ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 8, 2017

"မမေ့ပန်း"

>
အအေးရောင်မှ အပူရောင်သို့ ပြောင်းလဲလာသော ကာလတစ်ခု။ ၀ါကြန့်ကြန့် သစ်ရွက်များကို မြင်ရသည်။ ဖုန်မှုန့်တို့သည် အခန်းထဲမှာ၊ အခန်းပြင်မှာ၊ ပြတင်းပေါက်မှာ ဟိုသည်လိမ်းကျံနေ၏။ ဥသြသံကို ကြားချင်မိသည်။ သို့သော် မကြားရ။ တူးပို့သံလေးများ ခပ်ပါးပါးမှ ခပ်ထူထူ ကြားလာ ရသည်။ သြော်......သင်္ကြန်ရောက်ပြန်ပြီလားဟု အတွေးရောက်၏။ ငယ်ငယ်တုန်းကတော့ သင်္ကြန်ဆို ပလတ်စတစ်ရေသနတ်များ၊ ကော်ပြွတ်လေးများနှင့် ဟိုပက်သည်ပက်။ ကလေးချင်းမျက်နှာကို လှမ်းထိုးသည့်အခါ စိတ်ဆိုးသူဆိုး၏။ လူကြီး ကျတော့ ပက်ရသည်က မမီမကမ်း။ ခါးတို့၊ တင်ပါးတို့ လောက်သာ ရေက ရောက်သည်။ ကော်ပြွတ်ကနေ တစ်ဆင့်တက်တော့ စတီးလ်ပြွတ်။ ကလေးချင်း ရေပက်ရင်း အခန့်မသင့်လျှင် ရေပိုက်နှင့် စစ်ထိုးသည်။ ပြီးတော့ ရန်ဖြစ်ကြ၏။ ပြွတ်က ပက်စရာမဟုတ်။ ရိုက်စရာ ဖြစ်သွားခဲ့သည်။ ကလေးသဘာဝ ခွက်စောင်းနှင့်လည်း အမြင်ကတ်သူကို စော်ချင်သေး၏။ ထိုအခါ မိဘတွေက တားခဲ့သည်။ ခွက်က လက်ထဲတစ်ခါမျှ ရောက်မလာခဲ့။ သည်လိုနှင့် ကျွန်တော့် သင်္ကြန်အရွယ်ရောက်ခဲ့သည်။ ကောင်မလေးများကို ရေခွက်နှင့် ပခုံးပေါ်မှ ညင်သာစွာ လောင်းသည်။ သိပ်လှသော ကောင်မလေးတချို့ကို ပါးစပ်မှ ဆီမန်း မန်းသလို ပြောချင်ရာ ပြောပြီး ရေပက်၏။ ဘေးလူတွေတော့ မကြားနိုင်။ ဘာပြောခဲ့သလဲ ဆိုသည်ကိုတော့ သိပ်မမှတ်မိချင်တော့။ မှတ်မိသည်က သူငယ်ချင်းများနှင့် ရေပက်ခံကားနှင့် လျှောက်လည်ချိန်မှာ အော်မိတာတွေ။ ဒါတွေက သည်နေ့ အထိလည်း ရှိနေသေးသည်မို့ မှတ်မိချင်စရာ။ ' ဟိုအစ်မကြီး ငယ်ငယ်တုန်းက ---ပြောင်ကြီး ---ပြောင်ကြီး ဟိုအစ်ကိုကြီးငယ်ငယ်တုန်းက ---ပြောင်ကြီး ---ပြောင်ကြီး ငါတို့တွေလည်း ငယ်ငယ်တုန်းက တူတူပဲ တူတူပဲ ' ကဲ....ဘယ်လောက်ကောင်းလိုက်သနည်း။ ရယ်လည်း ရယ်ရသည်။ လူငယ်ဆိုတာ ဒါကွဟု ဟစ်ကြွေးချင် စရာ။ သည်လို ပျော်ရသည့်ကြား စိတ်ပျက်စရာတွေလည်း ရှိသေး၏။ လူလူချင်း မစာနာသည့် လူအချို့ကြောင့် ရေကို ရေလိုပက်ရကောင်းမှန်း မသိ၍ ကျွန်တော့် သူငယ်ချင်း ညီလေး၏ သားရေဂျာကင်ကြီး ကျောကွဲသွားဖူးသည်။ ကျွန်တော်တို့ ယောက်ျားလေးများကို ကားပေါင်ပေါ်မှာ ထိုင်နေစဉ် ထိုင်မရအောင် မတော်တရော်ကို ပိုက်နှင့်လိုက်ထိုးသည်။ ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းပါသနည်း။ စိတ်ပျက်စရာ အကောင်းဆုံးက ကျွန်တော့်နားတစ်ဖက် ပိုက်နှင့် အထိုး ခံလိုက်ရ၍ သွေးထွက်ပြီး အထဲက အကြောတွေ သွားထိခြင်းပင်။ သည်တုန်းက ဆယ်တန်းအပြီး သင်္ကြန်မှာ။ ဆရာဝန်ကို သွားပြတော့ သင်္ကြန်ဆို မလည်ခိုင်းတော့။ တော်တော်လေး နာကျင်ရသည်။ ဘယ်သူ့ကို ဘာလုပ်ရမလဲဟု မကျေနပ်တွေး တွေးကာ လျှောက်လည်သည့် ကိုယ့်အပြစ်ပဲဟု ဖြေသိမ့်ရင်း တစ်ယောက်တည်း ပေါက်ကွဲနေခဲ့ တော့သည်။ နောက်တော့ သူငယ်ချင်းတွေနှင့်ဝေးကာ နေရာသစ်တစ်ခုကို ရောက်၏။ သင်္ကြန်ကို သင်္ကြန်လို မခံစားနိုင်သော အရပ်ဟု ဆိုရမည်။ လည်စရာ နေရာမရှိ။ ပက်စရာရေက ရှား၏။ ကိုယ်ကလူငယ်မို့ ရေပက်ချင်သော ကလေးများကို ကြည့်ကာ သနားစိတ်ဖြစ်သည်။ နဂိုကတည်းက ဆရာဝန်က မလည်ခိုင်း၍ ဘယ်မှာနေနေ မထူးသောဘ၀မို့ ကလေးတွေကိုသာ စရင်းနောက်ရင်း ငေါင်းစင်းစင်းသင်္ကြန်ကို ခပ်တည်တည်နှင့် ဖြတ်ရသည်။ သည်မှာပဲ သင်္ကြန်နှင့်ပတ်သက်၍ အထိမ်းအမှတ် သင်္ကေတတစ်ခုက ရင်ထဲကို ရောက်လာခဲ့သည်။ ကျွန်တော်က ယောင်္ကျားလေးဖြစ်၍ ထိုအရာကို နဂိုကတည်းက သိသိနှင့် စိတ်မ၀င်စားခဲ့။ သို့သော် ငေါင်စင်းစင်းသင်္ကြန်တွေ ကြုံရဖန်များလာသောအခါ ထိုအရာကို ပို၍သတိထားမိလာသည်။ ပြီးတော့ ထိုအရာနှင့် ပတ်သက်မှုတွေ ရှိလာသည်။ ကျွန်တော်က စာရေးဆရာဖြစ်ချင်သူ ဖြစ်သည်။ အထူးသဖြင့် ကဗျာဆရာဘ၀ကို တပ်မက်သည်။ ထို့ကြောင့်ဝန်းကျင်ကို ခံစားသည်။ ကိုယ့်နှလုံးသားကို ကိုယ်ပြန်ဖတ်လေ့ရှိသည်။ ထိုသို့ ဖတ်ရင်း သင်္ကြန်တစ်ခုမှာ သင်္ကြန်၏ သင်္ကေတဆိုတာနှင့် စဆုံသည်။ ဘယ်က ယူလာမှန်းမသိသော အကိုင်းတစ်ကိုင်းကို အဖေက ရှင်အောင်စစိုက်သည်။ ကျွန်တော် စိတ်မ၀င်စား သေး။ ထိုအကိုင်းက သစ်ခက်၊ သစ်ရွက်လေးများ ပြူလာသည်။ သတိတော့ထားမိလာ၏။ သည်လိုနှင့် အကိုင်းတစ်ကိုင်းက အခက်အလက်အရွက်များ အပြိုင်းပြိုင်းထလာတာ တွေ့သည်။ ကြည့်ပါဦး။ ကျွန်တော် ဂရုမစိုက်ချင်၍ မရတော့။ သူက ကျွန်တော့်ကို စ၍မြူဆွယ်နေလေပြီ။ သူ့ကို ကြည့်လျှင်စိမ်း၏။ သို့သော် နွေမှာမှ သူက ဝေတာမျိုးဖြစ်သည်။ ပြီးတော့ နွေထဲမှာ သူက မိုးကိုခေါ်၏။ မိုးကိုမျှော်သည်ဟု