(ရေးသူ..ဘုန်းကြီးကျောင်းသားမိုးလုံး)
ဟယ်………..
ဘုန်းကြီးကျောင်းသားကရာရာစစ၊ ထင်သလိုရေးကြည့်မယ်ဆိုပါလား-ဟု
အပြစ်တင်မည်ဆိုလျှင် တရားခံမှာ ကျွန်တော်မိုးလုံး မဟုတ်ပါ။ ဆရာမောင်သစ်
(ဆရာရှေ့နေကြီးမောင်ကိုယု)၏ “ကျွန်တော်တွေးမိသလိုပြောဆိုပါမည်” ဟူသော
ခေါင်းစဉ်ကို ကျွန်တော်ထင်ယောင်ထင်မှားခိုးချထားခြင်းဖြစ်သဖြင့်
ဆရာမောင်သစ်ကိုသာ အပြစ်တင်စေလိုပါသည်။ (ခိုးချလို့ကောင်းလိုက်တာ.. ဟီဟီ)။
ခိုးချလက်စနှင့် ဆက်လက်၍ မှီငြမ်းခိုးချပြီး ဤ “open society” ဟူသော
ဆောင်းပါးယောင်ယောင် စာယောင်ယောင်ကို ရေးပါသည်။ (ဤမှန်သောသစ္စာ
စကားကြောင့် အစိုးရသစ်လက်ထက်တွင် ငါးထောင်တန်ဖုန်းကိုင်ရပါစေ
သတည်း။)
တောင်ပေါ်တွင် သစ်ပင်များခုတ်လှဲခံရပြီး
တောင်ကတုံးများချည်းဖြစ်ကုန်၍ တောင်ယာမစိုက်နိုင်တော့ဘဲ
မန်နေဂျာကြီးလုပ်နေသော လေးဘ၀ပြန်
ချင်းအကိုကြီးတစ်ဦးမှ (ချင်းဆိုတော့ မျှစ်ဘ၀၊ ၀ါးဘ၀၊ နှီးဘ၀၊ ခြင်းဘ၀-
စုစုပေါင်းလေးဘ၀ပြန်ပေါ့နော်.. ဟီဟီ) ဟေ့ကောင် သူများတွေ အိုးပန်းဆိုဇိုင်တီနဲ့
ပြောပြောနေသမင့်ဟာ၊ မင်းရောဘယ်လို အိုးပန်းချင်သတုန်းဟု အတင်းအဓမ္မမေး
လာသဖြင့် တပေါင်းလပြည့်နေ့တွင် ဘုန်းကြီးကျောင်းနားကပ်လျက် ဆွမ်းကျန်
ကွမ်းကျန်လွေးရန် ချောင်းနေသော ဘုန်းကြီးကျောင်းသားခမျာ မနေနိုင်မထိုင်နိုင်
ရေးလိုက်ရပါသည်။ ဘုန်းကြီးကျောင်းသားထင်မိသည်မှာ open ဆိုသည်မှာ
closed နှင့်ဆန့်ကျင်ဘက်ဖြစ်သည့်အတွက် open society ဟူသည်
closed society မဟုတ် ဟူသောအချက်ပင်ဖြစ်ပါသည်။ (ထိုကဲ့သို့ အတွေးအခေါ်
မြင့်မားလွန်းသောမိုးလုံးဖြစ်သည့်အတွက် ဆရာတော်ကကွမ်းအစ်ဖြင့် မကြာခဏ
ထုလေ့ရှိပါသည်။)
ကမ္ဘာနှင့်ချီလျက် ကြီးကြီးကျယ်ကျယ်ပြောရလျှင် အရှေ့အနောက်စစ်အေး
တိုက်ပွဲပြင်းထန်ချိန်တွင် နိုင်ငံအများစုသည် တစ်ဦးနှင့်တစ်ဦးမယုံကြည်ရသည့်
အတွက် ၄င်းတို့သည် closed society ပုံစံရှိခဲ့ကြသည်ဟု မိုးလုံးထင်ပါသည်။
ဆိုဗီယက်တို့က သံကွန်ချာ (iron curtain)ဟု ဟစ်ကြွေးချိန်တွင် အမေရိကန်တို့က
ကြယ်တာရာစစ်ပွဲ (star war)ဟု မိမိတို့အာဏာစက်ပြန့်နှံ့ရာဒေသကြီးများကို
နိုင်ငံရေးအရ closed society ပုံစံတည်ဆောက်ခဲ့ချိန်တွင် သက်ဆိုင်ရာနိုင်ငံများ
အတွင်းတွင်လည်း ကြိုးနီစနစ်၊ တစ်သွေးတစ်သံတစ်မိန့်စနစ်၊ အထက်အောက်
ညွှန်ကြားအမိန့်ပေးစနစ်တို့ဖြင့် closed ဖြစ်နေခဲ့ကြပါသည်။ သို့သော်
၁၉၉၀ပြည့်နှစ် ဆိုဗီယက်ယူနီယံပြိုကွဲခြင်း၊
