(ကိုစိမ်းလွင်)စနေမိုးသည် တဖွဲဖွဲ ရွာနေဆဲ---------------
ငါသည်လည်း ရန်ကုန်မြို့တော် ခန်းမကြီးပေါ်မှ ပြောဆိုသည့် ``တစ်နှစ်အတွင်း လွတ်လပ်ရေး အရယူမယ် ကျုပ်တို့ဟာ ရာဇဝင်ရိုင်းစေမယ့် လူတွေလားဆိုတာစောင့်ကြည့်ပါ `` ဆိုသည့် ဗိုလ်ချုပ်၏ မိန့်ခွန်းကို ဖတ်နေဆဲ
----
ရဲဘော်တစ်ယောက် ခြံဝက ခပ်သုတ်သုတ် လျှောက်ဝင်လာသည်ကို လှမ်းမြင်ရသည်။ သို့သော် သူ့ခြေထောက်ကြီးများကား လေးတွဲ့လှသည်။ ဦးခေါင်းသည်လည်း ငိုက်စိုက် ကျလျှက်ရှိသည်။ မိုးဖွဲများ သူ့အပေါ်သို့ တသဲသဲကျနေသည်ကို မဆင်ခြင်မိယောက်တကား။
သို့နှင့် ရဲဘော်သည် ငါ့အနားသို့ေ၇ာက်ရှိလာသည် ။ငါနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် သူ၏ ကိုယ်ကို ဆန်အိတ်ကြီး ပစ်ချလိုက်သကဲ့သို့ ထိုင်ချလိုက်သည်။
ထို့နောက် သူ၏ဦးခေါင်းမှ ဦးထုပ်ကို ချွတ်၍ စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီးလျှင် ရဲဘော်သည် ပွနေသော ဆံပင်ထဲသို့ လက်ဝါးကြီးနှစ်ခုစလုံး ထိုးသွင်းကာ ရှေ့သို့ ခေါင်းငိုင်စိုက်ကြီးချလိုက်သည်။
ငါလည်း အသွင်အမူအရာထူးခြားသဖြင့် ရဲဘော်အား ငေးစိုက်နေမိသည်။ ထိုစဉ် ရဲဘော်သည် ငါ့မျက်နှာကို စေ့စေ့ကြီး မျက်လုံးပြူး စိုက်ကြည့်တော့သည်။ မျက်လုံးကြီးများသည် နီရဲ၍ သူ၏ မျက်နှာသည် လည်း နွမ်းလျှ လှသည်။. ငါတို့ နှစ်ဦး အတန်ကြာအောင် စကားမပြောနိုင်ကြသေးပဲ အပြန်အလှန်ကြည့်နေမိ သည်။
နောက်မှ ရဲဘော်သည် သက်ပြင်းတစ်ချက်ကို ဝူးကနဲနေအောင် မှုတ်ထုတ်လိုက်ပြီး လက်သီးနှစ်ဖက် ကိုကျစ်ကျစ်ပါအောင် ဆုပ်ကာ တုန်တုန်ရင်ရင်ကြီးဖြင့် ပြောလိုက်သည်။
``ဗိုလ်ချုပ်တို့ လူမသမာ တစ်စု စက်သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်သွားပြီ``
ရဲဘော်၏ နှလုံးသည်းပွတ် အတွင်းမှ ယိုစီးကျဆင်းခဲ့သော စကားများသည် ငါ့အတွက် မိုးကြိုးပစ် ခံလိုက်ရသည်ဟု ထင်လိုက်သည်။
``ဘာ``
``ဗိုလ်ချုပ် ကျပြီ ------- မနက်က အတွင်းဝန်ရုံးထဲမှာ ဝန်ကြီးအဖွဲ့ အစည်းအဝေး လုပ်နေတုန်း ဗြုံးဆို စက်သေနတ်ကိုင် လူဆိုးသမားတွေက ရောက်လာပြီး ဘာမပြော ညာမပြောနဲ့ ဝန်ကြီးတစ်ဖွဲ့လုံးကို စက်သေနတ်နဲ့ ဆွဲတာပဲ။ ဗိုလ်ချုပ်နဲ့အတူ ဝန်ကြီးအချို့ သွေးဗွက်ထဲမှာ ကျသွားကြပြီ။ မိုင်းပွန်စော်ဘွား ကြီးတော့ ဆေးရုံမှာပဲ မသေသေးဘူးတဲ့ ၊ ဦးဗဂျမ်း ဦးအောင်ဇံဝေ တို့ကတော့ ကံကောင်းလို့ လွတ်သွား ကြသတဲ့--``