ကျွန်တော်လက်မခံ။ သူကနွေထဲမှာ မိုးရောက်လာအောင် ခေါ် တာပဲ ဖြစ်မည်ဟု တစ်ထစ်ချ ယုံကြည်သည်။ တကယ်လည်း ဟုတ်သည်။ နွေသည် နီနီရဲရဲ။ ကြည့်နေရင်းမှပင် တိမ်တို့ဖြင့် ကောင်းကင်သည် ပြည့်၏။ နီရဲရာမှ ညိုမှောင်မည်းနက်။ တစ်ရောင်စီ လွင့်လျက်။ ဖုန်မှုန့်တို့ မြေမှာ သိပ်ကုန်သည်။ ဖွဲဖွဲမှသည် ၀ုန်းဒိုင်းကျဲရွာသော မိုးကို မမျှော်လင့်ချိန်မှာ သူ့ကြောင့် ဆုံရသည်။ အေးလိုက်သည်များ သင်္ကြန်မိုးတဲ့လေ။ ထိုမိုးခေါ်ပြီး သိပ်မကြာခင်မှာပင် သူ့ဆီမှာ အရောင်သစ်သည်။ ရနံ့တွေဖြစ်သည်။ သူ့ကို လူတွေ ချစ်လာကြသည်။ ပြီးတော့ လူတွေ ပစ်ကြသည်။ သူက အဖော်ကို ခေါ်လာသည်။ အဖော်က မိုး။ အပျော်ကို ရှာပေးသည်။ သင်္ကြန်ဆိုသော ပွဲတော်တစ်ခု။ နောက်ဆုံးတော့ တရားဓမ္မကိုပါ ပြသေးသည်။ သူ့ဆီက အပွင့်၊ အခက်၊ အလက်တို့ လူများလက်မှာ၊ ခေါင်းမှာ ပျက်ကြွေရရှာသည်။ သစ်ခြင်း နှင့် ဟောင်းခြင်း၊ ဖြစ်ခြင်း နှင့် ပျက်ခြင်း၊ တည်ရှိခြင်း နှင့် ပြောင်းရွှေ့ခြင်း အားလုံး သူက မြင်အောင်ပြသည်။ ဒါကို 'ပိတောက်' ဟု ခေါ်သည်တဲ့။ ကျွန်တော် ပိတောက်ကို ကဗျာရေးဖို့ ခံစားသည်။ ပိတောက်က ခေါ်ခဲ့တာ မိုးတစ်ခုတည်း မဟုတ်။ သင်္ကြန် ဆိုသော ပွဲတော်၊ လူအများ၏အပျော်။ ပြီးတော့ တေးသံများ၊ တရားသံများ၊ နောက်ပြီး နှစ်သစ်တစ်ခု၊ အဟောင်းများထား၍ အသစ်ကို တွေ့ချိန်တစ်ခု။ ထိုအချိန်မှာ ပိတောက်နှင့် ဆုံရသည်။ ကျွန်တော် ပိတောက်နှင့် ပတ်သက်၍ ကဗျာများရေးခဲ့သည်။ အိမ်မှာ အကိုင်းကနေ အပင်အဖြစ် ရှင်သန်ခဲ့သော ပိတောက်ပင်ကြီးကို လူငယ်များ အတုယူဖို့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးသည်။ ပိတောက်ပင်က ပိတောက် ပန်းများ ပွင့်သည့်အခါ အိမ်နီးချင်းတွေတောင်း၍ ပေးရ၊ ကလေးတွေ တောင်း၍ ပေးရ နှင့် အလုပ်ရှုပ်ဖူးသည်။ အမေကတော့ ဘုရားကပ်သည်။ ကျွန်တော်ကတော့ အိမ်ကို လာနေကျ ကောင်မလေးတစ်ယောက်ကို ပိတောက်ပန်း ခိုးပေးသည်။ ကောင်မလေးက မပန်။ သူဆောင်းလာသော ထီးမှာထိုး၍ ဖွက်ပြီးယူသွားသည်။ ကျွန်တော် စိတ်ဆိုးမိ၏။ အစိမ်းမှာ အ၀ါတောက်၍ ပွင့်သော၊ ရနံ့မွှေး၍ လူတိုင်းတပ်မက်ပြီး တစ်နှစ်တစ်ခါ ပွင့်သည့်ပန်းကိုမှ မပန်ချင် ရအောင် သူကဘာမို့လို့လဲဟု မာန်စိတ်ဝင်သည်။ ထိုကောင်မလေးကို ရင်ခုန်ချင်သမျှ ပိတောက်ကို မနှစ်သက်ဘူး ထင်ပြီး ခုန်ချင်သည့်ရင်က ပြန်ငြိမ်သွား၏။ ပိတောက်က မသိမသာနှင့် ကျွန်တော့်ရင်မှာ ငြိနေတာ သတိမထား မိသေး။ သင်္ကြန်အကြောင်း ဆောင်းပါးရေးစဉ်မှာ ပိတောက်ရနံ့သည် မြန်မာရနံ့ဟု ကျွန်တော် တင်စားမိသည်။ သင်္ကြန်၊ မြန်မာ၊ ပိတောက် ထိုသုံးခုသည် ခွဲခြားမရဟု ကျွန်တော်ထင်သည်။ နယ်ကိုရောက်စဉ် တွံတေးသိန်းတန်၏ သီချင်းများခံစားရစဉ်က ' ကိုယ်ရယ်၊ မင်းရယ်၊ ပန်းပိတောက်ရယ် ' ကို နားထောင်ရင်း ပိတောက်ကို လွမ်းသလို ဖြစ်မိသည်။ မြန်မာဖြစ်ရတာ ကျေနပ်မိသည်။ သည်တော့ မြန်မာနှင့် ပိတောက်ကို တွဲလျက်သာ ကျွန်တော် မြင်သည်။ ပိတောက်သည် ကျွန်တော့်ရင်မှာ ဖြည်းဖြည်းချင်း နေရာယူလာချေပြီ။ သင်္ကြန်တစ်ခုမှာတော့ ကိုယ်နှင့် အဆင်ပြေနိုင်သည်ဟု ယူဆသော ကောင်မလေးတစ်ယောက်ကို သူပြန်ချစ်လျှင် ပိတောက်တွေ စောပွင့်ပါလိမ့်မည်ဟု ကဗျာဆရာပီသစွာ သူ့အချစ်ကို တင်စားရင်း နိမိတ်ပုံပြုမိသည်။ ကံမလိုက်ချင်တော့ ပိတောက်သည် သင်္ကြန်မှာပင်မပွင့်ခဲ့။ ကြွေသွားသူက ကျွန်တော်။ ပိတောက်က သင်္ကြန်အပြီး တော်တော်ကြာမှ ပွင့်သောအခါ ကျွန်တော်တို့ဇာတ်လမ်းက ကိုးရိုးကားယား ဖြစ်တော့သည်။ ပိတောက်ကို စွဲလမ်းခြင်းကြောင့်လား၊ တိုက်ဆိုင်သည်ပဲ ဆိုရမလား။ ပိတောက်မပွင့်ခြင်းနှင့် အတူ ထိုကောင်မလေးကို ကျွန်တော်ခံစား၍ မရတော့ဘဲ ဇာတ်လမ်းက အလိုလို ပြီးသွားသည်။ နောက်မှပွင့်သော ပိတောက်လို သူ ကျွန်တော့်ကို နှစ်နှစ်ကာကာ ချစ်ပါသည်ဟု တစ်ဆင့်စကား သိရသည့်တိုင် ကျွန်တော့်စိတ်က သူ့ဆီကို မလည်နိုင်ခဲ့တော့။ ပိတောက်သည် ကျွန်တော့်နှလုံးသားမှာ တစ်ခန်းတစ်ကဏ္ဍက ပါခဲ့သည်ဟု ပြန်တွေးမိတိုင်း ကျွန်တော် နှင့် ပိတောက်၏ ပတ်သက်မှုကို အံ့သြ ရသေးသည်။ သင်္ကြန်နှင့် ဝေးဝေးနေသူကိုမှ ပိတောက်က ပတ်သက်လာလေသလား မသိ။ ရယ်စရာလည်း ကောင်း၏။ နောက်နှစ်မှာ ပိတောက်က စောပွင့်သည်။ ကဗျာဆရာ ကျွန်တော်က 'ပိတောက်ဟာ သင်္ကြန်နဲ့မဆုံ၊ ရန်ကုန်က စောပြန်သွားတယ်' ဆိုတာမျိုး ချရေးမိသည်။ ကျွန်တော် စိတ်ဝင်စားစရာ ချစ်သူဆိုသည်က ရောက်မလာတော့။ ထိုကာလတွေ ကျော်တော့ အလုပ်ထဲသို့ လူကရောက်သွားသည်။ ခေတ်က ရုပ်ဝတ္ထု လွှမ်းမိုးသောခေတ်ကို ရောက်လာ၏။ ဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ဆုံခဲ့ရသော