ဘာလင်တံတိုင်းဖြိုချခြင်းစသည်တို့ဖြင့်
စစ်အေးတိုက်ပွဲနိဂုံးချုပ်သွားသည့်အခါ defence ဟူသောစကားလုံးနေရာတွင်
development ဟူသောစကားလုံးဖြင့်အစားထိုးရန်ကြိုးစားလာသည့်အတွက်
open society သဘောတရားသည် social value တစ်ခုပုံစံ စတင်ဖြစ်ပေါ်လာ
ခဲ့သည်ဟုလည်း ထင်ပါသည်။ “ပွင့်လင်းမှတိုးတက်မည်”ဟူသော သဘောတရားကို
လူသားတို့နားလည်ခဲ့သည်မှာ မကြာသေးဟုလည်း မိုးလုံးအနေဖြင့် ထင်ပါသည်။
(မင်း.. အဲဒီလို လူတတ်ကြီးလုပ်ပြီး မဟုတ်တရုတ် ကြပ်ကြပ်ပြော၊ ခွေးတောင်
မင်းကိုကိုက်တော့မှာမဟုတ်ဘူး၊ သနလို့- ဟု အဖေက
မိုးလုံးကိုချီးကျူးလေ့ရှိပါသည်။)
ဒီမိုကရေစီစံနှုန်းများကို
ပိုမိုတိုးတက်ကျင့်သုံးနေသောနိုင်ငံများတွင် open society
သဘောတရားကို မည်မျှဖော်ဆောင်နိုင်ပါသနည်း။ မုဒိမ်းမှုဖြင့် တရားရုံးအတင်ခံရသော
သမ္မတ၊ လာဘ်စားမှုဖြင့် အရေးယူခံရသော ၀န်ကြီးချုပ်၊ CEO ရာထူးမှနှုတ်ထွက်သွား
ရသော စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ထောင်ချခံရသောဘဏ်ဥက္ကဌများ စသည်
တို့ကိုထောက်ပြပြီး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်တွင် အထက်အောက်
ပွင့်လင်းမှုရှိပုံ transparency ကို အချို့က ညွှန်းပြကြပါသည်။
ယှဉ်ပြိုင်မှုအားကောင်း
သော global market ပုံစံပေါ်အောင် တစ်နှစ်ထက်တစ်နှစ် ဖော်ဆောင်လာနိုင်ပုံ၊
ရွေးချယ်မှုအခွင့်အလမ်းများ များပြားသော လူမှုသက်မွေးဝမ်းကျောင်းပုံစံများ
ချပြပေးထားသည့် နယ်ပယ်တွင လုပ်သလောက် အကျိုးခံစားမှု ရရှိနိုင်သော
အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပုံတို့ကိုလည်း အချို့က open society ၏
သရုပ်များအဖြစ် အချို့က ထောက်ပြကြပြန်ပါသည်။ ပွင့်လင်းသောလူ့အဖွဲ့အစည်း၏
အခြေခံအချက်အလက်များအဖြစ် နိုင်ငံရေးပွင့်လင်းမှု၊ စီးပွားရေးပွင့်လင်းမှု၊
လူမှုရေးပွင့်လင်းမှု၊ တရားစီရင်ရေးဆိုင်ရာပွင့်လင်းမှု
စသည့်မဏ္ဍိုင်များပေါ်တွင် အခြေတည်ရမည်ဟုလည်း အချို့ကသုံးသပ်ကြပါသည်။
(မိုးလုံးအနေဖြင့်
ဧည့်စာရင်းမတိုင်ဘဲ ပွင့်ပွင့်လင်းလင်းအိပ်နိုင်သည့် အခြေအနေရလျှင်တော်ပါပြီဟု
ထင်ပါသည်။ စာရွက်စာတမ်း မစုံလင်၍၊ အိုးပိုင်အိမ်ပိုင်မရှိ၍
ရန်ကုန်မြို့ကြီးတွင်မိုးလုံး ဧည့်စာရင်းတိုင်ခဲ့ရသည်မှာ ဆယ်စုနှစ် တစ်စုကျော်ခဲ့ပြီဖြစ်ပါသည်။)

မြန်မာလူထုအတွင်း open society ဟူသောစကားကိုမည်သည့်အချိန်က
စတင်သုံးစွဲခဲ့ပါသနည်း။ အမှန်အတိုင်းဖြေရလျှင် မိုးလုံးမသိပါ။