ရဲဘော်သည် ပြောရင်းပြောရင်း အသံတွေတုံလာသည်။ နောက်ဆုံးတွင် ရဲဘော်သည် ချုံးပွဲချ၍ ငိုတော့သည်။ ငါ၏ မျက်လုံးအတွင်းမှ မျက်ရည်ပူတို့သည်ကား ပါးပြင်ပေါ်သို့ တသွင်သွင် ကျဆင်းလာ တော့သည်။ ငါ၏ ကြိတ်ထားသော အံသွားသည် တရွရွ လှုပ်ရှားနေသည်။
``ဒီလောက်တောင်ပဲ ဗိုလ်ချုပ်အပေါ်မှာ ရက်စက်ရက်သူ ရှိသေးသလား ရဲဘော်ရယ်------``
ရဲဘော်သည် အဖြေမပေး ။ ငေးနေသည်။
ငါလည်း လမ်းမသို့ ငေးကြည့်မိသည်။ ငါတို့အိမ်ရှေ့ မျက်နှာချင်းဆိုင် အိမ်တွင် တဝါးဝါးနှင့် ဖဲကစား နေကြသည်။ ငါ၏ ခေါင်းရင်းဘက်က အိမ်သည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်နေသည်။ ခြေရင်း ဘက်ကအိမ်လည်း စကားဝိုင်းဖွဲ့၍ ငြင်းခုံမြူးတူးနေသည်။
ငါသည် ထိုင်ရာမှ ရုတ်တရက် ထလိုက်ကာ အသံကုန် ဟစ်အော်မိသည်။ ငါအော်သော အသံကား ငိုသံ ရှိုက်သံ မချိတင်ကဲ အသံတို့ ရောယှက်သွားသဖြင့် ကြားရသူတို့ နားမလည်နိုင်။
ဝူး -ဝူး -ဝါးဝါး ဟု ခါထွက်သွားသည်။ ရဲဘော်လည်း ငါ့လက်ကို လှမ်းဆွဲလိုက်သည်။
``ချုပ်တည်းမှပေါ့ ရဲဘော်ရယ်---------``
ထိုအချိန်တွင် သတင်းစာရောင်းသူများ ငါတို့ရပ်ကွက်သို့ေ၇ာက်ရှိလာကြ၏။
``ဗိုလ်ချုပ်ကြီး ရန်သူ့လက်ချက်နဲ့ ကျသွားရှာပြီ--------``
သတင်းစာ ရောင်းသမား အော်သံ၏ အဆုံးတွင် အိမ်ရှေ့ အိမ်နောက် အိမ်ခေါင်းရင်း နှင့် လမ်းထဲရှိ အိမ်တိုင်းမှ သတင်းစာကို အပြေးထွက်ဝယ်ကြသည်။ အတန်ငယ်ကြာလျှင် ရေဒီယိုသံပျောက်သွားသည်။ ဖဲဝိုင်း ရပ် သွားသည်။ တဝါးဝါး တဟားဟား အသံများ လုံးဝတိတ်သွားသည်။ ကလေးငယ်များ လမ်းပေါ်တွင် ပြေးလွှား သံကိုပင် မကြားရတော့ပြီ။

ခြေရင်း အိမ်ဆီမှ ရှိုက်သံ တစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် တစ်အိမ်--- တစ်အိမ်--- တစ်အိမ်နှင့် တစ်လမ်းလုံး အိမ်တိုင်းစေ့ ကြိတ်၍ ငိုကြတော့သည်။
``ဗိုလ်ချုပ်အစား ငါ့ဘဲ လာသတ်ပါတော့ကွာ---``ဟူသော ကြိမ်းချက်သံနှင့် ပြောဆိုသံကို မိုးလေ အေးသည် ယခင် ဖဲဝိုင်းအိမ်ဆီမှ သယ်ဆောင်လာခဲ့သည်။
ငါတို့ကား ငိုင်နေပြီ။ နောက်မှ ငါသည် ရုတ်တရက်ထ၍ ရဲဘော်ကို လက်ဆွဲကာ မိုးရေထဲတွင် ထွက်ခဲ့သည်။ ငါ၏ စိတ်ဓါတ်များကား အကွတ်မရှိသော ကြမ်းနှင့်တူသည်။ ငါ့နှလုံးထဲတွင်လည်း နင့်၍ နေသည်။
လောင်းဝစ် စ် လမ်းရှိ ပြည်သူ့ရဲဘော်ဋ္ဌာနချုပ်သို့ ရောက်ခဲ့သည်။ အခန့်သင့်ပင် ဗိုလ်မှုးနှင့် တွေ့သည်။ ရုတ်တရက် ငါစကား မပြောနိုင် ။ အတန်ကြာ အရှိန်ယူပြီးမှ ----------
``ဗိုလ်မှုး ကျုပ်တို့ ဘာပဲဖြစ်ဖြစ် လုပ်ပါရစေ။ တာဝန်သာ ပေးပါတော့ ``
