ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Tuesday, September 2, 2014
==ဖသာထော် ပျော်ပျော်သာနေ [မြင့်သန်း]==
တောင်စောင်းကကြည့်လိုက်ရင် မြစ်ကြောင်းကို လှမ်းမြင်နေရတယ်။ ဒီမြင်ကွင်းကိုမြင်နေရတာ နှစ်ချင့်နေပြီ။ ပြောရမယ်ဆိုရင်တော့ ရိုးအီလောက်ပြီ။ သူ့အတွက်တော့ ရိုးသွားလို့မဖြစ်ဘူး။ ရိုးသွားလည်း ဒါပဲကြည့်ရမှာ။ ဒါပဲ မြင်နေရတာ။ နောက်ဖက်လှည့်ကြည့်လိုက်ရင် တောင်ရိုး။ တောင်ရိုးဆိုတော့လည်း တောင်ရိုးပဲ။ ဒီထက် မပိုဘူး။ ဒီတော့ မြစ်ကို အဓိကထားမြင်နေရတဲ့ မြင်ကွင်းကို တစ်နေ့သုံးကြိမ်လောက် အမြဲတမ်း မြင်နေရတယ်။ မိုးလင်းလို့ အိပ်ယာကထ၊ သွားတိုက် ပလုတ်ကျင်းပြီးတာနဲ့ တောင်စောင်းကို ဇောင်းတင်ဆောက်ထားတဲ့ ဒီဝရံတာပေါ်ကနေ ပလုတ်ကျင်းတာကို ပစ်ကနဲ ထွေးထုတ်တာက တစ်ကြိမ်။ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာ ထိုင်းစားရင်း မျက်စေ့ရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာ တစ်ကြိမ်၊ နေ့ခင်းစာစားတော့ ၀ရံတာပေါ်မှာထိုင်စားရင်း မျက်စိရှေ့မှာ ပြေးမလွတ်လို့ မြင်နေရတာက တစ်ကြိမ်။ ညဘက်မအိပ်ခင် ခပ်ထွေထွေနဲ့ ၀ါးပက်လက်ကုလားထိုင်ပေါ်ထိုင်၊ ခြေနှစ်ချောင်းကို ၀ရံတာလက်တန်းပေါ်တင်လိုက်ရင် ဒီမြင်ကွင်းက ပြေးမလွတ်ပြန်ဘူး။ ဒီတော့လည်း ကြိုက်ကြိုက်မကြိုက်ကြိုက် ဒီမြင်ကွင်းကတော့ မြင်နေရမှာပဲ။ ဒါကိုများ သူ့ဆီလာသွားတဲ့ ငတိတွေထဲက တစ်ကောင်က ပြောသေးတယ်။ ဖသာထော် ခင်ဗျားအင်မတန် ကံကောင်းတာ၊ ဒီလိုမြင်ကွင်းမျိုးဆိုတာ ပိုက်ဆံရှိတိုင်း မခံစားနိုင်ဘူး၊ မခံစားရဘူးတဲ့။ သင်းအုပ်ဆရာ အလကားပေးသွားလို့ နံရံပေါ်မှာချိတ်ထားတဲ့ ပြက္ခဒိန်ပေါ်က ယေရှုပုံတော်ကိုလက်ညှိုးထိုးရင်း ဘုရားသခင်က ခင်ဗျားကို စောင့်ရှောက်တာအမှန်ပဲလို့ လက်ညှိုးထိုးသေးတာ။ ဖသာထော်ကတော့ ပြန်ပြောလိုက်ချင်ပါရဲ့။ ဒီလိုဖြင့် မင်းနဲ့ငါ လူချင်းလဲစို့၊ မင်းက ဒီလာနေ၊ ငါက မင်းအိမ်သွားနေမယ်လို့။ ဒါပေတဲ့ ပြောမဖြစ်လိုက်ပါဘူး။ တကယ်တော့ ဖသာထော်ရဲ့ဘ၀ကြီးဟာ ဘာမှမရေရာဘူး။ အရင်ကလည်း မရေရာခဲ့ဘူး၊ အခုလည်း မရေရာဘူး။ အခုမှ မရေရာတော့ နောင်ရေရာဖို့ဆိုတာ ဘာရှိတော့လို့တုန်း။ ဒီဘက်က ပုလိပ်ကဖမ်းတော့ သူ့ကို မေးတယ်။ မင်းက မှောင်ခိုဈေးသည်လား၊ သူပုန်လား၊ အစိုးရကို မတော်မတည့်ပြောပြီး ထွက်ပြေးလာတဲ့ကောင်းလားဆိုတော့ သူ့ခမျာ အတော်စဉ်းစားရတယ်။ ဈေးမရောင်းတတ်တာကတော့ အမှန်ပဲ၊ ဒီတော့ မှောင်ခိုဈေးသည် မဟုတ်လောက်ဘူး။ မှောင်ခိုဈေးသည်ရဲ့အထမ်းသမား မဖြစ်လောက်ဘူး။ အဲဒီဗလမျိုး မရှိဘူး။ သူပုန်လို့ခေါ်လောက်အောင် ဘယ်သူ့ကိုမှလည်း မပုန်ကန်ဖူးဘူး။ အယ်.. တောပြောတောင်ပြောတွေတော့ ပြောဖူးတယ်။ အခု ဒီဘက်ထွက်လာတာကလည်း အစိုးရတပ်က ရိုက်လိုက်တဲ့ ဓာတ်ပုံတွေထဲ ပါသွားလို့ဆိုသလားပဲ။ သူနဲ့အတူ ဓာတ်ပုံထဲပါတယ်ဆိုတဲ့ အကောင်ကတော့ ငါတို့တော့ မိသွားရင် အသယ်ခံရမယ်၊ ပြေးစို့ဆိုတာနဲ့ ဒီကိုရောက်လာတာ။ ပြေးတုန်းကတော့ အဟုတ်သားရယ်။ ပြေးလို့ ဒီဘက်ဆီရောက်တော့မှ ပြန်စဉ်းစားကြည့်မိတယ်။ ငါက ဘာများသွားလုပ်မိလို့လဲလို့။ လက်ဖက်ရည်ဆိုင်ထိုင်၊ အစိုးရကို မတော်မတည့်ပြော၊ ဒါက လူတိုင်းလုပ်နေကျပဲ။ မတော်မတည့်ဆိုပေတဲ့လည်း ပုန်ကန်ဖို့တို့ ဘာတို့မဟုတ်ဘူး။ ထိုင်ဟားကြတာပဲ။ ဟားတာနဲ့တော့ဖြင့် အဖမ်းမခံရလောက်ဘူးလို့ တွေးမိတယ်။ မပြောတတ်ဘူး၊ လူရွှင်တော်ကို ထောင်ချတဲ့ခေတ်ဆိုတော့လည်း သူ့လိုလူမျိုးက နိုင်ငံတော်ကို အံတုသူလောက် ဖြစ်သွားနိုင်တာကိုး။ ဒါပေမဲ့ သေသေချာချာပြန်တွေးကြည့်ရင် သူ့မှာ ထောင်ထဲထည့် ချုပ်ထားခံရလောက်အောင် အကြောင်းမှမရှိဘဲ။ အကြောင်းမရှိဘဲ နားရင်းရိုက်ခံရတာ အချုပ်ထဲထည့်ထားတာတွေဟာ ခေတ်ကာလကြီးရဲ့ အမှန်တရားတစ်ခုကိုး။ အဲဒီလိုမြင်လာမိတော့ ဒီဘက်ထဲက အချုပ်ခန်းထဲတောင်ရောက်နေပြီ။ ဒီဘက်ရောက်လည်း ခုလို အချုပ်ခံရမယ်မှန်းသိရင်တော့ ဟိုဘက်မှာတင် အိုးမကွာအိမ်မကွာ အချုပ်ခံရတာက ကောင်းဦးမှာ။ မတတ်နိုင်တော့ဘူး၊ နောက်ကျသွားပြီ။ အနာဂတ်ဆိုတာက ကြိုတင်မသိရတာမျိုးကိုး။ အနာဂတ်မှာ သောက်သုံကျသည်ဖြစ်စေ၊ သောက်သုံးမကျသည်ဖြစ်စေ၊ ပစ္စုပ္ပန်ကြီးက ဘာလုပ်နိုင်တာမှတ်လို့။ အနာဂတ်ရဲ့ ပြဿနာဆိုတာက အနာဂတ်မှာသက်သက်ပဲ။ ဒီတော့လည်း ရောက်မလာသေးတဲ့ အနာဂတ်မှန်သမျှက အကြောင်းချည်းပဲ။ အကြောင်းဟာအကျိုးဖြစ်ဖို့ ဘာဖို့ညာဖို့ စတာတွေ ပြောနေကြပေတဲ့ အကြောင်းကဖြစ်သွားတဲ့ အကျိုးဆိုတာက၊ အကြောင်းပြန်ဖြစ်ပြီး ချာချာလည်နေတာကို ဘယ်သေချင်းဆိုးကမှ ထည့်မတွေးကြဘူး။ ဒီဘက်ကမ်းရောက်လာတော့ အဓိကက နားရင်းအကျင်းမခံရအောင် ကြိုးစားရတယ်။ ထွက်ပြေးလာပါတယ်ဆိုမှ ပိုက်ဆံညှစ်ချင်တဲ့ကောင်တွေက အပုံချည်း။ သူများတွေလို ရည်ရွယ်ချက်နဲ့ထွက်ပြေးလာတယ်ဆိုရင်..၊ အဆက်အသွယ်လေး ဘာလေးရှိလို့ဆိုရင်တစ်မျိုး။ ခုတော့ ဖသာထော်မှာ ဘာရည်ရွယ်ချက်၊ ဘာအဆက်အသွယ်မှမရှိဘဲ သူပုန်နဲ့ပေါင်း သူပုန်ထဆိုရအောင် ဘာကိုသွားပုန်ကန်ရမှန်း မသိဘူး။ ဒေသမှူးကြီး မယားနှစ်ယောက်အကြားမှာ ဗျာများရတာ။ တိုင်းမှူးကြီး အိမ်သယ်သွားတာလောက်ကို လက်ဖက်ရည်ဆိုင်ထိုင်ပြီး ဟားကြတာက သူပုန်ထနိုင်လောက်တဲ့ ဉာဏ်အမြော်အမြင်မျိုးမှ မဟုတ်ဘဲ။ အဖမ်းခံရမှာကြောက်လို့ ထွက်ပြေး၊ ပြေးတော့ အဖမ်းခံရ။ ဒီလိုနဲ့ ဒုက္ခသည်စခန်းရောက်ပြီး ဒုက္ခသည်ဖြစ်လာတာပဲ။ ဒုက္ခသည်ဖြစ်လာတာကလည်း ဘာဆန်းတာမှတ်လို့။ တစ်လောက်ကလုံး ကိုယ့်ဒုက္ခနဲ့ကိုယ်ချည်းပဲ မဟုတ်လား။ သူများဘက်ကမ်းရောက်လို့ နေခွင့်မရှိလို့ ဒုက္ခသည်ဖြစ်ရတယ်ဆိုတာက၊ ကိုယ့်ဘက်ကမ်းမှာနေရင်း နေ့စဉ်ဒုက္ခမျိုးစုံနဲ့ကြုံနေရတာထက်တောင် ဟုတ်နေသေးတာပဲ။ ဒုက္ခဆိုတာကလည်း အမျိုးမျိုးကိုး။ ရှူရှူးပေါက်ချင်တုန်း ပေါက်စရာနေရာ ရှာမရတာလည်း ဒုက္ခပဲ။ ၀မ်းချုပ်တာကလည်း ဒုက္ခတစ်မျိုးပဲ။ ပိုက်ဆံမရှိတာတို့ စားစရာမရှိတာတို့က ၀မ်းချုပ်တာလောက် ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘူး။ ဒုက္ခသည်စခန်းထဲမှာ ယောင်ယောင်ယောင်ယောင်လုပ်နေရင်းက တစ်နေ့တော့ လက်ထောက်နယ်မြေမှူးဆိုတာနဲ့ ဖသာထော်နဲ့ တိုးကရော။ သင်းက အင်္ဂလိပ်စာလေး၊ အင်္ဂလိပ်စကားလေး တတ်တယ်။ တတ်တယ်ဆိုပေတဲ့ သံတိုသံစရောင်းတဲ့ ကြက်တန်းက ကုလားကလေးတွေနီးပါး တတ်တယ်ပြောရမှာပဲ။ ဘာကြောင့်မှန်းတော့မသိဘူး၊ သူ့ကိုကြည့်ပြီး မင်းအင်္ဂလိပ်လိုပြောတတ်သလားလို့ မေးတယ်။ တတ်ပါသော်ကောဗျာ၊ ကိုလိုနီက နှစ်ပေါင်းနှစ်ရာကျော်လောက်အုပ်ချုပ်သွားတဲ့ အရပ်ကလာတာ။ ကျုပ်တို့ဆီက ဆိုက်ကားသမားတွေက ခင်ဗျားတို့ကျောင်းဆရာထက်တောင် သာသေးလို့ ပြောထည့်လိုက်ချင်တာ။ ထနားရင်းရိုက်မှာစိုးတာနဲ့ တတ်ပါတယ်ခင်ဗျားလို့ ရိုရိုသေသေနဲ့ ဖြေလိုက်ရတယ်။ သင်းက ဘာမှပြန်မပြောဘူး။ ပြန်ခါနီးတော့ မင်း ငါနဲ့လိုက်ခဲ့လို့ ပြောပြီး သူ့ကားပေါ် တင်ခေါ်သွားပါလေရော။ ဒုက္ခသည်စခန်းက ထွက်လာခါနီးတော့ စခန်းထဲက ကောင်တစ်ကောင်က ဖသာထော်ကို ကပ်ပြီးပြောသေးတယ်။ အင်္ဂလိပ်စာတတ်တယ်ဆိုလို့ ခင်ဗျားကို ဓားလျှိုပဲဆိုပြီး ဖျောင်ပစ်မယ်လို့ ခေါ်သွားတာပဲတဲ့။ ဒီလိုဆို ငါက ဂျိမ်းစ်ဘွန်းပေါ့လို့ သူက ပြန်နောက်လိုက်သေးတယ်။ ရှာကြံပြီး ကောင်းအောင်တွေးရတယ်။ မတွေးလို့ကလည်း မဖြစ်ဘူး၊ ဒုက္ခဆိုတာက အလိုလိုနေရင်း ပြုတ်ကျသွားတာမဟုတ်တော့ အတွေးဆိုတာက ရေးတေးတေးမျှော်လင့်ချက် တစ်မျိုးကိုး။ အင်္ဂလိပ်စာတတ်တိုင်း ဓားလျှိုလို့ အစွဲခံရရင်ဖြင့်၊ ဒီကမ္ဘာမှာ လူတွေ အတော်လျော့သွားတော့မှာပဲ။ ဒီဘက်ကမ်းကို ထွက်မပြေးခင်က သူတို့အရပ်က ကျောင်းဆရာဟောင်းကြီး ဦးမူနဲ့ လက်ဖက်ရည်ဆိုင်မှာ ၀ိုင်းထိုင် စကားပြောကြရင်း၊ ဦးမူကြီးက လမ်းပေါ်မှာဖြတ်လာတဲ့ အဖြူမကလေးနှစ်ယောက်ကို ကြည့်ပြီး မေးတယ်။ အဲဒါ ဘာလေးတွေလဲ မင်းတို့ သိသလားတဲ့။ ဘာလေးတွေမှန်းတော့ မသိဘူး။ စွပ်ကျယ်လက်ပြတ်အနက်ကို အထဲက ဘာမှခံပြီးဝတ်မထားတော့ လှုပ်စိလှုပ်စိကလေးတွေဖြစ်နေတာ တွေ့တာပဲလို့ ဖြေလိုက်တယ်။ ကမြင်းမသား၊ မင်းမှာ မတော်မလျော်ကြည့်တတ်တဲ့ အမြင်ပဲရှိတယ်လို့ ဦးမူကြီးက ငေါက်တယ်။ ပြီးမှ အဲဒါ ဓားလျှိုကလေးတွေပဲလို့ ပြောတယ်။ ဟုတ်ပါ့မလား ဆရာကြီးရာ၊ ကောင်မလေးတွေက စုတ်တိစုတ်ပြတ်ကလေးတွေနဲ့ပါ။ ရုပ်ရှင်ထဲမှာတွေ့ရတဲ့ ဓားလျှိုဆိုတာက ချောချောလှလှ၊ တောင့်တောင့်ဖြောင့်ဖြောင့်တွေ၊ အင်ဂျလီနာဂျိုလီလိုဟာမျိုးလို့ ဖြေတော့ အဲဒါက ရုပ်ရှင်ဟလို့ ဆရာကြီးက ပြန်ပြောတယ်။ ဒါကလေးတွေက အင် ဂျီ အို၊ ဆိုလို့ တစ်ယောက်က၀င်မေးတော့ အဲဒီထဲမှာ အဲဒါတွေပါလာတာပေါ့လို့ ဆရာကြီးက ပြောတယ်။ ကောင်မလေးတွေက နေကာမျက်မှန်တပ်ထားတာ ဘာလို့ထင်နေသလဲလို့ ဆရာကြီးကမေးတော့ နေပူလို့ပေါ့ဗျာလို့ တစ်ယောက်ကဖြေတယ်။ မဟုတ်ဘူးဟကောင်ရ၊ သူတို့မျက်လုံးတွေက ဘယ်ကိုကြည့်နေတယ်ဆိုတာ မမြင်စေချင်လို့။ မင်းတို့လို အငမ်းမရခေါင်းလှည့်ကြည့်တာမျိုး မလုပ်ကြဘူးလို့ ဆရာကြီးက ရှင်းပြတယ်။ အဲဒီတုန်းကများ အိမ်ပြန်ရောက်တာနဲ့ ခေါင်းမလှည့်ဘဲ မျက်လုံးက ဘယ်လိုကြည့်တယ်ဆိုတာ သိချင်လို့ ဖသာထော်တစ်ယောက် မှန်ထဲကြည့်ရင်း မျက်စေ့ကို အမျိုးမျိုးလုပ်ကြည့်တာ အိပ်ကာနီးတော့ မျက်လုံးတွေကိုက်လာလို့ နားသယ်စမှာ ပရုပ်ဆီသုတ် အိပ်လိုက်ရဖူးတယ်။ လက်ထောက်နယ်မြေမှူးက မြို့မှာနေတာ၊ နှစ်နာရီသာသာလောက် သွားရတယ်။ ဒီဘက်ကို ဖသာထော် တစ်ခါမှ မရောက်ဖူးဘူး။ လက်ထောက်နယ်မြေမှူးက သူတတ်တဲ့ အင်္ဂလိပ်လိုတစ်လုံးနဲ့ စမေးတယ်။ မင်း ဟိုဘက်ကမ်းမှာ ဘာလုပ်စားသလဲဆိုတော့ ကျူရှင်ဆရာလို့ပြောတော့ ကျူရှင်ဆိုတာက ဘာလဲတဲ့။ ဆရာဆိုတာတော့ ငါနားလည်တယ် ကျူရှင်ဆိုတာ နားမလည်ဘူးတဲ့။ ဒီတော့ ကျောင်းဆရာက ရိုးရိုးစာသင်တာ၊ ကျူရှင်ဆရာဆိုတာက အမှတ်ကောင်းကောင်းရအောင်၊ တက္ကသိုလ်ရောက်အောင် သင်ပေးနိုင်တဲ့လူလို့။ လက်ထောက်နယ်မြေမှူးက ၀ါးခနဲအော်ပြီး လက်ခုပ်တီးလိုက်တာ သူ့ကားမောင်းတဲ့ ရဲဘော်တောင် လန့်သွားပုံရတယ်။ ဒီတော့ ဖသာထော်လည်း သူ့ဘာသာ တွေးကြည့်ရတော့တာပဲ။ ဒုက္ခသည်စခန်းကအထွက်မှာ ဟိုအကြောင်းပြောလိုက်တာကဖြင့် ဖြစ်လောက်တယ်။ လက်ထောက်နယ်မြေမှူးစိတ်ထဲမှာ ဒီကောင်ဟာ ဓားလျှိုပဲ၊ သေချာပြီ၊ ကျူရှင်ဆရာဆိုတာ ငါတစ်ခါမှ မကြားဖူးဘူး၊ ကျောင်းဆရာ၊ ကျောင်းဆရာပေါ့၊ ဘာလို့ ကျူရှင်ဆရာရယ် ရှိရမှာတုံး။ သင်းကိုဖြင့် သေဒဏ်ကျလောက်တဲ့အထိ စွဲချက်တင်နိုင်ရင် ငါရာထူးတက်လောက်တယ်တို့။ ဘုရင်ကြီးကို နေရင်းထိုင်ရင်း စော်ကားတဲ့လူတွေ၊ ဟန်ကျပြီဟေ့၊ ခုတော့ လက်စားချေရကိန်းပေါ်ပြီလို့ တွေးရင်း လက်ညှိုးတစ်ထောင်ထောင်ဖြစ်နေပုံပဲ။ ကိုင်း ခုနေကာမှတော့ ငါ့အနေနဲ့ ဘာမှမတတ်နိုင်ဘူး။ င၀က်က ကျွန်ခံဆိုတာ ဒါမျိုးခေါ်တာဖြစ်မှာလို့တွေးရင်း ဖသာထော်က စိတ်လျှော့လိုက်တော့တယ်။ ဘာမှမလုပ်တာတောင် မတော်မလျော်တွေချည်း ဖြစ်နေတဲ့သူ့ဘ၀ကိုတော့ ဒီအတိုင်းပစ်ထားတာကတော့ ကောင်းပါပေရယ်။ အိမ်ရောက်တော့ အိမ်နောက်ဖေးက ကားဂိုထောင်အရိပ်ထဲမှာ စောင့်ခိုင်းထားတယ်။ သူတို့နေရတဲ့ ဒုက္ခသည်စခန်းထက်တော့ အများကြီးသာတယ်။ နောက်တော့ လက်ထောက်နယ်မြေမှူးကြီး အိမ်ထဲကထွက်လာပြီး သူ့ကို အင်္ဂလိပ်စာအုပ်တွေပြတယ်။ မင်း ဖတ်တတ်သလားလို့မေးတယ်။ ဒါတွေက ကလေးတွေကျောင်းမှာ ဖတ်တာပဲလို့ သူက ဖြေတော့ လက်ထောက်နယ်မြေမှူးက၊ ဟုတ်တယ် ငါ့သမီးစာအုပ်တွေ၊ မင်း ငါ့သမီးကို အင်္ဂလိပ်စာကောင်းကောင်းတတ်အောင် သင်ပေး။ စာမေးပွဲအောင်အောင်၊ တက္ကသိုလ်ဝင်လို့ရအောင် လုပ်ပေး၊ မင်းကို ဒီမှာနေခွင့်ကတ်ပြား ငါပေးမယ်လို့ ပြောတယ်။ အစီအစဉ်ကဖြင့် အတော်ကောင်းတာ။ ခုအတိုင်းဆိုရင်ဖြင့် သေဒဏ်အပေးခံရဖို့ မရှိလောက်ဘူး။ ဒါပေတဲ့ ရှင်းအောင်တော့ပြောထားဦးမှ။ မတော် ပြဿနာတက်လာရင် ဒုက္ခမရောက်အောင်လို့။ ဒုက္ခဆိုတာက သတိပြန်လည်ပြီး သူ့ဆီကို ပြန်ရောက်လာချင်လာဦးမှာလို့ တွေးမိလိုက်တယ်။ အင်္ဂလိပ်စာတတ်အောင် ကျွန်တော် သင်ပေးနိုင်ပါတယ်။ စာမေးပွဲအောင်တာ၊ တက္ကသိုလ်ရောက်တာအတွက်တော့ ခင်ဗျားသမီးက ကြိုးစားရလိမ့်မယ်လို့ ဖသာထော်က ပြောလိုက်တာ့၊ လက်ထောက်နယ်မြေမှူးက ခေါင်းညိတ်တယ်။ နောက်တော့ သူ့သမီးကလေးကိုလှမ်းခေါ်ပြီး တတ်သမျှမှတ်သမျှ အင်္ဂလိပ်စကားပြောခိုင်းတယ်။ အဲဒီလိုနဲ့ ဖသာထော်ဟာ လက်ထောက်နယ်မြေမှူးအိမ်မှာ မင်းဆရာ ဖြစ်မှန်းမသိဖြစ်လာတော့တာပဲ။ ကားဂိုဒေါင်ဘေးဆီက တန်းလျားမှာ ရဲဘော်ကလေးတစ်ယောက်နဲ့အတူ အခန်းတစ်ခန်းမှာနေရတယ်။ ဖသာထော်က နေတတ်တယ်။ ဖင်ပေါ့ပေါ့နဲ့ ၀ိုင်းလုပ်ကိုင်ပေးတော့ အားလုံးနဲ့အဆင်ပြေတယ်။ ဒီကြားထဲ မဒမ်ရဲ့ခွေးနှစ်ကောင်ကို လမ်းလျှောက်ပေးရေချိုးပေး လုပ်လိုက်သေးတယ်။ မဒမ်ကဖတ်ခိုင်းရင် အင်္ဂလိပ်မဂ္ဂဇင်းတွေထဲက ဖက်ရှင်တွေ ဖတ်ပြရသေးတယ်။ မယားငယ်မှ ပထမမယားငယ်၊ ဒုတိယမယားငယ်ရယ်လို့ ရှိသေး။ ဒီလိုနဲ့ လက်ထောက်နယ်မြေမှူးအိမ်မှာ နှစ်နှစ်ခွဲသုံးနှစ်လောက် ကြာသွားတယ်။ ဒီမှာနေခွင့်ကတ်ကတော့ သုံးလလောက်ကတည်းက ရတယ်။ ကောင်မလေးက အတန်းထဲမှာ အင်္ဂလိပ်စာ ပထမရလို့ ဆိုသလားပဲ။ ဖသာထော်ကတော့ ပျော်လှချည့်မဟုတ်ဘူး။ မပျော်ပေတဲ့လည်း ဒုက္ခသည်စခန်းမှာ ဘုမသိဘမသိနဲ့ ဒုက္ခသည်ဖြစ်နေရတာနဲ့စာရင် ဘုသိဘသိနဲ့ ဒုက္ခဖြစ်ရတာက ပိုဟန်ကျတယ်။ သိပ်ပူစရာမရှိဘူး။ တစ်နေ့တော့၊ မယားငယ်တစ်ယောက်အိမ်ကအပြန်၊ ကားပေါ်မှာ လက်ထောက်နယ်မြေမှူးကြီး ပြုံးပြုံးရွှင်ရွှင်ဖြစ်နေတုန်း စကားစကြည့်လိုက်မိတယ်။ တောင်ရိုးပေါ်က အိမ်ကလေးမှာ လူစောင့်ရှိသလားဘော့စ်လို့ မေးတော့၊ မရှိဘူး မင်းနေချင်သလားလို့ မေးတယ်။ ဟုတ်ကဲ့လိုက်တယ်။ တောင်ရိုးပေါ်က အိမ်ကလေးကို လက်ထောက်နယ်မြေမှူးကြီးက မယားငယ်စာရင်းမ၀င်တဲ့ မယားငယ်ပဲခေါ်ရမလား၊ ဘာရယ်လို့ခေါ်ရမှန်း မသိတာကလေးတွေ ခေါ်သွားတတ်တယ်။ သွားရင် သူ့ကားမောင်းသမားနဲ့ ဖသာထော်ပဲ လိုက်ကြရတယ်။ အဲဒီအိမ်က အစိုးရအိမ်၊ နေတဲ့လူ ရှိပုံမရဘူး။ ဘာရည်ရွယ်ချက်နဲ့ဆောက်ထားမှန်း မသိဘူး။ အိမ်ခန်းတွေ အများကြီး၊ ၀ရံတာ အကျယ်ကြီး။ တစ်ခါက နယ်မြေမှူးကြီးပါ ကောင်မလေးတစ်သိုက်နဲ့ လာဖူးတယ်။ များသောအားဖြင့် အိမ်ကလေးက သော့ခတ်ထားတာပဲ။ လက်ထောက်နယ်မြေမှူးကြီးက သူ့ဘာသာပဲ မြူးနေလို့လားမသိဘူး၊ ဖသာထော်ကိုပြောတယ်။ ဒီလိုလုပ်၊ ဒီမှာ မင်းကို တရားဝင်အိမ်စောင့် လုပ်ပေးမယ်။ အဲဒီလိုလုပ်လိုက်ရင် မင်းအတွက် တရားဝင် လခတောင် ရဦးမယ်။ ငါလည်း မင်းကို ကျွေးမွေးထားစရာ မလိုတော့ဘူး။ အစိုးရ၀န်ထမ်းဖြစ်သွားရင် မင်းကို ဘယ်သူမှ ဘာမှမလုပ်နိုင်တော့ဘူးတဲ့။ ဖသာထော်မှာ ရွေးချယ်နေစရာ မရှိဘူး။ ဒါက သခင်အားရ ကျွန်ဝမ်းဝ စီမံကိန်းပဲ။ ဒီတော့လည်း ခေါင်းခါနေစရာ နားရွက်လှုပ်ပြနေစရာ မလိုတော့ဘူး။ တချို့အခြေအနေတွေမှာ ရွေးချယ်စရာမရှိတာကိုက ရွေးချယ်ခြင်းပဲ၊ လွတ်လပ်ခြင်းပဲ။ ဖသာထော်အဖို့ကတော့ ဘ၀မှာ ရွေးချယ်စရာမရှိလို့ ရွေးချယ်လိုက်ရတာချည်းပဲ။ ဒီတော့လည်း တစ်နည်းအားဖြင့် လွတ်လပ်နေတာပဲ။ တကယ်တော့ ဒီဟာက ဟိုဟာက လိုအပ်မှုတစ်ခုပဲ။ လိုအပ်မှုတစ်ခုဆိုတာကို သိလို့ တန်ဖိုးထားတတ်ရင် လွတ်လပ်တာပဲ။ ဒီလိုနဲ့ ဖသာထော်ဟာ တောင်ရိုးပေါ်မှာ၊ အစိုးရဆောက်ထားတဲ့ အိမ်ကလေးမှာ တရားဝင်အိမ်စောင့်ဖြစ်လာတာဟာ သူကိုယ်တိုင်က ရေရေရာရာမသိတဲ့ လွတ်လပ်ခြင်းရဲ့ အသီးအပွင့်တွေကို အလိုလိုခံစားလာရတာလို့ ပြောရတော့မှာ။ အရင်ကတော့ လက်ထောက်နယ်မြေမှူးကြီးနဲ့ ကောင်မလေးတွေလာတဲ့ ရက်လောက်ပဲ ဖသာထော်မှာ အလုပ်ရှုပ်ရတယ်လို့ ပြောရမှာပဲ။ အလုပ်ရှုပ်လည်း တစ်ရက်နှစ်ရက်ပဲ။ မကြာခင်ကတော့ မြို့တော်ကြီးက လွှတ်လိုက်တဲ့ ထောင်ကဲတစ်သိုက်ရောက်လာတယ်။ ဘာလာလုပ်မှန်းတော့ သူလည်း တွက်ကြည့်လို့မရဘူး။ သူ့အဖို့ကတော့ သင်းတို့ကို ထောင်ကဲလို့ပဲမြင်တာ။ သူတို့အထဲက အင်္ဂလိပ်လိုပြောနိုင်တဲ့တစ်ယောက်က သူ့ကိုပြောတယ်။ ထောင်ကဲဆိုတာ ချမ်းသာမှာတဲ့။ ငါတို့က မချမ်းသာဘူးတဲ့။ သူ့ကိုတော့ ဟိုဘက်ကမ်းကမှန်းသိသွားတော့ “မင်တရင်းလို့ ခေါ်ကြတယ်။ အင်္ဂလိပ်လိုတတ်တဲ့ငနဲက ပြောတယ်။ မင်းတို့ မင်တရင်တွေဟာ တော်တယ်၊ ကြိုးစားတယ်။ ဒီဘက်ကကောင်တွေက ပျင်းတယ်တဲ့။ ဒီတော့ ဖသာထော်က ပျင်းတာဟာ ရာဇ၀တ်မှုကျူးလွန်တာမှ မဟုတ်ဘဲ။ သူတို့ဘာသာပျင်းနေတာဟာ ဘယ်သူ့ကိုမျှ ဒုက္ခပေးတာမှမဟုတ်ဘဲလို့ ပြန်ပြောလိုက်တယ်။ ထောင်ကဲက ရယ်တယ်။ ရယ်သမှ မျက်ရည်ထွက်အောင်ရယ်ပြီး မင်းအားသလားလို့ မေးတယ်။ ကျုပ်မှာ ဘာလုပ်စရာရှိတာမှတ်လို့။ ထွက်မပြေးနိုင်တဲ့ အိမ်ကို စောင့်ကြည့်နေရတာကလွဲလို့တော့ အားပါ့လို့ဖြေလိုက်တော့ ထောင်ကဲက ၀ရံတာပေါ် ခုံတစ်လုံးကို လက်ညိုးနဲ့ထိုးပြပြီး ခဏနေဦးလို့ သူ့ကို ပြောတယ်။ ပြီးတော့ သူယူလာတဲ့ ၀ီစကီပုလင်းကို သွားယူလာပြီး ဖသာထော်ကို ဖန်ခွက်ယူခိုင်းတယ်။ တခြားထောင်ကဲနှစ်ယောက်ကလှမ်းမေးတော့၊ သူတို့စကားနဲ့ ဘာပြန်ပြောရမှန်း မသိဘူး။ လက်ခုပ်လက်ဝါးတီးပြီး ရယ်ကြပြန်တယ်။ နောက်တော့သူတို့ပါ သူတို့ခွက်တွေယူလာပြီး ဖသာထော်တို့နဲ့ သောက်ကြတယ်။ သောက်ရင်း အင်္ဂလိပ်လိုတတ်တဲ့ထောင်ကဲက တခြားထောင်ကဲပြောတဲ့စကားကို ဘာသာပြန်ပြတယ်။ မင်းက ပညာရှိ။ ပျင်းတာဟာ အပြစ်မရှိဘူးလို့ ရှေးတုန်းက ပညာရှိကြီးတွေက ပြောဖူးသတဲ့။ ဒါကြောင့် မင်းလည်း ပညာရှိကြီးတွေလို တောထဲတောင်ထဲမှာနေတာတဲ့။ ဒီတော့လည်း ဖသာထော်အဖို့ ဟီးဟီးဟားဟားပြန်လုပ်ရုံပဲ ရှိတော့တယ်။ ငါ့မှာတော့ ဒီမှာနေရင်တောင် နေစရာမရှိဘဲလို့ ပြန်ပြောလိုက်ရင် အလိုလိုနေရင်း ပညာရှိရယ်လို့ သိက္ခာအတင်ခံထားရတာလေးက နေရင်းထိုင်ရင်းပြုတ်ကျသွားဦးမှာကလည်း စိုးသေးတာကိုး။ မကြာခင်ကလည်း ငတိတစ်သိုက် ပြန်ရောက်လာပြန်တယ်။ ဘာတွေမှန်းတော့မသိဘူး။ နယ်မြေမှူးကြီးတို့၊ မြို့တော်ကြီးတို့က လူတွေ ပါလာကြတယ်။ မလာခင်ကတည်းကိုက ချက်ပြုတ်ဖို့ အဖွားကြီးနှစ်ယောက်နဲ့ ရိက္ခာတွေပို့ထားကြတယ်။ အဖွားကြီးတစ်ယောက်ကတော့ မြောက်ဖက်ဆီက တကူးတကခေါ်လာကြတာတဲ့။ သူကတော့ သင်းတို့နဲ့ ရင်းနှီးပုံရတယ်။ ဖသာထော်ကမေးစမ်းကြည့်တော့ အဖွားကြီးက ဒီလူတွေဟာ လူကောင်းတွေပါလို့ ပြန်ပြောတယ်။ ဘယ်လိုလူကောင်းတွေလဲဆိုတော့ အဖွားကြီးက ပြောတယ်၊ ငါ့ကို ဒုက္ခမပေးဘူး၊ ဘယ်သူ့ကိုမှ ဒုက္ခပေးပုံမရဘူး၊ ဒီတော့ လူကောင်းတွေပေါ့တဲ့။ ခင်ဗျားကို ဘာဒုက္ခပေးရမှာတဲ့တုံး၊ ခင်ဗျားက ထမင်းချက်တဲ့လူပဲလို့ ပြန်ပြောထည့်လိုက်ဦးမယ်လို့ပဲ။ ထမင်းချက်တဲ့လူဆိုတာက စိတ်ကွက်သွားရင် မကောင်းဘူး။ သူတို့နဲ့ တည့်မှ။ တည့်ရင် ဦးဦးဖျားဖျားမစားရပေသည့် အကျန်ကောင်းကောင်းတော့ စားရတယ်။ အကျန်ကောင်းကောင်းစားရတာက ဘာမှမစားရတာထက်တော့ ကောင်းနေသေးတာပဲကိုး။ အဲဒီငတိတွေရောက်လာပြီး လာပို့တဲ့ လူကြီးတွေ ပြန်ကာနီးတော့ ယူနီဖောင်းဝတ်အရာရှိကြီးတစ်ယောက်က ပစ္စတိုတွေ ထုတ်ပေးတယ်။ သူတို့အထဲကတစ်ယောက်က လက်ခံယူတယ်။ ဖသာထော်ကလည်း အနီးအနားမှာဆိုတော့ အသေအချာ တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ နောက်တော့ အဖွားကြီးကိုပြောပြရင်း ခင်ဗျားပြောတော့ လူကောင်းတွေဆို၊ လူကောင်းတွေဆိုရင် သေနတ်တွေက ဘာလုပ်ဖို့တုံးလို့။ အဖွားကြီးကတော့ ရယ်တယ်။ လူကောင်းသူကောင်းဆို သေနတ်မကိုင်ရဘူးလို့ နင့်ကို တစ်ယောက်ယောက်ကပြောဖူးသလားလို့ ပြန်မေးတယ်။ အေး ဒါလည်းဟုတ်တော့ဟုတ်တာပဲ။ ဖသာထော် တွေးလို့ရတဲ့အတွေးထဲမှာ သေနတ်ကိုင်တာဟာ လူကောင်းရယ်လို့ တစ်ခါမှ မပါဖူးဘူး။ ဟိုဘက်ကမ်းမှာ နေခဲ့စဉ်တုန်းကတော့ ခွေးလည်ပင်းမှာ ခြောက်လုံးပြူးဆွဲပေးလိုက်ဦး၊ အဲဒီခွေးကိုတောင် ကြောက်နေခဲ့ရတာကို။ သူတို့ဟာသူတို့ သေနတ်ကိုင်တာ နင့်ကို ဘာလုပ်တာမှတ်လို့။ အဖွားကြီးက ကြိမ်းသေးတာ။ ဒါလည်း ဟုတ်တုတ်တုတ်ရယ်။ ပြီးတော့ ပြောသေးတယ်။ သေနတ်တွေလက်ခံတဲ့ အဲဒီ ကလန့်ကလားနဲ့အကောင်ဟာ နင့်လိုပဲ။ အနောက်ဘက်ကမ်းက အဖြူကလန့်ကလားကောင်နဲ့ အညိုကလန့်ကလားကောင်က လူကြီးတွေတဲ့။ ဖသာထော်အနေနဲ့တော့ တွေးကြည့်လို့မရဘူး။ အဲဒီငတိတစ်သိုက်က လူမျိုးစုံဆိုတာတော့ သိတယ်။ အဖြူကောင်၊ အညိုကောင်၊ အ၀ါကောင် အမျိုးစုံပဲ။ နောက်တော့ အဖွားကြီးက သူ့ကိုခေါ်ပြီး မိတ်ဆက်ပေးတယ်။ အဲဒီငတိက သူ့ကို အနောက်ဘက်ကမ်းက လူတွေပြောတဲ့ ဘာသာစကားနဲ့ပြောတယ်။ အဖွားကြီးက တာလပေါ့ချက်တာ သိပ်ကောင်းတယ်တဲ့။ သောက်ကျိုးနည်း။ တာလပေါ့ချက်ဖို့ ဟိုးမြောက်ဖက်ကနေ လေယာဉ်ပျံနဲ့တင်ပြီး ဒီကိုခေါ်လာရသလားတဲ့။ ပြောတော့ ပြောထည့်လိုက်မယ်လို့ပဲ၊ မပြောဖြစ်ပါဘူး။ ဖသာထော်ဆီမှာ မပြောဖြစ်လိုက်တာတွေက အပုံချည်းမို့၊ အဲဒီအပုံချည်းထဲမှာပဲ မပြောဖြစ်တာနောက်တစ်ခုကို အသာပစ်ချလိုက်ရတယ်။ ဖသာထော်ကတော့ သူတို့အတွက်လာပို့ထားတဲ့ ၀ီစကီသေတ္တာတွေ၊ မဲခေါင်ရမ်တို့၊ စယ်မ်စွန်းဝီစကီတို့တွေကို မျက်စေ့ကျနေတာ။ ဟိုင်နကင်တို့၊ ချိုင်းတို့ဆိုတဲ့ ဘီယာတွေကတော့ ရေခဲစက်တစ်ခုနဲ့ အပြည့်ပဲ။ သင်းတို့က ၀င်တစ်လုံး ထွက်တစ်လုံးလောက်ပဲ သောက်ကြတယ်။ ၀ီစကီတို့ ရမ်တို့ မသောက်ကြဘူး။ သုံးလေးရက်ကြာလာတော့ သင်းတို့တတွေဟာ ထောင်ကဲတွေလောက်မှ မနိပ်ပါလား၊ အရက်မသောက်တတ်တဲ့ လူကောင်းသူကောင်းတွေများလားလို့ တွေးပြီး ပူတောင်လာလိုက်မိတယ်။ အဖွားကြီးတွေကိုမေးကြည့်တော့ သင်းတို့မှာ အလုပ်ရှိနေသေးပုံ ရသတဲ့၊ မပြောတတ်ဘူး။ သုံးလေးရက်အတွင်းမှာတော့ ဒီငတိတစ်သိုက်ဟာ စားပွဲပေါ်မှာ မြေပုံတွေဖြန့်ကြည့်လိုက်၊ သူတို့လက်ပတော့တွေ ကြည့်လိုက်နဲ့။ နောက်တော့ နောက်ဘက်ထဲကတောင်ရိုးဆီကို ကျောပိုးအိတ်ကိုယ်စီလွယ်ပြီး တက်သွားကြတာ များတာပဲ။ တစ်ခါတလေ ညအိပ်ညနေ ပျောက်သွားကြရော။ ဘယ်သူ့ကိုမှ ဘာမျှမပြောဘူး။ အဖွားကြီးတွေလည်း ချက်ပြုတ်ပြီး တမျှော်မျှော်နဲ့။ ဖသာထော်စိတ်ထဲမှာတော့ အမဲလိုက်သွားကြပုံပဲလို့ တွေးကြည့်မိတယ်။ အမဲလိုက်ရအောင်ကလည်း သင်းတို့မှာ ပစ္စတိုပဲ ပါတာ။ တစ်ပတ်ကြာသွားတော့ ဖသာထော်နဲ့ အတော်လုံးလာတယ်။ ဖသာထော်လည်း အင်္ဂလိပ်လိုပြောနိုင်တော့ အတော်ဟန်ကျတယ်။ တစ်နေ့တော့၊ အဲဒီငတိတစ်သိုက် ဘယ်မှမသွားကြဘူး။ မနက်စာစားပြီး ကိုးနာရီသာသာလောက်၊ ၀ရံတာပေါ်မှာ သူတို့ဘာသာစကားပြောနေကြရင်း ဖသာထော်ကိုလှမ်းပြီးတွေ့တာနဲ့ ဖန်ခွက်သွားယူချေဦးလို့ ခိုင်းတယ်။ အဲဒီတော့ ကလန်ကလားကောင်က မေးတယ်။ မင်း ၀ီစကီသောက်တတ်လားလို့ မေးတယ်။ ပြောဆိုကောင်းရုံလောက်တော့ သောက်တတ်ပါတယ်လို့ သူကဖြေတော့ အဲဒီငတိက ကြိုက်ပုံမရဘူး။ ၀ီစကီသောက်တယ် ဆိုတာက ပြောဆိုကောင်းချင်လို့၊ ပျော်ချင်လို့သောက်တာမဟုတ်ဘူး။ ထိန်းချုပ်ထားရတဲ့ ဆင်ခြင်တုံတရားကို ဖွင့်လှစ်ပေးခြင်းပဲလို့ ပြောတယ်။ ဖသာထော်စိတ်ထဲမှာတော့ အရက်သောက်တာပဲ ဘာလို့ဒီလောက် ကြီးကြီးကျယ်ကျယ် ဆင်ခြေပေးနေရမှာတဲ့တုံး။ ပျော်ချင်လို့မဟုတ်လည်း ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့လို့ သူ့ဘာသာပြောမိတယ်။ ၀ီစကီသေတ္တာတွေ လာချကတည်းက မျှော်တလင့်လင့်ဖြစ်နေခဲ့တာမို့ ဖသာထော်က အသာဆောရီးလုပ်လိုက်ရတယ်။ ၀ီစကီတစ်ပုလင်းကိုဖွင့် ဖန်ခွက်ရှစ်လုံးထဲကိုမျှထည့်ပြီး ချီးယားလုပ်ပြီး သောက်လိုက်ကြရော။ ရှာရဘာတ်ရည်သောက်နေကြသလိုပဲ။ ဖသာထော်ပဲ နှစ်ခါလောက်နဲ့ကုန်အောင် အတော်ကြိုးစားပြီး မြိုရတာ။ ဒါတောင် ၀ီစကီကောင်းပေလို့။ သူလည်း ငတ်ပြတ်နေလို့။ နောက်တစ်ပုလင်းဖွင့်တော့ အဖွားကြီးတွေဆီက အမြည်းရောက်လာတယ်။ ငါပြောပါသော်ကော၊ အလုပ်မပြီးသေးလို့ဆိုတာ။ ခုတော့ ပြီးသွားကြပုံပဲ။ သတိထားသောက်လို့ အဖွားကြီးတစ်ယောက်က သူ့ကို ခပ်တိုးတိုးငေါက်သွားတယ်။ သတိထားတော့ သောက်တာပဲ။ ဖသာထော် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖွားကြီးတစ်ယောက်က သူ့ကို ပြုံးဖြီးဖြီးနဲ့ ရယ်နေတာ တွေ့ရတယ်။ သူကတော့ ၀ရံတာပေါ်က ၀ါးပက်လက်ကုလားထိုင်ပေါ်မှာ၊ ကျန်တဲ့ ကုလားထိုင်တွေမှာတော့ လူမရှိဘူး။ မြစ်ဖက်ဆီက နေရောင်တက်လာတာ တွေ့ရတယ်။ နေ၀င်တာတော့ မဟုတ်နိုင်ဘူး။ မနေ့ညက မိုးချုပ်သွားတာ သူသတိရနေသေးတယ်။ ဟိုကောင်တွေ မြစ်ထဲသွားရေကူးကြတယ်။ နင်လည်းသွားတော့။ ပြီးတော့ မနက်စာစားလို့ အဖွားကြီးက သူ့ကိုပြောတယ်။ ဘယ်အချိန်ရှိပြီလဲလို့ သူက မေးတော့ ရှစ်နာရီထိုးတော့မှာလို့ အဖွားကြီးက ပြောပြန်တယ်။ ဖသာထော်လည်း သူ့အခန်းထဲက မျက်နှာသုတ်ပုဝါသွားယူပြီး အိမ်ကလေးဆီကဆင်းတော့မယ်အလုပ်မှာ အဖွားကြီးက ငါပြောတယ်မဟုတ်လား၊ ဒီကောင်တွေနဲ့ ယှဉ်မသောက်နဲ့လို့ လှမ်းပြောတယ်။ ဖသာထော်ကတော့ ခေါင်းပဲခါလိုက်ရင်း အဖွားကြီးကို ပြုံးပြလိုက်မိတယ်။ ဘာလို့ခေါင်းခါတယ်ဆိုတာတော့ သူ့ဘာသာစဉ်းစားတောင်မကြည့်မိဘူး။ မြစ်စပ်ကိုရောက်တော့ ဟိုငတိတစ်သိုက် မြစ်ကမ်းပါးမှာ။ တချို့ကတော့ တုံးလုံးပက်လက်၊ တစ်ချို့ကတော့ ကလေးတွေနဲ့ ဘောလုံးကန်နေကြတယ်။ ဖသာထော်ဆင်းလာတာတွေ့တော့ အားလုံးကထပြီး လက်ခုပ်တီးကြတယ်။ ဘာလို့တီးကြမှန်းတော့မသိဘူး။ ဒါပေတဲ့ သူ့ဘ၀မှာ ဘယ်သူကမှ သူ့ကို လက်ခုပ်တီးတာ မခံရဖူးဘူး။ ဟုတ်ဟုတ်မဟုတ်ဟုတ် လက်ခုပ်အတီးခံရတာတော့ အကောင်းသားလို့ တွေးမိတယ်။ ရှက်များတောင်ရှက်သလို ဖြစ်မိတယ်။ နေစမ်းပါဦး၊ ငါ့မှာ ဘာရှက်စရာများရှိလို့တုံးလို့ တွေးကြည့်လိုက်တော့မှ နေသာသွားတယ်။ နေသာဆို၊ ဖသာထော်ဘ၀မှာ အရှက်ဆိုတာ မကြားဖူးသလောက်တောင် ရှိခဲ့ပြီပဲ။ သူများအရပ်၊ ကိုယ့်အရပ်လုပ်နေရမှတော့ ရှက်စရာဆိုတာက ရှိနိုင်ပါဦးမယ်တဲ့လား။ ကိုယ့်အရပ်မှာ ဒုက္ခရောက်မှာဆိုလို့ သူများအရပ်ကိုပြေးလာတာ၊ သူများအရပ်မှာ ဒုက္ခဆိုတာ ဘာမှန်းမသိလောက်အောင်ကြုံခဲ့ပြီမို့ ဒုက္ခတွေနဲ့အတူ သြတ္တပ္ပစိတ်ဆိုတာ ပျောက်ဆုံးခဲ့တာ ကြာပေါ့။ မြစ်ထဲမှာ အညောင်းပြေရုံကူးပြီး တက်လာတော့၊ ဟိုငတိတွေနားဆီ သွားထိုင်တယ်။ အားလုံးလိုလိုက မင်း အိုကေရဲ့လားလို့ မေးကြတယ်။ နောက်တော့ တစ်ယောက်ကပြောတယ်၊ မနက်ဖြန် ငါတို့ ခရီးဆက်ကြဦးမယ်တဲ့။ ဖသာထော်စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ၀မ်းနည်းတာတော့လည်း မဟုတ်ဘူး။ ဒီလူတစ်သိုက်ဟာ ဖသာထော်ရဲ့ ရှိနေခြင်းကို အသိအမှတ်ပြုထားတဲ့လူတွေ။ ဖသာထော်ဟာ ဒီလူတစ်သိုက်နဲ့ တစ်သားတည်း။ တစ်စိမ်းတွေ မဟုတ်ကြဘူး။ ထောင်ကဲတွေ လာစနေတုန်းက “ငါရယ်” “သူတို့ရယ်” ဆိုတဲ့ ပိုင်းခြားမှုက သူ့စိတ်ထဲမှာ ပေါ်နေတတ်တယ်။ သူတို့ရောက်လာကတည်းက ဖသာထော်စိတ်ထဲမှာ ကျေနပ်မှုတစ်ခု ရသလိုပဲ။ သူတို့ကလည်း သူတို့ဘာသာသူတို့ လုပ်စရာရှိတာကို လုပ်နေကြပေတဲ့ ဖသာထော်ရဲ့ရှိနေခြင်းကို အသိအမှတ်ပြုထားကြတယ်။ သူ့ရဲ့ “ငါ” ဟာ သူတို့တတွေရဲ့ “ငါတွေ” နဲ့အတူတူလိုဖြစ်သွားတယ်။ ဖသာထော်က နေရင်းထိုင်ရင်း အားရှိနေသလိုပဲ။ ခုတော့ အားလျော့သွားတယ်။ သူ့ရဲ့ ရှိနေခြင်းဟာ သူ့ထဲမှာပဲ တဖြည်းဖြည်း မှိန်စပြုလာသလိုပဲ။ အဲဒီတုန်း၊ ကလန့်ကလား ငတိနှစ်ယောက်လည်း ရေထဲက တက်လာကြတယ်။ တစ်ယောက်က မေးတယ်။ ဟိုနားဆီမှာ ပုဇွန်ဆိတ်ကလေးတွေ သဲ့နေတာ တွေ့ခဲ့တယ်၊ ၀ယ်လို့ရမလားတဲ့။ ရတာပေါ့ဗျာ၊ ဘာလုပ်မလို့တုံးလို့ မေးလိုက်တော့၊ ကြော်စားရတာပေါ့၊ အရက်နဲ့မြည်းရတာပေါ့တဲ့၊ တစ်ယောက်က၀င်ပြောတယ်။ ရသမျှ ၀ယ်ခဲ့ကွာတဲ့။ ခဏကြာရင် တော်တော်များများ ရလာလိမ့်မယ်။ အဲဒီကျရင် ၀ယ်မယ်လို့ ဖသာထော်က ပြန်ပြောတယ်။ နောက်တော့ အားလုံး တောပြောတောင်ပြော ပြောနေကြတော့တယ်။ ရုတ်တရက်သူ့ကို အနောက်ဖက်ကမ်းကလာတဲ့ ငတိက ဖြတ်မေးတယ်။ ဖသာထော်၊ ပုဇွန်ဆိတ်နဲ့ လူနဲ့ ဘာကွာတယ်ထင်သလဲတဲ့။ ဖသာထော် အတော်စဉ်းစားကြည့်ရတယ်။ နောက်တော့ ပုဇွန်ခေါင်းထဲမှာ ချေးပဲရှိတယ်ဆိုတာကို သတိရလိုက်မိလို့၊ ဦးနှောက်မရှိဘူးထင်တယ်လို့ ဖြေလိုက်တယ်။ ဒီတော့ ကလန်ကလားငတိက ခေါင်းညိတ်တယ်။ သူ့ဘာသာမြစ်ဖက်ကြည့်နေရင်း တစ်ခါတလေတော့ ဦးနှောက်မရှိတာက ခပ်ကောင်းကောင်းရယ်ကွလို့ ပြောတယ်။ သူက မေးမယ်လို့လုပ်တုန်း သူ့ဘာသာဆက်ပြောနေပြန်တယ်။ ဦးနှောက်မရှိတော့ သိစရာမလိုတာတွေရော၊ သိစရာလိုတာရော မရှိတော့ဘူး။ လူရဲ့အဓိကပြဿနာက သိစရာမလိုတာတွေ သိနေရတာပဲလို့ ပြောပြီး သူ့ကိုလှည့်ကြည့်ရင်း မဟုတ်ဘူးလားဖသာထော်လို့ မေးလိုက်တယ်။ ဟုတ်ပါတယ်ဆရာသမားလို့ ချက်ချင်းလိုပဲ ဖသာထော်က ဖြေလိုက်ပြီးကာမှ ငါ့မှာ သိစရာမလိုတာတွေ၊ သိထားတာများရှိသလားလို့ ဆက်တွေးကြည့်နေလိုက်မိတယ်။ သိစရာမလိုတာတွေဆိုတာက ဘာတွေများပါလိမ့်ဆိုတာ ဖသာထော်ခေါင်းထဲမှာ ကဆုတ်ပေါက်နေကြတယ်။ မြစ်ကပြန်သွားပြီး အိမ်ကလေးဆီကိုရောက်သွားတာနဲ့ ငတိတွေက ပုလင်းဖောက်ကြတော့တာပဲ။ ဖသာထော်ကတော့ သူဝယ်လာတဲ့ ပုဇွန်ဆိတ်ကလေးတွေကို အဖွားကြီးတွေလက်ထဲအပ်ပြီး ရေ၀၀သောက်ထားလိုက်ရတယ်။ အဖွားကြီးတွေတောင် သူက နောက်လိုက်သေးတယ်။ ခင်ဗျားသိလား ပုဇွန်ဆိတ်မှာ ဦးနှောက်မရှိဘူးဆိုတာလို့။ အဖွားကြီးကတော့ ပြောတယ်။ အေး နင်ပြောကာမှပဲ ငါလည်းသိတယ်တဲ့။ သိပ်မကြာဘူး သူ့ကိုခေါ်သံ ကြားလိုက်ရတော့တာပဲ။ ဒီတစ်ချီတော့ သူ့ကိုမတိုက်သေးခင် အရက်သောက်နည်းနိဿရည်းကို သူ့ကို ပေးကြသေးတယ်။ အရက်သောက်တာ၊ စာဖတ်တာဟာ ဘယ်သူ့ကိုမှ ဒုက္ခပေးတဲ့အလုပ်မဟုတ်ဘူး။ တစ်ယောက်တည်းအရက်သောက်ရင်း စာဖတ်ပေးရတယ်။ ဖတ်စရာမရှိရင် အတွေးနဲ့ ကိုယ့်ဘာသာရေးပြီး ပြန်ဖတ်ရတယ်။ အတွေးတိုင်းဟာ ဆင်ခြင်တုံတရားရဲ့ အစပဲ။ အရက်သောက်ထားတဲ့အခါ ဆင်ခြင်တုံတရားက မှားနိုင်တယ်။ မှားနိုင်ဖို့အတွက် တံခါးဖွင့်ပေးလိုက်တဲ့သဘောပဲ။ ဖွင့်ထားတဲ့တံခါးကနေ ထွက်သွားလိုက်၊ ၀င်လာလိုက်လုပ်ကြည့်နိုင်တယ်။ မူးလာလို့မှားတဲ့ အတွေးဟာ၊ မမူးဘဲမှားတတ်တဲ့ အတွေးနဲ့ ဘယ်လောက်ကွာသလဲဆိုတာ သတိထားကြည့်ရသတဲ့။ ဆင်ခြင်တုံတရားအခြေခံနဲ့ အရက်သောက်ရင် အရက်လည်းနာမည်မပျက်ဘူး၊ ကိုယ့်အတွက်လည်း အကျိုးမယုတ်ဘူးဆိုပဲ။ ဒီတော့ အရက်သောက်တဲ့အခါ တွေးစရာ၊ ဆင်ခြင်ကြည့်စရာ ရှာထားရတယ်တဲ့။ သူတို့အဖို့တော့ ဟုတ်လောက်တယ်။ ဖသာထော်အဖို့ကတော့ ဘာနည်းနဲ့သောက်သောက် မူးတာချည်းပဲ။ သူတို့မှာက အချိန်ဆိုတာက သိပ်အရေးကြီးပုံမရဘူး။ သောက်တည်ဆို မိုးလင်းကတည်းကသောက်လည်း ရတာပဲ။ မသောက်ဘူးဆိုလည်း မသောက်ဘဲနေနေကြတာ သူ့မျက်စေ့ရှေ့တင်ပဲ။ နေ၀င်တာနေထွက်တာဟာ သူတို့နဲ့ မဆိုင်သလိုပဲ။ ဖသာထော်အတွက်တော့ ဒီလိုမှမဟုတ်ပဲ။ ဒီနေ့လည်း မနေ့ကလိုပဲ၊ ထားလိုက်ပါတော့။ နောက်တစ်နေ့မနက် အဖွားကြီးတစ်ယောက်လာနှိုးမှပဲ သူလည်းနိုးတော့တယ်။ ဒီတစ်ချီတော့ အဖွားကြီးက မေးတယ်။ နင်နဲ့ ပုဇွန်ဆိတ်နဲ့ ဘာကွာသလဲသိလားတဲ့။ သူက ခေါင်းပဲညိတ်ပြနိုင်တယ်။ အဖွားကြီးလည်း ထွက်သွားတော့တယ်။ ဟိုငတိတစ်သိုက်လည်း မြစ်ထဲကနေတောင် ပြန်ရောက်နေကြပြီ။ အထုပ်အပိုးပြင်နေကြတယ်။ နောက်တော့ မနက်စာစားကြပြီး ၀ိုင်းထိုင်စကားပြောနေကြရင်း ကလန့်ကလားငတိက သူ့ကိုပြောတယ်။ ငါတို့အတွက်ပို့ထားတဲ့ရိက္ခာတွေ ပိုနေတယ်။ မင်းဆီမှာပဲ ထားခဲ့ချင်တယ်။ မင်းအတွက် ဒုက္ခများ များနေမလားမသိဘူးတဲ့။ ဖသာထောမျက်စေ့ထဲမှာတော့ မဖောက်ရသေးတဲ့ ၀ီစကီတစ်သေတ္တာနဲ့အတူ မဲခေါင်တွေ၊ စယ်မ်စွန်းတွေ၊ စပယ်မ်ဗူးတွေ.. အပုံချည်းပဲ။ ရပါတယ်ခင်ဗျား၊ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်လို့ ဘာမှသိပ်မတွေးတော့ဘဲ ဖြေလိုက်မိတယ်။ “ကြည့်လုပ်လိုက်တယ်” ဆိုတဲ့စကားဟာ ဘယ်ကလာမှန်းမသိဘူး။ ဒီနေရာမှာတော့ အတော်အသုံးတည့်ပုံရတယ်။ သူတို့ခမျာမှာလည်း အတော်စိတ်သက်သာရာ ရသွားပုံရတယ်။ မင်းသာတာဝန်မယူရင် ပြန်ပို့ရပြုရနဲ့ ကားမောင်းတဲ့လူတွေအတွက်လည်း အတော်အလုပ်ရှုပ်ဦးမှာ၊ ကျေးဇူးတင်တယ်ကွာလို့ပြောပြီး သူ့ပိုက်ဆံအိတ်ထဲက ဒေါ်လာတစ်ရာတန်တစ်ရွက် ထုတ်ပေးတယ်။ ဖသာထော်ခမျာ အတော်အားနာသွားတယ်။ ဒီဘက်ကမ်းရောက်ကာမှ ပထမဦးဆုံး ဒေါ်လာတစ်ရာတန် ကိုင်ရဖူးတာ။ နောက်တော့ အနားမှာရှိတဲ့ကောင်တွေကလည်း ရာတန်တွေ ငါးဆယ်တန်တွေ ပေးကြတယ်။ တစ်ယောက်ကတော့ သူ့အိတ်ထဲမှာရှိတဲ့ ပိုက်ဆံမျိုးစုံ လက်တစ်ဆုပ်စာ ထုတ်ပေးတယ်။ အဖွားကြီးတစ်ယောက်ကိုလည်း ပိုက်ဆံအတော်များများ ပေးကြတယ်။ တစ်ယောက်တော့ သူတို့နဲ့အတူ မြောက်ဘက်ကို သွားဦးမှာတဲ့။ နောက်တော့ သူတို့အတွက် ကားတွေရောက်လာတယ်။ ဒီတော့ အားလုံးစုပြီး “လမ်းအတွက် တစ်ခွက်” လို့ ကြွေးကြော်ရင်း ဖန်ခွက်တစ်ဝက်လောက်စီ သောက်ကြပြန်တယ်။ ဘယ်မှမသွားတဲ့ ဖသာထော်လည်း အူလိအူလည်နဲ့ ၀င်သောက်လိုက်ရသေးတယ်။ နားထဲက လေထွက်မလိုဖြစ်သွားတာပဲ အဖတ်တင်ကျန်ရစ်တယ်။
ကားတွေမထွက်ခင် သူနဲ့တစ်ရပ်တည်းသား ကလန်ကလားက ပြောတယ်။ ဖသာထော် ပျော်ပျော်သာနေတဲ့။ ဘယ်လိုပျော်အောင်နေရမယ်ဆိုတာလေးများ ပြောခဲ့စမ်းပါဗျာလို့ ပြန်ပြောမလို့ပဲ။ ထုံးစံအတိုင်း မပြောဖြစ်ဘူး။ သူက မပြောဖြစ်လိုက်ပေတဲ့ ဟိုက ဆက်ပြောတယ်။ ပျော်တယ်မပျော်ဘူးဆိုတာတွေက မင်းရဲ့ ရွေးချယ်မှုပဲ။ အနှစ်သာရ မှန်သမျှဟာ မင်းရဲ့အတိတ်က တည်ဆောက်ပေးနေတာ၊ မင်းရဲ့ ရှိနေခြင်းက တည်ဆောက်ပေးနေတာတဲ့။ လွယ်လွယ်ပြောရရင်ကွာ၊ မင်းရဲ့ အခုအနေအထားဟာ မင်းက လုပ်ထားတာ၊ မင်းရဲ့ ရွေးချယ်မှုတစ်ခုဟာ လွတ်လပ်တယ်ဆိုတာရဲ့ အခြေခံတစ်ခုပဲ ငါ့လူရယ်တဲ့။ ဖသာထော်က မေးလိုက်ချင်တယ်။ ဒါပေတဲ့ ကားတွေက ထွက်သွားပြီ။ ဖသာထော်လည်း အိမ်ကလေးဘက်ဆီတစ်ယောက်တည်း ပြန်လျှောက်လာရင်း ငါ့ရင်ထဲက မေးခွန်းတွေ အများကြီး၊ ငါမပြောဖြစ်ခဲ့တာတွေ အများကြီးဟာ ငါကမှ မပြောဘဲကိုးလို့ သဘောပေါက်လိုက်မိတယ်။ နောက်တော့ တွေးစရာက လမ်းကြောင်းပြောင်းသွားတယ်။ တွေးကြည့်မှာဆိုတော့လည်း ၀ီစကီလေးသောက်ပြီးတွေးတာ ပိုကောင်းမှာ။ ရေချိုးပြီးလို့ လန်းလန်းဆန်းဆန်းဖြစ်သွားကာမှ ၀ီစကီလေးသောက်ပြီး တွေးကြည့်ရမှာပဲ။ ဘီယာတွေလည်း ကျန်သေးတယ်။ အဖွားကြီးတွေ ချက်ပြုတ်ထားတာတွေလည်း အပုံချည်း။ အတွေးဆိုတာက သူ့ချည်းမကောင်းဘူး။ ၀ီစကီလေးပါမှ ပိုမြိုင်မယ်။ ငါရှိနေသေးလို့ ငါသောက်တာပဲ။ ငါသောက်ဖို့ ငါရွေးချယ်တယ်။ ဘာဖြစ်လို့တုံး၊ တရားသော သောက်ခြင်းပဲလို့ တွေးလိုက်မိတော့ သူတွေးနေတာတွေကို ဘေးလူတွေများသိသွားမလားရယ်လို့ လိပ်ပြာမလုံဖြစ်ပြီး ဘေးဘက်လှည့်ကြည့်လိုက်မိသေးတယ်။ ပြီးတော့မှ ဆက်လျှောက်လာလိုက်ရင်း ဒီလိုသောက်လိုက်ပြီးကာမှ ငါမပြောဖြစ်သမျှစကားတွေကို ငါ့ဘာသာပြန်ပြောလို့ရမယ်။ ဒါလည်း ပျော်စရာတစ်မျိုးပဲနေမှာ..လို့၊ တွေးချလိုက်တော့တယ်။ ဖသာထော်တစ်ယောက်ဖြင့် ဆင်ခြင်တုံတရားဆိုတာကို အတွေးကစမှဆိုတဲ့ ရည်ရွယ်ချက်နဲ့ အိမ်ကလေးဆီသွားနေရာက နောက်ပြန်လှည့်ပြီး မြစ်ဘက်ကို ဆင်းသွားတော့တယ်။ ဟုတ်တယ်၊ ပျော်တယ်မပျော်ဘူးဆိုတာကလည်း သူ့ဘာသာ ရွေးချယ်ရတာမျိုးကိုး။
 +မြင့်သန်း+
 ချင်းတွင်း၊ ဖေဖော်ဝါရီ ၂၀၁၄ 
Posted by တေဇာ (လရောင်လမ်း)
Read More...
==ထိုင်းနိုင်ငံရှိမြန်မာရွေ့ ပြောင်းအလုပ်သမားကျောင်းများတွင်ရံပုံငွေအခက်အခဲ ကြုံတွေ့ နေရကြောင်း==
ထိုင်းနိုင်ငံရှိမြန်မာရွေ့ ပြောင်းအလုပ်သမားကျောင်းများတွင်ရံပုံငွေအခက်အခဲ ကြုံတွေ့ နေရကြောင်း၊မြန်မာရွေ့ ပြောင်းအလုပ်သမားကျောင်းအမည်ခံသက်သက် သာဖြစ်ပြီးအများစုမှာမြန်မာရွေ့ ပြောင်းအလုပ်သမားများကိုမစည်းရုံးနိုင်ကြောင်း The Daily Elevenနေ့ စဉ်သတင်းစာနှင့်ဦးမိုးကြိုးးသဘောထားအမြင်ပါဗျ။
သတင်းထောက်-နန်းစုနှင်းထွေး
သြဂုတ်လ၃၁ရက်၊၂၀၁၄
Read More...
==ဟာဒယနှလုံး-တခဏပြုါံ်း(ငါ့ဘ၀ကပိုဆိုးတာပေါ့သားရယ်)==
Read More...
==ကာတွန်းဟာသ(အကြောင်းရှာဖို့ စောင့်နေသူတွေ)==
Read More...
==လူထုကျန်းမာရေး(မကူးစက်သော နာတာရှည် ရောဂါများ)==
**Public Health** 
ကမ္ဘာပေါ်မှာ ၂ဝ ရာစု အကုန်ကစပြီး ကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်း နိမ့်ကျလာပြီး မကူးစက်တဲ့ နာတာရှည်ရောဂါ များကြောင့် သေဆုံးမှုနှုန်း မြင့်တက်လာတယ်။ မကူးစက်တဲ့ နာတာရှည် ရောဂါများမှာ ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊လေဖြတ်ရောဂါ၊ ဆီးချိုသွေးချို၊ အက်ဆီးဒင့်ကြောင့် ထိခိုက် ဒဏ်ရာနဲ့ အရိုး၊အကြော၊ အဆစ်ရောင် ရောဂါတို့ ပါဝင်တယ်။ ဆေးလိပ်ကြောင့် ဖြစ်တဲ့ရောဂါတွေက အဆုတ်ရောင် ရောဂါ၊ ဆေးလိပ်စွဲလမ်းခြင်း၊ ငွေကုန် ကြေးကျများခြင်း၊ မိမိသာမက မိသားစု အသိုင်းအဝိုင်းပါ ဆေးလိပ် ရှူရှိုက်နေပြီး တီဘီရောဂါ၊ အဆုတ်ကင်ဆာရောဂါတို့ ဖြစ်စေ တယ်။ ခြေလက် သွေးမလျှောက်လို့ ဖြတ်တောက် တာမျိုး တွေ့ရတယ်။ အရက်ကြောင့် ပင်ပန်း နွမ်းနယ်ခြင်း၊ အရည်ဓာတ် ခန်းခြောက်ခြင်း၊ အရက်စွဲခြင်း၊ အိပ်မပျော်ခြင်း၊ ခြေလက်ထုံကျဉ်ခြင်း၊ အာဟာရ ချို့တဲ့ခြင်း၊ ခုခံစွမ်းအား လျော့သွားလို့ အဆုတ်တီဘီ ရောဂါ၊ အသည်းရောင် အေဘီနဲ့ ဆီးရောဂါများ၊ အသည်းအဆီဖုံးခြင်း၊ အာဟာရ ချို့တဲ့ခြင်းကြောင့် အသည်း ရုတ်တရက် ရောင်ခြင်း၊ အသည်း၌ အမာရွတ်တင်ခြင်း၊ အသည်း ကျွတ်ဆက်နာ၊ အသည်း ကင်ဆာရောဂါတို့ ဖြစ်တယ်။ အစတွင် အရက်ကို လူက သောက်နေသော်လည်း နောက်ပိုင်း အရက်က လူကိုသောက်နေတယ်။ စွဲလမ်းလို့ မသောက်ရ မနေနိုင် ဖြစ်လာတယ်။ စိတ်ဖိစီးမှု၊ စိတ္တဇရောဂါ၊ အတက်ရောဂါ၊ အရူးရောဂါနဲ့ သေဆုံးခြင်းတို့ ဖြစ်နိုင်တယ်။ ရာသီဥတု ဖောက်ပြန်သောကြောင့် ကျန်းမာရေး ပြဿသနာတွေမှာ တစ်ချိန်က မျိုးသုဉ်း ကူးစက်ရောဂါများ ခေါင်းထောင် လာနိုင်စရာ ရှိတယ်။ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကြောင့် ရေယုန်၊ မှက္ခရု၊ ဆေးယဉ်ပါး တီဘီ၊ ကျောက်ကြီးရောဂါ၊ ထောင့်တန်းရောဂါ၊ ပိုလီယို စသည်ဖြင့် ဘေးအန္တရာယ် ကျရောက် ဒုက္ခပေးနိုင်တယ်။ ရွေ့လျား အလုပ်သမားကြောင့် ဆေးယဉ်ပါး ကူးစက်ရောဂါများ မြင့်တက်စေပါတယ်။ ငှက်ဖျားဆေး ယဉ်ပါးမှု ရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါများ မြင့်မားလာတယ်။ အရက်ကြောင့် အသည်းနဲ့ ဆိုင်ရာ ရောဂါအပြင် မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုများ များလာတယ်။ အမြန်လိုလို့ အမြန်လမ်းသုံး ယာဉ်မောင်း တစ်ယောက်ကြောင့် အသက် ဆုံးရှုံးမှု၊ ထိခိုက် အနာတရ ရမှုတွေ၊ အသက်နဲ့ ခန္ဓာ အစိတ်အပိုင်း ရွေးရတတ်တဲ့ အခြေအနေတွေ မြင့်တက်လာတယ်။ နည်းပညာ ချို့ယွင်းမှုနဲ့ လူတွေပေါ့ဆမှုတွေ အမြန်ဆုံး ဖြည့်ဆည်း သွားနိုင်ရမယ်။ အပြိုင်အဆိုင်များလို့ စားဝတ်နေရေး အခက်အခဲတွေကြောင့် လူတို့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ ဖြစ်လာတယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေ ဖြစ်လာတယ်။ လူတွေ အပျင်းထူလာတယ်။ ခရီးနီးတာလည်း ကားနဲ့သွားတယ်။ လှေကားအတိုင်း မတက်ဘဲ ဓာတ်လှေကား၊ စက်လှေကား သုံးလာကြ တယ်။ နေ့စဉ်ပုံမှန် အားကစားမလုပ်နိုင်လို့ သွေးတိုး၊ ဆီးချိုနဲ့ စိတ်ဖိစီးမှုတွေ များလာတယ်။ လူတိုင်း ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ကြလို့ ကြိုတင် ကာကွယ်နိုင်တဲ့ ရောဂါတွေ အဖြစ်များလာပြီး မလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသစရိတ်တွေ များလာတော့တယ်။ ။
Written by ကေတု
Read More...