မိုးလုံးတစ်ဦးတည်းအနေဖြင့် စတင်သိခဲ့ရချိန်ကို ဇာတ်ကြောင်းပြန်ရလျှင် ၁၉၉၈- ၂၀၀၀ နှစ်များ
ဝန်းကျင်တွင် ဆရာကြီးမောင်ဆုရှင်က မိုးမဂ္ဂဇင်း (ဆရာကြီးနတ်နွယ် တာဝန်ခံ
အယ်ဒီတာ) တစ်အုပ်တွင် ရေးခဲ့သည်ဟု ထင်ပါသည်။
ထို့နောက် ၂၀၀၂ခုနှစ်၊ရန်ကုန်တက္ကသိုလ် ဝေသာလီဆောင်၊ သမိုင်းစာသင်ခန်းတစ်ခုတွင် ကထိက
ဆရာကြီးတစ်ဦးက ကိုလိုနီခေတ်မြန်မာ့သမိုင်းကို ရှင်းပြရင်း ရန်ကုန်မြို့တော်ဝန်
အနေဖြင့် ဘုရင်ခံကို ညစာကျွေးရန်စီစဉ်မှုငွေစာရင်းတင်ပြချက်အပေါ်
သိမ်ကြီးဈေးဈေးသူဈေးသားများကမကျေနပ်၍ ဘုရင်မပန်းခြံ (ယခု မဟာဗန္ဓုလ
ပန်းခြံ)အတွင်း ခွေးများကိုအစာကျွေးပြီး ငါတို့ပေးတဲ့အခွန်အကောက်တွေကို
ညစာစားပွဲမှာ မဟုတ်တရုတ်သုံးတဲ့ဘုရင်ခံ.. စားဟဲ့၊ မြို့တော်ဝန်.. စားဟဲ့- ဟု
ခွေးများကိုပိတ်ရိုက်ပြီး အစာကျွေးဆန္ဒပြခဲ့သောအချက်ကိုရှင်းပြရင်း
လွတ်လပ်ပွင့်လင်းသောလူ့အဖွဲ့အစည်း၏ သရုပ်သကန်များကိုရှင်းပြခဲ့ပုံ
ကိုလည်းမှတ်မိနေပါသေးသည်။ ( အခုတော့ နိုင်ငံတော်ရဲ့ငွေကြေးသုံးစွဲဖြန့်ခွဲမှု
အခြေအနေ Statistical Year Book ကြီးတွေ မဖတ်ရတာနှစ်ပေါင်းများစွာ
ကြာတော့ လွမ်းတောင်လွမ်းမိပါသေးသဗျာ)
သို့သော်.. ပွင့်လင်းလွတ်လပ်ခြင်းနှင့်ကပ်လျက် အကြီးမားဆုံးအတွင်း
အန္တရာယ်များနှင့် အပြင်အန္တရာယ်များလည်း ရှိနေပါသေးသည်ဟု မိုးလုံး
ထင်ပြန်ပါသည်။ အကြီးမားဆုံးအတွင်းအန္တရယ်များမှာ အသိပညာမဲ့ခြင်း
(uneducated)၊ စည်းမဲ့ကမ်းမဲ့ဖြစ်ခြင်း (disordered)၊ ပုဂ္ဂိုလ်စွဲ၊ ဒေသစွဲ၊
တိုင်းပြည်စွဲများထားရှိခြင်း (wrong patriotism) တို့ပင်ဖြစ်သည်ဟုလည်း
ဆိုချင်ပါသည်။ တိရိစ္ဆာန်များလည်းပွင့်လင်းကြပါသည်။ သို့သော် open society
မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ပါ။ ကြီးနိုင်ငယ်ညှဉ်း၊ ရှုံးသူက
အသက်ပေးရသည့် wild life သာဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်
ခံယူချက်များ (beliefs)၊ စံနှုန်းများ (norms)၊ လုပ်နည်းလုပ်ဟန်များ
(procedures)
စသည်တို့သည် တိရိစ္ဆာန်လောကတွင် မရှိသောကြောင့်ဖြစ်ပါသည်။
အဆင်းမှာအချွန်လေးနဲ့မပြီး အသာလေးဘီးတပ်ပေးလိုက်မှ၊
ငတေမာပြီးရော၊ သာကူးမှန်ပြောင်း၊ ဆိတ်လဇိ ဖြစ်ချင်ရာဖြစ်ကွာ၊ ဒင်းတို့အဆင့်နဲ့
ငါ့ကိုများ ရာရာစစ၊ အနူလက်နဲ့ရွှေခွက်နှိုက်ချင်တဲ့ကောင်တွေကို ပညာပေးလိုက်မှ၊
ငါတို့ကတော့ ဆင်းရဲလည်းပြောင်ပြောင်ဘဲ ချဉ်ပေါင်နဲ့ဝက်သား လဲရနည်းလား..
