းပမာ
ပထမပိုင်း၊ ဒုတိယပိုင်းမရှိပါခင်ဗျာ။ ဆက်လက်၍ အခြားအကြောင်းအရာများကိုလည်း
အလျဉ်းသင့်သလို နံပတ်များတပ်၍ ဘုန်းကြီးကျောင်းသားမိုးလုံးက မြို့မေတ္တာခံယူ
ဦးမည်ဖြစ်ကြောင်း မောင်းသတင်းပေးလိုက်ပါသည်။
နောင်… ဒူဝေေ၀… ဟီဟီဟီ…



**ဘုန်းကြီးကျောင်းသားမိုးလုံး**

(ကျွန်တော့် မေးလ်ထဲသို့ ပို့ ပေးသော မိတ်ဆွေတစ်ယောက်၏ စာ ဖြစ်ပါသည်)

--
AMT
11-mingalar,sanchaung
yangon
01510698, 092032925


ကျနော် နိုင်ငံအရေးမို့ ဆက်လက်ဖြန့်ဝေပေးလိုက်ပါသည်။
ကိုပီတာ
စမ်းချောင်း

Read More...

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) ပ (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1)ွ (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)