Monday, September 1, 2014
==အလုပ်ရှင်ဖမ်းခိုင်းသဖြင့်မနေ့ ကထိုင်းရဲအချုပ်ထဲနေခဲ့ရတဲ့ မဲဆောက်မြို့ ကမြန်မာအလုပ်သမား(၇) ဦးပြန်လည်လွတ်မြောက် ၊မြန်မာအလုပ်သမားသံအရာရှိနဲ့ မြန်မာနိုင်ငံအလုပ်သမား ၀န်ကြီးဌာနတာဝန်ရှိသူများကွင်းဆင်းကယ်ထုတ်-==
(ထိုင်းလ၀ကဥပဒေ(BE-2522/AD-1979)အရထောင်ဒဏ်၄၅ရက် ကျခံရမှာဖြစ်ပြီးမဖြစ်မနေ၁၂ရက်နေပေးရမယ့်သူတို့  Sliver&Gold စက်ရုံက၇ဦးဟာအချုပ်ထဲမှာမနေ့ က၁ရက်ပဲအိပ်ခဲ့ရပြိးဒိနေ့ လွတ်မြောက်ခဲ့ကြပါပြိ)
+(စက်တင်ဘာလ၁ရက်၊၂၀၁၄-သောင်ရင်းနဂါး)+
မဲဆောက်မြို့ မှာပြသနာပေါါ်ပေါက်နေဆဲကာလမှာမိမိတို့  အလုပ်ရှင်ကဖမ်းခိုင်းဖြင့်မနေ့ ကထိုင်းရဲအချုပ်ထဲနေခဲ့ရတဲ့မြန်မာအလုပ်သမား(၇) ဦးပြန်လည်လွတ်မြောက်၊မြန်မာအလုပ်သမားသံအရာရှိနဲ့ မြန်မာနိုင်ငံအလုပ်သမား ၀န်ကြီးဌာနတာဝန်ရှိသူများကဒီနေ့ ပဲကွင်းဆင်းကယ်ထုတ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သြဂုတ်လ၂၀ရက်နေ့ က
ချုပ်ဆိုခဲ့တဲ့အလုပ်ရှင်နဲ့ အလုပ်သမားသဘောတူစာချုပ်ကိုအလုပ်ရှင်ကမလိုက်နာတဲ့အပြင်မိမိအလုပ်သမား
တွေကိုပါထိုင်းရဲခေါါ်ဖမ်းခိုင်းပြီးပြသနာရှာ၊အနိုင်ကျင့်တာဟာမဲဆောက်နဲ့  မဟာချိုင်ဒေသလိုမြန်မာအလုပ်သမား၂သိန်းထက်မနည်းရှိတဲ့ဒေသကြီးတွေက ဒေသခံထိုင်းရဲ နဲ့ အလုပ်ရှင်တွေရဲ့ နှစ်ချီကြာနေတဲ့လုပ်ရိုးလုပ်စဉ်တခုလိုဖြစ်နေ ကြောင်းထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး
အလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီဝင်လည်းဖြစ်ပြီးထိုင်းနိုင်ငံအခြေစိုက်မြန်မာပြည်သားများ
အရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA)ကသုံးသပ်ပါတယ်။
(ထိုင်းအလုပ်သမားဝန်ကြိးဌာနမဲဆောက်ခရိုင်အလုပ်သမားရုံး (ဆ၀ါဒီကန်-LPO)ရုံးမှာSliver&Gold ပြသနာနဲ့  ၇ဦးကိုဘာကြောင့်ဖမ်းရတာလဲဆိုတာဖြေရှင်းနေကြစဉ်)
မြန်မာအလုပ်သမားသံအရာရှိရဲ့ ကိုယ်စားလှယ်ဦးမိုးကြိုး(JACBA)နဲ့ ဦးအောင်ကိုသန်း (မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန)ဦးကျော်ဦး(လ၀ကဌာန)တို့ ဦးဆောင်တဲ့အဖွဲ့  ဟာထိုင်းအလုပ်သမားဝန်ကြီးဌာနအလုပ်သမားရှာဖွေနေရာချထားရေးဌာန(DOE) က၀်ထမ်း၂ဦးလိုက်ပါပြီးဒီ(ရ)ဦးအမှုကိုကွင်းဆင်းဖြေရှင်းခဲ့ကြတာပါ။ ပထမဦးစွာမဲဆောက်ရဲအချုပ်ခန်းကိုသွားပြီးရဲတွေကိုစုံစမ်းမေးမြန်းပါတယ်။ ဘာကြောင့်*အပြစ်မရှိတဲ့အလုပ်သမား၇ဦးကိုဇမ်းသလဲ*မေးတဲ့အခါ *လက်မှတ်မရှိလို့ *လို့ အရာရှိတစ်ဦးကဖြေပါတယ်။ဦးအောင်ကိုသန်းက*ထိုင်းနဲ့  မြန်မာ၂နိုင်ငံ
သဘောတူထားရှိတယ်။အလုပ်သမားလက်မှတ်လုပ်နေတဲ့ကာလမှာ ဘယ်အလုပ်သမားကိုမှမဖမ်းရဘူး*ဆိုတာသိသလားဆိုတော့အူကြောင်ကြောင်မျက်နှာနဲ့ ထိုင်းရဲအရာရှိ
ကပြန်ကြည့်ပါတယ်။ပြီးမှလ၀ကနဲ့ သက်ဆိုင်တာမို့ လ၀ကကိုလွဲလိုက် ပြီလို့ ဆက်ပြောတယ်ဗျ။
အဲဒါပြီးတော့ထိုင်းအလုပ်သမားဝန်ကြိးဌာနမဲဆောက်ခရိုင်ခွဲရုံးကိုချီတက်ကြပါတယ်။ Sliver&Gold အထည်ချုပ်စက်ရုံ့အလုပ်ရှင်၂ဦးရောက်နေပါပြိ။ဦးအောင်ကိုသန်းနဲ့  ဦးကျော်ဦးကသူတို့ ကို** ဒို့ ကလေး၇ယောက်ကိုမင်းတို့ ဘာဖြစ်လို့ ရဲခေါါ်ဖမ်းခိုင်းရတာလဲ**မေးတော့လုံးဝပြန်မဖြေပဲပေကပ်ကပ်
လုပ်နေလို့ *သူတို့ ကိုတရားမ၀င်လက်မှတ်မရှိလို့ ဖမ်းရင်မင်းတို့ ကသူတို့ ကိုခိုင်းတော့ပိုအပြစ်ရှိတယ်။
မင်းတို့ ကိုအရေးယူပေးဖို့ ထိုင်းစစ်တပ်ကို တိုင်ရမယ်** လို့ ဟောက်ခဲ့ရပါတယ်။
(မြန်မာအလုပ်သမား၇ဦးအဖမ်းခံရတဲ့ ဒီဇာတ်လမ်းကိုဒီနေ့ ပဲနိဂုံးချုပ်ပေးခဲ့သူတွေပါဗျို့ ။ ထိုင်းရဲမှူး၊၁ဦး၊ဦးမိုးကြိုး၊လ၀ကရဲဒုတိယဗိုလ်မှူးကြီးဆွန်ချိုင်းဒစ်ဂ်ျပဲလ်၊ ဦးအောင်ကိုသန်း )
ပြီးတော့တစ်ခါမဲဆောက်မြို့ နယ်ရဲဗိုလ်မှူးကြီးကိုချိန်းဆိုပြီးဒီ(၇)ဦးအကြောင်းပြောကြဖို့  မဲဆောက်မြို့ မယ်ပတိုက်နယ်ကပင်မမဲဆောက်ရဲစခန်းကြီးဆီကိုချီတက်ကြရပါတယ်။ ချိန်းပြီးခါမှရဲဗိုလ်မှူးကြီးကအရေားကီးအကြောင်းအရာပေါါ်လို့ ဆိုတော့ကဲလေ..မထူးပါဘူး။တာ့ခ်ပြည်နယ်
(ခရိုင်)လ၀ကရုံး နဲ့ လ၀ကအချုပ်ခန်းကိုသွားကြပါတယ်။ လ၀ကအချုပ်ကရဲအချုပ်ခန်းထက်သန့် ပြန့် ပြီးထမင်းဟင်းလည်းပိုကောင်းတယ်လို့  သူတို့ ၇ဦးကပြောပြပါတယ်။တာ့ခ်ပြည်နယ်(ခရိုင်)လ၀ကရုံးဦးစီးမှူးးရဲဒုတိယဗိုလ်မှူးး ကြီးဆွန်ချိုင်းဒစ်ပဲလ်နဲ့ ဦးအောင်ကိုသန်း၊ဦးမိုးကြိုးတို့ ဟာသိကျွမ်းပြီးသားဆိုတော့ တိုတိုနဲ့လိုရင်းပြောတော့**ဒီ၇ဦးကိုကျနော်တို့ မျက်စေ့ရှေ့ မှာပဲမြ၀တီဘက်ကို နှစ်နိုင်ငံလ၀ကကျင့်ထုံးနဲ့ အညီသူတို့ ပြန်တာမြင်ချင်ပါတယ်**ဆိုတော့ *အိုကေ* ဆိုပြီးအမှတ်တရဓါတ်ပုံတွေရိုက်ကြတာပေါ့ဗျာ။
ဒီလိုနဲ့ ဦးအောင်ကိုသန်း၊ဦးမိုးကြိုးဦးစီးအဖွဲ့ နဲ့ တို့ ဟာမြ၀တီဘက်ကိုကူးခါနီး Sliver&Gold အထည်ချုပ်စက်ရု့ကရဲအဖမ်းခံ၇ဦးဖြစ်ကြတဲ့(ကိုထက်၊ကိုနိုင်၊ မောင်ချမ်းသာ၊မမြသီတာလွင်၊မဇင်မျိုးဝေ၊
မ၀ါဇင်၊မအိအိထွန်း(ခ)မမျိုးစသူတို့ နဲ့  တာ့ခ်ပြည်နယ်လ၀ကအရာရှိ၁ဦးပါအမှတိတရဓါတ်ပုံရိုက်ကြပါတယ်။
 ပြန်လည်လွတ်မြောက်လာသူတွေ
ထဲကအိအိထွန်း(ခ)မမျိုးက*ဆရာတို့ ကိုမြင်ရတာ သမီးတို့ ကိုယ့်အဖေကိုမြင်ရသလိုတော်တော်အားရှိပါတယ်။ကျန်ခဲ့တဲ့စက်ရုံက မာင်နှမတွေကိုလည်းဆက်ပြီးစောင့်ရှောက်ပေးပါဦး.။မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန။အလုပ်သမား
သံမှူးနဲ့ ကျမတို့ ရဲ့ မဲဆောက်ကဖခင်လိုဆရာမိုးကြီးကိုပါကန်တော့ လိုက်ပါတယ်** ဆိုတော့ဆရာမိုးကပြုံးပြီး*မကန်တော့ပါနဲ့ ဟာ။ငါတို့ ကအတင်းကန်တော့ခိုင်းတယ် ဖြစ်နေပါဦးမယ်။
လက်အုပ်လည်းမချီပါနဲ့ ။ငါတို့ ကူညီတာအဝေးရောက်မိသားစုဝင်တွေကိုမိသားစုဝင်တစ်ဦးကကူညီတဲ့
သဘောပါ။အခုလိုမျိုးအခြားမြန်မာအလုပ်သမား တွေအခက်အခဲတခုခုကြုံတွေ့ ရရင်နင်တို့ ကတတ်နိုင်သမျှ
ကူညီရင်ရပါပြီ။အဓိကကတော့အရင်ကလိုမဟုတိတော့ဘူး။မြန်မာနိင်ငံအလုပ်သမားဝန်ကြီးဌာနဟာ
မြန်မာရွေ့ ပြောင်းအလုပ်သမားတွေကိုထိထိရောက်ရောက်ကူညီနေုပြီလို့  လက်ဆင့်ကမိးပြောပြပေးကြဖို့ ပါပဲ****လို့ ဆုံးမတိုက်တွန်းစကားပြန်ပြောပါတယ်။
ကွင်းဆင်းကူညီတာ (၀ါ)ရဲအချုပ်ထဲကပြန်ထုတ်ပေးတာဟာပထမဆုံးအကြိမ်ဖြစ်ပါတယ်ဗျာ။
သတင်း နဲ့ ဓါတ်ပုံ-JACBA
Read More...
== ပျော်ရွှင်ဖွယ်မွေးနေ့===
"နွေဆိုတာက မွေးနေ့ဖြစ်ဖို့ အတော်ကောင်းတဲ့ရာသီပဲ" ဟု အဘိုးအိုကပြောလိုက်သည်။ "အခုလို ရွေးချယ်ခွင့်သာရှိနေမယ်ဆိုရင် နွေရာသီကိုပဲရွေးမှာပေါ့" သူ့လက်မကို လျှာနဲ့တို့ပြီး စိုအောင်လုပ်လိုက်သည်။ ထို့နောက် စစ်သားက ဖြည့်ဖို့ပေးထားသော စာရွက်စာတမ်းတစ်ထပ်ကြီးကို တဖျပ်ဖျပ်လှန်နေတော့သည်။ မွေးနေ့တစ်ခုတောင် မရှိဘဲနှင့်တော့ မည်သည့်စာရွက်ကိုမျှ ဖြည့်နိုင်မည်မထင်။ ထို့ကြောင့် ကောင်လေးအတွက် မွေးနေ့တစ်ခု ရွေးချယ်ရပေလိမ့်မည်။ "ဒီနေ့လည်း မင်းမွေးနေ့ဖြစ်နိုင်တာပဲ။ မင်း သဘောကျမယ်ဆိုရင်ပေါ့" အဘိုးအိုက ပြောသည်။ "ဒါပေမဲ့ မနက်က မိုးရွာတယ်" ကောင်လေးက ပြောသည်။ "ဒါဆိုလည်း ပြီးရောကွာ။ မနက်ဖြန်ဆိုရင်ရော၊ မိုးသားတွေ တောင်ဘက်ကို လွင့်နေပြီ။ မနက်ဖြန်ဆိုရင်တော့ တစ်နေကုန် နေသာတော့မှာ" နံနက်စောစောကျလာသော မိုးကြိုးမုန်တိုင်းမှ ခိုလှုံရန် နေရာရှာရင်း စစ်သားများက အဘိုးအိုနှင့်ကောင်လေးတို့ ပုန်းအောင်းနေသော ကတုတ်ကျင်းလေးကို အမှတ်မထင် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး စာရွက်စာတမ်းမရှိ၊ ပြောရမည်ဆိုလျှင် အသက်ရှင်နေထိုင်ရန် တရားဝင်ခွင့်ပြုချက်စာရွက်တစ်ခုခုမရှိဘဲ ထိုအပျက်အစီးများကြားထဲတွင် ခုနစ်နှစ်ကြာအောင် မည်သို့များ ကြံကြံဖန်ဖန် ရှင်သန်ခဲ့ကြသည်မသိ။ စာရွက်စာတမ်းမရှိဘဲ အမိုးအကာ၊ အစားအသောက်နှင့် အ၀တ်အစားများ မည်သူမျှ ရနိုင်ဖွယ်မရှိ။ သို့သော် အဘိုးအိုနှင့်ကောင်လေးတို့က ဤမြို့ပျက်ကြီး၏ အောက်ခြေတွင်ရှိနေသော မြေအောက်သင်္ချိုင်းမှ အခန်းများကို တူးဖော်တွေ့ရှိခဲ့ပြီး လူတစ်ယောက်လိုအပ်သော ထိုအရာများအားကို ကံကောင်းထောက်မစွာ ရရှိနေခဲ့သည်။ အစားအသောက်အတွက်ကတော့ ညအချိန်တွင် အပြင်ထွက်ပြီး အလစ်သုတ်ခြင်းဖြစ်ပါသည်။ "အဘိုးက ဘာလို့တုန်နေတာလဲ" ဟု ကောင်လေးက မေးလိုက်သည်။ "အဘိုးက အိုပြီကွဲ့။ ပြီးတော့ စစ်သားကြီးတွေကိုလည်း အဘိုးကြောက်တယ်" "ကျွန်တော်တော့ မကြောက်ပေါင်" ဟု ကောင်လေးက ပြောသည်။ သူက အခုလို မည်သူမျှမရှိသည့် သူတို့ကတုတ်ကျင်းကလေးထဲသို့ စစ်သားများ ဗြုန်းစားကြီး ကျူးကျော်ရောက်ရှိလာသည့်အတွက် စိတ်လှုပ်ရှားနေသည်။ မြေအောက်ခန်း ပြတင်းပေါက်ဆီမှ ၀င်လာသောအလင်းတန်းလေးအောက်တွင် ရွှေရောင်လက်နေသော အရာတစ်ခုကို ကောင်လေးက ပြလိုက်သည်။ "ဒီမှာတွေ့လား အဘိုး။ စစ်သားတစ်ယောက်က ကျွန်တော့်ကိုပေးတဲ့ ကြေးကြယ်သီးလေး" တကယ်တော့ စစ်သားများနှင့်ပတ်သက်ပြီး ကြောက်ရွံ့နေစရာတော့ တစ်ခုမျှမရှိပါ။ အဘိုးကြီးမှာ အိုလှပြီဖြစ်ပြီး၊ ကောင်လေးမှာ ငယ်ရွယ်လွန်းလှသေးသဖြင့် လိုက်ဖက်မှုမရှိသည့် သူတို့နှစ်ဦး၏ အတွဲအဖက်ကို စစ်သားများအတွက်တော့ ခပ်ရွှင်ရွှင်ပင် သဘောထားကြပါသည်။ မြို့ထဲရှိလူများအားလုံးအနက်မှ၊ စစ်ကြီးစတင်ကတည်းက၊ မည်သည့်နေရာတွင်မျှ ရှာမတွေ့ဘဲ အစပျောက်နေပြီဟု မှတ်တမ်းဝင်ထားသော၊ မည်သည့်ကာကွယ်ဆေးမျှလည်း ထိုးမထားသော၊ မည်သည့်ဘက်ကိုမျှလည်း ထောက်ခံပါသည်ဟု ကျမ်းသစ္စာကျိန်ဆိုမထားသော၊ မည်သည်ကမျှလည်း နှုတ်ထွက်၊ တောင်းပန်ခြင်းမရှိသော၊ မည်သည့်အတွက်မျှ မဲပေးမည် စုရုံးချီတက်မည်ဟု မရည်ရွယ်သော ဤသီးခြားကမ္ဘာငယ်လေးအတွင်းမှ သက်ရှိလူသားနှစ်ဦးမျှသာဖြစ်ပါသည်။ "အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်မသိပါဘူး" ဟု အဘိုးအိုက အိုမင်းမစွမ်းဖြစ်ပြီး မှတ်ဉာဏ်များယိုယွင်းနေသည့် အသွင်ယူကာ စစ်သားများကို ပြောလိုက်သည်။ စစ်ပြီးသည့်နေ့တွင် ဒုက္ခသည်အမျိုးသမီးတစ်ဦးက သူ့လက်ထဲသို့ မွေးကင်းစကလေးငယ်ကို ထည့်ခဲ့ပြီး မည်သည့်အခါမျှ ပြန်ရောက်မလာတော့ကြောင်း သူက စစ်သားများကို ပြောပြသည်။ ဤသို့ဖြင့် ကောင်လေး သူ့လက်ထဲ ရောက်လာခဲ့ခြင်းဖြစ်သည်။ ကောင်လေးမွေးဖွားသည့်နိုင်ငံ၊ နာမည်၊ မွေးနေ့တို့ကို သူက တစ်ခုမျှမသိ။ မီးဖိုပေါ်မှ အာလူးများကို တုတ်ချောင်းကလေးဖြင့် အဘိုးအိုက တစ်ဖက်လှည့်လိုက်ပြီး သူ့ မည်းညစ်ညစ် အရေပြားပေါ်မှ မီးသွေးမှုန်လေးများကို သပ်ချလိုက်သည်။ "ဒီလောက်ကြာအောင် သားကို မွေးနေ့လေးတစ်ခုတောင်မရှိဘဲ ထားခဲ့တာ အဘိုး ဖခင်တာဝန်မကျေခဲ့ဘူးပေါ့ကွယ်။ တကယ်တော့ သားက နှစ်တိုင်း မွေးနေ့တစ်ခုကြုံရဖို့တော့ ထိုက်တန်တာပေါ့။ အခုတော့ ခြောက်နှစ်လုံးလုံး မွေးနေ့လေးတစ်ခုတောင်မပိုင်ပဲ ဖြတ်သန်းစေခဲ့မိပြီ။ ပြီးတော့ မွေးနေ့လက်ဆောင်ရောပဲ၊ သားလည်း မွေးနေ့လက်ဆောင်ရခွင့် ရှိရမှာပေါ့" ဟု အဘိုးအိုက ပြောသည်။ သူက အာလူးတစ်လုံးကို ပူမည့်ဇောဖြင့် တုန်တုန်ချိချိကောက်ယူပြီး ကောင်လေးဆီသို့ ပစ်ပေးလိုက်သည်။ ကောင်လေးက အာလူးကလေးကိုဖမ်းပြီး သဘောကျစွာရယ်မောလိုက်သည်။ "ဒီတော့ အဘိုးက သားမွေးနေ့ကို မနက်ဖြန်လို့ သတ်မှတ်လိုက်ပြီပေါ့ ဟုတ်လား" "အင်း။ အဲဒီလိုဖြစ်မယ်ထင်တာပဲ" "ကောင်းတယ် အဘိုး။ ဒါဆို သားလည်း မွေးနေ့လက်ဆောင်ရဖို့ သိပ်မစောင့်ရတော့ဘူးပေါ့။ ဒါပေမဲ့ တစ်ခုခုတော့ ရှိမှ" "ဘာများတုံးကွ" "မွေးနေ့လက်ဆောင်က မထင်မှတ်တဲ့ဟာရရင် ပိုကောင်းမှာပေါ့" လမ်းထောင့်နားဆီက အိမ်ပျက်ကြီးအနားတွင် ဘီးတွေရှိနေသည်ကို သူစဉ်းစားမိလိုက်သည်။ ကောင်လေးအိပ်ပျော်နေချိန်တွင် ထိုဘီးများကိုယူပြီး လှည်းပုံစံမျိုး ယာဉ်တစ်ခုခု လုပ်ပေးမည်ဟု သူ တွေးထားလိုက်သည်။ "နားထောင် အဘိုး" ဟု ကောင်လေးက ပြောသည်။ နေ၀င်ချိန်တိုင်းလိုလိုပင် ဟိုအဝေး ပျက်စီးနေသောလမ်းတစ်နေရာဆီမှ ချီတက်သံများကြားရသည်။ "ဒါတွေကို နားမထောင်ပါနဲ့ကွာ" ဟု အဘိုးအိုကပြောပြီး ဂရုတစိုက်နားထောင်ရန် လက်ညှိုးထောင်ပြလိုက်သည်။ "မွေးနေ့မှာ ဘာလုပ်မလဲဆိုတာကိုပဲ စဉ်းစားပါသားရယ်" "မုန့်တိုက်က ကိတ်မုန့်တွေ သွားခိုးရင်ရော" "ကောင်းချင်ကောင်းလိမ့်မယ်။ ဒါပေမဲ့ အဘိုးစဉ်းစားနေတာက အဲဒါမဟုတ်ဘူး။ အဘိုး မနက်ဖြန် ဘာလုပ်ချင်သလဲ သားသိလား။ သားဘ၀တစ်လျှောက်လုံး မရောက်ခဲ့ဖူးတဲ့ နေရာတစ်ခုဆီ အဘိုး သားကိုခေါ်သွားချင်တယ်။ အဘိုးကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ မရောက်ဖြစ်တဲ့နေရာတစ်ခုပေါ့" ထိုအတွေးက အဘိုးအိုကို စိတ်လှုပ်ရှားပျော်ရွှင်စေသည်။ ဤကိစ္စသည် လက်ဆောင်မွန်တစ်ခုဖြစ်နိုင်ပါသည်။ လှည်းတစ်စီးက ဘာများဟုတ်လို့လဲ။ "မနက်ဖြန်ကျရင် အဘိုး သားကို စစ်နဲ့ဝေးတဲ့တစ်နေရာဆီ ခေါ်သွားမယ်နော်" အမှောင်ရိပ်ကျနေသောကြောင့် ကောင်လေးမျက်နှာတွင် ဇဝေဇ၀ါနှင့် မကျေမနပ်ဖြစ်သွားမှန်းကိုတော့ အဘိုးအို သတိမပြုမိခဲ့ပါ။ ကောင်လေး သူ့ဘာသာ ရွေးချယ်ထားသော မွေးနေ့ရက်ဖြစ်ပါသည်။ အဘိုးအို ကတိပေးထားခဲ့သည့်အတိုင်းပင် ကောင်းကင်ယံက ကြည်လင်တောက်ပနေပြီး မိုးရိပ်မိုးယောင်မရှိ။ သူတို့၏ မြေအောက်အခန်းလေးအတွင်းမှ မှောင်ရီဖြိုးဖျအလင်းရောင်အောက်တွင်ပင် နံနက်စာစားလိုက်ကြသည်။ မနေ့ကညဥ့်နက်နက်အထိ အဘိုးအိုကြိုးစားပြုလုပ်နေခဲ့သော လှည်းကလေးကို စားပွဲပေါ်တွင် တင်ထားသည်။ တစ်ချက်တစ်ချက်တွင် သူက စားသောက်နေသည်ကို ခဏရပ်ပြီး လှည်းကလေးကို လက်မနည်းငယ်မျှ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ရင်း မော်တော်ကားအင်ဂျင်သံကို ပါးစပ်ဖြင့် တဗြူးဗြူးပြုလုပ်ပြသေး၏။ "ကုန်တင်ကား ကောင်းကောင်းတစ်စင်းတော့ ရပါပြီဆရာကြီး" ဟု အဘိုးအိုက ခပ်မြူးမြူးပြောသည်။ "ဈေးထဲက တိရစ္ဆာန်တွေ သွားဖမ်းပြီး တင်လာခဲ့မလား" "ဝေါ....... ဝေါ.........။ လမ်းဖယ်စမ်း..။ ဝေါ......။ ငါ့တင့်ကားရှေ့က ဖယ်ကြစမ်းးးးးးးးးးးး" ဟု ကောင်လေးက ပြောလိုက်သည်။ "ဆောရီးပါသားရယ်။ အဘိုးက ကုန်တင်ကားလို့ ထင်ထားတာ။ ဘာပဲဖြစ်ဖြစ် သားကြိုက်ရင် ပြီးတာပါပဲလေ၊ သားကြိုက်ဖို့ပဲ အရေးကြီးတာပါ" အဘိုးအိုက သူ၏ စားပြီးသား သံပန်းကန်ပြားကို မီးဖိုပေါ်ရှိ ရေနွေးပူပူ သံပုံးထဲသို့ ပစ်ထည့်လိုက်သည်။ "ဒါ အစပဲရှိသေးတာ၊ အစပဲရှိသေးတာ သားလေး။ အကောင်းဆုံးတွေ သားအတွက် အဘိုးပေးဦးမှာ" ဟု အဘိုးအိုက ၀င့်ကြွားစွာပြောလိုက်သည်။ "ဟင် နောက်လက်ဆောင်တစ်ခုလား အဘိုး" "ဒါပေါ့သားရဲ့။ အဘိုးကတိပေးထားတာ မှတ်မိလား။ ဒီနေ့အတွက်တော့ စစ်နဲ့ဝေးရာကို တို့ သွားကြမယ်ဆိုတာလေ။ တို့တွေ သစ်တောထဲကို သွားကြမယ်" "ဝေါ........ ဝေါ......... သား တင့်ကားလေးကို ယူလာခဲ့လို့ရလားအဘိုးး" "သား ယူလာမယ်ဆိုရင် ကုန်တင်ကားအဖြစ်ပဲယူလာပေါ့။ ဒီနေ့တစ်နေ့လေး အတွက်ပေါ့" ကောင်လေးက ပုခုံးတွန့်လိုက်သည်။ "ဒါဆိုလည်း ထားခဲ့တော့မယ်။ ပြန်လာမှပဲ ဆော့တော့မယ်" တဖျပ်ဖျပ်တောက်နေသော နံနက်ခင်းနေရောင်အောက်တွင် လူသူကင်းမဲ့သည့်လမ်းအတိုင်း သူတို့နှစ်ဦးသားလျှောက်လာခဲ့ကြသည်။ ထို့နောက်တွင် တစ်ဖက်သို့ချိုးပြီး သစ်လွင်တောက်ပသော အိမ်မျက်နှာစာများရှိသည့် လူအများသွားလာနေသော ရိပ်သာလမ်းဆီသို့ သူတို့ ရောက်လာခဲ့သည်။ ကမ္ဘာကြီးသည် ရုတ်ချည်းအသက်ဝင်ကြည်လင်လာခဲ့သလိုပင် ခံစားရသည်။ ဤနေရာတွင် သွားလာလှုပ်ရှားနေသည့်လူများအဖို့တော့ ရိပ်သာလမ်း၏ တစ်ဖက်သည် လူသူခြောက်ကပ်နေသော တစပြင်တစ်ခုသာဖြစ်ပြီး၊ ထိုမှတဆင့် အခြားတစ်ဖက်သို့ မိုင်ပေါင်းများစွာကျယ်ပြန့်သွားကြောင်း သတိမျှပင်မပြုမိသလိုပင်။ သူတို့နှစ်ဦးသားကတော့ နေ့လည်စာထမင်းထုပ်ကို ချိုင်းကြားညှပ်၍ ထင်းရှူးပင်များဖုံးလွှမ်းထားသော တောင်ဘက်ယွန်းယွန်း တောင်ကုန်းများဆီသို့ဦးတည်ပြီး ခပ်ပြေပြေတက်သွားသော ရိပ်သာလမ်းကလေးအတိုင်း ဆက်လျှောက်လာခဲ့ကြသည်။ မျက်နှာချင်းဆိုင်မှ စစ်သားငယ်လေးဦး ဆင်းလာသည်ကို မြင်ရ၏။ အဘိုးအိုက ၎င်းတို့နှင့်ဝေးရာ လမ်းတစ်ဖက်ဆီသို့ ချိုးဝင်ရန် ခြေလှမ်းပြင်လိုက်သည်။ ကောင်လေးက စစ်သားများကို ခေါင်းငုံ့ပြီး အလေးပြုဟန်လုပ်ပြသည်။ စစ်သားငယ်များ၏ မျက်နှာတွင် အပြုံးများဖြတ်သန်းသွားပြီး ကောင်လေးကို အလေးပြန်ပြုပြသည်။ ထို့နောက်တွင် ရင်ဘောင်တန်းလျှောက်နေရာမှ ကောင်လေးသွားနိုင်အောင် လမ်းဖယ်ပေးလိုက်သည်။ "လက်နက်ကိုင်ခြေလျင်တပ်ရင်း" ဟု ကောင်လေး အဘိုးအိုကို လှမ်းပြောသည်။ "ဟင်..." အဘိုးအိုက ဂယောင်ခြောက်ခြားဖြင့် ပြန်ပြောမိသည်။ သူ့မျက်ဝန်းများက တောင်ကုန်းစိမ်းစိမ်းများဆီ ငေးကြည့်နေ၏။ "တကယ်လား။ ဘယ်လိုလုပ်သိတာတုံး" "သိုင်းကျိုးအစိမ်းရောင်တွေ အဘိုးမမြင်ဘူးလား" "မြင်ပါတယ်။ ဒါပေမဲ့ ဒီဟာတွေက အမြဲပြောင်းနေတာပဲ။ အရင်တုန်းကတော့ လက်နက်ကိုင်ခြေလျင်တပ်ရင်းဆိုတာ အနက်နဲ့အနီ၊ ပြီးတော့ အစိမ်း..." ပြောနေရင်းတန်းလန်းမှ အဘိုးအိုက ရုတ်ချည်းရပ်ပစ်လိုက်သည်။ ထို့နောက် ခပ်မာမာဖြစ်လုနီးပါးအသံဖြင့် ပြောလိုက်သည်။ "ဒါတွေက အရေးမကြီးပါဘူးသားရယ်။ ဒါတွေအားလုံး အဓိပ္ပာယ်လည်း မရှိပါဘူး။ ခဏနေရင် ဒါတွေအားလုံးကို သား မေ့သွားမှာ။ နေ့ပေါင်းများစွာထဲကမှ၊ ဟောဒီလို မွေးနေ့မျိုးမှာ သားမစဉ်းစားသင့်တာက ဟောဒီလို...." ကောင်လေးက အလေးအနက်မျက်နှာထားဖြင့် အဘိုးအို၏စကားကို ဖြတ်ပြီးပြောသည်။ "အနက်နဲ့အနီက အင်ဂျင်နီယာတပ်ပါအဘိုးရယ်။ အနက်ချည်းပဲဆိုရင် စစ်ပုလိပ်၊ အနီရောင်က အမြှောက်တပ်၊ ပြီးတော့ အပြာနဲ့အနီဆိုရင် ဆေးတပ်ဖွဲ့၊ ပြီးတော့ အနက်နဲ့လိမ္မော်ရောင်ဆိုရင်........" ထင်ရှူးတောထဲတွင် အရာရာငြိမ်သက်နေ၏။ ရာစုနှစ်များစွာရှင်သန်လာခဲ့သော ထိုးထိုးထောင်ထောင် အစိမ်းရောင်ကောဇောအမိုးကြီးက မြို့တွင်းမှ လွင့်ပျံလာသော အသံများကို ချုပ်ငြိမ်းသွားစေသည်။ မရေတွက်နိုင်သည့် အညိုရောင်ပင်စည်များက အဘိုးအိုနှင့်ကောင်လေးကို ပတ်ချာလည်ဝန်းရံထားသည်။ သူတို့ ခေါင်းပေါ်တည့်တည့်တွင်ရှိနေသော နေမင်းကြီးမှာ ထူထဲခိုင်ခံ့လှသည့် ခြုံစောင်ကြီးတစ်ခုလိုဖြစ်နေသော သစ်ရိပ်မိုးကိုဖြတ်၍ ၎င်း၏ အလင်းရောင်များကို အလင်းစက်လေးများအဖြစ်သာ ထိုးချနိုင်တော့သည်။ "ဟိုမှာကြည့်လိုက် အဘိုး" ဟု ကောင်လေးက ပြောသည်။ အဘိုးအိုက ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်သည်။ "မဟုတ်ဘူး။ ဒီဘက်နား နည်းနည်းတိုးကြည့်" ဟု ကောင်လေးက လက်ညှိုးထိုးပြီး ပြောသည်။ "ဟိုမှာတွေ့လား။ ဘုရားကျောင်းကို ဒီကနေ လှမ်းမြင်နေရတယ်" တောအုပ်အစွန်မှ ပင်စည်နှစ်ခုကြားကိုဖြတ်၍ ကောင်းကင်နောက်ခံတွင် ထီးထီးကြီးရှိနေသော မီးလောင်ကျွမ်းထားသည့် ဘုရားကျောင်းခေါင်မိုးမည်းမည်းနှင့် ကြွင်းကျန်သော ရိုးတိုင်များကို လှမ်းမြင်နေ၏။ "ကဲ နားထောင်ကြည့်စမ်း သား၊ ကြားရလား။ စမ်းရေစီးသံတွေ။ အပေါ်နားလေးမှာ စမ်းချောင်းလေးတစ်ခုရှိတယ်၊ အဲဒီအလယ်မှာ အဘိုးတို့ ရေစိမ်လို့ရတယ်၊ မြင်မြင်သမျှက ကောင်းကင်ကြီးနဲ့ သစ်ပင်ထိပ်ဖျားတွေချည်းပဲလေ" "ဟုတ်ပါပြီ အဘိုးရယ်။ သား ဒီနေရာကို သဘောကျပါတယ်။ ဒါပေမဲ့ တော်ပါပြီ" ကောင်လေးက မီးကျွမ်းဘုရားကျောင်းပျက်ကြီးဆီသို့ တစ်ခါထပ်ကြည့်လိုက်သည်။ ထို့နောက် အဘိုးအိုကိုကြည့်ပြီး မေးခွန်းထုတ်သည့်အနေဖြင့် သူ့မျက်ခုံးများကို ပင့်လိုက်သည်။ "သားတွေ့ရဦးမှာပါ။ ဒီနေရာဟာ ဘယ်လောက် သဘောကျဖို့ကောင်းသလဲဆိုတာ" ဟု အဘိုးအိုက ပြောသည်။ တောင်ကုန်းထိပ်သို့ ရောက်လာကြသောအခါ အဘိုးအိုက အောက်ခြေရှိ စမ်းချောင်းကလေးဆီကို ပျော်မြူးစွာ လက်ဝှေ့ယမ်းပြလိုက်သည်။ "ကဲ ဟောဒီမှာ ကြည့်ပါဦး။ သား ဘယ်လိုထင်လဲ၊ အေဒင်ဥယျာဉ်ကြီးလို့ မထင်ဘူးလား။ အစဆုံးမှာ သစ်ပင်တွေ၊ ကောင်းကင်နဲ့ ရေ။ ဒါဟာ သားပိုင်ဆိုင်သင့်တဲ့ ကမ္ဘာမျိုးပေါ့။ အနည်းဆုံးတော့ ဒီနေ့အဖို့ သားပိုင်ဆိုင်သင့်တဲ့ကမ္ဘာကို ပိုင်ဆိုင်နိုင်ပြီ" "ပြီးတော့ ဟိုမှာကြည့်ဦးအဘိုး" ဟု ကောင်လေးက တောင်ကုန်းအခြားတစ်ဖက်သို့ ညွှန်ပြရင်းပြောလိုက်သည်။ တောင်ကုန်းပေါ်ရှိ ပျက်စီးနေသောသံချပ်ကာတာယာပန်းများအပေါ်တွင် ငူငူကြီးထိုင်နေသည့် ထင်းရှူးကိုင်းကြွေများအရောင်ပေါက်အောင် သံချေးတက်နေသော ကြီးမားသည့်တင့်ကားကြီးတစ်စင်းကို မြင်လိုက်ရသည်။ နေဒဏ်ရေဒဏ်တို့ကြောင့် ခြစ်ရာပဲ့ရာများနှင့် ပျက်စီးနေသည့်ကိုယ်ထည်တွင် တစ်ချိန်တုန်းက အမြှောက်တစ်စင်းရှိခဲ့ရမည့် နေရာမှ အနက်ရောင် ဟောင်းလောင်းပေါက်ကြီးကို မြင်ရသည်။ "အဲဒီကိုသွားဖို့ ရေကို ဘယ်လိုဖြတ်ရမလဲအဘိုး" ဟု ကောင်လေးက မေးလိုက်သည်။ "အဘိုးတို့ အဲဒီကို မသွားချင်ပါဘူးကွယ်" ဟု အဘိုးအိုက စိတ်မသက်မသာဖြင့် ပြောသည်။ ကောင်လေး၏ လက်များကို သူ တင်းကြပ်စွာဆုပ်ကိုင်ထားမိသည်။ "ဒီနေ့တော့ မသွားဘူးကွယ်။ တခြားတစ်ရက်ရက်တော့ ဒီကိုလာချင်လာနိုင်ဦးမှာပဲလေ။ ဒီနေ့တော့ မသွားပါနဲ့ကွယ်" ကောင်လေးက အလိုမကျဖြစ်သွားသည်။ အဘိုးအို၏လက်ထဲမှ သူ၏ သေးငယ်သောလက်ကလေးက လျော့တိလျော့ရဲဖြစ်လာသည်။ "ဟော ဟိုအရှေ့မှာ လမ်းကွေ့ကလေးတွေ့လား။ အဲဒီနားတစ်ဝိုက်မှာ အဘိုးတို့ လိုချင်တဲ့ဟာကို သေချာပေါက်ရှာတွေ့တော့မှာကွယ့်" ကောင်လေးက ဘာမျှမပြောဘဲ ခဲလုံးတစ်လုံးကိုကောက်၍ တင့်ကားရှိရာဆီ ပစ်ပေါက်လိုက်သည်။ ပစ်မှတ်ဆီကျသွားသော ဗုံးတစ်လုံးလို၊ ကမ္ဘာကြီးတစ်ခုလုံး ပေါက်ကွဲသွားတော့မယောင် သူက နားတွေကို ပိတ်လိုက်သည်။ သံထည်နှင့်ထိခတ်သွားသော ခဲလုံးဆီမှ ခပ်တိုးတိုးအသံလေးတစ်ခု တောက်ခနဲထွက်ပေါ်လာပြီးနောက် ကောင်လေး အနည်းငယ်သက်သာရာရသွားသည်။ နည်းနည်းတော့ ကျေနပ်မှုရသွားပုံပေါ်သည်။ သူက အဘိုးအိုနောက်မှ လိုက်သွားသည်။ လမ်းကွေ့လေးဆီရောက်တော့ အဘိုးအိုရှာဖွေနေသည့်အရာကို သူတို့ တွေ့လိုက်ကြရသည်။ စမ်းချောင်းလေးအတွင်း ထိုးထွက်နေသော၊ စားပွဲခုံတစ်ခုလို ချောမွေ့ခြောက်သွေ့သည့် ကျောက်သားပြင်ဖြစ်ပါသည်။ ကမ်းနံရံက ခပ်မြင့်မြင့် ကာဆီးနေ၏။ အဘိုးအိုက ရေညှိခြောက်များကို သုတ်သင်လိုက်ပြီး သူ့ဘေးနားရှိ နေရာလေးကို ကောင်လေးလာထိုင်စေရန် ချစ်ခင်စွာဖြင့် တယုတယလက်ဖြင့်ပုတ်ပြလိုက်သည်။ ထို့နောက် နေ့လယ်စာထမင်းထုပ်ကို သူက ဖြည်လိုက်သည်။ နေ့လယ်စာ စားပြီးချိန်တွင် ကောင်လေး မရိုးမရွဖြစ်လာသည်။ "တိတ်ဆိတ်နေတာပဲ" ဟု နောက်ဆုံးတော့ သူကပြောသည်။ "တိတ်ဆိတ်တာ ကောင်းတာပေါ့သားရယ်။ ကမ္ဘာကြီးရဲ့ တစ်ထောင့်မှာတော့ ဒီလိုမျိုး တိတ်ဆိတ်နေသင့်တာပေါ့" "ဘယ်သူမှလည်းမရှိဘူး။ ပျင်းစရာကြီး" "အဲဒါ အလှတရားပေါ့" "သားကတော့ မြို့မှာနေရတာ ပိုကြိုက်တယ်။ အဲဒီမှာ စစ်သားတွေလည်းရှိတယ်၊ ပြီးတော့..." အဘိုးအိုက ကောင်လေး၏ လက်မောင်းကို ဖမ်းဆုတ်လိုက်ပြီး တင်းကြပ်စွာညှစ်ပစ်လိုက်သည်။ "မဟုတ်ဘူး။ မင်း မသိပါဘူး သားရယ်။ မင်းက အရမ်းငယ်သေးတယ်။ ဘာတွေလဲဆိုတာ သိဖို့၊ မင်းကိုငါ ဘယ်လိုလက်ဆောင်မျိုးပေးချင်တာလဲဆိုတာသိဖို့အတွက် မင်းက အရမ်းကို ငယ်လွန်းသေးတယ်။ ဒါပေမဲ့ မင်းကြီးလာတဲ့အခါကျတော့ ဒါကို သတိရလိမ့်မယ်၊ ဒီနေရာကို မင်းပြန်လာချင်လိမ့်မယ်။ မင်းရဲ့လှည်းကလေး ပျက်စီးကျိုးကျေသွားပြီး အချိန်အတော်ကြာမှပေါ့..." "သားလှည်းကလေးကို မပျက်စီးစေချင်ပါဘူး" ဟု ကောင်လေးက ပြောသည်။ "အေးအေး မပျက်ပါဘူး၊ မပျက်ပါဘူး။ ဒါပေမဲ့ ဒီနားလေးမှာပဲ လာလှဲနေစမ်းပါ သားလေးရယ်။ မျက်လုံးလေးတွေကိုပိတ်၊ ပြီးတော့ နားထောင်ကြည့်စမ်း။ အရာအားလုံးကို မေ့ထားလိုက်။ ဒီလောက်လေးပဲ အဘိုးသားကို ပေးနိုင်တာပါ၊ စစ်ဘေးက ကင်းဝေးတဲ့ နာရီအနည်းငယ်လေးပါ" ပြောပြီးနောက် အဘိုးအို၏ မျက်လုံးများ မှိတ်သွားခဲ့သည်။ ကောင်လေးက သူ၏ နံဘေးတွင် လှဲလျောင်းရင်း ပြောစကားနားထောင်သော ကလေးလေးတစ်ဦးအဖြစ် သူ့မျက်လုံးများကို မှိတ်ထားလိုက်၏။ အဘိုးအို နိုးလာချိန်၌ ကောင်းကင်ယံတွင် နေ၀င်တော့မည်။ စမ်းချောင်းဘေးတွင် အကြာကြီးအိပ်ပျော်သွားမိသဖြင့် သူ့ကိုယ်ခန္ဓာက စေးထန်းထန်းဖြင့် ကိုက်ခဲနေ၏။ သမ်းဝေပြီး သူက အပျင်းတစ်ချက်ဆန့်လိုက်သည်။ "ပြန်ရတော့မယ့်အချိန်ပဲ" ဟု မျက်လုံးများကိုမဖွင့်ဘဲ သူက ပြောသည်။ "တို့ရဲ့ ငြိမ်းချမ်းတဲ့တစ်နေ့တာတော့ ကုန်ဆုံးသွားပြီ" ဟု ပြောရင်းပင် သူ့ဘေးနား ကောင်လေးမရှိကြောင်း သတိပြုမိသွားသည်။ အစ၌ ကောင်လေး၏နာမည်ကို သူက ပုံမှန်အတိုင်းပင် ခေါ်နေမိသည်။ ထို့နောက်တွင် လေတိုးသံများမှအပ ပြန်ထူးသံမကြားရသည့်အချိန်တွင်တော့ မတ်တပ်ရပ်လိုက်ပြီး ကောင်လေး၏နာမည်ကို အော်ခေါ်နေမိတော့သည်။ အကြောက်တရားက သူ့ကိုယ်ခန္ဓာအတွင်း ဂယက်ထနေသည်။ ဒီတောအုပ်ထဲကို ကောင်လေး တစ်ခါမျှ ရောက်ဖူးခဲ့သည်မဟုတ်။ အလွယ်တကူ လမ်းပျောက်သွားနိုင်ပြီး မြောက်ဘက်ရှိ နက်ရှိုင်းသော တောအုပ်တောင်ကုန်းများအတွင်းသို့ အလွယ်တကူ မျက်စိလည်ရောက်ရှိသွားနိုင်သည်။ တောင်ကုန်းမြင့်မြင့်တစ်ခုဆီသို့ သူက တက်လိုက်ပြီး ထပ်၍ အော်ခေါ်ပြန်သည်။ ပြန်ထူးသံ ထွက်ပေါ်မလာ။ အောက်ဖက်ဆီသို့ ပြန်ဆင်းသွားပြီး တင့်ကားဆီသို့ ကောင်လေး သွားချင်သွားနိုင်သည်၊ စမ်းချောင်းကို ဖြတ်ကူးဖို့ ကြိုးစားနိုင်သည်။ တင့်ကားကို လှမ်းမြင်ရသည့် လမ်းချိုးဆီ ပြန်ရောက်ဖို့ တောင်ဆင်းလမ်းအတိုင်း အဘိုးအို တက်သုတ်နှင်လာခဲ့သည်။ အကျည်းတန်သော ရုပ်ကြွင်းပစ္စည်းကြီးက လမ်းချိုးကိုဖြတ်၍ ပါးစပ်အဟောင်းသားဖြင့် သူ့ထံသို့ စိမ်းစိမ်းကြည့်နေ၏။ အရာအားလုံး အရင်အတိုင်းနေသားတကျ၊ လေတိုးသံနှင့် စမ်းရေစီးသံများကိုသာ ကြားနေရသည်။ "ဒိုင်းးးးးးးးးးး" အသံတိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။ သံကိုယ်ထည်နောက်ဆီမှ ကောင်လေး၏ ဦးခေါင်းလေး အောင်ပွဲခံသည့်အပြုံးဖြင့် ထိုးထွက်လာပြီး ပြောလိုက်သည်။ "အဘိုး သေသွားပြီ"။
+တေဇာ (လရောင်လမ်း)+
 Happy Birthday, 1951 by Kurt Vonnegut ကို ဆီလျော်သလို ဘာသာပြန်ဆိုပါသည်။
Read More...
===မိုးညအိပ်မက်ချို.==
မိုးကတော့ သူ့ဝတ္တရားအတိုင်း အေးအေးဆေးဆေးကို ရွာနေလိုက်တာ မနက်ကတည်းကနေ ညနေထိပါပဲ…။ သည်းသည်းမဲမဲမဟုတ်ပေမယ့် ရွာနေတဲ့အချိန်ကြာတော့ ထုံးစံအတိုင်းလမ်းပေါ်မှာ ရေတွေလျှံတဲ့နေရာ လျှံပေါ့…။ တချို့နေရာတွေဆို ရေတောင်ကြီးတယ်တဲ့…။ အိမ်ရောက်ခါနီး လမ်းလေးထဲကို ချိုးကွေ့ ၀င်လိုက်ရင်ဆိုပဲ… ကိုယ့်လက်ထဲက ခြင်းတောင်းလေးကို ဆွဲယူလိုက်တာခံရတော့ ထစ်ခနဲဖြစ်သွားတဲ့စိတ်နဲ့ လှည့်ကြည့်လိုက်တာ…။ “မမကို ကျွန်တော်ဒီလမ်းကစောင့်နေတာ သုံးရက်ရှိပြီ ခုမှပဲတွေ့ရတော့တယ်”… ကိုယ်မင်းကို ဘာပြောရမှန်းမသိ စက္ကန့်တော်တော်ကြာအောင် ပြန်ပြီး ငေးစိုက်ကြည့်နေမိတယ်….။ “ဘာ..ကြောင်ကြည့်နေတာလဲ …လာ ကျွန်တော်တို့အတူ ကော်ဖီသောက်ရအောင်..” ဆိုပြီး မင်းကထီးကိုင်ထားတဲ့လက်နဲ့ ခြင်းတောင်းကိုပါကိုင်ပြီး ကျန်လက်တစ်ဖက်နဲ့ကိုယ့်လက်ကို ဆွဲယူလိုက်တယ်…။ မင်းလက်တွေက မိုးရေတွေစိုရွှဲလို့…။ အို…. ကိုယ်အိပ်မက်မက်နေတာလား…။ တကယ်… အိပ်မက် မဟုတ်ပါဘူးနော်…။ ကော်ဖီဆိုင်ကလမ်းမကြီးဖက်မှာမို့လို့ ကိုယ်တို့ လမ်းလေးထဲကိုမ၀င်တော့ဘဲ လာရာလမ်းဘက်ကို ပြန်လျှောက်လိုက်ကြတယ်…။ မင်းက ကိုယ်မိုးရေမစိုအောင် ထီးကို ကိုယ့်ဖက်ငဲ့ပြီးစောင်းပေးလို့ မင်းပခုံးတစ်ဖက် မိုးတွေစိုကုန်တယ်…။ မိုးထဲမှာ ကိုယ်ချစ်တဲ့မင်းကို လက်တွဲပြီး ထီးတစ်ခုထဲအောက်မှာ အတူလမ်းလျှောက်ရလိမ့်မယ်လို့ အိပ်မက်တောင်မမက်ဖူးခဲ့ဘူး ကိုယ်ဖြင့်ပျော်လိုက်တာ…။ မိုးထဲမှာလမ်းလျှောက်ရင်း ကိုယ်တို့ ဘာစကားမှ မပြောဖြစ်ကြဘူး…။ မင်း …ဘာတွေတွေးနေမလဲ ကိုယ်မသိပေမယ့်… ကိုယ်ကတော့ အိပ်မက်ယောင်နေသူ တစ်ယောက်လို ခုအဖြစ်အပျက်လေးဟာ အိပ်မက်မဟုတ်ပါစေနဲ့လို့ စိတ်ထဲကြိမ်ကြိမ် ရေရွတ် ကြိတ်ပြီး ဆုတောင်းနေတာ ကော်ဖီဆိုင်မရောက်မချင်းပါပဲ…။ တော်သေးတယ် ကော်ဖီဆိုင်လေးမှာ ခုံလွတ်တွေရှိနေသေးလို့…။ ကိုယ်တို့နေရာယူလိုက်တော့ မင်းက အမေရီကန်နိုအပူ နှစ်ခွက်နဲ့ ချိစ်ကိတ်မှာလိုက်တယ်…။ ခုချိန်ထိမယုံနိုင်ဖြစ်နေတဲ့ ကိုယ့်ကိုမင်းက သေချာစိုက်ကြည့်ပြီး ပြုံးရယ်နေတယ်…။ မင်းအပြုံးတွေက ခုချိန်ထိ ကိုယ့်ကို လတ်ဆတ်စေမြဲပဲ သိလား..။ မင်းပါးပြင်ပေါ်က ယှက်နွယ်နေကြတဲ့ ခရမ်းရောင်အစိမ်းရောင်သွေးကြောလေးတွေကို ကိုယ်လက်ညိုးနဲ့တို့ကြည့်လိုက်တယ်…။ မင်းအသားကို ထိလို့ရတယ်ဆိုတော့ ဒါအိပ်မက်မဟုတ်ဘူးပေါ့ ဟုတ်လား အိန်ဂျယ်…။ မင်းက ကိုယ့်လက်ကိုဆွဲယူဆုတ်ကိုင်လိုက်တယ်…။ စောစောက မိုးစိုနေပေမယ့် မင်းလက်ဖ၀ါးတွေက နွေးထွေးလိုက်တာ…။ “အိပ်မက်ဆိုရင် ကိုယ်တော့ ဘယ်တော့မှမနိုးထချင်တော့ဘူး…အိန်ဂျယ်… မင်းကိုယ့်အနားကနေ ထပ်ပြီး ပျောက်ကွယ်သွားမှာကို ကိုယ်သေမလောက်ကြောက်တယ်ဆိုတာ မင်းသိလား…” ကိုယ့်အသံတွေ တိုးလျအက်ရှစွာထွက်လာခဲ့တယ်…။ “ကျွန်တော်တို့ မိုးမတိတ်မချင်း ဒီမှာထိုင်ကြမယ်…အေးဆေးစကားပြောကြမယ်နော်… မမနဲ့ မတွေ့ဖြစ်တာ ဘယ်လောက်တောင်ကြာနေပြီလဲ….”တဲ့ ။ ကိုယ့်ကို စိုက်ကြည့်နေတဲ့ မတိုမရှည်မျက်တောင်နက်နက်စိပ်စိပ်တွေနဲ့ဝန်းရံထားတဲ့ မင်းမျက်ဝန်းတွေက တဖျတ်ဖျတ်နဲ့ ရွှန်းလက်တောက်ပလို့….။ မင်းနှုတ်ခမ်းထူထူတွေက အခါတိုင်းလိုရွှန်းစိုနီရဲမနေဘဲ မှိန်ဖျော့နေကြတယ်…။ မိုးစိုလို့မင်းသိပ်အေးနေလား အိန်ဂျယ်…။ ဒါပေမယ့်လည်း မင်းနှုတ်ခမ်းတွေ နွေးထွေးသွားဖို့ ကိုယ်ကစပြီး လုပ်ပေးပိုင်ခွင့်မရှိပါဘူး…။ အငွေ့ထောင်းထောင်းထတဲ့ ကော်ဖီနှစ်ခွက် ကိုယ်တို့ရှေ့ကိုရောက်လာတယ်…။ မင်းက ကိုယ့်ကော်ဖီခွက်ထဲကို သကြားညိုနှစ်ခဲထည့်ပြီး နို့နဲ့ရောမွှေလိုက်တယ်…။ ကိုယ်ကြိုက်တတ်တဲ့ ခါးဆိမ့်အရသာကို မင်းမမေ့သေးဘူးပဲ…။ … ကော်ဖီငွေ့တွေက ကိုယ့်မြင်ကွင်းကို ၀ိုးဝါးကွယ်လိုက်ကြတယ်…။ ဟင့်အင်း ခုချိန်မှာ မင်းကို ကိုယ်မျက်စေ့အောက်ကတောင် အပျောက်မခံနိုင်ပါဘူး…။ ကော်ဖီခွက်ကို ကိုင်ပြီးသောက်နေတဲ့မင်းကို ဘာလို့လဲမသိ ကောဖီငွေ့တွေက ခပ်ပါးပါး ကွယ်ရာကနေပြီး… တဖြေးဖြေးမှောင်မိုက်ပိန်းပိတ်လာကြတယ်…။ အိန်ဂျယ့်ကို ကိုယ်ယောင်မဖျောက်ပစ်လိုက်ပါနဲ့ … ကိုယ်တောင်းပန်ပါတယ်…။ ကိုယ့်အနားကနေ ထပ်ပြီး ပျောက်ကွယ်မသွားပါနဲ့…။ “အိန်ဂျယ်…အိန်ဂျယ်….အိန်ဂျယ်….” နှုတ်ကရွတ်ဆိုပြီး ကိုယ်လန့်နိုးလာတော့ အမှောင်တိုက်ထဲမှာ…။ ဘယ်ချိန်ရှိနေပြီလဲ… ဘာမှလဲမမြင်ရဘူး…။ အိပ်မက်ထဲမှာတောင် အိပ်မက်မဖြစ်ပါစေနဲ့လို့ အခါခါညည်းညူရွတ်ဆိုဆုတောင်းနေခဲ့ပေမယ့် ကိုယ်ဆုတောင်းမပြည့်ခဲ့ဘူး…..။ အပြင်မှာ မိုးတွေတစက်စက်နဲ့ရွာနေတုန်းပဲ….။ အိပ်မက်နဲ့မတူတဲ့ အိပ်မက်ထဲက တကယ့်အဖြစ်အပျက်လေးကို မပျောက်ကွယ်အောင် ကိုယ်ဘယ်လိုသိမ်းထားရပါ့မလဲ…။ ကိုယ်တို့နှစ်ယောက်ထဲဖတ်လို့ရတဲ့ ဒီနေရာလေးမှာပဲ မင်းအိပ်မက်ကို ကိုယ့်တစ်သက်တာအတွက် အမှတ်တရသိမ်းဆည်းမယ်…မင်းသဘောတူတယ်မဟုတ်လား…။ 
+မိုးငွေ့+
Read More...