စသည့် လူဆန်လွန်းသော စည်းမဲ့ကမ်းမဲ့ ၀ိသမစည်းကမ်းပျက်မှုများမှာလည်း
သတိထားရမည့်အချက်များပင် ဖြစ်ပါသည်။ ငါ့ဖာသာမူးတာ ဘာဖြစ်လဲ၊
စမ်းချောင်းသားကွ မီးပွင့်သွားမယ်၊ ပါတီဥက္ကဌကြီးရဲ့မိန့်မှာချက်အရနော်..
ဘာမှတ်သလဲ နာသွားမယ်၊ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်အရ၊
မူနော်..ပြန်မပြောနဲ့၊ အမေစုက ချပြထားတဲ့လမ်းကြောင်းနော်..လာမထိနဲ့၊
သမ္မတကြီးရဲ့ road map နော်..ဝေဖန်မယ်မကြံနဲ့ ၊ မြန်မာကွမြန်မာ..
နိုင်ရင်နိုင် မနိုင်ရင် ရေသန့်ဘူးနဲ့ ချမယ်၊ ဖိနပ်နဲ့ပေါက်မယ်
လေးခွနဲ့ဆွဲမယ်...စသည့် အစွဲမှားများသည်လည်း open society ကို ကဖျက်ယဖျက် လုပ်နိုင်မည့်
အချက်များဟုမိုးလုံးထင်ပါသည်။ (ထို့ကြောင့် ယခု မိုးလုံးမူးလျှင်
ငှက်အော်စမ်းသားကွဟု မအော်တော့ဘဲ ကမ္ဘာသားကြီးမိုးလုံးကွ၊ လာမထိနဲ့ 
အရှုံးပေးလိုက်မယ် ဟု ပြောင်းလဲပြီးအော်ရန် လေ့ကျင့်နေပါသည်။)
အကြီးမားဆုံး အတွင်းအန္တရာယ်များလုံးဝကင်းစင်မှ open society ၏
သရုပ်သကန်များကိုဖော်ဆောင်ရပါမည်လား။ မိုးလုံး ဤသို့လုံးဝမထင်ပါ။
ပြည်သူလူထုအနေဖြင့် educated ဖြစ်ရန်၊ စည်းကမ်းရှိပြီး
အစွဲမှားများကင်းစင်သောအဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် statesmen များ၊
politicians များ၊ able persons များက ၀ိုင်းဝန်း ကြိုးစားအနစ်နာခံပေးပြီး
ယနေ့တွင်ပင် open society လမ်းကြောင်းကို စတင်ဖော်ဆောင်သင့်သည်ဟု
ထင်ပါသည်။ (အဆိုပါ ကြိုးစားအနစ်နာခံမည့်အထဲတွင် မိုးလုံးမပါပါ။
ဆရာတော်ကြီးအနေဖြင့် နိုင်ငံတော်မှ ချီးမြှင့်သည့် ဘွဲ့ထူးဂုဏ်ထူးများရရှိမှ
ဘုန်းကြီးကျောင်းသားအနေဖြင့် အနေရ၊ အစားရချောင်မည်ကို တွက်ဆပြီး
ယခုအခါ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေရသောကြောင့် မအားလပ်ပါခင်ဗျာ။)
အပြင်အန္တရယ်ကြီးများအနေဖြင့်
မိုးလုံးရှုမြင်မိသည်မှာမပွင့်လင်းသောနိုင်ငံရေး
အခင်းအကျင်းနှင့် မဖွံ့ဖြိုးသောလူမှုလူ့အဖွဲ့အစည်းများပင်ဖြစ်သည် ဟူသော
အမြင်ပင်ဖြစ်ပါသည်။

open society ကို တည်ဆောက်ရာတွင် မပွင့်လင်းသော၊
မိမိအကျိုးစီးပွားကိုမိမိကာကွယ်သော၊ ယုံကြည်ချက်ဟောင်းများ၊
