**ပေါစခိုးလ်အား အင်္ဂလန်အသင်းတွင် ပြန်ကစားသင့်ဟုဆို**
(လန်ဒန်၊ မတ် ၃)
ဟာရီရက်နက်သည် ပေါစခိုးလ်အားအင်္ဂလန်အသင်းအတွက်ပြန်လည် ထည့်သွင်းကစားရန် ကြိုးစားသင့်သော နည်းပြဖြစ်လိမ့်မည်ဟု ယုံကြည်မိကြောင်း မန်ယူနောက်တန်းသမားဟောင်း ဂါရီပီလစ်စတားက ပြောကြားသည်။ အသက် ၃၇ နှစ်ရှိ ပေါစခိုးလ်သည် ၂၀၀၄ ခုနှစ်မှစပြီး နိုင်ငံ့လက်ရွေးစင်ဘောလုံးသမားအဖြစ်မှ အနားယူခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဘောလုံးရာသီအကုန်တွင် ဘောလုံးသမားခြင်းမှပင် အနားယူခဲ့သည်။ သို့သော်လည်း ဇန်န၀ါရီလကစပြီး မန်ယူတွင် ပြန်လည်ကစားခဲ့သည်။ စပါးနည်းပြ ဟာရီရက်နက်အား အင်္ဂလန်နည်းပြအဖြစ် ရွေးချယ်ရန်အက်ဖ်အေက ဆက်သွယ်ထားသည်။ အင်္ဂလန်နည်းပြ ကာပယ်လိုသည် ဂျွန်တယ်ရီကိစ္စနှင့်ပတ်သက်ပြီး အက်ဖ်အေ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သဖြင့် နည်းပြအဖြစ်မှ နုတ်ထွက်ခဲ့သည်။ (အင်တာနက်)
**မာရေးက ဂျိုကိုဗစ်ကိုနိုင်၊ ဒူဘိုင်းချန်ပီယံရှစ် ဗိုလ်လုပွဲတက်**
(လန်ဒန်၊ မတ် ၃)
ဗြိတိသျှ တင်းနစ်ကစားသမား အင်ဒီမာရေးသည်ကမ္ဘာ့နံပါတ်တစ်တင်းနစ်ကစားသမား နိုဗက်ဂျိုကိုဗစ်အား မတ် ၂ ရက်က ဒူဘိုင်းချန်ပီယံရှစ်တင်းနစ်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အနိုင်ရရှိလိုက်သည်။ အင်ဒီမာရေးသည် ၂၀၁၂ ခုနှစ်အတွင်း ဂျိုကိုဗစ်အား အနိုင်ရသည့်ပထမဆုံးတင်းနစ်ကစားသမားဖြစ်လာသည်။

မာရေးသည် ယင်းပွဲတွင် ၁ နာရီ ၂၂ မိနစ်ကြာအောင်ကစားခဲ့ရသည်။ မာရေးက ယင်းပြိုင်ပွဲတွင် ဂျိုကိုဗစ်အား ၆-၂၊ ၇-၅ ဖြင့် နိုင်ခဲ့သည်။ မာရေးသည် ဂျိုကိုဗစ်အား သြစတြေးလျ အိုးပင်းအကြိုဗိုလ်လုပွဲတွင် ရှုံးနိမ့်ခဲ့သည်။ ယင်းရှုံးကြွေးကိုမားရေးက ပြန်ဆပ်လိုက်ခြင်း ဖြစ်သည်။ မာရေးသည် ဗိုလ်လုပွဲတွင် ရော်ဂျာဖက်ဒဲရားနှင့် ကစားရမည်ဖြစ်သည်။ ၄င်းသည် မာတင်ဒယ်ပိုထရိုအား ၇-၆၊ ၇-၆ ဖြင့်နိုင်ပြီး ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ (အင်တာနက်)
**အဆိုတော် ဘီယွန်ဆေးရုပ်ရှင်ရိုက်တော့မည်**
(လော့စ်အိန်ဂျလိစ်၊ မတ် ၃)