ဗိုလ်မှုးသည် ညီငယ်အား ယုယသကဲ့သို့ ငါ့ကျောကို ပွတ်သတ်နေသည်။
``အစကတည်းက မင်းတို့တတွေ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ တွေးမိပါတယ်။ တို့ လွတ်လပ်ရေး လမ်းစဉ်မှာ တစ်ဗိုလ်ကျ တစ်ဗိုလ်တတ်ပေါ့ ၊ ဒီလမ်းခရီးစဉ်ပျက်အောင် လုပ်သူတွေ အားရမယ့်အလုပ်ကို မလုပ်ချင်စမ်းပါနဲ့ ရဲဘော်---``
ဗိုလ်မှုး၏ အသံများ တုံနေသည်။ လှုပ်ရှားနေသည်။ ငါမော်ကြည့်လိုက်သောအခါ သူ့မျက်လုံး အတွင်း၌ မျက်ရည်များ ဥ နေတော့သည်။ ငါလည်း သူ့ခြေရင်း၌ပင် ထိုင်၍ ငိုချလိုက်တော့သည်။
ငါနဲ့ ရဲဘော် အတော်မိုးချုပ်မှ အိမ်ပြန်ရောက်ကြသည်။ ကုလားထိုင်ပေါ်တွင် နှစ်ယောက်သား ငုတ်တုတ် မိုးလင်းခဲ့သည်။ ထမင်းမှန်း ဟင်းမှန်း သိရန်ကား ဝေးစွ။ ငါတို့ အသည်း နှလုံးများသည် ကျေပြုံး အက်ကွဲ ကုန်လေပြီ။
မိုင်းပွန်စော်ဘွားကြီး ဆေးရုံ၌ ဆုံးပြီဟု သိလိုက်ရသည်။ ငါသည် ငါ၏ ရဲဘော်ရဲဘက် ၁၆ ယောက် နှင့် ယူနီဖောင်း အစုံအလင် ဝတ်ကာ ဗိုလ်ချုပ်အိမ်သို့ ထွက်ခဲ့သည်။ ဗိုလ်ချုပ်အိမ်တွင်ေ၇ာက်လာကြသည့် လူများကား တိုးမပေါက်။ သို့သော် ငါတို့သည် ဗိုလ်ချုပ်၏ တပည့်သားများ ဖြစ်သည့်အတိုင်းဗိုလ်ချုပ်၏ အလောင်းစင် ဘေးတွင် စီတန်းရပ်၍ အလေးပြုခွင့်ပေးကြသည်။ ဗိုလ်ချုပ်၏ ဇနီး ဒေါ်ခင်ကြည်သည် ရည်ဝေ သောမျက်လုံးဖြင့် အလောင်းစင်ပေါ်ရှိ ဗိုလ်ချုပ်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်းဖြင့် အံကြိတ်ကာ ထိုင်နေသည်။
ငါတို့ တန်းစီပြီးသောအခါ ငါတို့၏ ဗိုလ်က နောက်ဆုံး အလေးပြုဟု အမိန့်ပေးလိုက်သည်။ သူ၏ အမိန့်သံမှာ ရှိုက်သံနှင့် ရောပြွမ်းနေသဖြင့် မပီသတော့ပေ။ ငါတို့လည်း ဦးခေါင်းငိုက်စိုက် နှင့် မျက်ရည်များ သွန်ချမိတော့သည်။
ငါတို့၏ ဖြစ်အင်ကို မြင်ရသော ပတ်ဝန်းကျင် လူထုသည်လည်း မနေနိုင်တော့ ငါတို့ နှင့်အတူ ရော၍ ငိုကြတော့၏။
တကယ့် ငိုပွဲကြီး ဖြစ်တော့သည်။
တိုင်းပြည်အတွက် တကယ့်စေတနာနှင့် ဖြူးဖြူးဖြောင့်ဖြောင့် ဆောင်ရွက်နေသည့် တိုင်းပြည်၏ အသည်းနှလုံး ၊ တိုင်းပြည်၏ နှလုံးသည်းပွတ် ဗိုလ်ချုပ်တစ်ယောက်လုံး ကျဆုံးရသည်ကို မည်သူသည် ဝမ်းမနည်း ၊ မကြေကွဲဘဲ နေနိုင်အံ့နည်း။
နှလုံးသည်းပွတ်မို့ ငိုခဲ့ရသည့် မျက်ရည်စက်များကား ယနေ့တိုင် မျက်လုံးအိမ်၌ ခမ်းချောက်ခြင်း မရှိသေးပါတကား။ ။
**ကိုစိမ်းလွင်**
(ဗိုလ်ချုပ်ကို ချစ်ကြသူများ အတွက်)
ကိုစိုးနိုင်
(ကိုစိမ်းလွင်)
စနေမိုးသည် တဖွဲဖွဲ ရွာနေဆဲ---------------

No comments:
Post a Comment