==ဟာဒယနှလုံး-တခဏပြုံး(ရွေ့ ရမယ်တဲ့ ရွေ့ ရမယ်)==
Read More...
==ကာတွန်းဟာသ(ချိတ်ပိတ်လိုက်ရမလား..ပြော)==
Read More...
==လူထုကျန်းမာရေး ( ကန်စွန်းဥ စားသင့်တဲ့ အကြောင်းရင်း ၉ ချက်)==
**Public Health**
ကန်စွန်းဥဟာ အလွယ်တကူ ရရှိနိုင်သော၊ ဈေးသက်သာသော၊ အရသာ ရှိသော အသီးအနှံများထဲမှ တစ်မျိုး ဖြစ်ပါတယ်။ ကန်စွန်းဥကို ဘာကြောင့် စားသုံးသင့်သလဲဆိုတဲ့ အချက်များကတော့ - နှလုံးတိုက်ခိုက်ခံရခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင် B6 ကြွယ်ဝစွာ ပါရှိခြင်း - အရေပြားတင်းရင်း၊ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်သော ကိုလေဂျင် အမျှင်များကို ထုတ်လုပ်ပေးရာတွင် ကူညီ ပေးသော ဗီတာမင် C များ ပါဝင်နေခြင်း - ဗီတာမင် D ပါဝင်ခြင်း၊ ထိုဗီတာမင်သည် စွမ်းအင်ပမာဏ၊ စိတ် အခြေအနေ၊ အရိုးများ တည်ဆောက်ခြင်း၊ နှလုံး၊အရေပြား၊ အာရုံကြောနှင့်သွားကျန်းမာရေး တို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း - သွေးဖြူဥများ ထုတ်လုပ်ခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျခြင်း၊ ခုခံအားစနစ် ကောင်းမွန်ခြင်း စသည့် အကျိုး ကျေးဇူးများကို ပေးစွမ်းနိုင်သောသံဓာတ် စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်သော မဂ္ဂနီစီယမ်ဓာတ် နှလုံးခုန် နှုန်းနှင့် အာရုံကြော သတင်းပေးပို့ချက် များကို ထိန်းညှိပေးသော ပိုတက်စီယမ်၊ - သဘာဝ သကြားဓာတ်များ ပါရှိပြီး သွေးကြော ထဲသို့ ဖြည်းညင်းစွာ ထုတ်လွှတ်နိုင်ခြင်း - ကင်ဆာရောဂါကို မောင်းထုတ်ပြီး အသက်အရွယ် အိုမင်းခြင်းကို တွန်းလှန်ကာ ကွယ်နိုင်သော ကယ်ရိုတီး နွိုက် ဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်း - ချက်ပြုတ်နည်း အမျိုးမျိုး ပြုတ်ခြင်း၊ ချက်ခြင်း၊ ဟင်းချို သို့မဟုတ် ကြော်ခြင်း စသည်ဖြင့် ပြင်ဆင်ကာ စားသုံး နိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
By Health Digest
ဆိုင်မွန်စာကြည့်ဆိုဒ်:
Read More...
Sunday, August 31, 2014
==ယခုလအတွင်းဟိုအကြောင်းဒီအကြောင်းသူတို့ အကြောင်း==
** ဒုတိယမြောက် ရင်သွေးရှိကြောင်းအတည်ပြုခဲ့သည့်ရှာကီရာ**
 ကိုလံဘီယာကြယ်ပွင့်  ရှာကီရာက ဘောလုံးငွေကြယ် ပွင့်  ဂျရတ်ပီကေးနှင့်  ဒုတိယမြောက် ရင်သွေးရတနာကို လွယ်ထားရပြီဖြစ်ကြောင်း သြဂုတ် ၂၈ ရက်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာများဖြစ်သည့်  ဖေ့စ်ဘွတ်ခ်နှင့်  တွစ်တာစာမျက်နှာများထက်တွင် တရားဝင်ကြေညာခဲ့ ပြီး ရှာကီရာ၏ ပြောရေးဆိုခွင့် ရှိသူကလည်း ယင်းမှာ မှန်ကန်ပါကြောင်း အတည်ပြုပြောကြားခဲ့ သည်။
ထို့ပြင် တေးသံရှင် ရှာကီရာက ““ဟုတ်ပါတယ်၊ ကျွန်မ ဒုတိယရင်သွေးလေးကို လွယ်ထားရပါတယ်၊ ဆုတောင်းပေးကြတဲ့  ပရိသတ်ကြီးကို ကျေးဇူးတင်ပါတယ်”” ဟု ရေးသားဖော်ပြထားခဲ့ ပြီး အခြားအသေးစိတ် အချက် အလက်များကို ထည့် သွင်းပြောကြားခဲ့ ခြင်းမရှိကြောင်း သိရသည်။မကြာမီက တေးသီချင်းမူပိုင်ခွင့်ပြဿနာများနှင့်  ရင်ဆိုင်နေရသူ ကိုလံဘီယာကြယ်ပွင့်  ရှာကီရာသည် ၂၀၁၃ ခုနှစ် နှစ်ဦးပိုင်းက အသက်(၂၇)နှစ်အရွယ် ဘောလုံးငွေကြယ်ပွင့်  ပီကေးနှင့်  သားဖြစ်သူ မိုင်လန် ပီကေးကို မွေးဖွားခဲ့ ပြီး ယခုဒုတိယရင်သွေးကို ကိုယ်ဝန် ဆောင်ထားရခြင်းလည်းဖြစ်သည်။(မျိုးစန်္ဒာမောင်)
** ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကျင်းပလျက်ရှိ**
ကမ်္ဘာ့ရုပ်ရှင်လောကတွင် ရှေးအကျဆုံးရုပ်ရှင် ပွဲတော်တစ်ခုဖြစ်သည့်  အီတလီနိုင်ငံမှ ဗင်းနစ် နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ယခုနှစ်တွင်လည်း (၇၁) ကြိမ်မြောက်အဖြစ် အီတလီနိုင်ငံ ဗင်းနစ်မြို့တော်၌ သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၆ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ အဆိုပါရုပ်ရှင်ပွဲတော်တွင် မကြာမီထွက်ရှိလာမည့်Birdmanဟာသဒရာမာဇာတ်ကားဖြင့်  စတင်ဖွင့် လှစ် ပေးခဲ့ ပြီး အပိတ်ဇာတ်ကားအဖြစ် တရုတ်ဇာတ်ကားသစ် The Golden Eraဖြင့်  ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ အပြင် အမေရိကန်ရုပ်ရှင်ဒါရိုက်တာFrederick Wiseman အား တစ်သက်တာအကောင်းဆုံးအနုပညာရှင် ဆုအဖြစ် ရွှေခြင်္သေ့ ရုပ်တုကို အပ်နှင်းချီးမြှင့် ခဲ့ ကြောင်း သိရသည်။ယင်းရုပ်ရှင်ပွဲတော်တွင် အာရှမှရုပ်ရှင်ကားများ ဖြစ်သည့် ဂျပန်နိုင်ငံမှ Fires on the Plain ဇာတ်ကား၊တရုတ်နိုင်ငံမှ Red Amnesiaဇာတ်ကား၊ တောင်ကိုရီးယားနိုင်ငံမှ Make-Upဒရာမာဇာတ်ကားနှင့်  ဟောင်ကောင်မှ Dearestဇာတ်ကားများလည်း ပါဝင် ယှဉ်ပြိုင်ပြသကြမည်ဖြစ်ကြောင်း သိရသည်။(မျိုးစန်္ဒာမောင်)
  **ချယ်လ်ဆီးတိုက်စစ်မှူး ဖာနန်ဒိုတောရက်စ် အေစီမီလန်အသင်း သို့  နှစ်ရာသီစာအငှားစာချုပ်ဖြင့်ကစားမည်**
ချယ်လ်ဆီးအသင်းမှ စပိန်တိုက်စစ်မှူး ဖာနန်ဒိုတော ရက်စ်သည် အီတလီစီးရီးအေကလပ် အေစီမီလန်အသင်း သို့ပြောင်းရွှေ့ ကစားရန် သဘောတူညီခြင်းအားဖြင့်  ၎င်း၏ ချယ်လ်ဆီးအသင်း၌ သုံးနှစ်ကျော်ကြာ စိတ်ပျက်ဖွယ်ဖြတ်သန်းခဲ့ ရသည့်  စတမ်းဖို့ဘရစ်ခ်ျအိပ်မက်ကို အဆုံး သတ်လိုက်ပြီဖြစ်သည်။ အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသည် အီတလီတိုက်စစ်မှူး ဘာလော့တယ်လီအား လီဗာပူး အသင်းသို့  ပြောင်းရွှေ့ ကြေးပေါင် ၁၆ သန်းဖြင့်  ရောင်းချခဲ့  ပြီးနောက် ဘာလော့တယ်လီနေရာတွင် အစားထိုးရန် တိုက်စစ်မှူး တောရက်စ်အား ခေါ်ယူခဲ့ ခြင်းဖြစ်သည်။ တိုက်စစ်မှူးတောရက်စ်သည် အေစီမီလန်အသင်းသို့  ပြောင်းရွှေ့ ကစားရန် သြဂုတ် ၂၈ ရက်က ဆွေးနွေးမှု များပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး အီတလီအင်အားကြီးကလပ် အေစီ မီလန်အသင်းနှင့်  နှစ်ရာသီစာ အငှားစာချုပ်ဖြင့်  သဘော တူညီခဲ့ ခြင်းဖြစ်သည်။ လီဗာပူးနှင့်  အက်သလက်တီကိုမက်ဒရစ် တိုက်စစ် မှူးဟောင်း တောရက်စ်သည် ၂၀၁၁ ခုနှစ်က ဗြိတိန်စံချိန် တင်ပြောင်းရွှေ့ ကြေးပေါင် သန်း ၅၀ ဖြင့်  လီဗာပူးအသင်းမှ ချယ်လ်ဆီးအသင်းသို့  ပြောင်းရွှေ့ လာခဲ့ သူဖြစ်ပြီး လက်ရှိ တွင် ချယ်လ်ဆီးအသင်းနှင့်  တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ဖြင့်  နှစ်နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကျန်ရှိနေသေး ကြောင်း သိရသည်။(ငွေကြယ်) 
** အေဂျက်ဇ် နောက်ခံလူဘလိုင်း အားခေါ်ယူရန်မန်ယူ သဘောတူညီချက်ရရှိ**
ပရီမီယာလိဂ်ကလပ် မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် အသင်း၏ခံစစ်ကို အားဖြည့် ရန် အတွက် အေဂျက်ဇ် အသင်း၏ ဟော်လန်လက်ရွေးစင် နောက် ခံလူ ဒါလေဘလိုင်း အားခေါ်ယူရန် သဘောတူညီချက်ရရှိ ထားပြီဖြစ်ကြောင်းသိရသည်။ မန်ယူနည်းပြဖြစ်သူ လူးဝစ် ဗန်ဟားလ်မှာ ဒါလေဘလိုင်းအား ကမ်္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်ကတည်းက ခေါ်ယူရန်ပစ်မှတ်ထားနေခဲ့ ခြင်းဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းမီ နောက်ဆုံးရက် သတ်္တပတ်အတွင်း တရားဝင်လက်မှတ်ရေးထိုးသွားဖွယ်ရှိ နေကြောင်း goal.comကဖော်ပြခဲ့ သည်။ မန်ယူအသင်း မှာ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ကစားသမား လေးဦးကိုခေါ်ယူထားခဲ့ ပြီး အားနည်းနေသည့်  ခံစစ်ပိုင်းအတွက် ဘလိုင်းအား ကမ်းလှမ်းခဲ့ ခြင်းဖြစ်သည်။ အေဂျက်ဇ် အသင်းမှာ ဘလိုင်းအတွက် ယူရို ၁၄ သန်းခန့်  အလိုရှိနေပြီး မန်ယူအသင်းမှာလည်း ယင်းပမာဏကိုပေး ချေရန် အသင့် ဖြစ်နေကြောင်း ဗြိတိန်သတင်းစာDaily Mailကဖော်ပြခဲ့ သည်။ ထို့ ပြင် အေဂျက်ဇ် နောက်ခံကစား သမား ဘလိုင်းမှာလည်း နယ်သာလန်အသင်းတွင် အတူ လက်တွဲခဲ့ ဖူးသည့်  ဗန်ဟားလ်၏ မန်ယူအသင်းသို့ ပြောင်း ရွှေ့ ရန်ဆန်္ဒရှိနေပြီး ယင်းအပြောင်းအရွှေ့ မှာ မကြာမီရက် ပိုင်းအတွင်း ဖြစ်မြောက်လာနိုင်ဖွယ်ရှိကြောင်း ဗြိတိန်မီဒီ ယာများကဖော်ပြခဲ့ ကြသည်။(ကိုရဲ)
Read More...
မဲဆောက်ဒေသကမြန်မာအလုပ်သမား၇ဦးကိုအလုပ်ရှင်ကထိုင်းရဲခေါါ်ဖမ်းခိုင်း၊ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့်မြန်မာသံရုံးကကူညီနေ==
(မဲဆောက်ရဲအချုပ်ခန်းသံတိုင်တွေကြားက မျော်လင့်ချက်မဲ့ဘ၀တွေပါ)
ဒီကနေ့ တနဂံနွေနေ့ ဆိုတော့အလုပ်ပိတ်ရက်မှန်းသိလို့ သူတို့ အလုပ်ရှင်က ထိုင်းရဲခေါါ်ဖမ်းခိုင်းလိုက်တာပါ။ထိုင်းမြန်မာနယ်စပ်တာ့ခ်ပြည်နယ်(ခရိုင်) မဲဆောက်ခရိုင်ဟိုဖွိုင်ရပ်ကွက်Sliver&Gold Garment Co,ltd စက်ရုံကမြန်မာအလုပ်သမား၇ဦးကိုအလုပ်ရှင်ကထိုင်းရဲခေါါ်ဖမ်းခိုင်းခဲ့တာပါ။ အလုပ်ရှင်အလုပ်သမားပြသနာကိုထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင် အလုပ်သမားကာကွယ်ရေးရုံး(LPO၊ဆ၀ါဒီကန်)မှာလတ်တလောအမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။
(မြန်မာအလုပ်သမားသံအရာရှိဦးသိမ်းနိုင်ကတဆင့်
မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမဲဆောက့်မြို့ 
Sliver;Goldစက်ရုံကပထမအသုတ်အလုပ်ဖြုတ်ခံရတဲ့(ရ)ဦးအတွက်)
 မြန်မာအလုပ်သမား၇ဦးကတော့မဲဆောက်ရဲစခန်းအချုပ်ထဲမှာရှိနေဆဲဖြစ်ပြီး ဆရာမိုး(JACBA)ကတဆင့်မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့်မြန်မာသံရုံးက တတ်နိုင်သမျကူညီနေပါတယ်။ဒီကနေ့ တနဂံနွေနေ့ ဆိုတော့မနက်ဖြန်ကျမှပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ရုံးနဲ့ထိုင်းလ၀ကရုံးကိုသွားပြီး ဥပဒေအရဆက်စပ်ဆောင်ရွက်ကြရမှာပါ။အခုလောလောဆယ်တော့နေ့ လယ်စာ နဲ့ စားစရာအချို့ ပို့ ထားပြီးပါပြိ။အလုပ်သမားသံအရာရှိဦးသိမ်းနိုင်ကလည်းတောက်လျှေက် ဖုန်းနားထောင်ပြီးလိုအပ်တာကို ဆက်စပ်ဆောင်ရွက်ပေးနေပါတယ်။
(မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမဲဆောက့်မြို့  One Stop Serviceရုံးအပြင်မှာဦးစီးအရာရှိ
ဦးအောင်ကိုသန်းနဲ့ ပထမအသုတ်အလုပ်ဖြုတ်ခံရတဲ့(ရ)ဦးတွေ့ ဆုံဆွေးနွေးကြစဉ်)
(မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနကအလှူငွေ
(၁၀၀၀)ဘတ်ကိုမဲဆောက်မြို့ One stop service
ရု့းံးဦးစိးအရာရှိဦးအောင်ကိုသန်း နဲ့ ဦးမိုးကြိုး(JACBA)
တို့ ကမဲဆောက်မြို့ Sliver&Goldစက်ရုံမှပထမအလုပ်ပြုတ်
တဲ့(ရ)ဦးအားပေးအပ်နေစဉ်)
Sliver&Gold Garment Co,ltdမြန်မာအလုပ်သမား၇ဦးကတော့..
(၁)ကိုနိုင်
 (၂)မောင်ချမ်းသာ
 (၃)ကိုထက်
(၄)မမြသီတာလွင်
(၅)မ၀ါဇင်
(၆)မအိအိထွန်း(ခ)မမျိုး
(ရ)မဇင်မျိုးဝေ...တို့ ပါပရိသတ်။
 သောင်ရင်းနဂါး
Read More...
=== Alienation===
ကွန်ဒိုထဲက ထွက်လို့ လမ်းမပေါ် စလျှောက်လိုက်ချင်းချင်းပဲ ရင်ထဲ ဟာခနဲဖြစ်သွားတယ်။ ဘာလို့ ငါက တစ်ယောက်တည်းဖြစ်နေရတာလဲဆိုတဲ့ အတွေးမှာ ကာလအတန်ကြာ တိမ်မြှုပ်နေတဲ့ ရင်ထဲက အထီးကျန်မှုဟာ ဘယ်ဆီကမှန်းမသိ ရုတ်တရက်ဆိုသလို ပြန်ပေါ်လာတယ်။ ရထားလမ်းပေါ်မှာ တွေဝေမိန်းမော ထိုင်နေမိတဲ့လူတစ်ယောက် တဖြည်းဖြည်းနီးကပ်ကျယ်လောင်လာတဲ့ ရထားခုတ်သံကို ရုတ်တရက် သတိပြုမိလိုက်သလိုမျိုး၊ အသည်းငယ်ချင်စရာ ထိတ်လန့်မှုမျိုးပေါ့။ ခုန အပေါ်ထပ်ဝရန်တာမြင့်မြင့်ကနေ ဒီလမ်းပေါ်မှာ သွားလာနေတဲ့ လူတွေကို ငါ ငုံ့ကြည့်နေသလို အခုငါ့ကို ငုံ့ကြည့်နေသူ တစ်ယောက်ယောက်ရှိမလား။ မရှိဖို့ များတယ်လို့ တွေးမိလိုက်တော့ ပိုပြီးတုန်လှုပ်သွားတယ်။ ကိုယ့်ခြေလှမ်းတွေကို ကိုယ်ပြန်ကြည့်နေတုန်းပဲ အခုလို လမ်းလျှောက်လေ့ရှိတဲ့ လူတစ်ယောက်ကို သတိရလာတယ်။ သူ အခုဘယ်မှာလဲ သူလည်း အခုချိန် ငါ့လို တစ်ယောက်တည်း လမ်းလျှောက်နေမလား။ လျှောက်နေတယ်ဆိုရင် သူလည်း အထီးကျန်နေမလား၊ ဒါမှမဟုတ် ဘာတွေကို တွေးနေမလဲ။ ဒီလိုနဲ့ ဖုန်းခေါ်ပြီး အကြောင်းအရင်းကို အရေးတကြီး ရှင်းပြလိုက်မိတယ်။ သူက ပြန်ပြောတယ်။ ကျွန်တော် အခု လမ်းတော့လျှောက်မနေဘူး၊ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲတဲ့။ ဈေးဝယ်စင်တာကြီးတစ်ခုရဲ့ ပေါ်တီကိုရှေ့နားလေးကနေ ခေါင်းမော့ရင်း တိမ်တွေကို ငေးငေးကြည့်နေတယ်ဆိုပဲ။ ကျွန်တော်လည်း ရယ်လိုက်မိတယ်။ အခုတော့ ကျွန်တော်ဖုန်းဆက်လိုက်တဲ့အတွက် ခင်ဗျားနည်းနည်းတော့ ဂုဏ်တက်သွားတာပေါ့၊ ကိုယ့်ကို ဂရုမစိုက်တဲ့ ရေးကြီးသုတ်ပြာလူအုပ်ကြီး ကြားထဲမှာ တစ်ယောက်တည်း တိမ်တွေကိုငေးငေးနေတာထက်စာရင်၊ စပ်ဖြဲဖြဲရုပ်နဲ့ ဖုန်းပြောတဲ့ လူတစ်ယောက်က ပိုပြီးတော့ အဆီအငေါ်တည့်မှာ၊ အနည်းဆုံးတော့ သူဟာ တစ်ယောက်တည်းမဟုတ်ဘူး၊ တစ်ယောက်ယောက်နဲ့ အဆက်အသွယ်ရှိနေပြီး ပြောစရာအကြောင်းတစ်ခုခုရှိနေတဲ့ လူ့အဖွဲ့အစည်းဝင်တစ်ဦးနဲ့ ပိုတူလာတယ် မဟုတ်လား။ ကျွန်တော်လည်း အခု ရင်ဘတ်ကိုကော့ပြီး လမ်းလျှောက်နေတယ်၊ အနည်းဆုံးတော့ ကျွန်တော့်မှာ တစ်ယောက်ယောက်နဲ့ ပြောစရာကိစ္စတစ်ခုခု ရှိနေတယ်ဆိုတာ ဘေးနားကလူတွေသိစေရမယ်လို့ ပြောရင်း ဖုန်းထဲကနေ ရယ်သံချင်း ဖလှယ်လိုက်ကြတယ်။ ဖုန်းချလိုက်ပြီးနောက်တော့ ကျွန်တော်လည်း အရင်အတိုင်း ခြေလှမ်းတွေကိုကြည့်ရင်း လမ်းဆက်လျှောက်နေမိတယ်။ ဟုတ်တယ်၊ ငါ တစ်ယောက်တည်းတော့ တစ်ယောက်တည်းပဲ၊ ဒါပေမဲ့ ငါ့လို လမ်းလျှောက်မနေပေမယ့်၊ တိမ်တွေကိုငေးငေးနေတဲ့ လူတစ်ယောက်လည်း တစ်နေရာမှာ ရှိနေတယ်၊ အဲဒီလူရဲ့ အတွေးထဲမှာ ငါရှိနေတယ် ဆိုတဲ့အသိမှာ ကျွန်တော့်ရဲ့ တည်ရှိမှုကို ကိုယ့်ကိုယ်ကိုယ် သက်သေထူလိုက်နိုင်တယ်။ ဒီတော့လည်း ရထားခုတ်သံကို လန့်သွားတဲ့ သံလမ်းပေါ်ကလူဟာ ရထားကြီး တခြားစင်္ကြန်ဘက် လမ်းလွဲသွားတာ မြင်လိုက်ရသလို၊ အဲဒီသံလမ်းပေါ်မှာပဲ နောက်တစ်ခါ ရထားသံကို ရုတ်တရက် မကြားရခင်အထိ ဆက်လက်တွေဝေမိန်းမောနေရုံပဲ။
 Dedicated to ဇာတိ (အန္တိမ)
 Image: kikiandtea.com
+တေဇာ (လရောင်လမ်း)+
Read More...
==ကာတွန်းဟာသ(အခကြေးငွေတစုံတရာပေးရန်မလိုပါ)==
Read More...