မိန်းကလေး တစ်ယောက်က ပြောတာ မှတ်ထား ဖူးသည်။ 'သူရွေးချယ်မည့်သူသည် သူ့လက်ရှိ အနေအထားထက် သာအောင်ထားနိုင်သူ ဖြစ်ရမည်။ သူက ချစ်မိသူ ဖြစ်ရမည်'တဲ့။ နှလုံးသားသည် အလန့်တကြားဖြင့် တစ်ရေးနိုးသည်။ ခေတ်က ထိုသို့ ပြောင်းသွား သည်လား။ ရုံးမှာ လူကြီးတွေလာလျှင် အမြင်တင့်စေဖို့ ပလတ်စတစ်ပန်းတွေ ပြင်ရ၊ ဆင်ရသည်။ အိမ်က ဧည့်ခန်းမှာလည်း ပလတ်စတစ်ပန်းတွေ ကြည့်ကောင်းအောင် ဆင်ကြသည်။ ခုန မိန်းကလေးစကားနှင့် ဆက်စပ်တွေးရင်း ဘာရနံ့မှ မရသည့် အပေါ်ယံအလှရှိသည့် ပန်းမျိုးကိုသာ လူတိုင်းလက်ခံသည့် ခေတ်ကို ရောက်နေပြီလား တွေးကာ ၀န်ထမ်းဖြစ်သော ကျွန်တော့်ဘ၀ကို ပြန်သုံးသပ်နေမိသည်။ ပြီးတော့ ကျွန်တော်နှင့် ဆက်စပ်နေသော ပိတောက်ပန်း သည်လည်း မော်ဒန်ပိတောက်အဖြစ် ပလပ်စတစ်ပိတောက်၊ စက္ကူပိတောက်တွေ ရှိနေပြီလား တွေးကြည့် သည်။ မိုးမရွာ၊ ပိတောက်မပွင့်ဘဲ ရုပ်မြင်သံကြားက သင်္ကြန်အကအဖွဲ့တွေ ပန်ထားသော ပိတောက်ပန်း များကို အုံနှင့်ကျင်းနှင့် တွေ့ရသည်ပဲ။ ပိတောက်သာမက သင်္ကြန်ကလည်း ဟန်ပါပြောင်းလဲလာသောအခါ ပိတောက်စစ်စစ်နှင့် သင်္ကြန်စစ်စစ်ကို ကျွန်တော် လွမ်းပါတော့သည်။ ထိုအလွမ်းနှင့်အတူ 'ခေတ်ပေါ်ပိတောက်' ဆိုသော ၀တ္ထုတိုတစ်ပုဒ်ကို ချရေးဖြစ်သွား၏။ ရုပ်ဝတ္ထုမက်သော မိန်ကလေးအချို့ကို ပညာပေးလိုသည့်စိတ်ဖြင့် ပိတောက်ကို တင်စား လိုက်သည်။ ရနံ့မရှိသော ပိတောက်များလို မိန်းကလေးများကို မဖြစ်စေချင်။ ကျွန်တော့်ဦးနှောက်ထဲမှာ ပိတောက်က သင်ခန်းစာပေးနေတာမျိုး ခံစားရသည်။ သည်တော့ နှလုံသားမှတစ်ဆင့် ပိတောက်သည် ဦးနှောက်အထိ နေရာယူလာပြီဟု ဆိုရမည်။ ငယ်ရွယ်သော လူငယ်ကဗျာဆရာတစ်ယောက်မှသည် အလုပ်ထဲက လူကြီးတစ်ယောက်ဖြစ်လာသောအခါ ပိတောက်နှင့်ပတ်သက်၍ ခံစားမှုတချို့ ပြောင်းလာခဲ့သည်ကို ကြုံရသေးသည်။ ဖြစ်ချင်တော့ မြန်မာပြည်မှာ မဟုတ်။ ပြည်ပနိုင်ငံတစ်ခုမှာ သင်တန်းသွားတက်ရင်း ကြုံရတာဖြစ်သည်။ မိမိနိုင်ငံအကြောင်း ကွန်ပျူတာ Power Point ဖြင့် Presentation (တင်ပြခြင်း)လုပ်သောအခါ သူများနိုင်ငံတွေက အမျိုးသားတိရိစ္ဆာန် (National Animal) ၊ အမျိုးသားပန်း (National Flower) ဆိုတာတွေ တင်လာသည်။ ခေါင်းမှာ အပြေးအလွားစဉ်းစားရ၏။ ယခု