လုပ်ထုံးလုပ်နည်းဟောင်းများမစွန့်လွှတ်နိုင်သောနိုင်ငံရေးအခင်းအကျင်း၊
ပြည်သူလူထုအပေါ်တွင် တစ်စုံတစ်ရာ (သို့မဟုတ်) တစ်စုံတစ်ဦးရှိနေသေးသော
နိုင်ငံရေးတည်ဆောက်ပုံ၊ အဖွဲ့အစည်းတစ်ခု (သို့မဟုတ်) ပါတီတစ်စုံတစ်ရာက
ဗိုလ်ကျလွှမ်းမိုးရေး ကြီးစိုးနေသောလွှတ်တော်၊သ၀ဏ်လွှာများ၊
ဗီတိုအာဏာများပလူပျံနေသောညီလာခံတို့သည် “ပွင့်လင်းရဲပွင့်လင်း ကြည့်စမ်း”
ဟုopen society ဖော်ဆောင်ရေးကို စိန်ခေါ်လျက်ရှိကြပါသည်။
ထောင်တို့စည်ကားနေသမျှ၊ မည်သည့်ပုဒ်မဖြင့်ဆွဲပြီး
မည်သည့်လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်လွတ်ရမှန်းမသိရသေးသမျှ၊ မည်သည့်ပါတီကို မည်သည့် အတွက်
မဲပေးရမှန်းမသိရသေးသမျှ၊ အမတ်များ၊ ၀န်ကြီးများကို တစ်ရုံးထဲတွင်စုပြုံထားပြီး
လွှတ်တော်တက်ရုံမှလွဲ၍ ဘာလုပ်ရမှန်းမသိအောင် ယောင်ချာချာပစ်ထားနေသေးသမျှ၊
တဖောင်ဖောင်အော်ပြီး လက်ကျန် ဒေါင်းတောင်ကိုမချွတ်ဘဲ ကျီးကန်းပါဟု
ဝန်မခံသေးသမျှ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များအနေဖြင့် မိမိ၏ပိုင်ဆိုင်မှုကို
ပြည်သူလူထုသို့ကြေငြာပြီး နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို
ရဲရဲဝံ့ဝံ့ မဆောင်ရွက်နိုင်သေးသမျှ ဘယ်ရွေ့ဘယ်မျှ ပွင့်လင်းကြပါမည်နည်း။
ပွင့်လင်းသောနိုင်ငံရေးအခင်းအကျင်းကို ချပြ တည်ဆောက်ရန်မှာ လက်တစ်ဆုပ်စာ
လူစု၏ မူဝါဒနှင့် လုပ်ဆောင်ချက်မျှသာဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံအဖို့
တော်တော်ကို မပွင့်လင်းခဲ့တဲ့ခေတ်အဆက်ဆက် လူတစ်စုတွေဟုသာ
မိုးလုံးအနေဖြင့် စွပ်စွဲလိုက်ချင်ပါသည်။ ( road map သည် mad road
မဖြစ်စေရန်သာ သြကာသကန်တော့ခန်းတွင် ထည့်သွင်း၍ ဘုရားဝတ်ပြုရေးအဆိုပြုရန်
ရွှေတိဂုံစေတီတော် နှစ်(၂၆၀၀)ပွဲတွင် မိုးလုံး ကြိုးစားခဲ့သော်လည်း ဆရာတော်ကြီးက
အဲဒီ ဆောက်ရူးကို ကျောင်းပေါ်ကမောင်းချလိုက်ဟု ချီးကျူးသဖြင့် အမြီးကုပ်ပြီး
ပြန်လာခဲ့ရပါကြောင်း။)
မဖွံ့ဖြိုးသောလူမှုလူ့အဖွဲ့အစည်းဟူသည်ကိုသုံးသပ်မိသည့် မိုးလုံး၏အထင်ကို