==ချယ်လ်ဆီး၊မန်စီးတီး၊အာဆင်နယ်၊လီဗာပူးနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စုအဆင့်==
၂၀၁၄-၂၀၁၅ ဘောလုံးရာသီရဲ့  ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့် ကတော့ မဲခွဲဆုံးဖြတ်ပြီးဖြစ်လို့  အုပ်စုပွဲစဉ် တွေကို စက်တင်ဘာ ၁၆၊ ၁၇ တို့ မှာ စတင်ကစားတော့မှာပါ။
၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချယ်လ်ဆီးကတော့ အုပ်စု(G  ) မှာ ရှော်လ်ကေး၊ စပို့ တင်း လစ်္စဘွန်း၊ မာရီဘောတို့နဲ့  တစ်အုပ်စုတည်းကျထားပြီး အဲဒီ အုပ်စုမှာ ချယ်လ်ဆီးက အကောင်းဆုံးအသင်းပါ။ ၂၀၁၁-၂၀၁၂ မှာ ချန်ပီယံလိဂ်ဖလားရတုန်းက ဘွန်ဒက်လီဂါမှာ အောင်မြင်မှုအရဆုံးဖြစ်တဲ့  ဘိုင်ယန်လိုမျိုး အသင်းကို ဗိုလ်လုပွဲမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ နိုင် ခဲ့ တယ်။ ဒါပေမယ့်  ပြီးခဲ့ တဲ့ ရာသီကတော့ ဆီမီးဖိုင်နယ်မှာ အက်သလက်တီကိုကို သုံးဂိုး-တစ်ဂိုးနဲ့  ရှုံးပြီး ချယ်လ်ဆီး အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကို နှုတ်ဆက်ခဲ့ ရတယ်။ အခုနှစ် မှာတော့ အုပ်စုအဆင့် ကို အားထုတ်စရာမလိုဘဲကျော်ဖြတ် နိုင်ဖို့ များနေတယ်။ ဘာကြောင့် လဲဆိုရင် အုပ်စုအဆင့်မှာ ပြိုင်ဘက် အသင်းတွေကို ကြောက်စရာမလိုဘူး။ ရှော်လ်ကေးဆိုတာ ကလည်း ချယ်လ်ဆီးနဲ့  ထိပ်တိုက်တွေ့ဆုံမှုလေးကြိမ်ရှိ ထားခဲ့ ရာ သုံးကြိမ်နိုင်ပြီး တစ်ကြိမ်သရေကျထားတယ်။ စပို့ တင်း လစ်္စဘွန်းနဲ့  မာရီဘောဆိုတာကလည်း ချယ်လ်ဆီး အတွက် အားထုတ်ပြိုင်ရမယ့် အသင်းတွေမဟုတ်ဘူး။ ဒါကြောင့်  ချယ်လ်ဆီးအနေနဲ့  ၂၀၁၁-၂၀၁၂ ရာသီကလို ချန်ပီယံလိဂ်အောင်မြင်မှုရယူဖို့ မျှော်လင့်ထားတာ ဖြစ်တယ်။
မန်စီးတီးကတော့ အုပ်စု (E ) မှာ ဘိုင်ယန်မြူးနစ်၊ ရိုးမား၊ CSKA မော်စကိုတို့ နဲ့  တစ်အုပ်စုတည်းကျထား ပြီး အုပ်စုအဖွင့် မှာ ဘိုင်ယန်လိုမျိုးအသင်းကြီးကို ရင် ဆိုင်ရမယ်။ အဲဒီမှာ မန်စီးတီးရဲ့  ယခုနှစ်ချန်ပီယံလိဂ်ခြေစွမ်း ဘယ်လောက်ရှိတယ်ဆိုတာ သုံးသပ်လို့ရမယ်။ ရိုးမားနဲ့ CSKA မော်စကိုတို့ ဟာလည်း အသင်းကောင်းတွေဖြစ်လို့  မန်စီးတီးအတွက်တော့ အုပ်စုအဆင့် ကို အကြိတ်အနယ် ကစားကာ အားထုတ်ပါမှ အုပ်စုအဆင့်ကို ကျော်ဖြတ် နိုင်မှာပါ။
အာဆင်နယ်ကတော့ အုပ်စု (D ) မှာ ဒေါ့မွန်၊ ဂါလာ တာစာရေး၊ အန်ဒါလက်ခ်ျစတဲ့  အသင်းတွေနဲ့ တစ်အုပ် စုတည်းကျနေပြီး ဒေါ့မွန်နဲ့ ဂါလာတာစာရေးကတော့ အာဆင်နယ်အတွက် သူနိုင်ကိုယ်နိုင် အပြိုင်ရုန်းကန်ရမယ့်  ပြိုင်ဘက်အသင်းတွေလည်းဖြစ်တယ်။ အာဆင်နယ်နဲ့ ဒေါ့မွန်တို့ ဟာ ပြီးခဲ့ တဲ့  ရာသီကလည်း ထိပ်တိုက်တွေ့ ဆုံမှု ရှိခဲ့တဲ့အသင်းနှစ်သင်းဖြစ်ပြီး ဒီနှစ်သင်းဟာ ချန်ပီယံ လိဂ်ထိပ်တိုက်တွေ့ ဆုံမှု ခြောက်ကြိမ်ရှိခဲ့ ရာမှာ အာဆင်နယ်က သုံးကြိမ်နိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေလဒ်ထွက်ပေါ် ထားတယ်။ ဂါလာတာစာရေးနဲ့  တစ်ကြိမ်ထိပ်တိုက်ဆုံ တွေ့ခဲ့ရာမှာတော့ ရှုံးပွဲကြုံခဲ့ပြီး အန်ဒါလက်ခ်ျနဲ့  တစ် ကြိမ် ထိပ်တိုက်တွေ့ ဆုံခဲ့ရာမှာတော့ အာဆင်နယ်တို့ အနိုင်ရလဒ် ဆောင်ကြဉ်းထားနိုင်ခဲ့ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဆင်နယ်အနေနဲ့  အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့  ကြိုး စားရဦးမှာဖြစ်ပြီး ယခင်နှစ်များကလို အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်မလားဆိုတာကတော့ စောင့် ကြည့် ရဦးမှာပါ။
လီဗာပူးကတော့ အုပ်စု( B ) မှာ ချန်ပီယံလိဂ်ဖလားကို ၁၀ ကြိမ်အထိ ရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်အပါအ၀င် ဘေဆယ်၊ လူဂိုဒိုရက်တို့ နဲ့  တစ်အုပ်စုတည်းကျရောက်ထား ပြီး အုပ်စုဒုတိယနေရာနဲ့  နောက်တစ်ဆင့် တက်လှမ်းနိုင် ဖို့ဆိုရင် အကြိတ်အနယ်ကစားရမှာပါ။ ဘာလို့ လဲဆိုရင် ရီးယဲလ်မက်ဒရစ်မှာ စီရိုနယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ ဂျိမ်းရို ဒရီဂွက်ဇ်စတဲ့  ကစားသမားကောင်းတွေရှိနေတာကို သတိ ပြုရမယ်။ ဒါပေမယ့်  ရီးယဲလ်မက်ဒရစ်နဲ့  ယခင်က ထိပ် တိုက်တွေ့ဆုံမှု သုံးကြိမ်ရှိခဲ့ ရာမှာတော့ သုံးကြိမ်စလုံး အနိုင်ရထားခဲ့ တယ်။ ဘေဆယ်နဲ့  ထိပ်တိုက်တွေ့ ဆုံမှုနှစ် ကြိမ်ရှိခဲ့ ရာမှာတော့ နှစ်ကြိမ်စလုံးရှုံးထားတယ်။ လူဂိုဒိုရက် ကတော့ အခုတစ်ကြိမ်ဟာ ချန်ပီယံလိဂ်ကို ပထမဆုံးဝင်ခွင့်  ရခဲ့ တဲ့ အသင်းဖြစ်တဲ့ အတွက် လီဗာပူးအတွက် အားထုတ် စရာမလိုလောက်တဲ့ အသင်းလို့  သတ်မှတ်နိုင်တယ်။ မည် သို့ ဆိုစေ အုပ်စုအဆင့် ကျော်ဖြတ်နိုင်ဖို့ ဆိုရင်တော့ ပြိုင် ဘက်တိုင်းကို လျှော့တွက်မရဘူး။ နိဂုံးချုပ်ရရင် ချယ်လ် ဆီးနဲ့  လီဗာပူးအတွက် ချန်ပီယံလိဂ်နောက်တစ်ဆင့် တက် ဖို့ အလားအလာရှိပေမယ့်  မန်စီးတီးနဲ့  အာဆင်နယ်က တော့ နောက်တစ်ဆင့် တက်ဖို့  ခက်ခက်ခဲခဲယှဉ်ပြိုင်ရ လိမ့် မယ်။
 +ငွေကြယ်+
Read More...
==လူထုကျန်းမာရေး(လူဖြစ်ရှုံးရသည့် လေဖြတ်ရောဂါ ကြိုတင်ကာကွယ်ကြပါစို့)==
လူသားတိုင်း ကြီးပွားချမ်းသာ တိုးတက်မှု ရရှိနိုင်ရေးအတွက် ကျန်းမာရေး ကောင်းမွန်ရန် အဓိက လိုအပ်လှပေသည်။ ကျန်းမာရေး ပြည့်စုံပါမှ ကြီးပွားရာ ကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာကြောင်းအတွက် အလုပ်လုပ်နိုင် ကြမည်သာဖြစ်သည်။ ကျန်းမာရေး ချို့တဲ့ပါက စိတ်သွားတိုင်း ကိုယ်မပါ လိုရာဆန္ဒ မပြည့်ဝ ဖြစ်ကြရပေတော့မည်။ ထိုသို့ အဓိက အရေးပါလှသည့် ကျန်းမာရေး နယ်ပယ်တွင် လူသားအတော် များများကို ဒုက္ခပေးနေသည့် ရောဂါဆိုး တစ်မျိုးမှာ လေဖြတ်ခြင်းပင် ဖြစ်လေသည်။ လေဖြတ်ခံရပြီ ဆိုပါက မိမိကိုယ်တိုင် စိတ်ဆင်း ရဲရမည်သာမက မိမိပတ်ဝန်းကျင်ရှိ ဆွေမျိုး ညီအစ်ကို မောင်နှမများပါ စိတ်ဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင် ကြုံတွေ့ကြရပေ လိမ့်မည်။ လေဖြတ်ရောဂါသည် လူဖြစ်ရှုံးနေရသည့် အနေအထားမျိုးဖြင့် ဝေဒနာခံစား ရလေ့ရှိတတ်ရာ စီးပွားရေး ဆောင်ရွက်နိုင်မှု၊ လူမှုပေါင်းသင်း ဆက်ဆံမှုတို့တွင် ဆုံးရှုံးမှုများဖြင့်သာ ရင်ဆိုင်ကြုံတွေ့ ကြရသည်။ ဆီးချုပ်၊ ဝမ်းချုပ်၊ လေချုပ်ကာ ပထဝီလွန်ခြင်းတို့ နှင့်အအေး ပတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးမ ထွက်ခြင်း၊ ချွေးငုပ်ခြင်းတို့ အဖြစ်များရာက လေဖြတ် ခြင်းအဆင့်သို့ ရောက်ကြရသည် ဟု မြန်မာတိုင်းရင်းသမားတော် များကဆိုကြသည်။ လေဖြတ်ခြင်း မခံရလေအောင် ကြိုတင်သတိမူကာ ပြုပြင် ရှောင်ရှားသင့်ကြသည့် အချက်အလက်များ ရှိပါသည်။ လေဖြတ်ခြင်း ဖြစ်တော့မည် ဆိုပါက ကြိုတင်ပေါ်ပေါက် လာတတ်သည့် လက္ခဏာများမှာ ရုတ်တရက်မျက်နှာ၊ လက်၊ ခြေတစ်ဖက်ထုံခြင်း၊ ရုတ်တရက် စကား ပြောမရခြင်း၊ ပြောသောစကားကို နားမလည်ခြင်း၊ စကားဗလုံးဗထွေး ဖြစ်ခြင်း၊ ရုတ်တရက် အမြင်အာရုံ ဝေဝါးခြင်း၊ နှစ်ထပ်ဖြစ်ခြင်း၊ ရုတ်တရက် လမ်းမလျှောက်နိုင်တော့ ခြင်း၊ ဒယီးဒယိုင်ဖြစ်ခြင်း၊ ရုတ်တရက်မူးဝေခြင်း၊ ရုတ်တရက် အကြောင်းမဲ့ ပြင်းထန်စွာခေါင်း ကိုက်ခြင်းတို့ပင်ဖြစ်သည်။ ထိုအချက်တို့သည် လေဖြတ် တော့မည့်သူတို့ အနီးစပ်ဆုံးကြုံ တွေ့ရမည့် အချက်များပင်ဖြစ် သည်။ ထို့အပြင် လေဖြတ်တော့ မည့်သူတို့ကြုံတွေ့ရမည့် ရှေ့ပြေး လက္ခဏာများမှာ ဦးခေါင်းနောက် စေ့တွင် ကိုက်ခဲခြင်း၊ ခြေလက်များ မကြာခဏကျဉ်ခြင်း၊ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ကနဲ ဆတ်ကနဲတွန့်ခြင်း၊ မကြာခဏ ဝမ်းချုပ်ပြီး ဝမ်းဗိုက် လေပွခြင်း၊ ညအိပ်စဉ် ထုံကျဉ်ပြီး လန့်နိုးခြင်း တို့ပင်ဖြစ်သည်။ လေဖြတ်ရောဂါ ဆိုသည်မှာ ဦးနှောက်သို့ သွေးသွား လာစီးဆင်းမှု ရပ်ဆိုင်းသွားခြင်း သို့မဟုတ် လျော့နည်းသွားခြင်းတို့ ကြောင့် ဖြစ်ပေါ်လာရသည့် ရလဒ်ပင်ဖြစ်သည်။ လူ့ခန္ဓာကိုယ်၏ အရေးကြီးဆုံးသော အင်္ဂါအစိတ် အပိုင်းဖြစ်သည့် ဦးနှောက်သည် ၎င်း၏လုပ်ငန်းများ ပုံမှန်ဆောင် ရွက်နိုင်ရန် လုံလောက်သော သွေး ပမာဏကို မရရှိပါက အဆိုပါ ဦးနှောက် အစိတ်အပိုင်းနှင့် သက်ဆိုင် သော ခန္ဓာကိုယ် အစိတ်အပိုင်း၏ လုပ်ငန်းများ ရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါ လက္ခဏာများ ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ အဆိုပါအချက်အလက်တို့မှာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေသက်ခင်က နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂ဝ၁၁ ခုနှစ် ကမ္ဘာ့ လေဖြတ်ရောဂါ ကာကွယ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည့် အချက်အလက်များပင် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီး World Health Organization ၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ လေဖြတ်ရော ဂါအသင်းကြီှးုညအနမညအေငသညှေူအမသုန နှင့် ကမ္ဘာ့ဦးနှောက်နှင့် အာရုံကြောရောဂါ စုပေါင်းအဖွဲ့ကြီး International Stroke တို့ ပူးပေါင်းကာ World Federation Neu-rology ကို ၂ဝဝ၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာ ၂၉ ရက်ကို ကမ္ဘာ့လေဖြတ် ရောဂါ ကာကွယ်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာ့လေဖြတ် ရောဂါကာကွယ်ရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ လူဦးရေ ၁၅ သန်းခန့်မှာ လေဖြတ် ရောဂါကြောင့် အသက်ဆုံးရှုံးလျက် ရှိနေကြောင်း၊ လူခြောက်ဦးလျှင် တစ်ဦးမှာ ၎င်း၏ဘဝသက်တမ်း တစ်လျှောက်၌ တစ်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်နိုင်ခြေရှိပြီး အချိန် ၆ စက္ကန့်တိုင်း ကမ္ဘာပေါ်၌ လေဖြတ်ရောဂါကြောင့် သေဆုံးရသူ တစ်ဦးရှိနေကြောင်း ထုတ်ပြန်ကြေ ညာထားသည်။ ကြောက်မက်ဖွယ် ရောဂါဆိုးတစ်ခုအဖြစ် သတ်မှတ်ထားသည့် လေဖြတ် ရောဂါဆိုးကြီးကို ယခုအခါ ကျန်းမာရေးဝန်ကြီး ဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နိုင်ငံ ခြားဆေးဝါးများဖြင့် သာမက တိုင်းရင်းဆေးပညာဖြင့်လည်း ကာကွယ် ကုသပေးလျက် ရှိနေပြီဖြစ်သည်။ ရန်ကုန်မြို့ ကင်းဘဲလမ်းရှိ တိုင်းရင်း ဆေးရုံကြီးတွင်လည်း ဆေးဝါးများ တိုက်ကျွေး ကုသပေးခြင်း၊ အကြောပြင် လက်နှိပ်ပညာရှင်များဖြင့် အကြောပြုပြင် ကုသပေးခြင်း၊ လေ့ကျင့်ခန်းများ လေ့ကျင့်စေလျက် ကုသပေးခြင်းများ ပြုလုပ်ပေးလျက် ရှိရာ ဝေဒနာရှင်များ လေဖြတ်ခြင်း အန္တရာယ်မှ ကင်းလွတ်ခွင့်ရနေကြ သည်ကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ ကြီးပွားချမ်း သာတိုးတက်စေနိုင်မည့် ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် လေဖြတ်ရောဂါ ကာကွယ်ရေးနေ့သည် အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်ခဲ့ပြီးဖြစ်ရာ ကုသဆဲဝေဒနာ ရှင်များကို အားပေးလမ်းညွှန်မှု ပြုကြရင်း မိမိတို့ကိုယ်တိုင်လည်း လေဖြတ် ရောဂါကာကွယ်ရေးနေ့ အခမ်းအနားများသို့ တက်ရောက်ကာ နောက်ဆုံးပေါ် ကာကွယ်ရေးနည်း စနစ်များကို လေ့လာကြ၍ လေဖြတ်ရောဂါ နှိမ်နင်းရေးတွင် ပါဝင်ကူညီ ဆောင်ရွက်သင့်ကြပါကြောင်း တိုက်တွန်း ရေးသားအပ်ပါသည်။
 Written by စကားဝါ
Read More...
Saturday, August 30, 2014
==ယမ်းငွေ့ တွေ ယောင်းယမ်းပြီး အတော်နံတဲ့ ခေတ်ထဲ လမ်းအကွေ့ မှာ ထောင်ဖမ်းကာ တပ်မတော်က တိုင်းပြည်ကို အပျော်ကြံခဲ့တယ် အမေ==
လေထဲမှာ လွှင့်ထားတဲ့ အလံများ ကြေကွဲ
 နေပူထဲ ပြန့် ကျဲနေသော အသံများ မပြောင်းမလဲ
 ရေနဲငါးလို မြို့ ပြများ ခေတ်ပူပူမှာ ကူးခတ်
အမှောင်ကို ကျောခိုင်းမဲ့ အတွေးအခေါ်သစ်များ ဦးနှောက်ထဲ တူးဖော်ရဦးမယ်..။
စန္ဒယား ခလုတ်ပေါ် ကြောင် ခုန်အုပ်သလို နဂိုကလို ဖရိုဖရဲ
 ငြိမ်းချမ်းရေး သံစဉ်တွေ အသစ်တဖန် မွေးဖွားခဲ့
 မြို့ ပေါ်မှာ မှိုတက်နေတဲ့ ပေါင်မုန့် ပေါ် ယိုသုတ်သလို
ဒုက္ခဖြစ် တောတွင်းက ငိုချင်းရှည် စစ်ဓာတ်ပြားဟောင်းတစ်ပုဒ် ဖိတ်ကျခဲ့
 ခေါင်းစားလို့ ဝမ်းနည်း ၀မ်းသာကျလာတဲ့ မျက်ရည်ကို
 ရေကာတာလို တာတမံ တုပ်လို့ 
 ပေါင်းစားကာ လျှပ်စစ်ထုတ်ပြီး
 တောင်းစား ရောင်းစားကာ ကောင်းစားချင်တဲ့လူတွေ ရှိတယ်...။
 မိုက်တွင်းနက်တာကို မုသား စကားလုံးများနဲ့ အပြစ်တွေ ဖုံးအုပ်
 ကိုယ်ရည်သွေး တီးလုံးများနဲ့ အရည်မရ အဖတ်မရ
 တောင်ကုန်းတွေ နှစ်ရှည် သိမ်းပိုက်ခဲ့
ကားပါမစ်ကို ငြိမ်းချမ်းရေးနဲ့ အဖတ်ဆယ်မရအောင်လဲလှယ်လိုက်တဲ့အခါ
 ဆေးကုန်နေတဲ့ ဆေးရုံမှာ ငြိမ်းချမ်းရေးဟာ နာတာရှည် ရောဂါသည်လို ဖြစ်ခဲ့တယ်..။
 မှုန်ရီဝေတဲ့ ဝေဒနာ ညနေခင်းများ အတွေး အသစ်ဖြစ်တည်
တုန်ရီနေခဲ့ မေတ္တာ ဓာတ်ခံ အဝေးမှာ အမေ့မျက်လုံးတွေ မျက်ရည် ဝေသီ
 ပြန်ဆုံချင်ပြီ ပြောတဲ့ ငိုသံ တစ်ဝက် အမေအို စကားလုံးများ
ရင်ကို ထိမှန် ခေတ်မီ ဖုန်းလို ကြိုးမဲ့
 မမြင်ရတဲ့ တစ်သက် တွယ်တာ သံယောဇဉ်ကြိုးများ
နာကျင် နှလုံးသားအား ကွယ်ရာမှာ ချည်နှောင်ရစ်ပတ်ခဲ့ပြီ..။
လူ့ ဘ၀ဆိုတာ မရပ်မနား ခရီးသွားနေတဲ့ ရထားလို
သုခ ထက် ပူပင် သောကတွေက ရှည်ရှည်လျားလျား
ရည်ရွယ်ရာ ဖြတ်သန်းရမဲ့ ဘူတာစဉ်များအား
 ရဲရဲရင့်ရင့် ကျောပေါ်တင်ပြီး အပြုံးထက် အရှုံးတွေ များလာတဲ့အခါ ၊
 လမ်းတစ်ဝက်မှာ ခုန်ဆင်းခဲ့ရင်တောင် နေ့ ရက်တွေ ပွေ့ ဖက်
 သယ်ဆောင်လာတဲ့ ဘ၀ရထားထဲ အနင်းခံ ဇလီဗာတုံးလို
အားတင်းကာ အံကြိတ်လျှောက်ရမဲ့ လမ်းကြမ်းတွေရှိတယ်..။
 အတ္တများ ဖောက်ပြန်ခဲ့ ရာသီတွေ ထဲမှာ
ဘ၀များ မြေစိုင်မြေခဲလို တစ်ကိုယ်တည်း ရပ်တည်၍ မရ
 သွေးကြောထဲ မွေးဖွားခဲ့သော စကားလုံးများ တွေးတောကာ
အရွေးမမှားရမဲ့ လမ်းများ အနာဂတ်မှာ ရှိတယ်..။
ယမ်းငွေ့ တွေ ယောင်းယမ်းပြီး အတော်နံတဲ့ ခေတ်ထဲ
လမ်းအကွေ့ မှာ ထောင်ဖမ်းကာ
တပ်မတော်က တိုင်းပြည်ကို အပျော်ကြံခဲ့တယ် အမေ..။
+အောင်ခိုင်မြင့်+ 
၂၉ သြဂုတ်လ ၂၀၁၄
Read More...
===အလုပ်လုပ်ချိန် အပြည့်ရရန် မဲဆောက်ရှိ မြန်မာစက်ရုံအလုပ်သမား ၈၀ တိုင်ကြားမှုပြုလုပ်==
+(သြဂုတ် ၂၉ ရက်၊ ၂၀၁၄ ခုနှစ်။ ကရင်သတင်းစဉ်KIC-စဖန်းရှောင်း)+
 Photo-JACBA
ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင်အတွင်းရှိ မဲဆောက်မြို့အနီး ဝှေ့မုရွာတွင်ရှိသော JAGUAR စတီး စက်ရုံရှိ မြန်မာစက်ရုံအလုပ်သမား ၈၀ ဦးက အလုပ်ချိန် အပြည့်အ၀ မရရှိသဖြင့် မဲဆောက် ထိုင်းအလုပ်သမား ရုံး(ဆ၀ါဒီကန်)ရုံးသို့ ယနေ့ သြဂုတ် ၂၉ ရက်နေ့တွင် တိုင်ကြားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါစတီးပစ္စည်းထုတ်လုပ်သည့် စက်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမားပေါင်း ၁၀၀ ခန့်ရှိသည့်အနက် ထိုင်း အလုပ်သမား ၂၀ သာ အလုပ်ချိန်အပြည့် လုပ်ခွင့်ပေးထားသည့်အတွက် မြန်မာအလုပ်သမားများက ထိုသို့ ပြုလုပ်ခြင်းဖြစ်သည်ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ မဲဆောက်အခြေစိုက် မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားရေး ကော်မတီ(JACBA) ဥက္ကဌဖြစ်သူ ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။
 “အခု သူတို့က တစ်ပတ်မှာ သုံးရက်ပဲ လုပ်ခွင့်ရတယ်။ တစ်ရက်ကို နေ့စားခ ၃၀၀ ဘတ်တော့ ပေးတယ်။ အလုပ်လုပ်ရင် ပေးတယ်။ ကျန်တဲ့ ၄ ရက်က တပြားမှ မရဘူး။ မြန်မာအလုပ်သမားတွေအတွက် စားဝတ်နေ ရေး ခက်ခဲတယ်။ အဲဒါကြောင့် အခုလို အလုပ်ရှင်အလုပ်သမား ပြေလည်အောင် ညှိနိုင်းပေးနေဆဲဖြစ်တယ်”ဟု ပြောသည်။ JAGUAR စတီး စက်ရုံတွင် အလုပ်လုပ်နေကြသော မြန်မာအလုပ်သမားများမှာ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး အလုပ်လုပ်ချိန် အပြည့်အ၀မရသည်မှာ လွန်ခဲ့သည့် ၄ လကပင် ဖြစ်သည်ဟု သိရသည်။
(အလုပ်မဆင်းပဲဆန်္ဒပြကြတဲ့ငွေ နဲ့ ရွှေSliver&Gold Garment Co,ltdအထည်ချုပ်စက်ရုံလုပ်သားတွေကိုအလုပ်ပြန်လုပ်ပြီးထိုင်းဥပဒေဘောင်ထဲကတောင်းဆိုဖို့  JACBAကကွင်းဆင်းဆွေးနွေး)
အဆိုပါ စတီးစက်ရုံမှ အလုပ်သမားဖြစ်သူ ကိုဝင်းလှိုင်က “အခုက ကျနော်တို့ကို တစ်ပတ်မှာ ၅ ရက်လောက်ပဲ လုပ်ခွင့်ပေးတယ်ဆို ကျနော်တို့ မတိုင်ဘူး။ အခု သုံးရက်ပဲ အလုပ်လုပ်ခွင့်ရတယ်။ သူဌေးကို သုံးရက် ထပ်တိုး အလုပ်လုပ်ခွင့်တောင်းတာကို လက်မခံဘူး။ ဒီကြားထဲ တစ်လကို ရေခ၊ မီးခ တစ်လကို ဘတ် ၅၀၀ ဖြတ်တော့ ကျနော်တို့လည်း မခံစားနိုင်တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စက်ရုံပိုင်ရှင်အနေဖြင့် အလုပ်သမားများအား နေစရာအတွက်ပေးထားသော်လည်း ရရှိလာသော အလုပ်သမားများ၏ နေ့စားလုပ်အားခများထဲမှ လစာဖြတ်တောက်ယူထားမှုများရှိသည့်အတွက် အခက်အခဲ ကြုံတွေ့နေရသည်ဟုလည်း ကိုဝင်းလှိုင်က ဆက်ပြောသည်။ ယခုကဲ့သို့ တိုင်ကြားမှုအတွက် မဲဆောက်ရှိ ထိုင်းအလုပ်သမားရုံးမှ အရာရှိဖြစ်သူ နန်းဆောင်လပ်ခတ်ကွန်း ကိုယ်တိုင် ကွင်းဆင်းပြီး အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များနှင့်အတူ လာမည့် စက်တာဘာလ ၂ ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက်ပေးရန် ရှိသည်ဟု ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်ခရိုင်ခွဲ
အလုပ်သမားရုံးရှေ့ မှာJACBAဆရာမိုးနဲ့ ဂျဂွါစက်ရုံကိုယ်စား
လှယ်၁ဦး၊Sliver&Gold Garment Co,ltdကိုယ်စားလှယ်၃ဦး)
 အလားတူ ယနေ့သြဂုတ် ၂၉ ရက်နေ့၌ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဟိုဖိုင်ရပ်ကွက်ရှိ Silver and Gold Garment အထည် ချုပ်စက်ရုံရှိ မြန်မာအလုပ်သမား ၇ ဦးသည် အလုပ်ရှင်၏ အလုပ်ထုတ်ပယ်ခံရသည့်အတွက် ရရှိသင့် သော လုပ်အားခများ ပြန်လည်ရရှိရန် ထိုင်းအလုပ်သမားရုံး(ဆ၀ါဒီကန်)တွင် လာရောက်တိုင်ကြားမှုပြုလုပ်ခဲ့ သည်ဟု သိရသည်။
(JACBAယာယီဌာနချုပ်မှာမဲဆောက်မြို့ ဂျဂွါ(စတီး)စက်ရုံ
ပြသနာကိုဆွေးနွေးနေကြစဉ်)
မဲဆောက်ဒေသရှိ JAGUAR စတီး စက်ရုံသည် ၈ နှစ်အတွင်း အလုပ်ရှင်နှင့် အလုပ်သမားများအကြား တင်းမာမှု (၁၀)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုသို့ ဖြစ်ပွားခြင်းအတွက် ထိုင်းအလုပ်သမားရုံးမှ ဖြေရှင်းပေးရသည်မှာ ယခုအကြိမ် အပါအ၀င် ၆ ကြိမ်ရှိပြီ ဖြစ်ကြောင်း ဦးမိုးကြိုးက ပြောဆိုသည်။
Read More...
==ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာ==
**ရသစာပေနှင့် ကျွန်မ**
 ကျွန်မက စာဖတ်နာသူမဟုတ်ခဲ့သလို ကိုယ့်ကိုယ်ကို စာရေးစာဖတ်ဝါသနာပါလို့ ပါမှန်းလည်း မသိခဲ့သူပါ။ ကံကောင်းလို့ သီလရှင်မဖြစ်တာလို့တောင် ပြောရပါမယ်။ ကျွန်မဖတ်ခဲ့ရတဲ့စာအုပ်တွေက အဖေဖတ်နေကျ “သဘောပါရဲ့လား”ဆိုတဲ့ တရားစာအုပ်တွေချည်းပဲ။ အဲဒီကနေ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးတွေ့တော့ အဖေ့မေး၊ အဖေက ရှင်းပြ၊ နားမလည်၊ ငယ်သေးတာကိုးလို့ ကိုယ့်ကိုယ်ကို ဖော့တွေး။ နောက်တော့ တဖြည်းဖြည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေနာရင်းနဲ့ မျက်ရည်ပေါက်ပေါက်ကျအောင် "မှန်လိုက်တာ မှန်လိုက်တာ ငါ့ကြည့်ပြောနေသလိုပဲ"ဆိုတဲ့စိတ်တွေနဲ့ အရမ်းကြည်ညိုလာရာက နားလည်အောင်လေ့လာရင်း သိသွားတော့တာ။ အဲသလို တရားအရသာသိလာတဲ့အခါကျတော့လည်း တရားစာအုပ်တွေချည်း ဖတ်ချင်တော့တာပဲ။ အနာဂါမ်ဆရာ သက်ကြီးတို့၊ ရဟန္နာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလိုစာအုပ်တွေ စိတ်ဝင်တစားဖတ်တတ်လာတော့တယ်။ ကဲ ချော်ကုန်ပြီ။ လမ်းပေါ်ပြန်တက်ကြစို့ရဲ့။ ပြောချင်တာက ကျွန်မဟာ ကြောင်ပုဇွန်စားသလိုလည်း ရသစာပေကို ကြွပ်ကြွပ်ဝါးခဲ့ရသူ မဟုတ်ကြောင်း ပြောချင်တာပါ။ တစ်ခုသိပ်ကောင်းသွားတာက လောကကြီးမှာ အကြောင်းနဲ့အကျိုးပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို ရေရေလည်လည်လက်ခံသဘောပေါက်သွားတဲ့အခါ အတော်ကို နေသာထိုင်သာရှိသွားတော့တယ်။ ဘာကြောင့် စာရေးရသလဲ ရေးချင်လို့ ရေးပါတယ်။
**ဘလော့ဂ်ဂါဘဝရောက်ရခြင်းအကြောင်း**
 ဒီလိုပါပဲ။ သူများတွေ ၂၀၀၆ လောက်က ထင်ပါရဲ့၊ ဘလော့ဂ်ခေတ်ဦးကြီး ခြိမ့်ခြိမ့်သဲနေချိန်မှာ နတ်ပြည်တက်နေခဲ့သူဖြစ်ပြီး အဘတို့တော့ မောပြီဆိုတဲ့အချိန်ကျကာမှ ငါဟဲ့ ဘလော့ဂ်ဂါဆိုပြီး ကျွန်မက လက်ခမောင်းထခတ်သူဖြစ်တော့တာကိုး။ အဲဒီအကြောင်းများ ပြောရရင် သက်ဝေကို မေ့ထားလို့ မရဘူး။ သူက ညစာကျွေးပြီးတော့ကို ဘလော့ဂ်ဖွင့်ပေးခဲ့တာ။ ကြည့်မရတဲ့သူဆို ကင်မရာသာ ဝယ်ပေးလိုက်ဆိုတာလို နေမှာ။ ဘယ့်နှယ် ဓါတ်ပုံပိုးဝင်သွားလို့ကတော့ ဟိုဟာလေး ဝယ်ချင်၊ ဒီအပိုပစ္စည်းလေးဝယ်ချင်နဲ့ ဘဏ်ကပ်ဒ်ပြားပါးပါးသွားရတဲ့ အဖြစ်မျိုး။ ဘလော့ဂ်စရေးကာစမှာ တစ်ရေးနိုးတောင် ဘလော့ဂ်ထကြည့်တာ၊ ဘလော့ဂ်နဲ့ မျက်နှာသစ်၊ ဘလော့ဂ်နဲ့ ထမင်းစား၊ ဘလော့ဂ်နဲ့ ရေချိုး (အေ့လေ ဒါကတော့ နည်းနည်းလွန်သွားပြီ)။ ထားပါတော့၊ ဒီလိုနဲ့ ရူးလာလိုက်တာ တစ်ပတ်နေလို့ ပိုစ့် သုံး-လေးပုဒ်လောက် မတင်ရရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ အံမယ် ဖြစ်ပုံက အဲသလိုကိုးရှင့်။ ခံစားနေရတာ။ ကိုယ်တိုင်ပဲ စာဖတ်သူနဲ့ စာချုပ်ကြီး အကြီးကြီးချုပ်ထားသလိုလို ဘာလိုလို။ နောက်တော့လည်း (ခု ဆိုပါတော့) သွေးအေးသွားလိုက်တာ။ တစ်လနေလို့ တစ်ပုဒ် မတင်နိုင်လည်း အေးဆေးပေါ့ကွာ နောက်နေ့တင်တာပေါ့ကွာ ရပါသေးတယ်ကွာတွေ ဖြစ်လာတယ်။ ရေးတာတွေကဖြင့် အပျော်လိုလို၊ နောက်တာလိုလို၊ သရော်တာလိုလို…၊ အတည်အတန့်တစ်ခုမှ မပါ။ တကယ်တော့ ဘာမှ သိပ်ဟုတ်တိပတ်တိရေးခဲ့တယ် မရှိလှပါဘူး။ ဒါပေမယ့် ပျော်တယ်။ ကြေနပ်တယ်။ သူများဘလော့ဂ်ဂါတွေ အထူးသဖြင့် ခေတ်ဦးက ဘလော့ဂ်ဂါတွေ သူတို့ခေတ်က သူတို့အချိန်နဲ့ သူတို့အခါနဲ့ မျက်နှာဝှက်ရေးကြတာကိုး၊ ကျွန်မ ဘလော့ဂ်စရေးတဲ့ ခေတ်လယ်ကျမှပဲ ဘလော့ဂ်ဂါရယ်လို့ နဖူးစာကပ်ပြီး ပေတရာမလျှောက်ရုံရှိတာ။ တကယ်ပါပဲ။ ဘလော့ဂ်ဂါလေလို့ မိတ်ဆက်ပေးရင်ပဲ သဘောတွေကို ကျလို့…..။ ဘလော့ဂ်ဂါလား စာရေးသူလား စာရေးဆြာမလား ဘာလား ညာလား ဘာ မှ မ ဟုတ် ဘူး။ ကျွန်မ ကျောက်ခေတ်မှာ လူဖြစ်ခဲ့တုန်းက ကျောက်ချပ်တွေပေါ် အချွန်ဟုထင်ရသော ကလောင်တံတစ်ချောင်းနဲ့ ထွင်းရေးခဲ့တာ မှတ်မိသေးတယ်။ တကယ်၊ မယုံရင် ကျောက်ခေတ်မှာ မွေးတဲ့သူတွေ တွေ့ရင် မေးသာကြည့်။ ကျောက်ခေတ်မှာ မွေးရင် ကျောက်ပေါ်မှာ
 ရေးမယ်။ ကြေးခေတ် သံခေတ်မှာ မွေးရင် ကြေးပြားသံပြားတွေပေါ်မှာ ရေးမယ်။ ဂူနံရံတွေပေါ်တောင် ရေးခဲ့ကြသေးတာ မဟုတ်လား။ ထားလိုက်ပါတော့...။ ဒီတော့ ကျွန်မ အခု လူဖြစ်လာရတဲ့ ဘဝကြီးထဲမှာ အွန်လိုင်းဆိုတာကြီးနဲ့ ကြုံခိုက် အွန်လိုင်းပေါ် ရေးဖြစ်တယ်။ ပုံနှိပ်စာမျက်နှာပေါ် ရေးလို့ရတယ်ဆိုတော့ ရေးကြည့်တယ်၊ ရေးခွင့်ကတော့ လူတိုင်းမှာ ရှိတာပဲ။ ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါကိုမှ ကိုယ်ဟာ ဘလော့ဂ်ဂါ၊ ကိုယ်ဟာ စာရေးဆြာ၊ ကိုယ်ဟာ ရွုက်တာ ဘာညာခွဲခြားပြီး နာမည်လိုက်တပ်နေရင်တော့ နာမည်တပ်တဲ့အထဲပဲ နေကြရုံပဲ။ ကိုယ့်ကိုယ်ကို ဘောင်တွေခတ်ပစ်လိုက်တာနဲ့တူတယ်လို့ ကျွန်မက ထင်တယ်။ တရားသဘောနဲ့ ပြောကြေးဆို နာမည်ဆိုတာ ပညတ်မျှသာပဲ မဟုတ်ဘူးလား။ အဓိကက ကိုယ်ရေးနေတဲ့ စာပါပဲ။ ဘယ်မှာပဲရေးရေး၊ တတ်နိုင်လို့ မိုးပေါ်ပဲ ပျံရေးရေး၊ ကိုယ်ရေးနေတဲ့စာသည်သာ ကိုယ့်ကို ဒီဖိုင်းလုပ်သွားမှာ (ဘိုလိုလေးညှပ်ပြောပါရစီ) မြန်မာလို ဘယ်လိုဖွဲ့ရမယ် မသိလို့ပါ။ နေဦး ကြိုးစားပြောကြည့်မယ်။ "ကိုယ်ရေးနေတဲ့စာကသာ ကိုယ်ဘာဆိုတာ သတ်မှတ်ပေးလိမ့်မယ်" အဲသလိုပဲ ထားလိုက်ပါတော့။ ကျွန်မက မြန်မာစာရေးတဲ့နေရာသာ ညံ့တာ၊ ဘာသာပြန်လည်း အတော့်ကို မစွံတာ။ ထားလိုက်ပါတော့လေ….(Again) ဒီတော့ ကျွန်မကို ဘာလဲမေးလာရင် ဘာမှမဟုတ်ဘူး။ ရေးလို့ရတဲ့နေရာမှာ ကြုံလို့ ရေးနေတာ။ ဒီလောက်ပဲ။ 
**စာအုပ်ထုတ်ဝေခြင်း** 
စာပေစိစစ်ရေးမရှိဆိုတဲ့ ကျေးဇူးတော်ကြောင့် စာအုပ်ထုတ်ဝေခြင်းအမှုကိစ္စတွေ အဆင်ပြေပြေဖြစ်သွားပြီး ဟောတစ်အုပ် ဟောတစ်အုပ်ဖြစ်လာရတာ။ ကျေးဇူးတင်ဖို့ သိပ်ကောင်းတာပဲ။ တစ်ဘက်ကကြည့်ရင်လည်း စာအုပ်ကို ကိုယ်ပိုင်ငွေနဲ့ ကိုယ့်ဟာကိုယ်ထုတ်သူတွေဟာ သူတို့ကျေးဇူးနဲ့ အလှူ့ရှင်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လာရတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ရေစက်ခွက်လေးကိုင်ပြီး အမျှ အမျှ အမျှလို့သာ သဘောထားကြီးကြီးနဲ့ သုံးခေါက်တိတိပေးဝေတတ်ဖို့ပဲလိုတယ်။ ဒါနဲ့ ဒီမှာတင် ရပ်ပြီလားဆိုတော့ မရပ်သေးဘူး။ ပိုးက မသေသေးတော့ နောက် တစ်အုပ်စာလေးများ လောက်လောက်လားလားစုမိရင် ထုတ်ဦးမှာ ဆိုပဲ။ ဒီတော့ ရှင်းပါတယ်။ ဆရာခေါ်ခံချင်မှတော့ ဗိန္နောကုစားလည်း ရတာပဲ မဟုတ်လား။ ရေးထားတဲ့စာလေးတွေများ များလာပြီဆိုမှဖြင့် စာအုပ်ထုတ်ချင်တဲ့ပိုးဟာ တရွရွတက်လာတတ်တာမျိုး။ ခုက မပြည့်သေးလို့ ငြိမ်နေတာ။ ပြည့်ရင် ထုတ်ဦးမှာ။ ခုလောက်ဆို ရှင်းပြီပေါ့။ ဒီလိုပါပဲလေ၊ ဖြစ်တတ်ပါတယ်။ ပုထုဇဉ်ဆိုတဲ့ အရူးမျိုးမှာမှ စာပေရူးတာက ပိုဝဋ်ကြီးတယ်လို့ ဆိုရမယ်။ မတတ်နိုင်ဘူးလေ၊ ၃၁ဘုံထဲမှာ လူ့ဘုံဆိုတာက တကယ့်ကို ကံထူးလို့သာ ထရန်စစ်အနေနဲ့ ရောက်လာကြရတာ မဟုတ်လား။ သဘောပါရဲ့လား….အိမ်းးးး
**လူလုံးထွက်ပြခြင်း မပြခြင်း**
 ဒါကတော့ သိပ်ကိုရှင်းပါတယ်။ စာဖတ်သူသည် စာကိုသာ ဖတ်သည်၊ လူကို မဖတ်လို့သာ ပြောချင်ပါတယ်။ ခုလို မျက်နှာစာအုပ်ကြီးတွေ ကိုယ်စီဖွင့်လာကြတော့ သူသူကိုယ်ကိုယ် အများစု အထူးသဖြင့် အမျိုးသမီးစာရေးသူတွေ သူတို့ပုံလှလှလေးတွေ တင်လာတတ်ကြပါတယ်။ ကျွန်မလည်း တင်ပါတယ်။ လှတဲ့ပုံလေးတွေဆို တင်ပါတယ်။ မလှရင်လည်း လှအောင်ရိုက်ပြီး တင်ပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်ချို့က ဒီအမျိုးသမီး ပရိသတ်ချူနေတယ် ပြောကြပြန်တယ်။ ခက်လိုက်ပုံက။ ပြောပြီးပါရောလား၊ ပပဝတီဖြစ်နေပါစေ၊ သူရေးတဲ့စာတွေက မဟုတ်ရင် ဘယ်သူကမှ စကားလုပ်ပြောကြမယ် မထင်ဘူး။ စာရေးများကောင်းလို့က ရုပ်ဆိုးလေးလည်း လှတယ်ကို ထင်နေတတ်တာမျိုး မဟုတ်လား။ ထားပါတော့လေ။ အပေါ်ယံ အရေပြားတစ်ထောက်ကိစ္စတွေ သိပ်မပြောချင်လှပါဘူး။ စာရေးနေတဲ့အမျိုးသမီးတွေ သိပ်ချောနေတာကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မအမြင်ကတော့ လူလုံးထွက်ပြပြီး စာဖတ်သူရှာတယ်ဆိုတာကို လက်မခံတာပါ။ သဘောထားကွဲလွဲချင် ကွဲလွဲလို့ ရပါကြောင်း....။ 
**တစ်ခုခုလိုချင်ရင် တရားအလုပ် လုပ်ပါ။ စာမဖတ်ပါနဲ့** 
လူတွေ ပြောလေ့ရှိကြတယ်။ စာဖတ်ရင် တစ်ခုခု ရမှ တဲ့။ ကျွန်မ ပြောကြည့်ပါရစေ၊ တစ်ခုခုရမှ ဆိုတဲ့စိတ်ကြီးနဲ့တော့ စာမဖတ်ပါနဲ့။ တရားသာ မှတ်ပါ၊ တစ်ခုမက ရပါလိမ့်မယ်။ အမှတ်စိတ်တွေကြား ကိလေသာ ကြားမခိုဘဲ ကြိုးကြိုးစားစားမှတ်ရင် နိဗ္ဗာန်တောင် ရောက်ဦးမယ်။ တရားအလုပ် လုပ်ခြင်းအားဖြင့် မတရားမှုတွေကနေ ရှောင်ကျဉ်ပြီးသားလည်း ဖြစ်ဦးမယ်။ ကျွန်မ စာရေးတဲ့အခါ စာဖတ်သူတွေ တစ်ခုခုရသွားကြပါစေဆိုတဲ့ စေတနာနဲ့ စာမရေးဘူး။ ဥပမာ ပြောရရင် ဟင်းတစ်ခွက်ချက်တဲ့အခါ ဆားက သူ့အလိုလို ပါပြီးသားဖြစ်ရမှာလိုပဲ။ စာရေးပြီဆိုတဲ့အခါ စေတနာက သူ့အလိုလို ပြဌာန်းပြီးဖြစ်သွားတယ်။ ဖတ်သူအနေနဲ့လည်း အဲဒီလိုပဲ၊ တစ်ခုခုလိုချင်စိတ်နဲ့ ဖတ်တာထက် ဖတ်ပြီးမှ ရသွားတဲ့ စိတ်ခံစားမှုကလေးအပေါ်မှာသာ ရယူတတ်ပါစေ။ ဘာကြောင့် ကျွန်မ အဲသလိုပြောရသလဲဆိုရင် တစ်ခုခုလိုချင်လို့ ဖတ်ရင်၊ မျှော်လင့်ထားသလို မရတဲ့အခါ စိတ်မှာ ဒေါသကလေး ကပ်ငြိသွားတတ်တယ်။ တကယ့်အနုစားလေးမို့ ကိုယ်တိုင်သိချင်မှတောင် သိလိုက်မယ်။ သိပ်ကြိုက်တဲ့အခါမှာဆိုရင်လည်း လောဘစိတ်ကလေး အနုစားဖြစ်သွားတာပဲ။ "မလို ဒေါသ၊ လို လောဘ" လို့ ဆိုပါတယ်။ ပြီးတော့ စာတစ်ပုဒ်အပေါ်မှာ စာဖတ်သူတစ်ယောက်ချင်းစီ ရလိုက်တဲ့ အမြင်ချင်းရော တူနိုင်ပါ့မလား။ မြတ်စွာဘုရား တရားဟောတဲ့အခါ ဟောတာကတော့ လူနတ်ဗြဟ္မာ အကုန်လုံးကို အတူတူဟောတာပဲ။ ဒါပေမယ့် ဉာဏ်ရည်ရင့်သန်မှုအပေါ် မူတည်ပြီး တရားဆုံးတဲ့အခါ သောတာပန်တည်သူက တည်၊ အနာဂါမ်တည်သူက တည်၊ ဂိတ်ဆုံးထိ ရဟန္နာဖြစ်သူက ဖြစ်၊ ဘာမှ မဖြစ်ဘဲ ပုထုဇဉ်အရင်းအတိုင်း ရူးကျန်ခဲ့သူက ကျန်….။ အဲသလို မဟုတ်လား။ ကျွန်မက အနီးစပ်ဆုံး ဥပမာပြတာပဲ။ စာရေးဆြာတွေကို ဘုရားနဲ့ပုံခိုင်းတယ်လို့လည်း မယူလိုက်ကြပါနဲ့ဦး။ ရေးသူနဲ့ဖတ်သူ လိုင်းတူသွားတဲ့အခါမတော့ သိပ်ကို ပျော်စရာကောင်းတာပေါ့။ များသောအားဖြင့် စာရေးခြင်းအလုပ်ကို ကျွမ်းကျင်သူ စာရေးဆရာတွေ ရေးတဲ့အခါ ဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဖတ်အပြီးမှာ မပေးဘူးဆိုရင်တောင်မှ ဖတ်သူက တစ်ခုခုတော့ ရသွားတတ်ကြတယ်။ ရသစာပေရဲ့သဘောက အဲဒါပါပဲ။ ကျွန်မပြောချင်တာက တစ်ခုခုပေးရမယ်၊ တစ်ခုခု ရရမယ်၊ အဲသလိုကြီး တောင့်တောင့်ကြီး တင်းမထားစေချင်တာ၊ အားထုတ်စရာမလိုပါဘူး၊ ရသအဖွဲ့ကောင်းတဲ့စာဆိုရင် အပေးအယူဆိုတာတွေက ရင်ဘတ်ပါသူတိုင်း သူ့အလိုလိုအော်တိုမက်တစ် ရရမယ့် ကိစ္စတွေလို့ ဆိုချင်တာ။ သဘောပါရဲ့လား အိမ်း... ခု လက်ရှိ ဘလော့ဂ်မှာ ရေးလိုက်၊ ပုံနှိပ်ကို ပို့ထားတဲ့စာမူလေးတွေ အဆင်ပြေတဲ့အခါ ပါလာလိုက်၊ ဒီလိုပါပဲ။ ဘလော့ဂ်မှာ ရေးနေတဲ့ နှုန်းတော့ သိသိသာသာလျော့ကျသွားတယ်ဆိုရမယ်။ လာဖတ်သူလည်း လျော့တာပါပဲ။ လျော့ချင်လို့ လျော့တယ်ပဲ မှတ်ပါတယ်။ ကိုယ့်ဘက်က တတ်နိုင်သလောက်တော့ ဘလော့ဂ်ကို အသေကြီးဖြစ်သွားမှာ မလိုချင်ပါဘူး။ ဒီတော့ အရင်ကနှုန်းအတိုင်း မဟုတ်တောင် ကျဲကျဲလေးတော့ လုပ်ဖြစ်နေပါဦးမယ်။ ဒီလောက်ပါပဲ။ တစ်ခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။ ဘာကြောင့်ဘလော့ဂ်ဒေးခေါ်သလဲဆိုတာလည်း မသိလှပါဘူး။ သိလည်း သိပ်အရေးမကြီးလှပါဘူး။ မွေးလာပြီး သေရမှာ၊ ဒီမွေးသေကြားထဲက ကာလကြီးတစ်ခုထဲ သူသူငါငါ ဖြတ်သန်းရင်း မှတ်တိုင်တွေ စိုက်ခဲ့ကြဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား။ ဒါကိုပဲ ဘဝရဲ့တန်ဘိုးလို့ ဆိုကြတာ။ ဘဝကြီးထဲ ဘာများအရေးကြီးတာ ရှိသေးတုန်း။ ရေးဆိုလို့သာ ရေးလိုက်ရတာ။ ဘလော့ဂ်ဒေးဘာညာ မသိသော်ငြားလည်း နောက်ဆုံးပိတ်ပြောချင် တာကိုတော့ဖြင့် ခန့်ခန့်ငြားငြားလေးပြောပြီး ပိတ်လိုက်ပါမယ်။ ဘလော့ဂ်ဒေးနှင့်ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ၊ နှောင်းလူများမှတ်သားရန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်သူများ တစ်ခုခု ရလိုက်သည်ဖြစ်စေ၊ မရလိုက်သည်ဖြစ်စေ၊ သည်စာအပေါ်၌ စာရေးသူချစ်ကြည်အေးနှင့် သဘောထားတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ.... မည်သို့ပင်ဖြစ်စေ "ဤစာအား ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာဟု အမည်တွင်စေရမည်"
 ပုံ 
အန်တီစီကေအေ
 "ဘလော့ဂ်ခေတ်လယ်၂၀၀၉မှ စ၍ အွန်လိုင်းပေါ် စတင်ရေးသားသူ" 
Author: ချစ်ကြည်အေး
Read More...