Presentation သည် ရုတ်တရက် လုပ်ခိုင်းခြင်း ဖြစ်သည်။ မြန်မာပြည်မှာရှိစဉ်က ကြိုတင်အကြောင်းကြားခဲ့မှု မရှိ။ သည်တော့ Internet ကနေ National Animal နှင့် National Flower ကို ရှာရသည်။ ကျွန်တော်ပဲ ညံ့သည်လားမသိ။ Website ထဲမှာ ရှာလို့မရ။ ကျန် မြန်မာအဖွဲ့ဝင်တွေက လှမ်းမေးသည်။ ဘာပန်းလဲ၊ ဘာတိရိစ္ဆာန် ထည့်မည်လဲတဲ့။ နိုင်ငံတစ်နိုင်ငံ၏ အထိမ်းအမှတ်ဖြစ်၍ ပစ်စလက်ခတ်လုပ်၍ မရ။ ထို့ကြောင့် ကျွန်တော်က ပန်းကတော့ ပိတောက်ပဲ ဖြစ်ရမည်ဟု ပြောလိုက်သည်။ ကျွန်တော် လေ့လာမှုအားနည်း၍ တခြားပန်း ဖြစ်နေမလားဟုလည်း စိတ်က စိုးရိမ်သည်။ သို့သော် ပိတောက်သည် သင်္ကြန်နှင့်ဆိုင်သည်။ သင်္ကြန်သည် မြန်မာတစ်မျိုးသားလုံးနှင့် ဆိုင်သည်။ ထို့ပြင် သင်္ကြန်သည် မြန်မာတို့၏ နှစ်ကူးစစ်စစ်ဖြစ်သည်။ ထို့ကြောင့် သင်္ကြန်၏အထိမ်းအမှတ် ဖြစ်သော ပိတောက်သည် မြန်မာတို့၏ အမျိုးသားပန်းဆိုလျှင် မှားမည်ဟု ကျွန်တော်မထင်။ သို့သော် ပုံရှာမရ၍ Presentation မှာ မထည့်တော့ဘဲ တခြားအကြောင်းအရာတွေ ကျွန်တော်တို့ တင်ခဲ့တော့သည်။ ဘာပဲဖြစ်ဖြစ် ခေါင်းထဲမှာတော့ ပိတောက်သည် အမျိုးသားပန်းဖြစ်သည်ဟု စိတ်က စွဲထားသည်။ ဂျပန်နိုင်ငံ ကိုရောက်စဉ်က ဧပြီဆို ချယ်ရီပန်းတွေပွင်ြ့ပီး ချယ်ရီပန်းကောက်ပွဲတော် ရှိသည်ဟု ဂျပန်မလေးများ ဆိုသောအခါ ကျွန်တော်တို့ဆီမှာလည်း သင်္ကြန်ပွဲတော်နှင့် ပိတောက်ပွင့်ချိန်ရောက်ပြီ ဟု ပြန်ရှင်းပြခဲ့သည်။ သည်တော့ ပိတောက်သည် မြန်မာ၏ အထိမ်းအမှတ်ဖြစ်နေသည်ဟု ငြင်းမရ။ အမျိုးသားပန်းအဆင့် မည်ချင်မှ မည်မည်။ သို့သော် အမျိုးသားပန်းအဆင့်လောက်တွင် ထား၍ ရသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော့် အသွေးအသားထဲက ပိတောက်နှင့်ပတ်သက်၍ ဆူလောင်လာလေပြီ။ အံ့သြစရာ ကောင်းလှသေး၏။ ကျွန်တော့် နှလုံးသားနှင့် ပတ်သက်ပြီး ငြိတွယ်ဖူးသော ပိတောက်သည် ကျွန်တော့် ဦးနှောက်ကိုပါ အလုပ်လုပ်စေခဲ့၏။ ကျွန်တော့် အသွေးအသားများကိုပါ လှုပ်နှိုးခဲ့၏။ ကျွန်တော့်ဘ၀မှာ အနှစ်သက်ဆုံး ပန်းတစ်မျိုး ရှိခဲ့ဖူးသည်။ 'ခရေပန်း' ဖြစ်၏။ အမေကလည်း ကြိုက်၍ အမေ နှင့် ကျွန်တော် အကြိုက်ချင်းတူသောကြောင့် ကျွန်တော် ပျော်မိပါသည်။ ခြောက်သွားသည့်တိုင် ရနံ့ မပျယ်သော