ဖော်ပြလိုပါသည်။ အိုကွာ.. ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရမှာ၊
ဘယ်အမေ့လင်မှ လာကျွေးမှာမဟုတ်ဘူး စသည့် နိုင်ငံရေးအမြင်၊ ပြည်ပ
တိုင်းပြည်တွေက စီးပွားရေးကိုဘယ်လိုပိတ်ပိတ်..ဂရုစိုက်စရာ တစ်ကွက်မှမရှိ၊
ရွှေမြန်မာကွ..သဘာဝသယံဇာတတွေပြည့်စုံတဲ့ တကောင်းအဘိရာဇာသာကီမျိုး၊
ရာဇ၀င်မှာ ဂုဏ်မညှိုးတဲ့ကောင်တွေ၊ ဒုန့်ကဲယား..၀တ်သောက်ဆောက်ဂရု ဟူသော
စီးပွားရေးအမြင်၊ တော်(၂)တော်ရှိရင် အလုပ်လုပ်လို့ရပါပြီကွာ၊
အဖားတော်မလား.. အမျိုးတော်မလားဟူသည့် လူမှုရေးအမြင်၊ ထိုကဲ့သို့ ဤကဲ့သို့
စသည့်အမြင်များရှိနေသည့် လူ့အဖွဲ့အစည်းတွင် အဘယ်ကဲ့သို့ပွင့်လျက် အဘယ်ကဲ့သို့လင်းရပါ
မည်နည်း။ ဖွံ့ဖြိုးသောလူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရန်ကား
လူတိုင်းလူတိုင်းတွင် တာဝန်ရှိသည်ဟု မိုးလုံးအနေဖြင့် မ၀ံ့ရဲရဲအကြံပြုလိုပါသည်။
ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးသည့် “ခင်ဗျားတို့ဆောက်ကျင့်တွေကိုပြင်ကြ” ဟူသော
အသံကို အဝေးမှနေ၍ မပီမသ ကြားလိုက်ရသလိုပင် မိုးလုံးခံစားမိပါသည်။
(မိုးလုံး၏ဆောက်ကျင့်များကို မိုးလုံးပြင်နေပါပြီ။
ပြင်နေသည်မှနိုင်ငံပိုင်သတင်းစာ
များတွင်ပါဝင်နေသည့် အကြောင်းအရာများနှယ် ခုတစ်မျိုးတော်ကြာတစ်မျိုး
ပြင်နေပါသည်။ မိုးလုံးကိုလည်း ရပ်ကွက်ထဲမှ လူငယ်များကချောင်းရိုက်ရန်
ပြင်နေကြသည်ဟုသိရပါသည်။)
ကျွန်တော်ထင်မိသလို open society အကြောင်းရေးမိသည်များကို
ဤနေရာတွင် မရပ်ချင်ရပ်ချင်နှင့် ရပ်ပါသည်။ နိုင်ငံတော်သမ္မတမိန့်ခွန်းပမာ
ပထမပိုင်း၊ ဒုတိယပိုင်းမရှိပါခင်ဗျာ။ ဆက်လက်၍ အခြားအကြောင်းအရာများကိုလည်း
အလျဉ်းသင့်သလို နံပတ်များတပ်၍ ဘုန်းကြီးကျောင်းသားမိုးလုံးက မြို့မေတ္တာခံယူ
ဦးမည်ဖြစ်ကြောင်း မောင်းသတင်းပေးလိုက်ပါသည်။
နောင်… ဒူဝေေ၀… ဟီဟီဟီ…
**ဘုန်းကြီးကျောင်းသားမိုးလုံး**
(ကျွန်တော့် မေးလ်ထဲသို့ ပို့ ပေးသော မိတ်ဆွေတစ်ယောက်၏ စာ ဖြစ်ပါသည်)
--
AMT
11-mingalar,sanchaung
yangon
01510698, 092032925
ကျနော် နိုင်ငံအရေးမို့ ဆက်လက်ဖြန့်ဝေပေးလိုက်ပါသည်။
ကိုပီတာ
စမ်းချောင်း

No comments:
Post a Comment