ကမ္ဘာကျော်အဆိုတော် ဘီယွန်ဆေးသည် ဒါရိုက်တာ ရိုင်ယန်မာဖီ ရိုက်ကူးမည့် One Hit Wonders ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရိုက်ကူးရန် စီစဉ်လျက်ရှိသည်။ ဒါရိုက်တာ မာဖီသည် အဆိုပါဇာတ်ကားကို ဂီတဇာတ်မြူးအဖြစ် ရိုက်ကူးတင်ဆက်မည်ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ အဆိုတော် ဘီယွန်ဆေးအနေဖြင့် ယင်းဇာတ်ကားတွင် အဆိုတော်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။ (အင်တာနက်)
**ဗြိတိန်သူတစ်ဦး ရက်ထပ်နှစ်နှင့် တိုက်ဆိုင်စွာ အမြွှာကလေး လေးဦး ခြောက်မိနစ်အတွင်းမွေးဖွား**
(ဘရစ္စတို၊ မတ် ၃)
ရက်ထပ်နှစ်ဖြစ်သည့် ယခုနှစ်၏ ဖေဖော်ဝါရီ ၂၉ ရက်တွင် ကလေးလေးဦးကို တစ်နေ့တည်း ခြောက်မိနစ်တွင် မွေးဖွားလိုက်နိုင်သည့် အင်္ဂလန်နိုင်ငံသား ဘရစ္စတိုမြို့သူ၏ သတင်းကို အင်တာနက်သတင်း၌ ဖော်ပြသည် ။အမ်မာရော်ဘင်သည် စိန့်မိုက်ကယ်သားဖွားဆေးရုံး၌ ဖေဖော်ဝါရီ ၂၉ ရက် ညပိုင်းတွင် မွေးဖွားရက်ထက် ၁၁ ပတ်စော၍ သူမ၏ ရင်သွေးငယ် လေးဦးကို ခြောက်မိနစ်အတွင်း ဗိုက်ခွဲမွေးဖွား
ခဲ့ခြင်းဖြစ်သည်။ ဇာချာရီ၊ ရုဘန်း၊ ဂျိုရှောနှင့် ဆင်မြူရယ်ဆိုပြီး ကလေးလေးဦးကို အမည်မှည့်ခဲ့သည်။ ထိုလေးမြွှာပူးကလေးများတွင် ကိုယ်အလေးချိန် အများဆုံးမှာ ၃ ပေါင် ၁ အောင်စ ရှိပြီး အနည်းဆုံးကလေးငယ်၏ ကိုယ်အလေးချိန်မှာ ၂ ပေါင်
၈ အောင်စ ရှိသည်။ သဘာဝအတိုင်း သန္ဓေတည်ခဲ့သည့် လေးမြွှာပူးကလေး လေးဦးတွင် နှစ်ဦးမှာ ချွတ်စွပ်တူသော အမြွှာလေးများဖြစ်ကြောင်း မိခင်ဖြစ်သူ အမ်မာ က ၀မ်းသာစကားဆိုခဲ့သည်။ သန္ဓေတည်ရာတွင် သဘာဝ အတိုင်းအားဖြင့် လေးမြွှာပူးအထိ သန္ဓေတည်ဖို့ရန်မှာ ဖြစ်တောင့်ဖြစ်ခဲ အလွန်ရှားပါသည့် ဖြစ်ရပ်ပါဟု အတိုင်ပင်ခံပါရဂူတစ်ဦးက ပြောကြားခဲ့သည်။ ထိုလေးမြွှာပူးကလေးငယ်များအား မိခင်ဖြစ်ဥူ အမ်မာသည် ၂၇ ပတ်နှင့်တစ်ရက်ရက်တိတိကိုယ်ဝန်လွယ်ခဲ့ကာ ရက်ထပ်နှစ်ဖေဖော်ဝါရီ ၂၉ ရက်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
စုစည်းဘာသာပြန် - ကောင်းမြတ်သူ

No comments:
Post a Comment