လမ်းထိပ်တွင်ရှိသော ဆိုင်ငယ်ကလေးများ ဒီနေ့အားလုံး ဖျက်ထားတာကိုတွေ့ရသည်။ ဒါဆို လူကြီးတစ်ယောက်ယောက် လာမည်ဟူသည်ကို ကလေးကအစ သိနေသည်။ မနက်စောစော အဝါရောင် ဝတ်ထားသော စည်ပင်သာယာ ဝန်ထမ်းအချို့ လမ်းပေါ်ရှိ အမှိုက်များကို အရေးပေါ်သန့်ရှင်းရေး လုပ်နေတာလည်း မမြင်ဘူး တော့ထူးဆန်းနေသည်။ လမ်းမကြီးဘေး ရေအိုင်ထဲက စိမ်းစိုနေသော ကန်ဇွန်းခင်းမှာ သင်္ခါရ၏ သဘောအရ ဖျက်ဆီးထားတာကိုလည်း နှမြောတသစိတ်ဖြင့် ကြည့်နေမိသည်။
``သြော် --------- အာဏာတွင် ယစ်မူးပျော်နေသော အရာရှိများနှင့် ဖော်လန်ဖားတတ်သည့် တပည့်များ လိုက်လဲလိုက်ပေစွ``
ဒီလိုစိတ်ဓါတ်ဖြင့် မြန်မာပြည်ကို ဘယ်လိုတိုးတတ်အောင် ဆက်လုပ်ကြမည်နည်း။ ပြည်သူအပေါ်ထားသော အကြင်နာတရားကား ခေါင်းပါးလွန်းလှပေသည်။ လမ်းဘေးဆိုင်ကလေးများမှာ လူကြီးလမ်းကြောင်းလာမှာကို အင်မတန် ကြောက်ကြသည်။ ပုံမှန် ဆိုင်ထွက်နေရလျှင်တောင် အကြွေးနှင့် အတိုးတို့၏ သံသရာဝယ် နစ်ချည် မြုတ်ချည်ဖြင့် ပေါလောပေါ်တဲ့ဘဝ တောင် မရှိရတဲ့ကြား လူကြီးမင်းများ၏ ကျေးဇူးတရားကြောင့် စုန်းစုန်းမြုတ်ရမည့် အဖြစ်။
အရင်က ကျွန်တော်သည် ``ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ``ပါကွာ ဟု ဝန်ကြီးများထက် ဖားချင်သော အောက်လက်ငယ်သား အာဏာရှင်ရူးများကို ပိုပြီး အမြင်ကတ်မိသည်။ တစ်နေ့ ကျွန်တော်လုပ်နေသော စက်ရုံသို့ ဝန်ကြီးတစ်ဦးလာမည် ဟု ကျွန်တော့ဆီ ဖုန်းဝင်လာသည်။ ``ဘာတွေ လုပ်ပေးထားရမလဲ`` ဟု ကျွန်တော်က ဝတ္တရားအရ မေးရသည်။ ``ဘာမှ မလိုပါဘူး ဧည့်ခံမယ့်အခန်းလေးတော့ ပြင်ပေးထားပါ`` ဟုပြောသည်။ ``ကောင်းပါပြီ`` ဟု ကျွန်တော်က ကတိပေးလိုက်သည်။
ကျွန်တော်တို့ အလုပ်နှင့် မဆိုင်သောဝန်ကြီး သည် သူဖိတ်ကြားထားသော နိုင်ငံခြားမှ ဧည့်သည်များကို ကျွန်တော်တို့ စက်ရုံသို့ လိုက်ပြမည် ဖြစ်၍ ကြိုတင် စက်ရုံကို လာကြည့်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း အထူးတလည် အလုပ်ပျက်ခံပြီး ခရီးဦးကြိုလုပ်စရာမလို ဟုပဲ ခံယူထားသည်။ လမ်းကြောင်းကားတွေဖြင့် ဝန်ကြီးရောက်လာသည်။ စက်ရုံမှ ကြိုမည့်သူ တစ်ယောက်မှမရှိ။ စက်ရုံက အလုပ်သမားတွေကလည်း တစ်ယောက်မှ စိတ်မဝင်စား ကိုယ့်အလုပ် ကိုယ်လုပ်နေသည်။ မကြာခဏ လာတတ်၍လည်း မထူးဆန်း။ ထိုနေ့က အိတ်စ်ပို့ အရေးကြီးနေသဖြင့် ကွန်တိန်နာကားများ အိတ်စ်ပို့ ပုံးများ စက်ရုံရှေ့တွင် ပွနေသည်။
ဂိတ်က ဧည့်သည်ကားတွေဝင်လာပြီဖြစ်ကြောင်း ကျွန်တော့ဆီသတင်းပို့မှ ကျွန်တော်ထွက်ပြီး ထိုဝန်ကြီးနှင့် အဖွဲ့ကို ရုံးပေါ်ဧည့်ခန်းသို့ ပို့ပေးလိုက်သည်။ ကျွန်တော့သူဋ္ဌေး လက်အပ်လိုက်ပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်သည်။ ဝန်ကြီးပြန်သွားသောအခါ ဝန်ကြီးက သူ့ကို ကြိုမယ့်သူမရှိသဖြင့် ရှုးရှုးရှားရှား ဒေါပွနေကြောင်း သူ့နောက်လိုက်အချို့ အပြစ်တင်သလို ဘာလိုလိုပြောသည်။ ထိုဝန်ကြီး၏ လုပ်ပိုင်ခွင့်ဖြင့် စက်ရုံကို ဒုက္ခပေးနိုင်ကြောင်းကိုပါ အရိပ်အမြွက် အာဏာပြသွားသေးသည်။ သြော် ဧည့်သည် ---ဧည့်သည် အိမ်ရှင်ကို စော်ကားသွားလေခြင်း။ အရည်အချင်းမရှိသော အာဏာရူး ခေါင်းဆောင်များ ဖယ်ထုတ်၍ အရည်အချင်းရော စိတ်ထားရောပြည့်ဝသည့် မျိုးချစ် နိုင်ငံရေး ခေါင်းဆောင်များ အစားဝင်မည့်အခါမှသာ တိုင်းပြည်ကြီးတိုးတတ်ပေလိမ့်မည်။ အခုတော့ေ၇ွှပြည်တော် မျှော်တိုင်းဝေးနေဦးမည်သာ----
**ကိုစိုးနိုင်**
(၁၆-၃-၁၂)
(U Tint San-Sports Minister)

No comments:
Post a Comment