ပန်းဖြစ်ခြင်း၊ မြေမှာ ပိုမွှေးခြင်းကို ကျွန်တော် တန်ဖိုးထားမိသလို ငယ်ငယ် ကတည်းက နှစ်ခြိုက်မိသည်မှာ အမှန်ပင်။ ပိတောက်ကျတော့ ထိုသို့မဟုတ်တော့။ ကျွန်တာ့် ဘ၀ထဲကို ဖြည်းဖြည်းချင်း ၀င်လာသည်။ နှလုံးသားကို ၀င်တိုးသည်။ ငြိသွား၏။ ဦးနှောက်ကို စေခိုင်းသည်။ ပုံရိပ်ထင်သွား၏။ အသွေးအသားကို လှုပ်ရှားစေ၏။ ယစ်မူး၏။ ခရေသည် ဘ၀ တစ်လျှောက် ကျွန်တော့်အမေနှင့် ထပ်တူမြတ်နိုးရသော ပန်းဖြစ်လျှင်ပိတောက်ကတော့ ကျွန်တော်တစ်ယောက်တည်းအတွက် မမေ့စရာပန်းတစ်မျိုးဖြစ်သည်ဟု ကျွန်တော် လက်ခံမိသည်။ ထိုပိတောက်သည် ကျွန်တော့်အတွက် ' မမေ့ပန်း ' ပင်။ ' မမေ့ပန်း ' ကို ကျွန်တော့််နှလုံးသားထဲမှာ ထည့်ခဲ့ဖူးသည်။ မိန်းကလေးတချို့ အတွက်ပါ။ ကျွန်တော့် ဦးနှောက်ထဲမှာ ' မမေ့ပန်း ' ၏ ပုံရိပ် ၀င်ရောက်နေခဲ့ဖူးသည်။ ရုပ်ဝတ္ထုလွှမ်းမိုးသော ခေတ်တစ်ခေတ် အတွက်ပါ။ ကျွန်တော့်အသွေးအသားထဲမှာ ' မမေ့ပန်း ' က လှိုက်စားခဲ့ဖူးသည်။ ကျွန်တော်ချစ်သော နိုင်ငံ အတွက်ပါ။ သို့သော် တစ်ချိန်မှာတော့ ' မမေ့ပန်း ' သည် ကျွန်တော့်ကို ငြိမ်းအေးရာနေရာတစ်ခုသို့ ပို့မည့်ပန်း ဖြစ်သွား ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယခုအချိန်မှာ လူကြီးအရွယ်ကို ကူးပြောင်းစ လူငယ် တစ်ယောက်ဖြစ်နေပြီး ကျွန်တော့် နှလုံးသား၊ ဦးနှောက်၊ အသွေးအသားတို့သည် ' မမေ့ပန်း ' အတွက် လူငယ် တစ်ယောက်အနေနှင့် ခံစားခဲ့ပြီးမှ လူကြီးဘ၀တွင်တော့ ကျွန်တော့်ဘ၀၏ အေးငြိမ်းရာဗုဒ္ဓရင်ခွင်သို့ ချဉ်းကပ်ရာ 'မမေ့ပန်း' ကို ကပ်လှူရင်း ဘ၀ကို အဆုံးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်နေမိသောကြောင့်ပင်။ ။ 

 ............................................................................. 

+သားလတ်+ 

(၂၀၀၅ခုနှစ်-ဧပြီလ၊ အပျိုမ မဂ္ဂဇင်း)

No comments:

Total Pageviews

Labels

ပညာပေး (1451) ကာတွန်းဟာသ (1265) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (52) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) -ကာတွန်းဟာသ (6) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) ပညာပေး) (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)